အခန်း ၈၅၇
Vol. 58 Ch. 857
အခန်း (၈၅၇) - ယွင်ယိုဇီ၏ ဆုံးဖြတ်ချက်
“ဆရာက အခု အဆင့် (၇) ဆေးပညာရှင် အဆင့်မှာ ရှိနေတာ... ဒါပေမဲ့ သူက စိတ်ဆန္ဒတစ်ခုတည်းနဲ့ ဆေးဖော်စပ်နိုင်တဲ့ နတ်ဘုရားပညာရပ်ကို ပိုင်ဆိုင်ထားတယ်...”
ချီယွမ်သည် သူတို့ကို စည်းရုံးရန်အတွက် ဖုန်းဝူချန်၏ လျှို့ဝှက်ချက် အတော်များများကို ဖွင့်ဟပြောဆိုလိုက်၏။
ကျန်းဝူဟန်ကလည်း ထပ်လောင်းပြောကြားလိုက်သည်။
“ကျုပ်က ဆေးဧကရာဇ်.. ကြီးပြင်းလာတာကို အစအဆုံး စောင့်ကြည့်ခဲ့တာပါ... နှစ်နှစ်အတွင်းမှာတင် သူက ထျန်းယွမ်ဘုံကနေ ထျန်းကျီဘုံအထိ တက်လှမ်းနိုင်ခဲ့တယ်... သူ့ရဲ့ ဆေးပညာ အဆင့်အတန်းကလည်း အံ့သြစရာကောင်းလောက်အောင် တိုးတက်လာပြီး အခုဆိုရင် အဆင့် (၇) ဆေးပညာရှင် အဆင့်ကို ရောက်နေပြီ... ဘယ်သူကများ ဒီလိုလုပ်နိုင်မှာလဲ... ဒါတင်မကသေးဘူး... ဆေးဧကရာဇ်ရဲ့ တိုက်ခိုက်နိုင်စွမ်းကလည်း အရမ်းကို ကြောက်စရာကောင်းတယ်...”
ခဏမျှ ရပ်နားပြီးနောက် ကျန်းဝူဟန်က ဆက်ပြောလိုက်၏။
“ဆေးပညာနဲ့ လက်နက်သန့်စင်ခြင်း အပြင် ဆေးဧကရာဇ်ကြီးက လက်နက်သွန်းလုပ်ခြင်းနဲ့ အင်းကွက် ပညာရပ်တွေမှာလည်း ခန့်မှန်းလို့ မရနိုင်လောက်အောင် နက်နဲတယ်... ဆေးဧကရာဇ်ကြီးရဲ့ အင်မော်တယ် လက်နက်ဆိုရင် အဋ္ဌမအဆင့် သွန်းလုပ်ခြင်းကို အသုံးပြုထားတာ... အင်းကွက် ပညာရပ်နဲ့ ပတ်သက်ရင်တော့ ကျုပ်တို့ မမြင်ဖူးသေးပေမဲ့ ယွင်ယိုဇီထက် သေချာပေါက် သာလွန်နေလိမ့်မယ်...”
“အဋ္ဌမအဆင့် သွန်းလုပ်ခြင်း ဟုတ်လား... ဖုန်းဝူချန်က အဆင့် (၈) လက်နက်သွန်းလုပ်ရေး ပညာရှင် တစ်ယောက်လား...”
“သူ့ရဲ့ အင်းကွက် အဆင့်အတန်းက ကျောင်းအုပ်ကြီးထက်တောင် သာလွန်နေတယ် လား...”
