အခန်း(၁၂၅)
Vol. 6-10 Ch. 125
အခန်း (၁၂၅)
ဂိုဏ်းတူမောင်လေးက ငါ့ရဲ့ နဂိုပုံစံကို ပိုပြီးတော့ ကြိုက်တယ်လို့ ပြောလိုက်တာမလား…..အရမ်းကို ကောင်းတယ်။ ငါလည်း အခုလိုမျိုး ဝတ်စားထားရတာ လုံးဝ သက်တောင့်သက်သာ မရှိဘူး
ကျန်းယွင်ရှီးက ခေါင်းညိတ်ပြကာ ပြောလိုက်သည်
“ ဂိုဏ်းတူမောင်လေး… အစ်မ အဝတ်အစား သွားလဲချင်လို့ ခဏလောက် ထပ်စောင့်ပေးပါလား”
ကျန်းယွင်ရှီးလည်း ပြောပြီးသည်နှင့်တစ်ပြိုင်နက် သူတော်စင်မ တောင်သို့ ပြန်သွားကာ အားလုံး၏ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားပြန်သည်။
ရှန်ထျန်းလည်း အခုမှ သက်ပြင်းချလိုက်နိုင်တော့သည်။
ခဏလောက် စောင့်လိုက်ရအောင်
သို့သော် ကျန်းယွင်ရှီး ဒီတစ်ခါ အဝတ်အစားလဲတာ ပိုမိုမြန်ဆန်လှသည်။
အချိန်ခဏလေးအတွင်းမှာပင် ငွေဖြူရောင် ချပ်ဝတ်တန်ဆာဝတ်စုံကို ဝတ်ဆင်ပြီး ပြန်လည် ရောက်ရှိလာလေပြီ။ ဖြန့်ချထားသော ဆံပင်ကိုလည်း ရိုးရှင်းစွာ စီးနှောင်ထားပြီး သူမ၏ ငွေဖြူရောင် ချပ်ဝတ်တန်ဆာနှင့် ဝတ်ရုံတို့ကလည်း နေရောင်ထဲတွင် တောက်ပနေသည်။
ကျန်းယွင်ရှီးက တောက်ပစွာ ပြုံးလိုက်ရင်း ပြောလိုက်သည်
“ ဂိုဏ်းတူမောင်လေး ဒီတစ်ခါ ဘယ်မှာ သွားကစားကြမှာလဲ”
ရှန်ထျန်း ကူကယ်ရာမဲ့စွာ ပြန်ဖြေလိုက်သည်
“ ဂိုဏ်းတူအစ်မကြီး ကျွန်တော်တို့က စွန့်စားခရီးထွက်မှာလေ … ကစားဖို့ သွားမှာ မဟုတ်ပါဘူး”
သူ ပြောနေရင်း ဖန်ချန်း၏ ကံအပြောင်းအလဲ အခွင့်အရေးမြင်ကွင်းကို ပြန်လည် မြင်ယောင်နေမိသည်။
အဲဒီနေရာက အရှေ့ပိုင်းလွင်ပြင်မှာ ရှိတဲ့ မြို့တစ်မြို့ပဲ။ လျှို့ဝှက်မြူခိုး တိုင်းပြည်ရဲ့ မြို့တော်ဖြစ်တဲ့ မြူခိုးမြို့တော်ကို သွားမှာလေ။ တကယ်ကို စည်ကားတဲ့ မြို့တစ်မြို့ပဲ
ရှန်ထျန်း ခန္ဓာကိုယ်၏ ပိုင်ရှင်ဟောင်းဖြစ်သော မင်းသား (၁၃)က စာတွေအများကြီး ဖတ်ထားသည့်အတွက် အရှေ့ပိုင်းလွင်ပြင်ရှိ တိုင်းပြည် အသီးသီးအကြောင်းနှင့် ပတ်သက်လျှင် ဗဟုသုတ ကြွယ်ဝလှသည်။
