← Chapters

အခန်း ၈၅၆

Vol. 58 Ch. 856

အခန်း ၈၅၆

Vol. 58 Ch. 856

အခန်း (၈၅၆) - အံ့အားသင့်ဖွယ်

“အင်းကွက် ပေါင်း... သုံးသောင်း... သုံးသောင်းတောင် ရှိတာလား...”

နတ်ဆိုးသခင်မှာ အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားပြီး များပြားလှသော အင်းကွက်များကို ကြည့်ကာ ကြောက်ရွံ့မှုကြောင့် တစ်ကိုယ်လုံး တုန်ယင်နေတော့၏။ အင်မော်တယ်အဆင့် အင်းကွက် တစ်ခုတည်း ဖြစ်စေ၊ မြေကမ္ဘာအဆင့် အင်းကွက် အနည်းငယ် ဖြစ်စေ သူက အမှန်တကယ် မကြောက်ရွံ့ပေ။ သို့သော် မြေကမ္ဘာအဆင့် အင်းကွက်ပေါင်း သုံးသောင်း ဆိုသည်မှာကား အခြားကိစ္စ တစ်ရပ်ပင် ဖြစ်သည်။

အင်းကွက်ပေါင်း သုံးသောင်းကို တစ်ပြိုင်နက်တည်း အသက်သွင်းလိုက်ပါက ထွက်ပေါ်လာမည့် စွမ်းအား၏ ကြောက်မက်ဖွယ်ကောင်းမှုကို မည်သူကများ စိတ်ကူးကြည့်နိုင်ပါမည်နည်း။

“သုံးသောင်း... သုံးသောင်းတောင်...”

လိန်ယွင်ခုံးမှာ ထိုစကားကို ကြားလိုက်ရသည့်အခါ ကြောက်လန့်လွန်းသဖြင့် မူးလဲမတတ် ဖြစ်သွားရ၏။

“အင်းကွက်ပေါင်း သုံးသောင်းတောင် တကယ် ရှိနေတာလား...”

ချီယွမ်နှင့် အတူပါလာသူများမှာလည်း အလွန်အမင်း အံ့အားသင့်သွားကြပြီး ထိုပမာဏကို စိတ်ကူးဖြင့်ပင် မှန်းဆ၍ မရနိုင်လောက်အောင် ဖြစ်နေကြတော့သည်။ ယွင်ယိုဇီသည် ဤမျှ ကြောက်စရာကောင်းသော တည်ရှိမှု တစ်ခု ဖြစ်နေကြောင်း ယခုမှသာ လူတိုင်း သဘောပေါက်သွားကြပြီး လုံးဝ ဆွံ့အ မှင်သက်နေကြရ၏။

အဆင့် (၈) အင်းကွက်ဆရာ တစ်ဦး ဆိုသည်မှာ တကယ်ကို မရိုးရှင်းကြောင်း သက်သေပြလိုက်ခြင်းပင်။

ဤကဲ့သို့ ကြောက်စရာကောင်းသော အင်းကွက်ဆရာ တစ်ဦးကို မည်သူကများ ရန်စဝံ့ပါမည်နည်း။

လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် အင်းကွက်ပေါင်း သောင်းနှင့်ချီ၍ ထုတ်သုံးနိုင်သူကို ရင်ဆိုင်ရန်မှာ သေရွာသို့ ကိုယ်တိုင် သွားနေခြင်းနှင့် အတူတူပင် ဖြစ်တော့သည်။

“မိုကျုံး... ဒီအင်းကွက် သုံးသောင်းက ဒီအဘိုးကြီး ဒီနှစ်တွေ တစ်လျှောက်လုံး သန့်စင်ထားခဲ့တာတွေပဲ... ပြီးတော့ အင်မော်တယ်အဆင့် အင်းကွက် ဆယ့်ခြောက်ခုလည်း ရှိသေးတယ်... မင်း အဲဒါတွေကိုပါ စမ်းကြည့်ချင်သေးလား...”

ယွင်ယိုဇီက အေးစက်စက် မေးလိုက်၏။

“အင်မော်တယ်အဆင့် အင်းကွက် ဆယ့်ခြောက်ခုတောင်လား...”

