ကျွန်တော်က ရိုးရှင်းတဲ့ လက်နက်တွေ အသုံးပြုလိုက်ပါ့မယ်
Vol. 6-10 Ch. 123
အခန်း (၁၂၃) : ကျွန်တော်က ရိုးရှင်းတဲ့ လက်နက်တွေ အသုံးပြုလိုက်ပါ့မယ်
ချင်ယွင်တိ၏ အသေးစိတ် တွေးတောတတ်ပုံကို ကြည့်ပြီး ရှန်ထျန်း ကျေနပ်နေမိသည်။
ဒါက လုပ်သင့်တဲ့အရာပဲ… ကျင့်ကြံသူတစ်ယောက်အနေနဲ့ စွန့်စားခရီးထွက်တဲ့အခါ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားသင့်တယ်။ ပြန်လည်ခုခံမဲ့ပစ္စည်း၊ လက်နက်၊ ဖောက်ခွဲရေးပစ္စည်းတွေမရှိပဲနဲ့ ကိုယ့်ကိုယ်ကို ဘယ်လိုလုပ်ပြီးတော့ကာကွယ်နိုင်ပါ့မလဲ
ရှန်ထျန်းက ချင်ယွင်တိ ပြင်ဆင်လာသော လက်နက်များကို ကြည့်ကာ ပြုံးရင်း ပြောလိုက်သည်
“ ဂိုဏ်းတူညီလေးက သေချာပြင်ဆင်လာတာပဲ။ ဒါပေမဲ့ ဘာလို့ အကုန်ထုတ်ပစ်လိုက်ရတာလဲ ပြီးရင် ပြန်သိမ်းနေရမှာပေါ့”
ချင်ယွင်တိက ခေါင်းယမ်းပြကာ ပြန်ဖြေလိုက်သည်
“ ဒီ မိုးကြိုးအဆောင်နဲ့ ဖောက်ခွဲရေးပစ္စည်းတွေက ဂိုဏ်းတူအစ်ကိုတို့အတွက်ပဲလေ”
ထို့နောက် သေနတ်ပြောင်းတို နှစ်လက်ကို ထုတ်ကာ ချင်ကောင်းနှင့် ကွေ့ကုန်းကုန်းကို ပေးလိုက်သည်။
“ ဒါတွေက ယင်ယန် နတ်ဆိုးဖောက်ထွင်း သေနတ်တွေလေ။ သူတို့ရဲ့ စွမ်းအားက ကြာပစ်ခွင်းသေနတ်ကို မယှဉ်နိုင်ပေမဲ့လည်း အထဲက ကျည်ဆန်နဲ့ သာမာန်ရွှေအမြုတေ ကန့်သတ်နယ်ပယ်အဆင့်ကို ဖောက်ထွင်းပြီးတော့ ရွှေအမြုတေ ကျင့်ကြံသူတစ်ယောက်ကို ထိခိုက်အောင် လုပ်လို့ရပါသေးတယ်။ ဒီသေနတ်တွေကို မှန်ကန်တဲ့အချိန်ကိုက် အသုံးပြုပေးရင် အသုံးဝင်လိမ့်မယ်”
ရှန်ထျန်းက အကြပ်ရိုက်သည့်ပုံစံဖြင့် မေးလိုက်သည်
“ ဂိုဏ်းတူညီလေး…ဒီ လက်နက်တွေ အားလုံး အစ်ကိုတို့ဆီ ပေးလိုက်ရင် မင်းကရော ဘာလက်နက်ကို သုံးမှာလဲ”
ရှန်ထျန်း၏ ဂရုစိုက်မှုကြောင့် ချင်ယွင်တိက စိတ်လှုပ်ရှားသွားသည့်ပုံစံဖြင့် ပြုံးကာ ပြောလိုက်သည်
“ ရပါတယ် ... ကျွန်တော်က ရိုးရှင်းတဲ့ လက်နက်အချို့ကို သုံးလိုက်ပါ့မယ်”
