ဂိုဏ်းတူညီလေး … မင်းက ယုန်လေးနဲ့တူတယ်
Vol. 6-10 Ch. 122
အခန်း (၁၂၂) : ဂိုဏ်းတူညီလေး … မင်းက ယုန်လေးနဲ့တူတယ်
ကျန်းယွင်ရှီးက ဖန်ချန်းနှင့် လီယွင်ဖုန်းတို့ကို ခေါ်ကာ ထွက်သွားပြီးနောက် သိပ်မကြာခင် ဂိုဏ်းချုပ်လည်း ကောင်းကင်မှ ပျောက်ကွယ်သွားသည်။
အမေ့လျော့ခံ တာအိုကိုယ်တော်ကြီးကလည်း ပြီတီတီမျက်နှာထားဖြင့် ဂိုဏ်းချုပ်၏ လမ်းကြောင်းအတိုင်း လိုက်ပါသွားလေသည်။ သူ ဤနေရာသို့ လိုက်လာခြင်းမှာ မြင်ကွင်းကောင်းတစ်ခု မြင်တွေ့ဖို့ ဖြစ်ကာ အမှန်တကယ်လည်း အံ့ဩဖွယ် မြင်ကွင်းတစ်ခု ကြုံတွေ့ခဲ့ရသည်။
သူတော်စင်တောင်အောက်တွင် စုဝေးနေကြသော တပည့်များက အချိန်လွန်သွားပြီ ဖြစ်သော်လည်း သူတော်စင်တောင် ပိုင်နက်ထဲ ဝင်ကာ သူတော်စင်ကို နှုတ်ဆက်ချင်နေကြသည်။
သတိကြီးသည့် ရှန်ထျန်းကလည်း ဂိုဏ်းချုပ် ထွက်သွားသည်နှင့်တစ်ပြိုင်နက် သူတော်စင်တောင်၏ ကာကွယ်ရေးအစီအရင်ကို ချက်ချင်း ပြန်လည် အသက်သွင်းထားလိုက်သည်။ သူ့ကို ကြည့်ရတာ ပြင်ပပြဿနာများနှင့် ဝေးရာနေကာ သူ၏ ကျင့်ကြံခြင်းအပေါ်မှာပဲ အပြည့်အဝ အာရုံစိုက်ဖို့ ဆုံးဖြတ်လိုက်ပုံရသည်။
ထို့ကြောင့် တပည့်များကလည်း တွေဝေဟန်ဖြင့် တောင်အောက်မှ ထွက်ခွာသွားရုံအပြင် ဘာမှ မတတ်နိုင်ကြတော့ပေ။ တပည့်မ များကလည်း သူတော်စင်တောင်ထဲသို့ ဝင်ခွင့်ရနိုးနိုး မျှော်လင့်ချက်ဖြင့် ခြေလှမ်းတိုင်းမှာ နောက်လှည့်ကြည့်နေမိသည်။
အကုန်လုံး ပြန်သွားကြပြီးနောက် ရှန်ထျန်းက မြက်ခင်းပြင်ရှိ ပန်းတစ်ပွင့်ကို ခူးကာ ဉာဏ်အလင်းပွင့် ကျောက်တုံးပေါ် ထိုင်ချလိုက်သည်။
ထို့နောက် ပန်းပွင့်၏ ပွင့်ဖတ်များကို တစ်ခုချင်း ခြွေချကာ ရေရွတ်နေသည်
“ စွန့်စားခရီးစဉ်ကို လိုက်ပါဖို့ ဖိတ်ခေါ်မယ်… မဖိတ်ခေါ်ဘူး ... ဖိတ်ခေါ်မယ် ...”
