ဂိုဏ်းတူအစ်မကြီးက ပိုပြိးတော့ ရက်စက်တဲ့ပုံပေါ်လေလေ ရန်သူတွေက ပိုပြီးတော့ ကြောက်လေလေပဲ
Vol. 6-10 Ch. 124
အခန်း (၁၂၄) : ဂိုဏ်းတူအစ်မကြီးက ပိုပြိးတော့ ရက်စက်တဲ့ပုံပေါ်လေလေ ရန်သူတွေက ပိုပြီးတော့ ကြောက်လေလေပဲ
ချင်ယွင်တိ၏ စကားကို ကြားလိုက်သည်နှင့် တစ်ပြိုင်နက် ကျန်းယွင်ရှီး၏ မျက်လုံးအရောင်တို့ တောက်ပသွားကာ ခေါင်းညိတ်ပြရင်း ပြောလိုက်သည်
“ ကျင့်ကြံသူတွေအနေနဲ့ စွန့်စားခရီးတွေ ခဏခဏ ထွက်ပြီးတော့ တာအိုနှလုံးသားကို လေ့ကျင့်ပေးသင့်တာပေါ့။ ဂိုဏ်းတူမောင်လေးက အခြေတည်အဆင့်ကို ရောက်သွားပြီဆိုတော့ စွန့်စားခရီး ထွက်ပြီးတော့ ကျင့်ကြံခြင်းအဆင့်ကို တည်ငြိမ်အောင် လုပ်သင့်ပြီ”
သို့သော် ရှန်ထျန်းက သူနှင့်အတူ တခြားသူတွေကိုပါ အတူခေါ်လာရသည့် အကြောင်းအရင်းအား ကျန်းယွင်ရှီး တစ်ယောက် သိချင်နေမိသည်။
အဖွဲ့လိုက် စွန့်စားမှုများလား
ပိုပြီးတော့ အရေးကြီးတာက ကွေ့ကုန်းကုန်းနဲ့ ချင်ကောင်းက အစကတည်းက ရှန်ထျန်းရဲ့ အမှုထမ်းတွေဆိုတော့ ထားလိုက်ဦး။ ချင်ယွင်တိကရော ဘာလို့ လိုက်လာရတာလဲ။ သူက စွန့်စားခရီးတွေကို အမုန်းဆုံး မဟုတ်လား
သူတို့က တစ်ဂိုဏ်းထဲမှ တပည့်များ ဖြစ်သည့်အတွက် ယခုလိုမျိုး ချင်ယွင်တိ တက်ကြွလာတာ ဝမ်းသာစရာကိစ္စ ဖြစ်၏။
ကျန်းယွင်ရှီးက မေးလိုက်သည်
“ ဂိုဏ်းတူမောင်လေးက ဘယ်တော့လောက် စထွက်ဖို့ စဉ်းစားထားလဲ”
ကျန်းယွင်ရှီး၏ မေးခွန်းကြောင့် ရှန်ထျန်း စိတ်ထဲ စဉ်းစားတွက်ချက်လိုက်သည်။
ဖန်ချန်းရဲ့ ရောင်ဝါစက်ဝန်းထဲက ကံအပြောင်းအလဲ အခွင့်အရေးကို မြင်လိုက်တာ သိပ်တော့ မကြာသေးဘူး။ ဒါပေမဲ့ ဂိုဏ်းချုပ်က ဖန်ချန်းကို ဂိုဏ်းရဲ့ စည်းမျဉ်းတွေ ကူးရေးခိုင်းပြီး အပြစ်ပေးနေတာဆိုတော့ သူက အချိန်အတိုင်းအတာ တစ်ခုအထိ အပြင်ထွက်နိုင်မှာ မဟုတ်ဘူး
ကံအပြောင်းအလဲ အခွင့်အရေးကဲ့သို့သော အရာမျိုးက အလွန်ဆန်းကြယ်လှသည့်အတွက် ခန့်မှန်းဖို့ ခက်ခဲလှသည်။ ချက်ချင်းလည်း ဖြစ်လာနိုင်သလို ရုတ်တရက် ပြောင်းလဲသွားတာမျိုးလည်း ဖြစ်နိုင်သည်။