ထို့နောက် ချင်ယွင်တိက သူ ဝတ်ဆင်ထားသော ရွှေကြာလည်ဆွဲကို ထိတွေ့လိုက်သည်။ ထို ရွှေရောင် တောက်ပနေသော လည်ဆွဲဆီမှ အနက်ရောင် အလင်းတန်းများ ထွက်လာပြီး ယင်ယန် နတ်ဆိုးဖောက်ထွင်း သေနတ်များ အဖြစ် ပြောင်းလဲသွားကြသည်။
သေနတ်ပေါင်း ၃၆လက်က ချင်ယွင်တိ၏ နောက်ရှိ လေဟာနယ်ထဲတွင် ပေါ်လာသည်။
ချင်ယွင်တိက ပြောလိုက်သည်
“ အချိန်သိပ်မရှိတာရယ်၊ အရင်းအမြစ် ကန့်သတ်ထားလို့သာ ဒီလောက်ပဲ လုပ်နိုင်သေးတာ။ အစတုန်းက ဒါမျိုး ၉၉ခု လောက် လုပ်ပြီးတော့ တပည့်တွေကို နှစ်ပတ်လောက် စမ်းသုံးခိုင်းမလို့ပဲ။ ဒါပေမဲ့ ဂိုဏ်းတူအစ်ကိုက စွန့်စားခရီးထွက်ဖို့ လိုလာပြီဆိုတော့ သူတို့အစား ကျွန်တော်ပဲ စမ်းသုံးကြည့်ရမှာပေါ့။ နောက်မှ ဒီထက်အများကြီး ထပ်လုပ်ရဦးမယ်”
ချင်ယွင်တိ၏ လေးနက်နေပုံကို ကြည့်ပြီး ရှန်ထျန်း စိတ်ထဲကနေ လက်မထောင်ပြလိုက်သည်။
ဒီသေနတ်တွေအများကြီးကလေ မင်းရဲ့ ရိုးရှင်းတဲ့ လက်နက်ပေါ့လေ
မင်းမှာ ရှိတဲ့ သေနတ် ၃၆လက်နဲ့ဆိုရင် ရွှေအမြုတေ ကျင့်ကြံသူကိုတောင် လွယ်လွယ်လေး တိုက်ခိုက်လို့ရနေပြီလေကွာ
သေနတ်အများကြီးကို ကိုင်ဆောင်ထားခြင်းက ကိုင်ဆောင်သူ၏ တိကျခြင်းကို လျော့ကျစေသော်လည်း ချင်ယွင်တိက နောက်ဆုံးအဆင့် ရွှေအမြုတေကျင့်ကြံသူကို သတ်ဖြတ်ရန်အတွက် မိုးကြိုးဖောက်ခွဲရေးအဆောင် ၆၀၀ ကို အသုံးပြုခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် ယခု သေနတ်၃၆ လက်ကလည်း သူ့အတွက် ဘာပြဿနာမှ မဖြစ်နိုင်ဘူးဟု ရှန်ထျန်း ယုံကြည်ထားသည်။
ရှန်ထျန်း တွေးတောရင်း အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရှိ တခြားတပည့်များအပေါ် သနားစိတ်ဝင်လာမိသည်။
မင်းတို့တွေ ရွှေအမြုတေအဆင့် ရောက်အောင် ကြိုးစားလည်း ဘာအသုံးဝင်မှာလဲ
တကယ် တိုက်ခိုက်ကြတဲ့အခါ ချင်ယွင်တိက သူ့ရဲ့လက်နက်တွေနဲ့ မင်းတို့ကို အလွယ်တကူ အနိုင်ပိုင်းလိုက်လို့ ရနေပြီလေ
သို့သော် ရှန်ထျန်းဆီမှာ လိပ်နက် ချပ်ဝတ်တန်ဆာနှင့် လိပ်နက် ဒိုင်းကာရှိသည့်အတွက် ချင်ယွင်တိ၏ ယင်ယန် နတ်ဆိုးဖောက်ထွင်းသေနတ်ကို မကြောက်ပေ။ ထို့အပြင် အခြေအနေ ပိုမိုဆိုးရွားလာပါက သူ့ဆီမှာ လိပ်နက်ခေါင်းဆောင်းလည်း ရှိသေးသည်။