ရှန်ထျန်း၏ အပြုအမူကို ကြည့်ပြီး ကွေ့ကုန်းကုန်းနှင့် ချင်ကောင်းတို့က အချင်းချင်း ကြည့်ကာ အတွေးကိုယ်စီဖြင့် စဉ်းစားနေကြသည်။
စွန့်စားခရီးစဉ်ကို လိုက်ပါဖို့ ဖိတ်ခေါ်မယ်တဲ့လား။ အရှင့်သားက သူနဲ့အတူ စွန့်စားခရီးစဉ်ကို လိုက်ပါဖို့အတွက် သူတော်စင်မကို ဖိတ်ခေါ်တော့မှာ ထင်တယ်
ကွေ့ကုန်းကုန်း တွေးတောရင်း ပီတီမျက်ရည်များပင် ဝဲလာမိသည်။
အရှင့်သားက နောက်ဆုံးတော့ တာအိုကျင့်ကြံဖော်ကို ရှာဖို့ အသင့်ဖြစ်နေပြီလား
အရှင့်သားရဲ့ ဆွဲဆောင်မှုရှိတဲ့ ပုံစံကြောင့် သူသာ သူတော်စင်မနဲ့ ဒီလိုမျိုး ခရီးတွေ သွားဖို့ ဆန္ဒရှိမယ်ဆိုရင် အဲဒီအမျိုးသမီးလည်း သေချာပေါက် သူ့ကို ကြွေသွားမှာပဲ
အချိန်ကျလို့ သူတို့နှစ်ယောက် ဝဝတုတ်တုတ် ကလေးလေးတွေ မွေးတဲ့အခါ ကိုယ်လုပ်တော်လန်ရဲ့ အုတ်ဂူဆီ ခေါ်သွားပေးမယ်ဆိုရင် သခင်မလည်း ငြိမ်းငြိမ်းချမ်းချမ်း အနားယူနိုင်သွားမှာပဲ
ကွေ့ကုန်းကုန်းက စိတ်လှုပ်ရှားမှုကို မဖုံးဖိနိုင်တော့ဘဲ စိတ်အားထက်သန်စွာ ပြောလိုက်သည်
“ အရှင့်သား… စွန့်စားခရီးစဉ်မှာ သူတော်စင်မကိုပါ အတူလိုက်ဖို့အတွက် ဖိတ်ခေါ်ဖို့ စဉ်းစားနေတာလား”
ဟမ် … ငါက ဘာလို့ သူတော်စင်မကို ဖိတ်ခေါ်ရမှာလဲ
သူမရဲ့ ကံအပြောင်းအလဲ အခွင့်အရေးကနေ ရလာတဲ့ အကျိုးအမြတ်ကို အပြည့်အဝကို ခွဲယူပြီးပြီလေ။ သိပ်မကြာခင် အချိန်အတွင်းမှာ သူမဆီ နောက်ထပ် ကံအပြောင်းအလဲ အခွင့်အရေး ရောက်လာစရာအကြောင်းလည်း မရှိဘူးလေ
ရှန်ထျန်းက ဖန်ချန်း၏ ကံအပြောင်းအလဲ အခွင့်အရေးကို ခွဲယူရန် ဆုံးဖြတ်ပြီးပြီဖြစ်တာကြောင့် ယခုလောလောဆယ် ဖန်ချန်းကိုသာ မျက်လုံးထဲ မြင်မိသည်။
စဉ်းစားကြည့်လိုက်ရင်….အထွတ်အမြတ်မြေမှာရှိတဲ့ တပည့်တွေက မီးတိုင်းပြည်မှာရှိတဲ့သူတွေထက် ပိုပြီးတော့ ကံကောင်းတဲ့ပုံပဲ