ထို့ကြောင့် သူ ကြိုတင်ပြင်ဆင်ထားဖို့ အဆင်ပြေမလားဟု သေချာသိချင်သည့်အတွက် ကံအပြောင်းအလဲ အခွင့်အရေး တည်ရှိရာနေရာသို့ သွားကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။
ရှန်ထျန်းက ပြုံးကာ ပြန်ဖြေလိုက်သည်
“ ဂိုဏ်းတူအစ်မကြီးသာ အဆင်ပြေမယ်ဆိုရင် မြန်လေ ကောင်းလေပါပဲ”
ရှန်ထျန်း၏ စကားကြောင့် ကျန်းယွင်ရှီး အနည်းငယ် ကြောင်အသွားသည်။
မြန်လေ ကောင်းလေတဲ့လား။ ဂိုဏ်းတူမောင်လေးက ငါ့ကို သူနဲ့အတူ စွန့်စားခရီး သွားစေချင်နေတာလား။ မြန်လေ ...ကောင်းလေတဲ့ …
ထိုကဲ့သို့ တွေးတောရင်း ကျန်းယွင်ရှီးက ခေါင်းညိတ်ပြကာ ပြောလိုက်သည်
“ ဂိုဏ်းတူမောင်လေးက အလျင်လိုနေမှတော့ ခဏလေးပဲ စောင့်ပေးနော်။ အဝတ်အစား သွားလဲလာခဲ့မယ်”
ကျန်းယွင်ရှီး ပြောပြီးနောက် ငွေရောင် အလင်းတန်းတစ်ခုကဲ့သို့ သူတော်စင်မ တောင်ထဲ ဝင်သွားသည်။
တစ်ချိန်တည်းမှာပဲ အစိမ်းရောင် ဝတ်ရုံဆင်မြန်းထားသော တပည့်တစ်ယောက်က ခြေထောက် ထော့နဲ့ထော့နဲ့ဖြင့် စိတ်ပျက်အားလျော့စွာ လမ်းလျှောက်လာသည်။
သူ့မျက်နှာက မမှတ်မိနိုင်လောက်သည်အထိ ဖူးယောင်နေသည်။
“ တွန်တော့တို တူညီတဲ့အတွက် တေးတူးတင်ပါတယ်…..နီကျေးဒူးတို မနေ့ပါပူး”
သူ ပြောတာကို ကြားပြီး ရှန်ထျန်း နားမလည်နိုင်ဖြစ်နေသည့်အတွက် ပြန်မေးလိုက်သည်
“ မင်း ဘာတွေပြောနေတာလဲ”
ကွေ့ကုန်းကုန်းက မနေနိုင်စွာဖြင့် ဝင်ပြောလိုက်သည်
“သူ ပြောတာက… ‘ကျွန်တော်ကို ကူညီတဲ့အတွက် ကျေးဇူးတင်ပါတယ်နော် ဂိုဏ်းတူအစ်ကို … ဒီကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူး’လို့ ပြောတာ ထင်တယ်”
ထိုတပည့်က စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်ပြကာ ထပ်ပြောလိုက်သည်
“ တွန်တော်က ဟောက်နန်နောင်က ဂျပည့် ရီရင်ဖွန်းပါ..တွန်တော်အပေက ရီရှင်းနယ်ပါ”
ရှန်ထျန်းက ကွေ့ကုန်းကုန်းကို ကြည့်လိုက်သည့်အတွက် ကွေ့ကုန်းကုန်းလည်း ထပ်ပြီး ပြောပြရပြန်သည်
“ ကျွန်တော်က ဟောက်ရန်တောင်က တပည့် လီယွင်ဖုန်းပါ။ ကျွန်တော်ရဲ့ အဖေက လီချင်းဟယ်ပါ”
ရှန်ထျန်း နှုတ်ခမ်းကို တွ့န်ချိုးမိသွားသည်။