ရှန်ထျန်းက သူ ဘယ်လောက်တောင် ကြည့်ရဆိုးသွားမယ်၊ ချင်ယွင်တိ၏ ပျက်စီးခြင်းကို မြှင့်တင်ပေးလိုက်သလို ဖြစ်မယ်ဆိုတာကို မစဉ်းစားပဲနဲ့ အဲဒီလက်နက်တွေကို ထောက်ပံ့ပေးခဲ့တာလေ။ သူ အနားကို ကပ်လာရင် ခရမ်းရွှေတူနဲ့ တိုက်ခိုက်ရင်တော့ အနိုင်ရနိုင်ပါသေးတယ်
ရှန်ထျန်းက ချင်ယွင်တိကို ပြုံးပြကာ ပြောလိုက်သည်
“ မဆိုးပါဘူး။ စွန့်စားခရီးကို အခုလိုမျိုး လေးလေးနက်နက် တွေးပေးလို့ အကို တကယ် ဂုဏ်ယူပါတယ်။ ဒါပေမဲ့ မင်းကို တစ်ခုလောက်တော့ သတိပေးထားရဦးမယ်”
ချင်ယွင်တိ၏ အကြည့်ထဲတွင် စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်သွားသည်။
ထို့နောက် သူက ရှန်ထျန်းကို ကြည့်ကာ စိတ်အားထက်သန်စွာဖြင့် မေးလိုက်သည်
“ ဂိုဏ်းတူအစ်ကို ပြောပါ …”
ရှန်ထျန်းက ယွင်တိ၏ ကျောဘက်ရှိ သေနတ်များကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်
“ ဂိုဏ်းတူညီလေး မင်းရဲ့ သေနတ်ပြောင်းဝတွေကို နေရာပြောင်းချိန်လိုက်ပါဦး။ သေနတ်ကို မင်းရဲ့ မိတ်ဆွေတွေဆီ ဘယ်တော့မှ မချိန်ရဘူး။ တကယ်လို့ မတော်တဆ ကျည်ဆန်ထွက်သွားရင် တစ်သက်လုံး နောင်တရနေရလိမ့်မယ်”
ချင်ယွင်တိ ကြောင်ကြည့်နေရာမှ ပြန်ပြောလိုက်သည်
“ ဟုတ်ကဲ့”
ဂိုဏ်းတူအစ်ကို စိတ်ဝင်စားစရာကောင်းတာ တစ်ခုခု ပြောမယ်ထင်ခဲ့တာ။ ဒါပေမဲ့ အစ်ကို ပြောတာလည်း ဟုတ်ပါတယ်။ ငါကလည်း ယင်ယန် နတ်ဆိုးဖောက်ထွင်းသေနတ်နဲ့ အကျွမ်းတဝင်မှ မရှိသေးတာ။ တကယ်လို့ မတော်တဆ ကျည်ဆန်ထွက်သွားပြီး မိတ်ဆွေတွေကို သတ်မိသွားရင် တစ်သက်လုံး နောင်တရနေရမှာ
ငါသာ ဂိုဏ်းတူအစ်ကိုကို ပစ်မိသွားမယ်ဆိုရင် ငါပဲ အစားသေပစ်လိုက်မယ်
“ ဂိုဏ်းတူအစ်ကို အခုလို ထောက်ပြပေးလို့ ကျေးဇူးတင်ပါတယ်နော် ။ ယွင်တိ နားလည်သွားပါပြီ”
သူ ခဏစဉ်းစားကာ ထပ်ပြောလိုက်သည်
“ ယင်ယန် နတ်ဆိုးဖောက်ထွင်းသေနတ်နဲ့ ပတ်သက်ပြီး ဘာက လွဲမှားနေလဲဆိုတာကို သိသွားပြီ။