လူတိုင်းမှာ နောက်တစ်ကြိမ် အလွန်အမင်း အံ့အားသင့်သွားကြပြီး ယွင်ယိုဇီမှာလည်း လုံးဝ ဆွံ့အ မှင်သက်သွားတော့၏။ လူငယ်လေး တစ်ဦး အနေဖြင့် မတူညီသော နယ်ပယ်လေးခုတွင် ဤမျှလောက်အထိ မြင့်မားသော အဆင့်အတန်းများကို ပိုင်ဆိုင်ထားခြင်းက တစ်ခါမျှ မကြားဖူးခဲ့သော ကိစ္စပင် ဖြစ်သည်။
“ဂိုဏ်းချုပ် ရှင်းထျန်း... ယွင်ယိုဇီ... နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့နဲ့ ပတ်သက်ပြီးတော့ ခင်ဗျားတို့ သေချာ စဉ်းစားပေးကြမယ်လို့ ကျုပ် မျှော်လင့်ပါတယ်... အခုဆိုရင် ဆရာက ဝူကျိနယ်မြေ တစ်ခုလုံးရဲ့ အင်အားတွေကို စုစည်းပြီးပြီ... အင်အားကြီး အဖွဲ့အစည်း အားလုံးနဲ့ တကိုယ်တော် ကျင့်ကြံသူတွေ အများကြီးက နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့ထဲကို ဝင်ရောက်နေကြပြီ...”
အံ့အားသင့်နေသော ယွင်ယိုဇီနှင့် အခြားသူများကို ကြည့်ရင်း ချီယွမ်က သူ၏ ရည်ရွယ်ချက်ကို ထိရောက်စွာ ပြောကြားလိုက်၏။
“ဂိုဏ်းချုပ် ရှင်းထျန်း... ယွင်ယိုဇီနဲ့ လေးစားအပ်တဲ့ အကြီးအကဲတို့... ကျုပ်တို့ကို ခွင့်ပြုပါဦး...”
ကျန်းဝူဟန်က ရိုသေစွာ ဦးညွှတ်နှုတ်ဆက်လိုက်ပြီးနောက် ကျန်းမိသားစုမှ အစွမ်းထက် ပညာရှင်များကို ဦးဆောင်ကာ ထွက်ခွာသွားတော့သည်။
“ကျုပ်တို့ သွားပါဦးမယ်...”
ချီယွမ်ကလည်း လက်ကာပြကာ နှုတ်ဆက်လိုက်ပြီးနောက် အင်မော်တယ် လက်နက် စံအိမ်မှ ပညာရှင်များနှင့်အတူ ထွက်ခွာသွားခဲ့၏။
ချီယွမ်၊ ကျန်းဝူဟန်နှင့် အခြားသူများ ထွက်ခွာသွားပြီးနောက်တွင် ဝမ်ကျိကျုံးနှင့် ကျန်ရှိနေသူများမှာ အံ့အားသင့်မှုများမှ မလွတ်မြောက်နိုင်သေးချေ။
“ဒီဖုန်းဝူချန်က တကယ်ပဲ ဒီလောက်တောင် ကြောက်စရာကောင်းတာလား... အသက်နှစ်ဆယ် အစောပိုင်းပဲ ရှိသေးတာကို နယ်ပယ်လေးခုစလုံးမှာ မကုန်ခမ်းနိုင်တဲ့ အဆင့်အတန်းတွေကို ရောက်နေပြီး အင်းကွက်ပညာမှာ ကျောင်းအုပ်ကြီးကိုတောင် ကျော်လွန်နေတယ် ဆိုတာ... ဒါ တကယ်ပဲ ဖြစ်နိုင်လို့လား...”
အကြီးအကဲ ယန်ရွှမ်ထုံမှာ လုံးဝ ဆွံ့အ မှင်သက်နေတော့၏။
“နှစ်နှစ်တောင် မပြည့်တဲ့ အချိန်အတွင်းမှာ ထျန်းယွမ်ဘုံကနေ ထျန်းကျီဘုံအထိ ဖောက်ထွက်နိုင်ခဲ့တယ် ဟုတ်လား... ဒါက တကယ့် မိစ္ဆာပဲ...”