ဂိုဏ်းတူအစ်မကြီး ယွင်ရှီးက လူတွေကို ရိုက်နှက်တဲ့နေရာမှာ သက်ညှာမှု လုံးဝမရှိဘူး။ ဂိုဏ်းတူညီလေး ယွင်ဖုန်း ဒီလောက်ထိ ရိုက်နှက်ခံထားရတာကိုပဲ ကြည့်လိုက်လေ။ နေပါဦး… ဒီလူက လီယွင်ဖုန်းတဲ့လား
ရှန်ထျန်းက စိတ်မကြည်သော မျက်နှာထားဖြင့် မေးလိုက်သည်
“ ဂိုဏ်းတူညီလေး မင်းကိုယ် မင်း လီယွင်ဖုန်းလို့ ပြောလိုက်တာလား”
အရိုက်ခံထားရ၍ ယောင်နေသော ခေါင်းကို အပြင်းအထန် ညိတ်ပြရင်း ပြောလိုက်သည်
“ ကျွန်တော်ပါ နိုင်းတူ အတိုကြီး ကျွန်တော်ပါ”
ဒီတစ်ခါ ပြောတာကို ရှန်ထျန်း နားလည်သည့်အတွက် ကွေ့ကုန်းကုန်း ထပ်ပြောပြပေးဖို့ မလိုအပ်တော့ပေ။
မင်းဆိုရင်တော့ ပိုပြီး အဆင်ပြေသွားတာပေါ့
ရုတ်တရက် ရှန်ထျန်းက သူတော်စင်မ တောင်ကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်
“ ဂိုဏ်းတူညီလေး ကြည့်လိုက် ဟိုမှာ ဂိုဏ်းတူအစ်မကြီး ယွင်ရှီး”
လီယွင်ဖုန်း ခန္ဓာကိုယ်တုန်ရီစွာဖြင့် သူတော်စင်မ တောင်ဆီသို့ ကြည့်ရင်း ပြောလိုက်သည်
“ နိုင်းတူအစ်မကြီး ဂျယ်ညာလဲ…”
သူ့စကားမဆုံးသေးခင်မှာပဲ ဦးခေါင်း၏ အနောက်ဘက်မှ ပြင်းထန်သော နာကျင်မှုကို ရုတ်တရက် ခံစားလိုက်ရပြီး မူးလဲသွားသည်။
ရှန်ထျန်းက သတိမေ့နေသော လီယွင်ဖုန်းကို တစ်ချက်စိုက်ကြည့်ကာ သူ၏ ခရမ်းရွှေတူကို ဘေးသို့ ဖယ်ထားလိုက်သည်။
“ မင်းကို နောက်ဆုံးတော့ ရှာတွေ့ခဲ့ပြီ။ ဦးလေးကွေ့… သူဌေးစုန့်ဆီ သွားပြီးတော့ မေ့ပျောက်ဆေးလုံးလေး သွားတောင်းပေးပါလား။ သုံးစရာလေး ရှိလို့ပါ”
လေထုထဲတွင် ပျော်ရွှင်စရာ အငွေ့အသက်များဖြင့် ပြည့်နှက်သွားသည်။
လီယွင်ဖုန်းပေါ် ဒေါသပုံချပြီးနောက် မေ့ပျောက်ဆေးလုံး ကျွေးလိုက်သည်။
နှစ်နာရီအကြာတွင် သူတော်စင်မ တောင်ပေါ်မှ ကျန်းယွင်ရှီး ဆင်းလာလေ၏။
သူမက ဝတ်နေကျ ချပ်ဝတ်တန်ဆာဝတ်စုံကို ချွတ်ခဲ့ပြီး နှင်းကဲ့သို့ ဖြူစွတ်နေသော ဝတ်ရုံကို ဆင်မြန်းထားသည်။ မူလက စီးနှောင်ထားသော ဆံပင်ကိုလည်း ပုခုံးပေါ်တွင် ဖြန့်ချထားသည့်အတွက် ရနံ့သင်းသင်းနှင့်အတူ လေယူရာသို့ ယိမ်းနွဲ့နေသည်။