ချီယွမ်နှင့် အခြားသူများမှာ နောက်တစ်ကြိမ် ပြင်းထန်စွာ တုန်လှုပ်သွားကြရပြန်သည်။ သူတို့၏ နှလုံးသားများမှာလည်း ရင်ဘတ်ထဲမှ ခုန်ထွက်လာတော့မည့်အလား ပင်။ အင်မော်တယ်အဆင့် အင်းကွက် ဆယ့်ခြောက်ခု၏ စွမ်းအားက မည်မျှတောင် ကြောက်စရာ ကောင်းနေမည်နည်း။

ခဏမျှ ရပ်နားပြီးနောက် ယွင်ယိုဇီက ဆက်ပြောလိုက်၏။

“မင်းရဲ့ လက်ရှိ အခြေအနေနဲ့ ဆိုရင်... မင်းဆီမှာ မိစ္ဆာလက်နက် ရှိနေရင်တောင်မှ... မြေကမ္ဘာအဆင့် အင်းကွက် သုံးသောင်းရဲ့ စွမ်းအားကို တောင့်ခံနိုင်မယ်လို့ မင်း ထင်လို့လား...”

ထိုစကားကို ကြားလိုက်ရသည့်အခါ မိုကျုံး၏ အိုမင်းသော မျက်နှာမှာ လုံးဝ အုံ့မှိုင်းသွားတော့၏။ ဒဏ်ရာအပြင်းအထန် ရထားသော မိုကျုံး နေနေသာသာ၊ သူ၏ အထွတ်အထိပ် အခြေအနေမှာပင် ဤအင်းကွက် သုံးသောင်းကို တောင့်ခံနိုင်မည်ဟု သူ လုံးဝ မပြောရဲချေ။ အထူးသဖြင့် ယွင်ယိုဇီထံတွင် အင်မော်တယ်အဆင့် အင်းကွက် ဆယ့်ခြောက်ခုပါ ရှိနေသည် မဟုတ်ပါလော။

ထိုနေရာရှိ မည်သည့် အင်းကွက်ဆရာမှ ရန်သူကို ကိုင်တွယ်ရန်အတွက် အင်းကွက်ပေါင်း သောင်းနှင့်ချီ၍ သန့်စင်ထားရန် တစ်ခါမျှ မစဉ်းစားခဲ့ဖူးချေ။

“ဘာလဲ... မင်း ကြောက်နေတာလား... ဒီအင်းကွက် သုံးသောင်းကို သန့်စင်ဖို့ အချိန် တော်တော်လေး ပေးခဲ့ရတယ် ဆိုပေမယ့်... မင်းလို လူစားမျိုးကို ကိုင်တွယ်ဖို့ အတွက်တော့ တန်ပါတယ်...”

ယွင်ယိုဇီက လွှမ်းမိုးဖိနှိပ်နိုင်စွမ်း အပြည့်ဖြင့် ဆက်လက် တိုက်ခိုက်ပြောဆိုလိုက်၏။

“ဟွန့်... မင်း တော်တော် ရက်စက်တာပဲ...”

ကြာမြင့်စွာ တိတ်ဆိတ်နေပြီးနောက် မိုကျုံးက ခက်ထန်စွာ ရေရွတ်လိုက်သည်။

“ယွင်ယိုဇီ... မင်း သိပ်ပြီး ဝမ်းသာမနေနဲ့ဦး... မင်းရဲ့ ပျော်ရွှင်မှုတွေက ကြာကြာ ခံမှာ မဟုတ်ဘူး...”

“ဒါပေမဲ့ မြောက်ဘက် ဆန်းကြယ် နယ်မြေမှာ လာပြီး သောင်းကျန်းဖို့ကတော့ အိပ်မက် မက်မနေနဲ့... ဒီမြေကမ္ဘာအဆင့် အင်းကွက် သုံးသောင်းက မင်းအတွက် အမြဲတမ်း အသင့်ရှိနေမှာပဲ...”