ဟွမ်းကျိမှာလည်း ထိုကဲ့သို့သော ကျင့်ကြံခြင်း အမြန်နှုန်းကို လုံးဝ စိတ်ကူးကြည့်၍ပင် မရနိုင်အောင် ဖြစ်နေတော့၏။
“စိတ်ဆန္ဒတစ်ခုတည်းနဲ့ လက်နက်ဖန်တီးခြင်း ဆိုတာကရော ဘယ်လို နတ်ဘုရားပညာရပ်မျိုးလဲ... ဖုန်းဝူချန်က အင်မော်တယ် လက်နက်ကို တကယ်ကြီး သန့်စင်နိုင်တာလား...”
အဆင့် (၇) လက်နက်သွန်းလုပ်ရေး ပညာရှင် ယန်ရွှမ်ထုံ ခံစားလိုက်ရသော အံ့အားသင့်မှုက အလွန်တရာ ကြီးမားလှပေသည်။
လူတိုင်းမှာ တွေးလေလေ၊ ပို၍ ထိတ်လန့်လေလေ ဖြစ်လာကြပြီး အသက်ရှူရန်ပင် မေ့လျော့နေကြတော့၏။
သူတို့ အနေဖြင့် မယုံကြည်ချင်သော်ငြား ချီယွမ်နှင့် ကျန်းဝူဟန်တို့ ကိုယ်တိုင် ပြောကြားခဲ့သော စကားများကြောင့် လက်ခံလိုက်ကြရတော့သည်။ ထို့အပြင် ချီယွမ် ကိုယ်တိုင်ပင် ဖုန်းဝူချန်ကို သူ၏ ဆရာအဖြစ် တလေးတစား သတ်မှတ်ထားသည် မဟုတ်ပါလော။
ပေရွှမ် ဂိုဏ်း၏ ပထမ အကြီးအကဲက မျက်မှောင်ကြုတ်လျက် မှတ်ချက်ချလိုက်သည်။
“ဖုန်းဝူချန်က နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့ကို တည်ထောင်လိုက်တာက တိုက်ကြီး တစ်ခုလုံးကို စိုးမိုးဖို့ပဲ... အင်အားစု သေးသေးလေးတွေ အားလုံးကို သူ့ခြေဖဝါးအောက်မှာ ဒူးထောက်ခိုင်းဖို့ပဲ... သူ့ရဲ့ လောဘကတော့ မသေးဘူးပဲ...”
“ဂိုဏ်းချုပ်... တကယ်လို့ ငါတို့သာ နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့ထဲ ဝင်လိုက်မယ် ဆိုရင်... အဲဒါက ဖုန်းဝူချန်ရဲ့ လက်အောက်ခံ ဖြစ်သွားတာနဲ့ အတူတူပဲ မဟုတ်လား...”
ဟု အခြား အကြီးအကဲ တစ်ဦးက ရှင်းထျန်းကို လှမ်းကြည့်ရင်း မေးခွန်းထုတ်လိုက်၏။
ထိုစကားကို ကြားလိုက်ရသည့်အခါ ရှင်းထျန်းက မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်ပြီး လေးနက်သော လေသံဖြင့် ပြန်လည် ဆွေးနွေးလိုက်သည်။
“စံအိမ်သခင် ချီယွမ်က ငါတို့ ဂိုဏ်းကို နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့ထဲ ဝင်ဖို့ ဖိတ်ခေါ်ထားတာ ကြာပါပြီ... ငါက အခုထိ သဘောမတူသေးတာပါ... အခုလောလောဆယ် နတ်ဆိုး မျိုးနွယ်စုက အာဏာရှိနေပြီးတော့ နတ်ဘုရား ဘုရင် နန်းတော်နဲ့ ပူးပေါင်းနေတယ်... ဒီတိုက်ပွဲကတော့ အေးအေးဆေးဆေး ပြီးဆုံးသွားမယ့် ပုံမပေါ်ဘူး...”