လျှို့ဝှက်မြူခိုးတိုင်းပြည်က မီးတိုင်းပြည်ထက်ပင် သက်တမ်းရင့်ပြီး အရှေ့ပိုင်းလွင်ပြင်ရှိ အင်အားကြီးအုပ်စုထဲအနက် တစ်ခုအပါအဝင် ဖြစ်သည်။
လျှို့ဝှက်မြူခိုးတိုင်းပြည်၏ သမိုင်းကြောင်းအရ တိုင်းပြည်၏ သစ္စာခံများထဲတွင် ကနဦးဝိညာဉ်အထွတ်အထိပ်ရှင် ၁၀ဦးမက ပါဝင်သည့်အတွက် သူတို့၏ စွမ်းအား မည်မျှကြီးမားကြောင်း စကားနှင့်ပင်ပြောပြလို့ မရနိုင်ပေ။
အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ လက်အောက်ရှိ တိုင်းပြည်များထဲတွင် လျှို့ဝှက်မြူခိုး တိုင်းပြည်သည်လည်း အားအင်အကြီးဆုံး တိုင်းပြည်များထဲမှ တစ်ခုဖြစ်သည်။
မြူခိုးမြို့တော်၏ အနီးတွင် ကံအပြောင်းအလဲ အခွင့်အရေးကို မကြာမကြာ ပိုင်ဆိုင်ရတတ်သည့်အတွက် လျှို့ဝှက်မြူခိုးတိုင်းပြည်၏ အဓိက မြို့တော်ဖြစ်နေခြင်း ဖြစ်သည်။
ရှေးဟောင်းမှတ်တမ်းများအရ မြူခိုးမြို့တော်၏ အရှေ့ဘက် ငါးကီလိုမီတာ အကွာတွင် မြူခိုးဟင်းလင်းပြင်တစ်ခု တည်ရှိပြီး ထို ဟင်းလင်းပြင်က ကျယ်ဝန်းပြီး တစ်နှစ်ပတ်လုံး သိပ်သည်းသော ချီမြူခိုးများနှင့် ဖုံးအုပ်ခြင်းခံထားရကြောင်း သိရှိရသည်။ ကျင့်ကြံသူများသာ ထိုမြူထဲသို့ ဝင်သွားပါက သူတို့၏ စိတ်စွမ်းအားနှင့် အာရုံခံစားမှုများ ရပ်တန့်ခံလိုက်ရမည်။
သို့သော် ဦးတည်ချက်ကို ရှာဖွေဖို့အတွက် အမြင်အာရုံသက်သက်ကိုသာ အသုံးပြုမည်ဆိုပါက ၁၀၀မီတာ အကွာအဝေးထိ ရောက်အောင် လမ်းမလျှောက်ရသေးခင်မှာပဲ လုံးဝ လမ်းပျောက်သွားနိုင်ချေ ရှိသည်။
မြူခိုးဟင်းလင်းပြင်က လျှို့ဝှက်မြူခိုးတိုင်းပြည်၏ တားမြစ်နယ်မြေ ဖြစ်သည့်အတွက် ကနဦးဝိညာဉ်အဆင့် အထွတ်အထိပ်ရှင်များပင် ပုံမှန်အခြေအနေ၌ မဝင်ရောက်ရဲကြပေ။
ရှားပါးသော “ မြူခိုးအတက်အကျ အချိန်ကာလ ” သည်လည်း နှစ် ၂၀ နေတိုင်း တစ်ခေါက်ဖြစ်ပေါ်လေ့ရှိပြီး ထိုအချိန်မျိုး၌ မြူခိုးရှိသော နေရာများမှာ ဒီရေလိုမျိုး အတက်အကျ ဖြစ်နိုင်သည်။