ယွင်ယိုဇီက နည်းနည်းလေးမျှ ကြောက်ရွံ့ခြင်း မရှိဘဲ မာနထောင်လွှားစွာဖြင့် တုံ့ပြန်လိုက်၏။

“မင်း နောင်တရစေရမယ်... စောင့်နေလိုက်ဦး...”

မိုကျုံးက ရက်စက်စွာ ကြိမ်းဝါးလိုက်ပြီးနောက် အနက်ရောင် မီးခိုးငွေ့ကြီး တစ်ခု အဖြစ်သို့ ပြောင်းလဲကာ ထွက်ခွာသွားတော့သည်။ ယွင်ယိုဇီ၏ ဝှက်ဖဲက အရမ်းကို ကြောက်စရာ ကောင်းလွန်းလှပေသည်။ မိုကျုံး နေနေသာသာ နတ်ဘုရားအသွင်ပြောင်းဘုံ နဝမအလွှာ ပညာရှင် တစ်ဦးပင်လျှင် သေချာပေါက် သတိထားရမည် ဖြစ်ပေသည်။

“သွားကြစို့...”

လိန်ယွင်ခုံးကလည်း အေးစက်စက် အမိန့်ပေးလိုက်၏။ မိုကျုံးတောင် ထွက်သွားပြီ ဖြစ်ရာ လိန်ယွင်ခုံး အနေဖြင့် ဆက်နေရန် သတ္တိ မရှိတော့ချေ။ မြေကမ္ဘာအဆင့် အင်းကွက် သုံးသောင်း ဆိုသည်မှာ နောက်ပြောင်နေသည့် ကိစ္စ မဟုတ်ပေ။ လိန်ယွင်ခုံးကို မိနစ်ပိုင်းအတွင်းမှာတင် ပြာကျသွားအောင် လုပ်နိုင်သည် မဟုတ်ပါလော။

ယွင်ယိုဇီ ယနေ့ ပြသသွားသော ပြင်းထန်သည့် စွမ်းအားများအရ သူ၏ အဆင့်အတန်းမှာ လိန်ယွင်ခုံးကို သေချာပေါက် ကျော်လွန်သွားခဲ့၏။ သူသည် တိုက်ကြီးပေါ်တွင် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ် အဖြစ်သို့ ရောက်ရှိသွားခဲ့ခြင်းပင်။ သေချာသည်ကတော့ ဤသည်မှာ လူသိရှင်ကြား အသိအမှတ်ပြုထားသော အစွမ်းအထက်ဆုံး အဆင့် သက်သက်သာ ဖြစ်သည်။

လိန်ယွင်ခုံးနှင့် သူ၏ အဖွဲ့သားများ ဆုတ်ခွာသွားသည်ကို ယွင်ယိုဇီက ဝင်ရောက် မတားဆီးခဲ့ချေ။ နတ်ဆိုး မျိုးနွယ်စုမှ ပညာရှင်နှင့် လိန်ယွင်ခုံးတို့ ထွက်ခွာသွားပြီးနောက်တွင်မှ ဧရာမ တိုက်ပွဲကြီးမှာ အပြီးတိုင် ပြီးဆုံးသွားတော့သည်။ ယွင်ယိုဇီလည်း တိတ်တဆိတ် သက်ပြင်းချလိုက်နိုင်တော့၏။ သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ အင်းကွက် သုံးသောင်းစလုံးမှာ သိုလှောင်လက်စွပ် အတွင်းသို့ ပြန်လည် ဝင်ရောက်သွားကြသည်။ ထို့နောက် သူက ဆေးလုံး အချို့ကို ထုတ်ယူကာ မျိုချလိုက်သည်။

“ယွင်ယိုဇီ... မင်းရဲ့ အကူအညီ အတွက် ငါတို့ တကယ်ပဲ ကျေးဇူးတင်ပါတယ်... မဟုတ်ရင်တော့ ငါတို့ အကုန်လုံး နတ်ဆိုး မျိုးနွယ်စု လက်ထဲမှာ သေကုန်ကြမှာ သေချာတယ်...”