“ဂိုဏ်းချုပ် ရှင်းထျန်း ပြောတာ လုံးဝ မှန်ကန်ပါတယ်... ဖုန်းဝူချန်က နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့ကို တည်ထောင်လိုက်တာက နတ်ဆိုး မျိုးနွယ်စုနဲ့ နတ်ဘုရား ဘုရင် နန်းတော်ကို တန်ပြန်ဖို့ပဲ ဖြစ်ရမယ်... နတ်ဆိုး မျိုးနွယ်စုရဲ့ အင်အားက အရမ်းကို ကြောက်စရာကောင်းလွန်းလို့ သူက ငါတို့ကို စည်းရုံးချင်နေတာပဲ...”
ဝမ်ကျိကျုံးကလည်း ဝင်ရောက် ထောက်ခံလိုက်၏။
“ဂိုဏ်းချုပ်... တကယ်ပဲ သဘောတူဖို့ စဉ်းစားနေတာလား... ငါတို့သာ သဘောတူလိုက်မယ် ဆိုရင် ပေရွှမ် ဂိုဏ်းက ဖုန်းဝူချန်ရဲ့ အမိန့်ကို နာခံရတော့မှာလေ... သူက လူငယ်လေး တစ်ယောက်ပဲ ရှိသေးတာကို... ငါတို့ ပေရွှမ် ဂိုဏ်းက သူ့လက်အောက်ကို ရောက်သွားမယ် ဆိုရင်... ဒါက ငါတို့ သိက္ခာအတွက် အများကြီး ထိခိုက်စေမှာ မဟုတ်ဘူးလား...”
ဟု စိုးရိမ်နေသော အကြီးအကဲ တစ်ဦးကလည်း ဖွင့်ဟပြောဆိုလိုက်သည်။
ရှင်းထျန်းက ပြန်လည် မဖြေကြားခဲ့သဖြင့် သူသည် နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့သို့ ဝင်ရောက်ရန် အမှန်တကယ် စဉ်းစားနေသလား ဆိုသည်ကို မည်သူကမျှ မသိရှိနိုင်ချေ။
“ကျောင်းအုပ်ကြီး... ခင်ဗျားကရော ဘယ်လို ထင်ပါသလဲ...”
ဝမ်ကျိကျုံးက ယွင်ယိုဇီထံသို့ လှည့်ကာ မေးမြန်းလိုက်၏။
ထိုအမေးကို ကြားလိုက်ရသည့်အခါ ယွင်ယိုဇီက ပြန်လည် မေးခွန်းထုတ်လိုက်သည်။
“သန့်ရှင်းသော ဝိညာဉ် ကျောင်းတော် နဲ့ ပေရွှမ် ဂိုဏ်း နှစ်ခုတည်းနဲ့တင် နတ်ဆိုး မျိုးနွယ်စုကို တောင့်ခံနိုင်မယ်လို့ မင်းတို့ ထင်နေကြတာလား...”
လူတိုင်းမှာ တစ်ယောက်ပြီး တစ်ယောက် ခေါင်းခါယမ်းလိုက်ကြတော့၏။
ပေရွှမ် ဂိုဏ်းမှ အကြီးအကဲပင်လျှင် ပါးစပ်ပိတ်သွားရသည်။
အဘယ်ကြောင့်ဆိုသော် နတ်ဆိုး မျိုးနွယ်စု၏ ကြောက်မက်ဖွယ်ကောင်းမှုကို သူတို့ အားလုံး မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရပြီး ဖြစ်သောကြောင့်ပင်။ ထို့အပြင် ၎င်းမှာ နတ်ဆိုး မျိုးနွယ်စု၏ ပထမ အကြီးအကဲ တစ်ယောက်တည်းသာ ရှိသေးသည် မဟုတ်ပါလော။
နတ်ဆိုး မျိုးနွယ်စု အတွင်း၌ သန့်ရှင်းသော ဝိညာဉ် ကျောင်းတော် နှင့် ပေရွှမ် ဂိုဏ်းတို့ လုံးဝ မယှဉ်နိုင်လောက်သော ပိုမို အစွမ်းထက်သည့် ဖြစ်တည်မှုများ ရှိနေသေး၏။
“နတ်ဆိုး မျိုးနွယ်စုကို ငါတို့ မယှဉ်နိုင်ဘူးလို့ လူတိုင်းက သဘောတူကြတယ် ဆိုမှတော့... ဘာဖြစ်လို့ မဟာမိတ် မဖွဲ့ကြမှာလဲ...”