မီးတိုင်းပြည်ရှိ လူအများစု၏ ရောင်ဝါစက်ဝန်းမှာ အဖြူရောင်ဖြစ်ကြပြီး အစိမ်းရောင် အနည်းငယ် ရောယှက်နေသော ရောင်ဝါစက်ဝန်း ပိုင်ရှင်ကိုပင် ရှာတွေ့ရန်ပင် ခက်ခဲလှသည်။
အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေတွင် အစိမ်းရောင် ရောင်ဝါစက်ဝန်းများမှာ တပည့်တိုင်း၏ အဆင်တန်ဆာကဲ့သို့ ဖြစ်နေသည်။ သူတို့က အစိမ်းနုရောင် ရောင်ဝါစက်ဝန်းများ၊ အစိမ်းရင့်ရောင် ရောင်ဝါစက်ဝန်းများနှင့် အစိမ်းပုတ်ရောင် ရောင်ဝါစက်ဝန်းများကို ပိုင်ဆိုင်ထားသူများ ဖြစ်တာကြောင့် သူတို့ကို ကြည့်နေရရရုံနှင့်ပင် စိတ်ချမ်းသာပြီး သက်ဝင်လှုပ်ရှားမှုကို ခံစားရစေသည်။
တပည့်များက အနီရောင် ရောင်ပြေးများ ရောယှက်နေသော အစိမ်းရောင် ရောင်ဝါစက်ဝန်းများနှင့် အနီရောင် အစက်အပြောက်များ ပါဝင်နေသော အစိမ်းရောင် ရောင်ဝါစက်ဝန်းများကိုပါ အဆင့်မြင့်လာအောင် လုပ်နိုင်ကြသေးသည်။
သူတို့၏ ရောင်ဝါစက်ဝန်းက ကောင်းမွန်သော်လည်း ထိုအရာက သူတို့ မကြာခင်အချိန်အတွင်း ကံအပြောင်းအလဲ အခွင့်အရေး ကြုံတွေ့နိုင်မည်ဟု မဆိုလိုနိုင်ပေ။ သို့သော် ကောင်းသောအရာတွေ အားလုံးကား အချိန်ယူတတ်ကြောင်း ရှန်ထျန်း ကောင်းကောင်း နားလည်ထားသည်။
သူ အထွတ်အမြတ်မြေသို့ စရောက်လာကတည်းက တပည့်နှစ်ယောက်၏ ကံအပြောင်းအလဲ အခွင့်အရေးကိုသာ တွေ့မြင်ရသေးသည်။
ပထမတစ်ခုက မိုးကြိုးဖောက်ခွဲရေး နည်းစနစ်ကို ရှာတွေ့သော ချင်ယွင်တိ၏ ကံအပြောင်းလဲ အခွင့်အရေးဖြစ်ပြီး နောက်တစ်ခုကား ဖန်ချန်း၏ ကံအပြောင်းအလဲ အခွင့်အရေး ဖြစ်လိမ့်မည်။
ယခု ရှန်ထျန်းအနေနှင့် သူတော်စင်ရာထူးကို တာဝန်ယူရမည်ဖြစ်သည့်အတွက် သူ၏ ကိုယ်ပိုင်ကံကြမ္မာကို မြှင့်တင်နိုင်ဖို့အတွက် တခြားသူများ၏ ကံအပြောင်းအလဲ အခွင့်အရေးကို ခွဲယူဖို့အတွက် ကြံနေမိသည်။
ထို့ကြောင့် ဖန်ချန်း၏ ကံအပြောင်းအလဲ အခွင့်အရေးကို ခွဲယူဖို့အတွက် ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။