ရှင်းထျန်းက ယွင်ယိုဇီကို ကြည့်ရင်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်စကား ပြောလိုက်၏။ ဤတိုက်ပွဲကြောင့် ပေရွှမ် ဂိုဏ်းမှာ ပျက်စီးမည့် ဘေးမှ လွတ်ကင်းခဲ့ရခြင်းပင်။

“ဒီကိစ္စက မရိုးရှင်းဘူး... နတ်ဘုရား ဘုရင် နန်းတော်က ဘာအကြောင်းပြချက်မှ မရှိဘဲ ပေရွှမ် ဂိုဏ်းကို လာတိုက်တာကလည်း တစ်ခုခုတော့ ရှိရမယ်... ပြီးတော့ မိုကျုံး မြောက်ဘက် ဆန်းကြယ် နယ်မြေကို ရောက်လာတာကလည်း အကြောင်းရင်း ရှိမှာပဲ...”

ယွင်ယိုဇီက လေးနက်သော အမူအရာဖြင့် ပြောကြားလိုက်၏။ မိုကျုံးနှင့် နတ်ဘုရား ဘုရင် နန်းတော်တို့ကြားက လျှို့ဝှက်ချက်ကို သူ သေချာ မသိသော်ငြား တစ်စုံတစ်ခုကိုတော့ သူ ရိပ်မိနေပုံ ရသည်။

“ဂိုဏ်းချုပ် ရှင်းထျန်း... တကယ်တမ်း ဘာတွေ ဖြစ်နေတာလဲ...”

ကျန်းဝူဟန်က ဇဝေဇဝါ ဖြစ်လျက် မေးမြန်းလိုက်၏။ ရှင်းထျန်းက ခေါင်းခါယမ်းပြရင်း ပြန်လည် ဖြေကြားလိုက်သည်။

“ငါလည်း မသိဘူး... လိန်ယွင်ခုံးက ဘာမှ ရှင်းမပြသွားဘူးလေ...”

ချီယွမ်က ဝင်ရောက် ပြောဆိုလိုက်၏။

“ဒီတလော နတ်ဆိုး မျိုးနွယ်စုက ပိုပြီးတော့ သောင်းကျန်းလာတယ်... အင်မော်တယ် လက်နက် စံအိမ်နဲ့ ကျန်းမိသားစု နှစ်ခုစလုံးလည်း နတ်ဆိုး မျိုးနွယ်စုရဲ့ အစွမ်းထက် ပညာရှင်တွေ လက်ချက်နဲ့ ဒဏ်ရာအပြင်းအထန် ရခဲ့ကြပြီးတော့... အင်အားတွေလည်း အများကြီး ဆုတ်ယုတ်သွားခဲ့ရတယ်... ကျုပ် သိထားသလောက် ဆိုရင် နတ်ဆိုး မျိုးနွယ်စုက နတ်ဆိုး ဧကရာဇ် ပိတ်လှောင်မှုကနေ လွတ်မြောက်လာမှာကိုပဲ စောင့်နေကြတာ...”

“ကြည့်ရတာ စံအိမ်သခင် ချီယွမ်လည်း နတ်ဆိုး မျိုးနွယ်စု အကြောင်းကို တော်တော်လေး သိထားပုံရတယ်... နတ်ဆိုး မျိုးနွယ်စုက တကယ်ကို ကြောက်စရာ ကောင်းတာပါ... ကံကောင်းတာက တိုက်ကြီးပေါ်မှာ သူတို့ကို ယှဉ်နိုင်တဲ့ လျှို့ဝှက် အင်အားစုတွေ ရှိနေလို့သာပေါ့... မဟုတ်ရင်တော့ တိုက်ကြီး တစ်ခုလုံး နတ်ဆိုး မျိုးနွယ်စုရဲ့ အုပ်ချုပ်မှု အောက်ကို ရောက်သွားလောက်ပြီ...”