ယွင်ယိုဇီက နောက်တစ်ကြိမ် မေးမြန်းလိုက်ပြန်သည်။
ရှင်းထျန်းက ခေါင်းညိတ်ပြရင်း ပြောလိုက်၏။
“နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့ထဲ ဝင်လိုက်တာက မဆိုးတဲ့ အကြံဉာဏ် တစ်ခုပါပဲ... တကယ်လို့ ဖုန်းဝူချန်ကသာ စံအိမ်သခင် ချီယွမ်နဲ့ တခြားသူတွေ ပြောသလို အစွမ်းထက်နေမယ် ဆိုရင်... ဒါက ငါတို့အတွက်တောင် ဂုဏ်ယူစရာ ဖြစ်လာဦးမှာပါ... နတ်ဆိုး မျိုးနွယ်စုနဲ့ နတ်ဘုရား ဘုရင် နန်းတော်တို့ရဲ့ ပူးပေါင်းမှုက အရမ်းကို ကြောက်စရာကောင်းလွန်းတယ်... နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့ထဲ ဝင်တာက လွဲလို့ တခြားနည်းလမ်း မရှိတော့ဘူး...”
ပေရွှမ် ဂိုဏ်းမှ အကြီးအကဲမှာ ဆွံ့အ သွားရတော့၏။ သူ မလိုလားသော်ငြားလည်း ပေရွှမ် ဂိုဏ်း၏ အသက်ရှင်သန်ရေးက ပို၍ အရေးကြီးသဖြင့် တိတ်တဆိတ်သာ သဘောတူလိုက်ရတော့သည်။
“ဘယ်သူမှ ကန့်ကွက်စရာ မရှိဘူး ဆိုရင်တော့ နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့ထဲကို ဝင်ကြတာပေါ့... နောက်ရက်အနည်းငယ် ကြာရင် ဝူကျိနယ်မြေက နဂါးနတ်ဘုရား နန်းတော်ကို လူလွှတ်လိုက်မယ်... ငါတို့ အနေနဲ့ မြောက်ဘက် ဆန်းကြယ် နယ်မြေက အင်အားကြီး အဖွဲ့အစည်း အားလုံးကို အမြန်ဆုံး စုစည်းပြီးတော့ ရှိသမျှ အင်အားတွေကို ရယူနိုင်အောင် ကြိုးစားရမယ်... ပထမ အကြီးအကဲ... ဆေးပညာ နှီးနှောဖလှယ်ပွဲ အတွက် ပြင်ဆင်စရာ ရှိတာတွေကို ပြင်ဆင်လိုက်တော့...”
ယွင်ယိုဇီက ဖြည်းညင်းစွာ ပြောကြားလိုက်ပြီးနောက် သူ၏ ပုံရိပ်က ပစ်လွင့် ပျောက်ကွယ်သွားခဲ့၏။
ဂိုဏ်းချုပ် ရှင်းထျန်းကလည်း ဆက်ပြောလိုက်၏။
“ကျုပ်တို့လည်း အရင် သွားပါဦးမယ်...”