အရင်က ကျန်းယွင်ရှီးက စစ်ပွဲနတ်ဘုရားမလို့ တင်စားရမယ်ဆိုရင် အခု သူမရဲ့ ပုံစံက ဖြူစင်တဲ့ နှင်းဖြူကြာပန်းလေးလိုပဲ… နတ်သမီးလေးတစ်ပါးလိုမျိုး ကျက်သရေရှိပြီး ကြော့ရှင်းတယ်
ကျန်းယွင်ရှီးက သူတော်စင်မ တောင်ဆီမှ ဖြည်းဖြည်းချင်း ဆင်းလာသည်။
အစတုန်းက သူမ၏ ဆွဲဆောင်မှုကြောင့် ထိုအမျိုးသားများ အံ့ဩသွားကြမည်ဟု ထင်သော်လည်း သူမ၏ အသက်ရှူမှားစေလောက်သော မျက်နှာက သူတို့ရှေ့သို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် မျက်နှာထား ဖြည်းဖြည်းချင်း တည်တံ့သွားရသည်။ ထိုအရာကလည်း သူမ ရှေ့မှာရှိသော အမျိုးသားတွေကြောင့်ပင် ဖြစ်၏။
ကုန်းကုန်း နှစ်ယောက်လုံးကလည်း သူမရဲ့ အလှအပကို လုံးဝ မခံစားတတ်ကြဘူး။ ချင်ယွင်တိကလည်း ရှန်ထျန်းရဲ့ အင်္ကျီစကို ဆွဲပြီး ယင်ယန်ဆန့်ကျင်ဘက် တာအို အကြောင်းကို မေးနေတယ်။ ရှန်ထျန်းက မေ့လဲနေတဲ့ လီယွင်ဖုန်းရဲ့ ကိုယ်ပေါ်ကနေ ထိုးနှက်ထားသည့် အရာနဲ့ လက်ဗွေတွေကို ခေါင်းငုံ့ပြီး ဖျက်နေတယ်
ဒါဆို ပြင်ဆင်ဖို့ အချိန်နှစ်နာရီလောက် ယူခဲ့ရတာက အလကားပဲလား
ရှန်ထျန်းဆီမှာရှိသော ဟာရီတီပုတီးစေ့တွေက ပြင်းထန်စွာ တုန်လှုပ်လာပြီးနောက် စကားတစ်ခွန်းကို ကြားလိုက်ရသည်
“ သခင်… အရမ်းများတယ်… တကယ် အရမ်းကို များတယ်။ အစ်မ ယွင်ရှီးဆီကနေ အငြိုးအတေးတွေကို ခံစားနေရတယ်…အရမ်းများတဲ့ အငြိုးအတေးတွေ”
ရှန်ထျန်း ချွေးစေးပင် ထွက်သွားရသည်။
ကျိုးအာက ထပ်ပြီးတော့ အငြိုးအတေးကို ခံစားနေရတာတဲ့လား….အဲဒါကလည်း ဂိုဏ်းတူအစ်မကြီး ယွင်ရှီးဆီကတဲ့လား
ထို့ကြောင့် ရှန်ထျန်းက ခေါင်းမြန်မြန်မော့ကာ ကျင်းယွင်ရှီးကို စိုက်ကြည့်လိုက်သည်။
ကျန်းယွင်ရှီး၏ ပုံစံအသစ်က အမှန်တကယ် လှပသည်ဟု ဆိုနိုင်သည်။ နဂိုကတည်းက သူမက ကျက်သရေရှိသည့်သူ တစ်ယောက်ဖြစ်သည့်အတွက် သူမ၏ အေးစက်မြင့်မြတ်သော အရှိန်အဝါနှင့် ပေါင်းစည်းလိုက်သည့်အခါ နတ်ဘုရားမတစ်ပါး နတ်သက်ကြွေလာသလိုမျိုး ခံစားရစေသည်။ ထို့အပြင် ယခင်ချပ်ဝတ်တန်ဆာ ဝတ်စုံကို မဝတ်ဆင်ထားတော့သည့်အတွက် အာဏာကြီးသည့်ပုံစံမျိုး မပေါ်တော့ဘဲ ပိုမိုကြော့ရှင်းသွားသည်။
