← Chapters

အခန်း ၈၆၀

Vol. 58 Ch. 860

အခန်း ၈၆၀

Vol. 58 Ch. 860

အခန်း (၈၆၀) - ခက်ခဲသော ရွေးချယ်မှု

"အစ်ကိုဖုန်း... အစ်ကိုဖုန်း..."

ကိုးထပ် ချန်ခွင်း မျှော်စင်၏ ဒုတိယ ဟင်းလင်းပြင် အတွင်းရှိ မြင့်မြတ်သော တောင်တော်ပေါ်တွင် လျိုချင်းယန်က ပျာယာခတ်စွာ အော်ဟစ် ရှာဖွေနေတော့၏။ သို့သော် မြင့်မြတ်သော တောင်တော် တစ်ခုလုံးတွင် ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့၏ အရိပ်အယောင်ကိုပင် မတွေ့ရသလို သူတို့၏ အရှိန်အဝါကိုလည်း လုံးဝ အာရုံခံ၍ မရနိုင်ခဲ့ချေ။

"အစ်ကိုဖုန်း... ဘယ်မှာလဲဗျ... ယင်ယန် မိသားစုက နဂါးနတ်ဘုရား နန်းတော်ကို လာတိုက်နေပြီ... စံအိမ်သခင် ချီယွမ်နဲ့ တခြားသူတွေ ဆက်ပြီး တောင့်မခံနိုင်တော့ဘူးဗျ..."

လျိုချင်းယန်၏ စိုးရိမ်တကြီး အော်ဟစ်သံများက မြင့်မြတ်သော တောင်တော် တစ်ခုလုံး ပဲ့တင်ထပ်သွားတော့သည်။

သို့သော် လျိုချင်းယန်ကို ပို၍ ပြာယာခတ်သွားစေသည်မှာ မြင့်မြတ်သော တောင်တော်ပေါ်တွင် ဘာလှုပ်ရှားမှုမှ မရှိခြင်းပင်။ ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့ ဘယ်နေရာကို ပျောက်သွားကြသနည်း ဆိုတာကို သူ လုံးဝ နားမလည်နိုင်အောင် ဖြစ်နေတော့၏။

"ဒါ... ဘာတွေ ဖြစ်နေတာလဲ... သူတို့ ဘယ်ရောက်သွားတာလဲ... အစ်ကိုဖုန်းနဲ့ ရှောင်ရှောင် ဒီမှာ မရှိတာများလား..."

လျိုချင်းယန်က အလွန်အမင်း စိုးရိမ်တကြီး ရေရွတ်လိုက်သည်။ ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့ ဝူကျိ ၀င်္ကပါမျက်လှည့် နယ်မြေထဲ ဝင်ပြီး ကျင့်ကြံနေကြသည်ကို သူ လုံးဝ မသိရှိခဲ့ချေ။ မြင့်မြတ်သော တောင်တော် တစ်ခုလုံးတွင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် သိပ်သည်းနေသော ဝိညာဉ်စွမ်းအင်များမှလွဲ၍ လူသူ အရိပ်အယောင် တစ်ယောက်မှ မရှိပေ။

အထက် ကောင်းကင်ယံရှိ နဂါးနတ်ဘုရား နန်းတော်ကို မော့ကြည့်လိုက်သောအခါ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင် ဧရာမကြီးက အောက်သို့ တဟုန်ထိုး ထိုးဆင်းလာနေပြီ ဖြစ်၏။ နဂါးနတ်ဘုရား နန်းတော် တစ်ခုတည်း သာမက ပတ်လည် ကျန်းသောင်းချီ ကျယ်ဝန်းသော နေရာ တစ်ခုလုံးမှာ ဧရာမ တွင်းနက်ကြီး တစ်ခု အဖြစ်သို့ ပေါက်ကွဲ ပျက်စီးသွားတော့မည် ဖြစ်သည်။

"သန့်ရှင်းသော ဝိညာဉ် ကျောင်းတော် က ကျောင်းအုပ်ကြီး ဘယ်တော့ ရောက်လာမှာလဲ..."

"နန်းတော်သခင် အခုထိ ထွက်မလာသေးဘူးလား... စံအိမ်သခင် ချီယွမ်နဲ့ တခြားသူတွေ တောင့်မခံနိုင်တော့ဘူး..."

"ယင်ယန် မိသားစု ဆိုတာ ဘယ်လို အင်အားစုမျိုးလဲ... သူတို့က နတ်ဘုရား ဘုရင် နန်းတော်ထက်တောင် ပိုပြီး ကြောက်စရာ ကောင်းနေပါလား..."