ဝမ်ကျိကျုံးက ရှင်းထျန်းကို ခပ်ရေးရေး ပြုံးပြရင်း အနည်းငယ် ဦးညွှတ်နှုတ်ဆက်လိုက်ပြီးနောက် ပျံသန်း ထွက်ခွာသွားတော့သည်။
ပေရွှမ် ဂိုဏ်းနှင့် သန့်ရှင်းသော ဝိညာဉ် ကျောင်းတော် နှစ်ခုစလုံး နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့ထဲသို့ ဝင်ရောက်လိုက်သည်နှင့် တစ်ပြိုင်နက် မဟာမိတ်အဖွဲ့၏ အင်အားမှာ အဆပေါင်းများစွာ ပိုမို အစွမ်းထက်လာပြီး နတ်ဘုရား ဘုရင် နန်းတော်ကိုပင် သတိထား စောင့်ကြည့်နေရအောင် စွမ်းဆောင်နိုင်ခဲ့၏။
*
ရက်အနည်းငယ် ကြာပြီးနောက်... နဂါးနတ်ဘုရား နန်းတော်၏ ခမ်းနား ကြီးကျယ်လှသော ခန်းမဆောင်ကြီး အတွင်း၌..
သန့်ရှင်းသော ဝိညာဉ် ကျောင်းတော် ၏ အလုပ်အမှုဆောင် အကြီးအကဲနှင့် ပေရွှမ် ဂိုဏ်း၏ ပထမ အကြီးအကဲတို့သည် နဂါးနတ်ဘုရား နန်းတော်သို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်ခဲ့ကြပြီး ထျန်းရှန်းဇီနှင့် မဟာမိတ်ဖွဲ့ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြ၏။
သန့်ရှင်းသော ဝိညာဉ် ကျောင်းတော် နှင့် ပေရွှမ် ဂိုဏ်းတို့ မဟာမိတ်အဖွဲ့ထဲ ဝင်ရောက်ရန် သဘောတူလိုက်ကြောင်း သိရှိလိုက်ရသည့်အခါ ထျန်းရှန်းဇီမှာ အလွန်အမင်း ဝမ်းသာသွားပြီး ထိုသတင်းကို အင်မော်တယ် လက်နက် စံအိမ်၊ ကျန်းမိသားစုနှင့် ဝူကျိနယ်မြေရှိ အင်အားကြီး အဖွဲ့အစည်း အားလုံးထံသို့ ချက်ချင်းပင် အကြောင်းကြားလိုက်တော့သည်။
ထို့အပြင် သန့်ရှင်းသော ဝိညာဉ် ကျောင်းတော် နှင့် ပေရွှမ် ဂိုဏ်းတို့၏ ဦးဆောင်မှုအောက်တွင် မြောက်ဘက် ဆန်းကြယ် နယ်မြေရှိ အခြားသော အင်အားကြီး အဖွဲ့အစည်း အများအပြားသည်လည်း စံနမူနာ ယူကာ နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့ထဲသို့ အသီးသီး ဝင်ရောက်လာကြတော့၏။
ရုတ်တရက်ဆိုသလို ဝူကျိနယ်မြေနှင့် မြောက်ဘက် ဆန်းကြယ် နယ်မြေရှိ အင်အားကြီး အဖွဲ့အစည်း အားလုံးမှာ တစ်စုတစ်စည်းတည်း ဖြစ်သွားကြပြီး သူတို့၏ အင်အားများကို ပေါင်းစပ်လိုက်ကြရာ နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့မှာ အဆင့်အတန်း အသစ်တစ်ခုသို့ တက်လှမ်းသွားလေသည်။
*
မျက်တောင်တစ်ခတ် အတွင်းမှာပင် လဝက်ခန့် အချိန်ကာလ ကုန်ဆုံးသွားခဲ့၏။
ယင်ယန် မိသားစု၏ ခမ်းနားထည်ဝါသော နန်းတော်ကြီး အတွင်းရှိ ခန်းမဆောင် တစ်ခုလုံးတွင် အေးစက်စက် သတ်ဖြတ်ချင်သည့် အငွေ့အသက်များက နေရာအနှံ့ ဖိစီးနေတော့၏။
ဤလဝက်အတွင်း၌ နဂါးမျိုးနွယ်စုနှင့် ရှေးဟောင်း ရာ့ရှား မျိုးနွယ်စုတို့ထံမှ မည်သည့် လှုပ်ရှားမှုမျှ မရှိခဲ့သဖြင့် ယင်ယန် မိသားစု အနေဖြင့် အတော်လေး စိတ်သက်သာရာ ရသွားခဲ့သည်မှာ သေချာလှပေသည်။ ဤကာလ အတွင်းမှာပင် တပ်မှူးချုပ်နှင့် တပ်မှူးလေးတို့၏ ဒဏ်ရာများမှာလည်း အပြည့်အဝ သက်သာ ပျောက်ကင်းသွားခဲ့၏။
“ခေါင်းဆောင်ကြီး... အမိန့်ပေးပါ... နဂါးနတ်ဘုရား နန်းတော်ကို အမြစ်ပြတ် ချေမှုန်းလိုက်ကြရအောင်... ဒီတစ်ခါတော့ ဖုန်းဝူချန်ကို အရှင်လတ်လတ် ဖမ်းပြပါ့မယ်...”