ကျန်းယွင်ရှီး၏ ရုပ်ရည်ကလည်း အကောင်းဆုံးအဆင့် ဖြစ်သလို ရှန်ထျန်း၏ ရုပ်ရည်အဆင့်နှင့် နှိုင်းယှဉ်လို့ ရလုနီးပါး ဖြစ်နေသည်။
ကျန်းယွင်ရှီး ရှေ့တွင် ရှန်ထျန်းက သူ၏ ဉာဏ်ရည်မြင့်မှုကို ချက်ချင်း အသုံးချလိုက်သည်
“ ဂိုဏ်းတူအစ်မကြီး အဝတ်အစားလဲလို့ ပြီးသွားပြီပဲ”
ကျန်းယွင်ရှီးက ခပ်ဖွဖွပြုံးပြကာ ပြောလိုက်သည်
“ကျွန်မ နည်းနည်းလေးပဲ ပြင်လာခဲ့တာပါ။ ဂိုဏ်းတူမောင်လေးက သတိထားမိတယ်ပေါ့လေ”
ပုတီးစေ့မှ တုန်ခါမှု ရပ်တန့်သွားသည်
“ မရှိတော့ဘူး…အငြိုးအတေး နည်းနည်းလေးတောင် မရှိတော့ဘူး”
ရှန်ထျန်းက သက်ပြင်းချကာ ပြောလိုက်သည်
“ ဒါပေမဲ့ ဂိုဏ်းတူအစ်မကြီး…ကျွန်တော်တို့က စွန့်စားခရီးထွက်မှာလေ။ ဘာလို့ ဒီလိုမျိုး ဝတ်ထားရတာလဲ”
စွန့်စားခရီးကို ကျန်းယွင်ရှီးနှင့်အတူ သွားချင်သည့် အကြောင်းအရင်း နှစ်ခု ရှိသည်။ ပထမတစ်ခုက သူမရဲ့ ကံကောင်းမှုကို ခွဲယူလို့ ရနိုင်သောကြောင့် ဖြစ်ပြီး ဒုတိယတစ်ခုမှာ သူမက နေ့တိုင်းလိုလို ချပ်ဝတ်တန်ဆာကို ဝတ်ဆင်သည့်အတွက် ‘ငါနဲ့ ဝေးဝေးနေ’ဆိုသော ကြောက်စရာကောင်းသည့် ခံစားချက်ကို ပေးစွမ်းနိုင်သောကြောင့် ဖြစ်သည်။
ထိုအခြေအနေအတိုင်းသာ အပြင်ခေါ်ထုတ်သွားပါက သူမ၏ အလှအပကြောင့် ချဉ်းကပ်လာသည့်သူတွေ ရှိမှာကို သူ စိတ်ပူစရာ မလိုပေ။ သို့သော် ယခု ကျန်းယွင်ရှီး၏ ဝတ်စားပုံကြောင့် သူမ၏ ဆွဲဆောင်မှုက တဟုန်ထိုး မြင့်တက်သွားသည်။
ရှန်ထျန်းသာ သူမကို စွန့်စားခရီး အတူထွက်ဖို့ ခေါ်သွားလိုက်ရင် မလိုချင်တဲ့ အာရုံစိုက်မှုတွေကို ရလာတော့မှာ မဟုတ်လား
ချိုင့်ဝှမ်းက အစ်ကိုတွေနဲ့ အထွတ်အမြတ်မြေက ပါရမီရှင်တွေ သူမကို မြင်ပြီးတော့ တစ်ယောက်ပြီးတစ်ယောက် သူတို့အနားလာနေရင် ဘယ်လောက်တောင် ဒုက္ခတွေများလိုက်မလဲ
ကျန်းယွင်ရှီးက ရှန်ထျန်း တွေးတောနေသည်များကို မသိသည့်အတွက် မေးလိုက်သည်
“ ကျွန်မ ဒီလို ဝတ်ထားတာ တစ်ခုခုများ အဆင်မပြေလို့လားဟင်”
ရှန်ထျန်းက ကူကယ်ရာမဲ့စွာ ပြန်ဖြေလိုက်သည်