သေနတ်မှာ ထူးခြားတဲ့ ကန့်သတ်ချက်တစ်ခု ထည့်မှ ဖြစ်မယ်။ ဒါမှ အဲဒီကန့်သတ်ချက်ကို ရည်ရွယ်ချက်ရှိရှိ ဖယ်ရှားလိုက်မှ ကျည်ဆန် ထွက်တာမျိုး ဖြစ်မှာလေ။ ဒါဆိုရင် မိတ်ဆွေတွေကို မတော်တဆ ပစ်မိတာမျိုး မဖြစ်တော့ဘူး။ တကယ်လို့ ရန်သူက သေနတ်ကို လုယူသွားခဲ့မယ်ဆိုရင်တောင် သူတို့ သုံးတတ်မှာ မဟုတ်တော့ဘူး။ ဂိုဏ်းတူအစ်ကိုက အရမ်းတော်တာပဲ။ ကျွန်တော်က စွမ်းအားကို မြှင့်တင်ဖို့ စဉ်းစားနေတုန်း အစ်ကိုက လုံခြုံရေးကို စဉ်းစားလိုက်နိုင်တာပဲနော်”
ချင်ယွင်တိ စိတ်လှုပ်ရှားနေသည့်ပုံကို ကြည့်ပြီး ရှန်ထျန်း ဆွံ့အနေမိသည်။
မင်း ပျော်နေရင် ပြီးတာပါပဲကွာ
သေနတ်ရဲ့ စွမ်းအား မလုံလောက်မှာကို သူ အမြဲတမ်း စိတ်ပူခဲ့ပေမဲ့လည်း ဒါက မကောင်းတဲ့ အရာတော့လည်း မဟုတ်ပြန်ဘူး။ သူ မတော်တဆ ကျည်ဆန်ထွက်အောင် မလုပ်မိတော့မှာနဲ့တင် ငါတော့ စိတ်ချနေပြီ
ကံကြမ္မာကောင်းတွေ ပိုင်ဆိုင်ထားသောသူ သုံးယောက်နှင့် ညှိနှိုင်းပြီးသွားသည့်အတွက် နောက်ဆုံးတစ်ယောက်ကို စည်းရုံးဖို့ အချိန်ကျရောက်လာလေပြီ။
ထိုသူက ကျန်းယွင်ရှီးပင် ဖြစ်၏။ သူတို့အားလုံးထဲတွင် သူမ၏ ရောင်ဝါစက်ဝန်းက အတောက်ပဆုံးဖြစ်ပြီး ယခုခရီးစဉ်၏ အရေးပါဆုံးသူ တစ်ယောက်လည်း ဖြစ်သည်။
ဤကံအပြောင်းအလဲ အခွင့်အရေးကို သူရနိုင်မလားဆိုတာ သူမအပေါ်မှာ မူတည်နေကြောင်း ရှန်ထျန်းအနေနှင့် အပြည့်အဝ ယုံကြည်ထားသည်။
ဖန်ချန်း၏ ကံအပြောင်းအလဲ အခွင့်အရေးကို သူ ရရှိပြီး မကိုင်တွယ်နိုင်တော့ပါက အကုန်လုံးကို ကျန်းယွင်ရှီးဆီ လွှဲပြောင်းပေးလိုက်မည်။
သူမ၏ စွမ်းအား၊ ကံကောင်းမှုနှင့် ရှန်ထျန်း၏ ကူညီမှုတို့ပါ ပေါင်းစပ်လိုက်လျှင် ထိုအရာကို မကိုင်တွယ်နိုင်စရာ အကြောင်း မရှိတော့ပေ။
ခက်တာတစ်ခုက သူမက အရမ်းစွမ်းအားကြီးတဲ့သူဆိုတော့ ငါ ပြောတာကိုပဲ တစ်ချိန်လုံး နားထောင်နေမှာတော့ မဟုတ်လောက်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူတော်စင်မ တောင်ဆီကို အရင်သွားပြီး စမ်းစစ်ကြည့်တာ ကောင်းမယ်ထင်တယ်