အမြင့်ဆုံးအချိန်တွင် မြူခိုးမြို့တော်၏ ဂိတ်တံခါးအထိ မြူခိုးများ ဖုံးလွှမ်းသွားနိုင်ချေရှိပြီး အနိမ့်ဆုံးအခြေအနေတွင် ပုံမှန် မြူခိုးဖုံးအုပ်ထားသောနေရာများတွင် မြူခိုးများ ကွယ်ပျောက်သွားနိုင်သည်။ ထိုကဲ့သို့သော နေရာများတွင် ကျင့်ကြံသူများ အထွတ်အထိပ်အဆင့် ဆေးလုံး ဖော်စပ်သည့်အခါတွင် အသုံးပြုသည့် အလွန်အမင်း ရှားပါးသော ဆေးဖက်ဝင်အပင်များကို ရှာဖွေတွေ့ရှိနိုင်သည်။
ကံကောင်းလျှင် အဖိုးတန် ဝိညာဉ်ဆေးပင်ဖြစ်သည့် အံ့ဖွယ်ရစ်ပတ်နွယ်ပင်ကိုပင် ရှာတွေ့နိုင်သည်။
အံ့ဖွယ်ရစ်ပတ်နွယ်ပင်က အရမ်းအဖိုးတန်ပြီး ပြင်းထန်သည့်အတွက် ဆေးဖော်သည့် နေရာမှာ အသုံးမပြုဘဲ အထွတ်အထိပ်အဆင့် ဓမ္မအသုံးအဆောင်ပစ္စည်းဖြစ်သော အံ့ဖွယ်ရစ်ပတ်နွယ်ကြိုးကို ပြုလုပ်ရာတွင် အဓိကပါဝင်ပစ္စည်းအဖြစ် အသုံးပြုလေ့ ရှိသည်။
တတိယအဆင့် အံ့ဖွယ်ရစ်ပတ်နွယ်ပင်ကိုသာ ရရှိထားပြီး အံ့ဖွယ်ရစ်ပတ်နွယ်ကြိုးအဖြစ် အဆင့်မြှင့်တင်လိုက်ပါက စံပြပုဂ္ဂိုလ်များကိုပင် ဖမ်းဆီးချုပ်နှောင်ထားလို့ ရသည်။
စတုတ္ထအဆင့် အံ့ဖွယ်ရစ်ပတ်နွယ်ပင်ကို အံ့ဖွယ်ရစ်ပတ်နွယ်ကြိုးအဖြစ် အဆင့်မြှင့်တင်လိုက်သည့်အခါ အထွတ်အထိပ်ရှင်တစ်ယောက်ကိုပင် ချုပ်ကိုင်လို့ရနိုင်သည်။
အံ့ဖွယ်ရစ်ပတ်နွယ်ကြိုးကို ပိုင်ဆိုင်ထားပါက ရန်သူနှင့် တိုက်ခိုက်သည့်အခါ ကြီးမားသော အထောက်အကူ ဖြစ်လာလိမ့်မည်။
အဆင့်တူ စွမ်းအားကြီးသည့်သူများနှင့် သူသေကိုယ်သေ တိုက်ခိုက်ရသည့်အခါ လှုပ်ရှားမှုလေးတစ်ခုက သေမလား ရှင်မလား ဆုံးဖြတ်ပေးနိုင်သည်။ ထို့ကြောင့် ချုပ်နှောင်ခံထားရခြင်းသည် အရှုံးနှင့် ညီမျှသည်။
ရှန်ထျန်း သိထားသလောက် မြူခိုးအတက်အကျ အချိန်ကာလက နီးကပ်လာပြီ ဖြစ်၏။ ထို့ကြောင့် သူ မြင်လိုက်သော ဖန်ချန်း၏ ကံအပြောင်းအလဲ အခွင့်အရေးတွင် ဖန်ချန်းက ကွင်းပြင်ကျယ်တစ်ခု၌ ရောက်ရှိနေပြီး သူ့နားမှာ ဝိညာဉ်မြူခိုး မရှိသည့်အတွက် မြင်ကွင်းက ရှင်းလင်းနေခြင်း ဖြစ်သည်။