ထိုအတွေးကြောင့် ရှန်ထျန်း၏ အကြည့်ထဲ၌ ဆုံးဖြတ်ချက် ပြတ်သားခိုင်မာမှုတို့ကို မြင်တွေ့ရသည်။
ငါသာ သူ့ကို စွန့်စားခရီးမှာ အတူတူ ခေါ်မသွားနိုင်ခဲ့ရင်…ငါက သူ့ရဲ့ ကံအပြောင်းအလဲ အခွင့်အရေးကို လုယူသွားပြီးတော့ နောက်မှ သူနဲ့ ပြန်ပြီးတော့ မျှဝေရမယ်
ဒါက မီးတိုင်းပြည်ရဲ့ တော်ဝင်နန်းတော်ထဲမှာ ဖြစ်ခဲ့သလိုမျိုးပေါ့။ ဟရူးဂါနတ်ဆိုးကျမ်းကိုလည်း ရှန်ထျန်း အရင်ရှာတွေ့ခဲ့ပြီးမှ ချင်ကောင်းဆီကို ပေးခဲ့လိုက်တာလေ
နောက်ပိုင်းကျတော့ ချင်ကောင်းနဲ့ ရှန်ထျန်းတို့ရဲ့ ကံကြမ္မာအပြင် ကွေ့ကုန်းကုန်းရဲ့ ကံကြမ္မာလည်း ပိုမိုကောင်းမွန်လာတာ မဟုတ်ဘူးလား
ချင်ကောင်းရဲ့ ကံအပြောင်းအလဲ အခွင့်အရေးကိုတောင် ကြိုးကိုင်ခြယ်လှယ်လို့ရခဲ့မှတော့ ဖန်ချန်းအပေါ်မှာလည်း ဒီလိုလုပ်လို့ ရလောက်မှာပါ
ဟုတ်တယ်….ငါ သူ့ရဲ့ ကံအပြောင်းအလဲ အခွင့်အရေးကို အရင်လုယူပြီးမှ သူ့ဆီ ပြန်ပေးလိုက်မယ်
ရှန်ထျန်းလည်း နောက်ဆုံးတော့ ဆုံးဖြတ်ချက် ချနိုင်သွားသည်။
ရှန်ထျန်း စိတ်ဆုံးဖြတ်ပြီးသွားသော်လည်း ရွှေရောင် ရောင်ဝါစက်ဝန်းကို ပိုင်ဆိုင်ထားသည့် သူဆီမှ ‘လုယူ’မည့် ကံအပြောင်းအလဲ အခွင့်အရေးဖြစ်တာကြောင့် အစီအစဉ်ကို အလောတကြီး အကောင်အထည် ဖော်မည် မဟုတ်ပေ။
သူဆီကို ရောက်လာခဲ့တဲ့ အရမ်းကောင်းတဲ့ ကံအပြောင်းအလဲ အခွင့်အရေးတွေထဲမှာ လွယ်လွယ်နဲ့ ရခဲ့တာလည်း ရှိဖူးလို့လား
ဟရူးဂါနတ်ဆိုးကျမ်းတုန်းကလည်း အစိမ်းရောင် ရောင်ဝါစက်ဝန်းပိုင်ရှင် ကွေ့ကုန်းကုန်းသာ မကူညီခဲ့ရင် သူ ဖြတ်ကျော်နိုင်ခဲ့မှာတောင် မဟုတ်ဘူး
ရတနာခုနစ်သွယ် နတ်ဘူးသီး ကိစ္စတုန်းကလည်း လီချန်းကောကသာ သူ့ညီမကို မကယ်တင်ခဲ့ပါက သူ နယ်ကာရဲ့ သတ်ဖြတ်ခြင်းကို ခံရနိုင်တယ်
အံ့ဖွယ်မိုးကောင်းကင် ကျားနဂါးဆွဲပြားကို ကျန်းယွင်ရှီးဆီ မပေးပဲ ရှန်ထျန်းဆီမှာပဲ သိမ်းထားခဲ့ရင် အဆုံးမဲ့ဝိညာဉ်ဥယျာဉ်ကနေ အသက်ရှင်လျက် ပြန်ထွက်လာနိုင်မှာ မဟုတ်ဘူး