“ ဂိုဏ်းတူအစ်မကြီးက အခု အရမ်းကို လှနေပါတယ်။ ကျွန်တော်တို့ စွန့်စားခရီး ထွက်မယ်ဆိုရင် ပြဿနာတွေ အများကြီး ကြုံတွေ့လာရနိုင်တယ်လေ”
ဂိုဏ်းတူမောင်လေးက ငါ့ကို အရမ်းလှတယ်လို့ ပြောလိုက်တာပေါ့လေ
ရှန်ထျန်း အဓိက ပြောချင်သည့်စကားကို သူမ လုံးဝလျစ်လျူရှုလိုက်ပြီးနောက် ကြားချင်သည့်စကားကိုသာ စိတ်ထဲမှတ်လိုက်ပြီး ကျန်းယွင်ရှီး၏ မျက်နှာ နီရဲလာရသည်။
သူမ ချောင်းဟန့်ကာ ပြောလိုက်သည်
“ ဒါဆိုရင် ဂိုဏ်းတူမောင်လေးအနေနဲ့ အစ်မကို အခု ပိုလှတယ်ထင်လား … အရင်က ပိုလှတယ်လို့ထင်လား”
ရှန်ထျန်းက ချွေးသုတ်ရင်း စဉ်းစားလိုက်သည်။
မိန်းကလေးတွေ နည်းနည်းလောက် စဉ်းစားဉာဏ်လေး ရှိလို့ မရဘူးလား။ ကျင့်ကြံရေးလောကမှာ ရုပ်ရည်က အဲလောက်ထိ အရေးကြီးလို့လား။ ဂိုဏ်းတူအစ်မကြီးက ငါ့ရဲ့ ရုပ်ရည်ကို လျစ်လျူရှုထားနိုင်တယ်လို့ ထင်ခဲ့တာ … အခုတော့ တခြားအမျိုးသမီးတွေလိုပါပဲလား
ကျိုးကြောင်းဆက်စပ်ပြီး သေချာစဉ်းစားလို့ မရကြဘူးလားဟင်။ ငါ အရမ်းရုပ်ချောနေတာ ငါ့အမှားမှ မဟုတ်တာ
ဟင်း….ငါလုပ်နေတာတွေ အကုန်လုံးက ငါ့ လုံခြုံမှုအတွက်ပဲ
ရှန်ထျန်းက ဝတ်ကျေတန်းကျေမျှသာ ပြန်ပြောဖို့ ဆုံးဖြတ်လိုက်သည်။ သို့သော် ခဏတာ စဉ်းစားပြီးနောက် သူ မေးလိုက်သည်
“ ဂိုဏ်းတူအစ်မကြီးက တကယ်ပဲ အမှန်တရားကို ကြားချင်တာလား”
ကျန်းယွင်ရှီးက လေးနက်စွာခေါင်းညိတ်ပြရင်း ပြောလိုက်သည်
“ အင်း ဂိုဏ်းတူမောင်လေး ပွင့်ပွင့်လင်းလင်းပြောပေးပါ”
ရှန်ထျန်းက ပြန်ဖြေလိုက်သည်
“ ကျွန်တော်ကတော့ ဂိုဏ်းတူအစ်မကြီး ချပ်ဝတ်တန်ဆာ ဝတ်ထားတာကို ပိုပြီးတော့ ကြိုက်တယ်။ အဲဒါဝတ်ထားရင် သူရဲကောင်း တစ်ယောက်နဲ့တူလို့”
‘သူရဲကောင်းဆန်တဲ့ ပုံစံ….ရက်စက်တဲ့ ပုံစံမျိုးပေါ့…ပိုပြီးတော့ ရက်စက်တဲ့ပုံပေါ်လေလေ ပိုကောင်းလေလေပဲ’ ဆိုသော စကားကိုတော့ ရှန်ထျန်း မပြောဖြစ်ခဲ့ပေ။
ဂိုဏ်းတူအစ်မကြီး ရက်စက်တဲ့ပုံစံ ပေါ်လေလေ ရန်သူတွေက ပိုပြီးတော့ ကြောက်ရွံ့လေလေပဲ။ ဒါဆိုရင် သူများ စတင်တိုက်ခိုက်မှာမျိုးကို ကာကွယ်နိုင်တယ်။ ဘယ်သူနဲ့မှ မတိုက်ခိုက်တာက အကောင်းဆုံးပဲလေ