ထိုနေရာအထိသာ တွေးတောပြီး ရှန်ထျန်း ပြောလိုက်သည်
“မြူခိုးအတက်အကျ အချိန်ကာလက နီးလာပြီလို့ ကျွန်တော် ကြားထားတယ်။ ဒါကြောင့် ကျင့်ကြံသူတွေကလည်း မြူခိုးမြို့တော်ကို သွားကြမှာလေ။ ကျွန်တော်တို့လည်း သွားကြည့်ရင် မကောင်းဘူးလား”
မြူခိုးမြို့တော်တဲ့လား
ကျန်းယွင်ရှီးက အတွေးထဲ နစ်မြောနေပုံပေါ်သည်။ သူမ၏ အစ်ကိုဖြစ်သူ ကျန်းယွင်ထင်က အခြေတည်အဆင့်တုန်းက ထိုနေရာသို့ ရောက်ခဲ့ပြီး အကျိုးအမြတ်များစွာကို ရရှိခဲ့တာကြောင့် သူမလည်း ထိုနေရာကို သိနေသည်။
ထိုအချိန်တုန်းက အခြေတည်အဆင့်သို့ စတင်ရောက်ရှိကာစ ကျန်းယွင်ထင်က မြူခိုးဟင်းလင်းပြင်တွင် တတိယထိပ်သီးအဆင့် အံ့ဖွယ်ရစ်ပတ်နွယ်ပင်ကို တွေ့ရှိခဲ့သည်။
သူ့အဖေဖြစ်သော အံ့ဖွယ်မိုးကောင်းကင်၏ ဂိုဏ်းချုပ် ပေးခဲ့သည့် ထူးခြားသော ရတနာကို အသုံးပြုပြီး အံ့ဖွယ်ရစ်ပတ်နွယ်ပင်ကို ဖြတ်ကာ အထွတ်အထိပ်အဆင့် အံ့ဖွယ်ရစ်ပတ်နွယ်ကြိုးကို ဖန်တီးနိုင်ခဲ့သည်။
အံ့ဖွယ်ရစ်ပတ်နွယ်ကြိုး၏ စွမ်းအားကို အမြင့်ဆုံးအထိ မြှင့်တင်လိုက်ပါက ၆ ဆင့်မြောက် ရွှေအမြုတေအဆင့် ကျင့်ကြံသူကို တင်းကြပ်စွာ ချည်နှောင်ထားလို့ ရသည်။
ထို အံ့ဖွယ်ရစ်ပတ်နွယ်ကြိုးကြောင့် ကျန်းယွင်ထင်က အရှေ့ပိုင်းလွင်ပြင်ရှိ လူငယ်မျိုးဆက်ကြားထဲတွင် နာမည်ကျော်ကြားခဲ့ခြင်း ဖြစ်သည်။
ချိုင့်ဝှမ်းများနှင့် အထွတ်အမြတ်မြေများမှ ပါရမီရှင်များက သူနှင့် တိုက်ခိုက်ပြီး အားကျမနာလို ဖြစ်လာကြသည်။
သူက ယောက်ျားဖြစ်ပြီးတော့ တိုက်ပွဲကို မရင်ဆိုင်ဘဲနဲ့ ဘယ်လိုရှောင်တိမ်းရမလဲဆိုတာကိုပဲ သိတယ်။ သူက အခွင့်အရေးရတာနဲ့ အံ့ဖွယ်ရစ်ပတ်နွယ်ကြိုးကို သုံးပြီး ရန်သူကို ချည်နှောင်ပြီး ထိန်းချုပ်ဖို့ပဲ ချောင်းနေတာ
အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေတွင် နဂါးတစ်ကောင်၊ ကျားတစ်ကောင်နှင့် ချီလင်တစ်ကောင်တို့ ရှိကြသည်။ အံ့ဖွယ်ချီလင်ကို ယေဘုယျအားဖြင့် အသန်မာဆုံးဟု သတ်မှတ်ထားကြပြီး ကျားဖြူကို စဉ်းစားဉာဏ်မရှိဆုံး နှင့် နဂါးပြာကို ဒုက္ခအပေးဆုံးဟု သတ်မှတ်ထားကြသည်။
ကျန်းယွင်ရှီး တိုက်ခိုက်သော ပုံစံအရ အံ့ဖွယ်ရစ်ပတ်နွယ်ကြိုးကဲ့သို့သော ဓမ္မရတနာနှင့် ရန်သူကို ထိန်းချုပ်ရတာမျိုးကို မကြိုက်နှစ်သက်ပေ။ သို့သော် ရှန်ထျန်း သွားချင်နေသည့်အတွက် သူ့ကို ကူညီပေးမည်ဟု ကျန်းယွင်ရှီး တွေးလိုက်မိသည်။
သူတို့ လွဲချော်မှုမရှိအောင် အဆုံးသတ်ပြင်ဆင်မှုများ လုပ်ပြီးနောက် စတင်ထွက်ခွာသွားကြသည်။
ကံကောင်းစွာဖြင့် လျှို့ဝှက်မြူခိုးတိုင်းပြည်က အံ့ဖွယ်မိုးကောင်းကင် ကမ္ဘာငယ်နှင့် သိပ်မဝေးပေ။ ကီလိုမီတာ ၁၅၀၀ သာ ကွာဝေးသည်။
လူတိုင်းက ဓားပျံစီးနင်းကာ သွားလျှင် အံ့ဖွယ်မိုးကောင်းကင် ကမ္ဘာငယ်မှ လျှို့ဝှက်မြူခိုးတိုင်းပြည်၏ မြို့တော်ဖြစ်သော မြူခိုးမြို့တော်သို့ တစ်နေ့အတွင်း ရောက်ရှိနိုင်သည်။
ဓားပျံစီးနင်းမှုကြောင့် အမြင့်ကို ကြောက်ခြင်းက ရှန်ထျန်းအတွက် ယခုကား ပထမဆုံးအကြိမ် ဖြစ်သည်။ သူသာ အမြင့်ဆုံးအထိ အရှိန်တင်ရဲပါက ယခုထက်ပိုပြီး ခရီးတွင်နိုင်သည်။
မြူခိုးမြို့တော်အနားသို့ ရောက်သည်နှင့် တစ်ပြိုင်နက် ဓားပျံကို သိမ်းလိုက်ကြသည်။ ကျင့်ကြံရေးကမ္ဘာ၏ မြို့များတွင် ပျံသန်းနိုင်သော မကောင်းဆိုးဝါးများ၏ တိုက်ခိုက်သည့်ရန်မှ ကာကွယ်နိုင်ရန် ပျံသန်းခြင်းကန့်သတ် အစီအရင်ကို ပြုလုပ်ထားကြသည်။ ထို့ကြောင့် သူတို့သာ မြို့တော်ထဲသို့ ဓားပျံစီးပြီး ဝင်ရောက်သွားပါက ပျံသန်းကန့်သတ် အစီအရင်၏ မှားယွင်းတိုက်ခိုက်ခြင်းကို ခံရနိုင်သည်။
ဒါပေါ့…ဒီ ကာကွယ်ရေးအစီအရင်ကို လုပ်ခဲ့တာက…လူတွေ ဝင်ကြေးမပေးပဲ ခိုးဝင်သွားမှာ စိုးရိမ်လို့လည်း ဖြစ်နိုင်တာပဲ