ယွင်ယိုဇီက လေးနက်သော အမူအရာဖြင့် ခေါင်းညိတ် ထောက်ခံလိုက်၏။

“နတ်ဆိုး မျိုးနွယ်စုရဲ့ ရည်ရွယ်ချက်က ငါတို့အတွက် မရှင်းလင်းသေးဘူး... ဒါပေမဲ့ သူတို့က ငါတို့ကို အကြိမ်ကြိမ် လာတိုက်ခိုက်နေကြပြီ... အခု ယွင်ယိုဇီလည်း ဒီမှာ ရှိနေတာ ဆိုတော့ ကျုပ် နောက်တစ်ခါ ထပ်ပြောပါ့မယ်... ကျုပ်ရဲ့ ဆရာက နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့ကို တည်ထောင်ထားတယ်... ပေရွှမ် ဂိုဏ်းနဲ့ သန့်ရှင်းသော ဝိညာဉ် ကျောင်းတော် တို့လည်း အဲဒီထဲမှာ ပါဝင်လာပြီးတော့ ဝူကျိနယ်မြေနဲ့ မြောက်ဘက် ဆန်းကြယ် နယ်မြေက အင်အားစု အားလုံးကို စုစည်းစေချင်တယ်... နတ်ဆိုး မျိုးနွယ်စုက အရမ်းကို အစွမ်းထက်လွန်းတယ်... ငါတို့ရဲ့ အင်အားတွေ အားလုံးကို မစုစည်းနိုင်ရင်တော့ မလွယ်ဘူး...”

ချီယွမ်က အလေးအနက် တိုက်တွန်းလိုက်၏။

“ဆရာ ဟုတ်လား...”

ချီယွမ်၏ စကားကို ကြားလိုက်ရသည့်အခါ အင်မော်တယ် လက်နက် စံအိမ်နှင့် ကျန်းမိသားစုဝင်များမှလွဲ၍ ထိုနေရာရှိ လူတိုင်းမှာ အံ့အားသင့်သွားကြပြီး ချီယွမ်ကို ဝိုင်းကြည့်လိုက်ကြတော့၏။ စံအိမ်သခင် ချီယွမ်မှာ ဆရာ တစ်ယောက် ရှိနေတာလား။ ဤသည်မှာ တစ်ခါမျှ မကြားဖူးခဲ့သော ကိစ္စပင်။ သူ၏ ဆရာမှာ မည်သူ ဖြစ်နိုင်ပါသနည်း။ ချီယွမ်က အရင်ကလည်း ဤအကြောင်းကို တစ်ခါမျှ ထုတ်မပြောခဲ့ဖူးချေ။

လူအုပ်ကြီး၏ ဇဝေဇဝါ ဖြစ်နေမှုကို မြင်လိုက်ရသည့်အခါ ချီယွမ်က ပြန်လည် ဖြေကြားလိုက်၏။

“ဖုန်းဝူချန်...”

“ဘာ... ဖုန်းဝူချန်က မင်းရဲ့ ဆရာ ဟုတ်လား...”

ထိုအမည်ကို ကြားလိုက်ရသည့်အခါ ရှင်းထျန်းမှာ လန့်ဖျတ်သွားပြီး သူ၏ မျက်လုံးများပင် ပြူးကျယ်သွားရ၏။

“သူ... သူက တကယ်ပဲ စံအိမ်သခင် ချီယွမ်ရဲ့ ဆရာ ဖြစ်နေတာလား... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”

နတ်မိမယ် ဇီချုံမှာလည်း လုံးဝ ဆွံ့အ မှင်သက်သွားတော့၏။

“ဒါ... ဒါက တကယ့်ကို မယုံနိုင်စရာပဲ... ဖုန်းဝူချန် ဆိုတာ လူငယ်လေး တစ်ယောက် မဟုတ်လား... သူက ဘယ်လိုလုပ်ပြီး မင်းရဲ့ ဆရာ ဖြစ်ဖို့ အရည်အချင်း ပြည့်မီတာလဲ...”