ထို့နောက် ကွေ့ကုန်းကုန်း၊ ချင်ယွင်တိနှင့် ချင်ကောင်းတို့ကို ရှန်ထျန်းက ဦးဆောင်ပြီး သူတော်စင်မ တောင်သို့ ခေါ်ဆောင်သွားသည်။
သူတို့ သူတော်စင်မ တောင်သို့ ရောက်ရောက်ချင်း တောင်ထိပ်မှ ဘုန်းခနဲ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုကို ကြားလိုက်ရသည်။
ခဏအကြာတွင် ရွှေနီရောင် ပုံရိပ်တစ်ခု တောင်ဆီမှ ပျံသန်းထွက်လာပြီးနောက် မိုင်တစ်ရာအကွာအဝေးတွင် မြေပြင်ပေါ်သို့ ဆင်းသက်သွားသည်။
“ ဝိုး…ဂိုဏ်းတူညီမလေးက ၈ ဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်းအဆင့်ရောက်ပြီးမှ အရမ်းကို အားကောင်းလာတယ်။ မင်းရဲ့ နတ်မိုးကြိုးက အရမ်း အားပြင်းတာပဲ။ အစ်ကို ရှုံးတာကို အသိအမှတ်ပြုလိုက်ပါပြီ။ အစ်ကို ၉ဆင့်မြောက် သန့်စင်ခြင်းပြီးရင် ပြန်လာခဲ့မယ်”
ထို့နောက် ရွှေနီရောင်ပုံရိပ်လည်း နောက်သို့ ပြန်လှည့်မကြည့်တော့ဘဲ ပျံသန်းသွားတော့သည်။
တောင်ထိပ်တွင် မတ်တပ်ရပ်နေသော ကျန်းယွင်ရှီးနှင့် သူမ၏ ခြေထောက်အောက်တွင် ဆိုးရွားစွာ အရိုက်ခံထားရသော အမျိုးသားတစ်ယောက်ကို ရှန်ထျန်း တွေ့လိုက်ရသည်။
ကျန်းယွင်ရှီးက ဖန်ချန်း ထွက်ပြေးသွားရာနောက်သို့ လိုက်ဖို့ ပြင်လိုက်စဉ် ရှန်ထျန်းကို မြင်သည့်အတွက် ရပ်တန့်လိုက်သည်။
ဝှီး …
ရွှေရောင်အလင်းတန်း တစ်ခုပေါ်လာပြီးနောက် ကျန်းယွင်ရှီးက ရှန်ထျန်း၏ ရှေ့မှောက် ရောက်ရှိလာသည်။
“ ဂိုဏ်းတူမောင်လေး ရှန်ထျန်းက ဘာလို့ ဒီကိုရောက်လာတာလဲဟင်”
ကျန်းယွင်ရှီး၏ မျက်နှာပေါ်တွင် မျှော်လင့်ချက်၊ စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်နေသည်။
ယခုလေးတင် ကျန်းယွင်ရှီးက အလွန်အမင်း ဒေါသထွက်ထားသည့်ပုံစံ ပေါ်နေသည့်အတွက် ရှန်ထျန်း နောက်ဆုတ်သွားမိသည်။
‘ ဘာကိစ္စမှမရှိပါဘူး….ကျွန်တော်တို့က ဖြတ်လျှောက်သွားရုံတင်ပါ’ ဟု ပြောခါနီးဆဲဆဲ ချင်ယွင်တိက အရင် ဝင်ပြောလိုက်သည်
“ ဂိုဏ်းတူအစ်မကြီး … ဂိုဏ်းတူအစ်ကို ရှန်ထျန်းက စွန့်စားခရီးသွားချင်တယ်ဆိုလို့ အစ်မကြီးကိုပါ လိုက်ဖို့ လာဖိတ်တာ”