အထူးသဖြင့် ရက်စက်တဲ့ ကျင့်ကြံရေးလောက၌ လုံလုံလောက်လောက် ကံကောင်းမှုမျိုး မရှိလျှင် ပြိုင်ဖက်ကင်း ကံအပြောင်းအလဲ အခွင့်အရေးကို အတင်းမလုယူသင့်ပေ။
ဖန်ချန်းရဲ့ ကံအပြောင်းအလဲ အခွင့်အရေးကို ငါ ရအောင်ယူနိုင်ပြီးတော့ သူ့ဆီ သေချာပြန်ပေးနိုင်အောင် ငါ ဘာလုပ်သင့်လဲ
အစိမ်းနှင့်အနီရောင် ရောယှက်နေသော ရောင်ဝါစက်ဝန်းကို ပိုင်ဆိုင်ထားသည့် ကွေ့ကုန်းကုန်း၊ အနီနှင့်ရွှေရောင် ရောယှက်နေသော ရောင်ဝါစက်ဝန်းကို ပိုင်ဆိုင်ထားသည့် ချင်ကောင်းနှင့် မိုးကြိုးပညာရပ်ကို အောင်မြင်စွာ ဖန်တီးလိုက်နိုင်သောကြောင့် ရောင်ဝါစက်ဝန်း သုံးပုံပုံနှစ်ပုံက ရွှေရောင်ပြောင်းနေသည့် ပိုင်ဆိုင်ထားသော ချင်ယွင်တိတို့ကို ကြည့်ရင်း ရှန်ထျန်း ပိုပြီး ယုံကြည်မှုရှိလာသလို စိတ်လည်း အေးချမ်းသွားသည်။
သူတို့ကိုပါ အတူတူခေါ်သွားရင် ဖန်ချန်းရဲ့ ကံအပြောင်းအလဲ အခွင့်အရေးကို ရနိုင်ချေ ပိုပြီးတော့များ မြင့်လာနိုင်မလား
သူတို့နဲ့ မလုံလောက်သေးရင် ဂိုဏ်းတူအစ်မကြီး ယွင်ရှီးကိုလည်း အတူလိုက်လာဖို့ ခေါ်ရမယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူမရဲ့ ကံကြမ္မာက ဖန်ချန်းထက် အများကြီး ပိုကောင်းတယ်လေ။ သူမသာဆိုရင် သူ့ရဲ့ ကံအပြောင်းအလဲ အခွင့်အရေးကို သေချာပေါက် ကိုင်တွယ်နိုင်မယ်လို့ ယုံကြည်တယ်
အင်း ဟုတ်ပြီ ဒီလို အရမ်းကံကောင်းတဲ့သူတွေကို ငါနဲ့အတူ စွန့်စားခရီးသွားဖို့ အတူခေါ်ရမယ်
ရှန်ထျန်းက ဉာဏ်အလင်းပွင့် ကျောက်တုံးပေါ်မှ ခုန်ချကာ စိတ်အားထက်သန်သည့် အကြည့်ဖြင့် ကြည့်ကာ ချင်ယွင်တိကို မေးလိုက်သည်
“ ဂိုဏ်းတူညီလေး ယွင်တိ… မင်း အစ်ကိုနဲ့အတူ နေသွား(ထွက်သွား)ချင်လား”
( ချင်ယွင်တိ ကြားလိုက်တာက အတူတူ နေသွားချင်လား ဖြစ်ပြီးတော့ ရှန်ထျန်း မေးလိုက်တာက အတူတူ ထွက်သွားမလား ဆိုတာပါ )
ဘယ်လိုကြီး ...