ဟု ဝမ်ကျိကျုံးကလည်း အံ့အားသင့်နေသော မျက်နှာထားဖြင့် မေးမြန်းလိုက်၏။

ထိုစဥမ.. ယွင်ယိုဇီက ကောင်းကင်ယံမှ ဆင်းသက်လာရင်း ဖုန်းဝူချန် အပေါ် အလွန်အမင်း စိတ်ဝင်စားစွာဖြင့် မှတ်ချက်ချလိုက်၏။

“ဖုန်းဝူချန် ဟုတ်လား... ကျုပ်လည်း ဒီလူအကြောင်းကို အကြီးအကဲ တစ်ယောက် ပြောတာ ကြားဖူးပါတယ်... သူက အလွန်တရာ ထူးခြား ဆန်းကြယ်တဲ့ နည်းလမ်းတွေနဲ့ မီးအဆိပ်ကို ဖယ်ရှားပေးနိုင်တယ် တဲ့... ပြီးတော့ သူက နဂါးနတ်ဘုရား နန်းတော်ရဲ့ နန်းတော်သခင်လည်း ဖြစ်နေသေးတယ် ဆိုတော့... တကယ်ကို အံ့မခန်း ပါရမီရှင် တစ်ယောက်ပဲ ဖြစ်ရမယ်...”

ချီယွမ်က ပြုံးလျက် ဝင်ပြောလိုက်သည်။

“ကျုပ်တို့ဆီမှာ ရှိနေတဲ့ မီးအဆိပ်တွေကို ဆရာက အပြီးတိုင် ဖယ်ရှားပေးခဲ့တာပါ... ဒါက ဆရာ့ရဲ့ စွမ်းရည်တွေထဲက ရေခဲတောင်ရဲ့ ထိပ်ဖျားလေးလောက်ပဲ ရှိပါသေးတယ်... သူက ကောင်းကင်ဘုံက စေလွှတ်လိုက်တဲ့ အံ့မခန်း ပါရမီရှင် တစ်ဦးပဲ... ဒီတလော အင်မော်တယ် လက်နက် စံအိမ်ကနေ ထွက်ပေါ်နေတဲ့ အင်မော်တယ် လက်နက်ရဲ့ အရှိန်အဝါကိုလည်း ခင်ဗျားတို့ အာရုံခံမိမှာပါ... အဲဒါကို ကျုပ် သန့်စင်ခဲ့တာ မဟုတ်ဘူး... ဆရာ သန့်စင်ခဲ့တာပါ... အတွေးတချက်နဲ့ လက်နက်ဖန်တီးနိုင်တဲ့ နတ်ဘုရား ပညာရပ်က တကယ့်ကို ထူးခြား ဆန်းကြယ်လွန်းလှပါတယ်... အရည်အသွေးမြင့် အင်မော်တယ် လက်နက်တွေကို သူက လက်ဖျောက်တစ်ချက် တီးလိုက်ရုံနဲ့တင် သန့်စင်နိုင်တာ..ဒီလောက် အစွမ်းထက်ပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ လက်နက်သန့်စင်ခြင်း အတတ်ပညာကို ကျုပ် တစ်သက်မှာ တစ်ခါမှ မမြင်ဖူးခဲ့ပါဘူး...”

“ဘာ... သူက မီးအဆိပ်ကို အပြီးတိုင် ကုသပေးနိုင်တာလား...”

ယွင်ယိုဇီနှင့် ဝမ်ကျိကျုံးတို့ အပါအဝင် လူတိုင်းမှာ လုံးဝ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားကြရ၏။

“အတွေးတချက်နဲ့ လက်နက်ဖန်တီးခြင်း ဟုတ်လား... အင်မော်တယ် လက်နက် ...”

ရှင်းထျန်းမှာ လုံးဝ ဆွံ့အ သွားပြီး သူ၏ မျက်နှာအမူအရာမှာ အေးခဲသွားတော့၏။

သန့်ရှင်းသော ဝိညာဉ် ကျောင်းတော် မှ အကြီးအကဲ တစ်ဦးကို လှည့်ကြည့်ရင်း ချီယွမ်က ပြုံးလျက် မေးလိုက်သည်။

“အကြီးအကဲ အိုးရန်... ခင်ဗျားဆီမှာ ရှိတဲ့ အအေးအဆိပ်ကိုလည်း ဆရာပဲ ဖယ်ရှားပေးခဲ့တာ မဟုတ်လား... သူက ခင်ဗျားကို အပြီးတိုင် ကုမပေးခဲ့ဘူး ဆိုရင်တော့ သူ့မှာ အကြောင်းရင်း တစ်ခုခု ရှိလို့ နေမှာပါ...”