တပ်မှူးချုပ်က ရိုသေစွာ ပြောကြားလိုက်၏။ ဖုန်းဝူချန်နှင့် အမှောင်မိစ္ဆာ ကျားသစ်အပေါ် လက်စားချေရန် သူ အလွန်အမင်း စိတ်အားထက်သန်နေတော့သည်။
ယင်ယန် မိသားစု ခေါင်းဆောင်၏ မျက်နှာအမူအရာမှာ ရေခဲတမျှ အေးစက်နေပြီး ပြတ်သားစွာ ကြေညာလိုက်၏။
“နဂါးနတ်ဘုရား နန်းတော်ကို အမြစ်ပြတ် ချေမှုန်းပြီး ရှေးဦး ကမ္ဘာဦး စွမ်းအားကို သိမ်းပိုက်ဖို့ ဆိုတာ မဖြစ်မနေ လုပ်ရမယ့် ကိစ္စပဲ... တပ်မှူးချုပ်... တပ်မှူးလေး... မင်းတို့ရဲ့ အင်အားတွေကို စုစည်းပြီး နဂါးနတ်ဘုရား နန်းတော်ကို အခုချက်ချင်း သွားတိုက်ခိုက်ကြ..”
“ဟုတ်ကဲ့ပါ...”
တပ်မှူးချုပ်နှင့် တပ်မှူးလေးတို့က ရိုသေစွာ အမိန့်ကို နာခံလိုက်ကြသည်။
“ရှေးဦး ကမ္ဘာဦး သားရဲကြီးတွေက အစွမ်းထက်တယ်... သူတော်စင်ကြီး... မင်းက တိတ်တဆိတ် ကူညီပေးပြီးတော့ ရှေးဦး ကမ္ဘာဦး စွမ်းအားကို မရရအောင် ပြန်လုခဲ့... ငါတို့ နောက်တစ်ကြိမ် အမှားအယွင်း အဖြစ်မခံနိုင်တော့ဘူး...”
ယင်ယန် မိသားစု ခေါင်းဆောင်က ဆက်လက် ညွှန်ကြားလိုက်၏။
“ခေါင်းဆောင်ကြီး စိတ်ချပါ...”
ဟု သူတော်စင်ကြီးက ရိုသေစွာ ပြန်လည် ပြောကြားလိုက်သည်။
“သခင်လေးကိုလည်း ထိန်းသိမ်းထားလိုက်ကြ... ငါ့အမိန့်မရှိဘဲ သူ..ယင်ယန် မိသားစုရဲ့ နယ်မြေထဲကနေ အပြင်ကို ထွက်ခွင့် မရှိစေနဲ့...”
ယင်ယန် မိသားစု ခေါင်းဆောင်က ပြတ်သားစွာ အမိန့်ပေးလိုက်၏။ သူသည်လည်း ယင်ယန်ထျန်း တစ်ယောက် သူတို့၏ အစီအစဉ်များကို ဝင်ရောက် နှောင့်ယှက်မည်ကို စိုးရိမ်နေပုံ ရလေတော့သည်။
--