မြူခိုးအတက်အကျ အချိန်ကာလသို့ ရောက်တိုင်း မြူခိုးမြို့တော်၏ ဝင်ကြေးက ပုံမှန်ထက် ၁၀ဆမက မြင့်တက်သွားလေ့ ရှိသည်။ မြူခိုးအတက်အကျ အချိန်ကာလအတွင်း မြို့ဝင်ကြေးမှရရှိသော ဝင်ငွေနှင့်ပင် လျှို့ဝှက်မြူခိုးတိုင်းပြည်တစ်ခုလုံး၏ တန်ဖိုးလည်း ချက်ချင်း မြင့်တက်သွားနိုင်သည်။
ရှန်ထျန်းတို့က ဒီနေရာကို လေ့ကျင့်ဖို့ လာခြင်းဖြစ်သည့်အတွက် သူတို့၏ ပုံစံအစစ်ကို ထုတ်ဖော်ပြသထားခြင်း မရှိပေ။
ဝင်ကြေးပေးပြီးနောက် မြူခိုးမြို့တော်ထဲသို့ အဆင်ပြေ ချော့မွေ့စွာ ဝင်ရောက်သွားကြသည်။
မြို့ဝင်ပေါက်ရှိ မိန်းကလေးအချို့က ရှန်ထျန်းကို မြင်သည်နှင့် ချဉ်းကပ်ကာ စကားလာပြောချင်နေကြသည်။ သို့သော် ကျန်းယွင်ရှီး၏ အရှိန်အဝါကြောင့် အနားပင် မကပ်ရဲကြပေ။
ထို့ကြောင့် ရှန်ထျန်းလည်း ဂိုဏ်းတူအစ်မကြီးယွင်ရှီးကို ခေါ်လာခဲ့တာ မှန်ကန်သော ဆုံးဖြတ်ချက်ဖြစ်ကြောင်း ပိုပြီးတော့ ယုံကြည်မှု ရှိလာသည်။
ဂိုဏ်းတူအစ်မကြီး တစ်ယောက်လောက် နှောင့်ယှက်တာ ခံရတာက မိန်းကလေးတွေ အုပ်စုလိုက် ဝိုင်းနေမှာထက်စာရင်တော့ ပိုကောင်းပါသေးတယ်
တစ်နေ့လုံး ဓားပျံ စီးနင်းထားရတာကြောင့် အကုန်လုံးလည်း ပင်ပန်းနေကြလေပြီ။ ထို့ကြောင့် ကျန်းယွင်ရှီး၏ အကြံပေးချက်အတိုင်း လရောင်သက်တန့် တည်းခိုခန်းမှာ နေဖို့ ဆုံးဖြတ်လိုက်ကြသည်။
လရောင်သက်တန့် တည်းခိုခန်းက မြူခိုးမြို့တော်တွင် အကြီးဆုံးတည်းခိုခန်းဖြစ်၏။ ထိုကဲ့သို့ ဖြစ်လာဖို့ရာအတွက် အကူအညီ ထောက်ပံ့ပေးမှုများကို အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေဆီမှ အများဆုံး ရရှိထားသည်။
ထို့ကြောင့် မြူခိုးအတက်အကျ အချိန် ဘယ်လောက်ပဲ နီးနေပါစေ၊ မြူခိုးမြို့တော်မှာ ဘယ်လောက်ထိ လူတွေများနေပါစေ လရောင်သက်တန့် တည်းခိုခန်း၏ တာဝန်ရှိသူကို ကျန်းယွင်ရှီး ဆက်သွယ်လိုက်သည်နှင့် တည်းခိုခွင့် ချက်ချင်းရနိုင်သည်။
ထို့ကြောင့် ရှန်ထျန်းလည်း မနေနိုင်ဘဲ စိတ်ထဲမှ ချီးကျူးလိုက်မိသည်
နောက်ခံကောင်းကောင်းရှိတာ တကယ်ကို မိုက်တာပဲ