ချင်ယွင်တိ၏ မျက်နှာချောချောလေးက နီရဲသွားကာ ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြန်မေးလိုက်သည်
“ အမ်….ဂိုဏ်းတူအစ်ကိုက…ဘာ…ဘာကို ဆိုလိုချင်တာလဲဟင်”
တစ်ချိန်တည်းမှာပဲ ချင်ကောင်းလည်း ရှန်ထျန်း၏ မေးခွန်းကြောင့် ကြောင်အသွားရသည်။
အရှင့်သားက ကိုယ့်ကိုယ်မထိန်းချုပ်နိုင်တော့တာများလား
အခုလေးတင် အရှင့်သားက ငါ့ကို စိုက်ကြည့်လိုက်သေးတယ်။ သူ ကြည့်တဲ့အကြည့်က ပထမဆုံး တွေ့ဆုံတုန်းကလိုမျိုး အကြည့်ပဲ
ငါ ထင်တာတွေက တကယ်…မှန်နေတာများလား။ အရှင့်သားက မိန်းမလှလေးတွေကို လက်မခံရတဲ့ အကြောင်းအရင်းက… သူ …
အမလေး…ငါ မလုပ်နိုင်ဘူး…ငါ တကယ်ကို မလုပ်နိုင်ဘူး
ချင်ကောင်း အတွေးထဲမှာ နှစ်မြောနေစဉ် ရှန်ထျန်းက ချင်ယွင်တိကို ကြည့်ကာ ဖြတ်ပြောလိုက်သည်
“ မင်း သိတဲ့အတိုင်း ဒီဂိုဏ်းတူအစ်ကိုက လဝက်ကြာ ကျင့်ကြံအားထုတ်ပြီးတော့ အခြေတည်အဆင့်ကို ရောက်ရှိသွားပြီလေ။ အချိန်အကြာကြီး ငြိမ်နေပြီးတော့ အခုလှုပ်လှုပ်ရှားရှား လုပ်သင့်ပြီမလား … အခု အထွတ်အမြတ်မြေကနေ ထွက်သွားပြီးတော့ စွန့်စားခရီးတစ်ခုလောက် သွားချင်တယ်။ အဲဒါ ဂိုဏ်းတူညီလေးက အစ်ကိုနဲ့အတူ လိုက်ဖို့ ဆန္ဒရှိရဲ့လား”
ရှန်ထျန်း၏ ပြန်လည်ဖြေဆိုမှုကြောင့် ချင်ယွင်တိ စိတ်အေးသွားပြီး ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားသော မျက်လုံးလည်း နဂိုအနေအထားသို့ ပြန်လည်ရောက်ရှိသွားသည်။
ဟူး…ဒါဆိုရင် ဂိုဏ်းတူအစ်ကိုက သူနဲ့အတူ စွန့်စားခရီးကို လိုက်ဖို့ပြောနေတာပေါ့
ထိုမေးခွန်းကို မေးသူက ရှန်ထျန်း မဟုတ်ပဲ တခြားသူ ဖြစ်နေပါက ချင်ယွင်တိ ချက်ချင်းငြင်းလိုက်မည် ဖြစ်၏။
အကြောင်းအရင်းက ရိုးရှင်းလှသည်။ သူက စွန့်စားရတာကို မနှစ်သက်သောကြောင့် ဖြစ်သည်။
ချင်ယွင်တိ နှစ်သက်သောအရာက သက်တောင့်သက်သာဖြစ်သည့် သူ့အိမ်မှာနေရင်း မိုးကြိုးဖောက်ခွဲရေးအဆောင်၊ နတ်ဆိုးဖောက်ထွင်းသေနတ်၊ မိုးကြိုးဖောက်ခွဲရေး အစီအရင်တို့အကြောင်းကို လေ့လာပြီး တိုးတက်အောင် လုပ်ခြင်းဖြစ်သည်။
ဒါပေမဲ့ ဂိုဏ်းတူအစ်ကိုက ငါ့ကို သူနဲ့အတူ စွန့်စားခရီးကို လိုက်ဖို့ခေါ်တယ်ဆိုတော့ သွားတဲ့လမ်းမှာ ငါ့ကို ပညာရပ်အသစ်တွေ သင်ပေးမှာများလား