“ဖုန်းဝူချန်မှာ နောက်ထပ် ဘွဲ့အမည် တစ်ခုလည်း ရှိသေးတယ်... အဲဒါက 'ဆေးဧကရာဇ်' တဲ့... အတွေးတချက်နဲ့ ဆေးဖော်စပ်နိုင်တဲ့ အဆင့်ပေါ့...”

ကျန်းဝူဟန်က ပြုံးလျက် ဝင်ပြောလိုက်၏။

“ဆေးဧကရာဇ် အကြောင်းကို ပြောရမယ် ဆိုရင်တော့... ခင်ဗျားတို့ ကိုယ်တိုင် မျက်မြင် မတွေ့မချင်း သူ ဘယ်လောက် အစွမ်းထက်လဲ ဆိုတာ သိမှာ မဟုတ်ပါဘူး... အခုလောလောဆယ် ဆေးဧကရာဇ်က ထျန်းကျီဘုံ အဆင့်မှာပဲ ရှိနေသေးတယ် ဆိုပေမယ့်... သန့်ရှင်းသော ဝိညာဉ် ကျောင်းတော် က ဘယ်ကျောင်းသားမှ သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူးလို့ ကျုပ် ရဲရဲကြီး အာမခံရဲတယ်...”

“ဒဏ္ဍာရီထဲက ဆေးဧကရာဇ် အဆင့်လား...”

ဝမ်ကျိကျုံးမှာ နောက်တစ်ကြိမ် အလွန်အမင်း အံ့အားသင့်သွားပြီး အော်ဟစ်လိုက်မိတော့သည်။

“ကျန်းမိသားစုရဲ့ သခင်လေးက ဖုန်းဝူချန်ကို ဆေးပညာ နှီးနှောဖလှယ်ပွဲကို ကိုယ်တိုင်ကိုယ်ကျ လာဖိတ်ရမယ်လို့ ဘာလို့ ပြောခဲ့လဲ ဆိုတာ အခုမှပဲ နားလည်တော့တယ်... ပြီးတော့ ယန်ထျန်းရှန် ကလည်း ဘာဖြစ်လို့ နဂါးနတ်ဘုရား နန်းတော်မှာ အကြီးအကဲ အဖြစ် ဝင်ရောက် အမှုထမ်းနေရလဲ ဆိုတာ အခုမှ သဘောပေါက်တော့တယ်...”

“ယန်ထျန်းရှန်.. ၀င်္ကပါ ပင်လယ် နယ်မြေမှာ ကျင်းပခဲ့တဲ့ ဆေးပညာ နှီးနှောဖလှယ်ပွဲမှာတုန်းကလည်း... အကြီးအကဲ ဝူဖုန်းနဲ့ ယန်ထျန်းရှန်တို့ ကိုယ်တိုင်ကိုယ်ကျ သွားဖိတ်လို့သာ ဆရာက တက်ရောက်ခဲ့တာပါ... အဲဒီမှာ ဆရာက သင်ကြားပြသမှုတွေတောင် လုပ်ပေးခဲ့သေးတယ်...”

ချီယွမ်က ပြုံးလျက် ပြန်လည် ပြောပြလာ၏။

“ဆေးဧကရာဇ် အဆင့် ဟုတ်လား...”

ယွင်ယိုဇီလည်း ဆွံ့အ သွားရပြီး သူ၏ အိုမင်းသော မျက်နှာပေါ်တွင် ဘာပြောရမှန်း မသိသော အမူအရာများ ဖုံးလွှမ်းနေတော့၏။ ဤကဲ့သို့သော အံ့မခန်း ပါရမီရှင် တစ်ဦး ဤလောကတွင် အမှန်တကယ် တည်ရှိနေနိုင်သည်ကို ယွင်ယိုဇီ လုံးဝ မယုံကြည်နိုင်အောင် ဖြစ်နေတော့သည်။

--

All Chapters