တည်းခိုဆောင်ရှေ့သို့ ရောက်သွားသောအခါ ကျန်းယွင်ရှီးကလွဲပြီး ကျန်သူတွေ အကုန်လုံး တည်းခိုဆောင်ကို တအံ့တဩဖြင့် ကြည့်နေကြသည်။
တည်းခိုဆောင်တစ်ခုလုံးကို အရမ်းဈေးကြီးသော တိမ်အဆင်သစ်မွှေးဖြင့် ဆောက်လုပ်ထားပြီး အဆင်တန်ဆာတွေကလည်း အထူးကောင်းမွန်သည်။ တည်းခိုဆောင်၏ ထိပ်တွင် နဂါးပုံစံများနှင့် ချီစုစည်းခြင်းအစီအရင်ကို ထွင်းထုထားပြီး ဝိညာဉ်ချီက ရေဝဲဂယက်လိုမျိုး စုစည်းနေသည်။ တည်းခိုဆောင် အနောက်ဘက်မှ နွေဦးရေစင်များ ပန်းထွက်နေသည့်အတွက် နေရောင်ကြောင့် ရေထဲတွင် သက်တန့်တစ်ခု ရောင်ပြန်ဟပ်နေသည့်အတွက် မြင်ကွင်းက အသက်ရှူမှားလောက်သည်။
အကုန်လုံး တည်းခိုဆောင်ထဲသို့ ဝင်မည့်ဆဲဆဲ၌ လရောင်သက်တန့် တည်းခိုဆောင်၏ တံခါးများပွင့်လာကာ မူးနေသော လူငယ်တစ်ယောက်ကို အပြင်ဘက်သို့ ပစ်ထုတ်လိုက်သည်။ ထိုသူ၏ မျက်နှာမှာ ချောင်ကျနေပြီး ဆံပင်များလည်း ရှုပ်ပွနေသလို ခန္ဓာကိုယ်တစ်ခုလုံးမှလည်း ဈေးကြီးသော သေရည်နံ့များ စွဲကပ်နေသည်။
“ မျိုးမစစ်ကောင်တွေ…မင်းတို့ မျိုးမစစ်ကောင်တွေ။ ငါ မင်းတို့ကို အရင်တုန်းက မုန့်ဖိုးတွေ ဘယ်လောက်တောင် ပေးခဲ့ရလဲ။ အခုတော့ ငါက မကျင့်ကြံနိုင်တော့တာနဲ့တင် အံ့ဖွယ်မူးယစ်သေရည် တစ်လီတာလောက်ကို အကြွေးဝယ်ခွင့် မပေးချင်တော့ဘူးတဲ့လား။
သေစမ်း….ကံကောင်းမှုက လွန်ခဲ့တဲ့ နှစ်၃၀တုန်းက အရှေ့ဘက်ကမ်းမှာရှိပေမဲ့ နှစ်၃၀ ကြာပြီးတော့ အနောက်ဘက်ကမ်းကို ရောက်သွားလို့ပါ။ မင်း တစ်နေ့တော့ နောင်တရစေရမယ်”
ထိုသူ စကားပြောပြီးသွားတာနဲ့ တည်းခိုဆောင်ထဲမှ လှောင်ရယ်သံတစ်ခု ထွက်ပေါ်လာသည်
“ ကံကောင်းမှုက လွန်ခဲ့တဲ့နှစ် ၃၀ လောက်တုန်းက မြစ်ကမ်းပါးရဲ့ အရှေ့ဘက်မှာရှိပေမဲ့ နှစ် ၃၀ လည်း ကြာပြီးသွားရော အနောက်ဘက်ကို ရောက်သွားတယ်တဲ့လား။ မင်း ငါ့ကို လာနောက်နေတာလား။ မင်း ငါ့ကို အံ့ဖွယ်မူးယစ်သေရည် တစ်လီတာဖိုး ပေးနိုင်ဖို့အတွက် နှစ်ပေါင်း၆၀ စောင့်ခိုင်းနေတာလား”