မိုးကြိုးဖောက်ခွဲရေးအဆောင်၊ နတ်ဆိုးဖောက်ထွင်း သေနတ်တို့နှင့် ပတ်သက်လာလျှင် နောက်ထပ် အဆင့်မြှင့်လို့ ရသေးသည်ဟု ချင်ယွင်တိ အမြဲတမ်း စဉ်းစားခဲ့သည့်အတွက် ဂိုဏ်းတူအစ်ကို၏ လမ်းညွှန်မှုအောက်တွင် ပြီးပြည့်စုံဆုံးအဆင့်သို့ ရောက်အောင် လုပ်ဖို့ ဆန္ဒရှိသည်။
ထိုကဲ့သို့ တွေးရင်း ခေါင်းညိတ်ပြကာ ပြောလိုက်သည်
“ ဂိုဏ်းတူအစ်ကိုသာ ကျွန်တော်ကို အတူလိုက်စေချင်ရင် ကျွန်တော်ကတော့ ပျော်တာပေါ့”
ထို့နောက် ရှန်ထျန်းက ကွေ့ကုန်းကုန်းနှင့် ချင်ကောင်းရှိရာဘက်သို့ လှည့်ကာ မေးလိုက်သည်။
“ ဦးလေးကွေ့နဲ့ ကောင်းရော ဘယ်လိုလဲ။ ကျွန်တော်တို့နဲ့ အတူလိုက်ခဲ့လေနော်”
သူတို့နှစ်ယောက်လုံး ခေါင်းညိတ်လိုက်တာကို မြင်ပြီးနောက် ချင်ယွင်တိက ဝင်ပြောလိုက်သည်
“ အင်း…ကျွန်တော်တို့အကုန်လုံးအတူ သွားမှာဆိုရင်တော့…
ဂိုဏ်းတူအစ်ကို ကျွန်တော်ကို ဒီမှာ ခဏလောက် စောင့်ပေးပါလားဟင်။ ရွှေကြာတောင်ကနေ ဒီခရီးအတွက် အရေးပါတဲ့ ပစ္စည်းတစ်ချို့ သွားယူစရာရှိလို့ပါ။ ကျွန်တော် ချက်ချင်းပြန်လာခဲ့ပါမယ်နော်”
ထို့နောက် ချင်ယွင်တိလည်း ဓားပျံကို စီးနင်းကာ ရွှေကြာတောင်ဆီသို့ ဦးတည် ပျံသန်းသွားသည်။
တစ်နာရီခန့်ကြာပြီးနောက် သူတော်စင်တောင်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
ချင်ယွင်တိ ဝင်လို့ရအောင် ရှန်ထျန်းက ကာကွယ်ရေး အစီအရင်ကို ဖွင့်ပေးလိုက်သည်။ သို့သော် ချင်ယွင်တိ၏ မျက်နှာပေါ်မှ တောက်ပသောအပြုံးကို တွေ့လိုက်ရသည့်အတွက် ရှန်ထျန်း အတော်လေး အံ့ဩမိသည်။
ထို့နောက် ချင်ယွင်တိက ရွှေကြာသဏ္ဍာန် လက်စွပ်ကို ကိုင်ထားလိုက်သည်။
ဘုန်း ဘုန်း …
ယင်ယန် မိုးကြိုးဖောက်ခွဲရေးအဆောင်ကို အဆင့်မြှင့်ထားသည့် ရွှေရောင်အဆောင်များ မြေပြင်ပေါ်သို့ ထိုးစိုက်ကျသွားသည်။ အဆောင်တစ်ခုစီကလည်း လူတစ်ယောက်၏ ခါးလောက်ထိ မြင့်သည်။ သူတို့ရှေ့တွင် ထိုကဲ့သို့သော အဆောင်မျိုး ဆယ်ခုထက် မကရှိနေသည်။
ထို့အပြင် ယင်ယန် နတ်ဆိုးဖောက်ထွင်း မိုးကြိုး ပါဝင်သည့် အဖြူရောင် ဝိညာဉ်သံမဏိလုံးများကိုလည်း ကုန်သေတ္တာများဖြင့် ထည့်လာကာ ဒီနေရာသို့ သယ်လာသည်။ ယခု သူတို့ရှေ့တွင် ဤသို့သေတ္တာမျိုး တစ်ဒါဇင်မက ရှိနေသည်။
ရှန်ထျန်းက တံတွေးမျိုချကာ ချင်ယွင်တိ၏ မျက်နှာပေါ်မှ ကျေနပ်သော အပြုံးကို စိုက်ကြည့်နေသည်။
ငါ ထင်ယောင်ထင်မှားတွေ ဖြစ်နေတာများလား ... ဂိုဏ်းတူညီလေးကို ကြည့်ရတာ ယုန်တစ်ကောင်နဲ့ အရမ်းတူလွန်းနေတယ်