ဖျက်ဆီးခြင်း စွမ်းအင်ကြီး တဟုန်ထိုး ထိုးဆင်းလာသည်ကို ကြည့်ရင်း နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့ဝင်များ အားလုံး အလွန်အမင်း ပြာယာခတ်ပြီး မျှော်လင့်ချက် ကင်းမဲ့နေကြတော့၏။ ထွက်ပြေးချင်သော်ငြား လွတ်မြောက်ရန်ကား လုံးဝ မဖြစ်နိုင်တော့ချေ။

"သေစမ်း... ဒဏ်ရာအပြင်းအထန် ရထားလို့သာပေါ့... မဟုတ်ရင် သူ့ကို ဒီလိုမျိုး သောင်းကျန်းခွင့် ပေးမလားကွ..."

ချီယွမ်က အံကို တင်းတင်းကြိတ်ကာ ဒေါသတကြီး ရေရွတ်လိုက်၏။ သူ၏ တစ်သက်တွင် ဤကဲ့သို့ စိတ်ပျက်အားငယ်ပြီး အရှက်ရဖွယ် ကောင်းသော အခြေအနေမျိုးကို ပထမဆုံးအကြိမ် ခံစားဖူးခြင်းပင်။

"ချင်းယန် ဘာဖြစ်သွားတာလဲ... ဒီလောက်ကြာတာတောင် ဘာလို့ ထွက်မလာသေးတာလဲ..."

ကျန်းကျွင့်လန်မှာ ပို၍ပင် စိုးရိမ်ပူပန်လာပြီး အသက်အန္တရာယ် ကြုံနေရသည့်အလား ပျာယာခတ်နေတော့သည်။

လူတိုင်း အထိတ်တလန့် ဖြစ်ပြီး မျှော်လင့်ချက် ကင်းမဲ့နေချိန်မှာပင် သန့်ရှင်းသော ဝိညာဉ် ကျောင်းတော် ၏ ကျောင်းအုပ်ကြီး ယွင်ယိုဇီ၏ အသံ ရုတ်တရက် ထွက်ပေါ်လာတော့၏။

"အားနည်းတဲ့ သူတွေကို အနိုင်ကျင့်နေတာ... တပ်မှူးလေး... မင်းက ယင်ယန် မိသားစုအတွက် တကယ်ကို အရှက်ရစရာပဲ..."

ယွင်ယိုဇီ၏ အိုမင်းသော အသံက နဂါးနတ်ဘုရား နန်းတော် တစ်ခုလုံး ရုတ်တရက် ပဲ့တင်ထပ်သွားတော့သည်။

"သူ ရောက်လာပြီ..."

ကျန်းဝူဟန်၏ ရင်ထဲတွင် အလွန်အမင်း ဝမ်းသာသွားတော့၏။

ယွင်ယိုဇီ၏ အသံက သူတို့အတွက် သေချာပေါက် အသက်ကယ်ကြိုး တစ်ချောင်းပမာ ဖြစ်နေပြီး သေဘေးမှ လွတ်ကင်းသွားရသည့် ခံစားချက်က လူတိုင်းကို ဝမ်းသာလုံးဆို့သွားစေတော့သည်။

“ဝှစ်…”

"ဝူး ..ဝူး"

နေရာရွှေ့ပြောင်းခြင်း အခင်းအကျင်း အတွင်းမှ အနက်ရောင် အရိပ်တစ်ခု လျှပ်တစ်ပြက် ထွက်ပေါ်လာ၏။ သူက လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ထက်ရှသော ဧရာမ စွမ်းအားကြီး ပေါက်ကွဲထွက်လာပြီး တပ်မှူးလေး၏ စွမ်းအင်များကို တိုက်ရိုက် ရိုက်ချိုးပစ်လိုက်တော့သည်။ ရက်စက်ကြမ်းကြုတ်လှသော အရှိန်အဟုန်ကြောင့် ဟင်းလင်းပြင် တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားတော့၏။

ပြင်းထန်သည့် စွမ်းအားက တပ်မှူးလေးကို အနောက်သို့ အတင်းအကျပ် ဆုတ်ခွာသွားစေတော့သည်။

"ယွင်ယိုဇီ..."

တပ်မှူးလေးက မျက်မှောင် အနည်းငယ် ကြုတ်လိုက်၏။

"အိုး... နတ်ဘုရားအသွင်ပြောင်းဘုံ အဋ္ဌမအလွှာ ဟုတ်လား..."

တပ်မှူးချုပ်က အနည်းငယ် အံ့အားသင့်သွားပြီး မှတ်ချက်ချလိုက်သည်။

"ဒီအဘိုးကြီးက ဒီလောက် မြန်မြန် တိုးတက်လာလိမ့်မယ်လို့ ငါ မထင်ထားဘူး... နတ်ဘုရားအသွင်ပြောင်းဘုံ အဋ္ဌမအလွှာ အဆင့်ကိုတောင် တည်ငြိမ်သွားပြီပဲ..."

သေချာသည်ကတော့ တပ်မှူးချုပ်မှာ အံ့အားသင့်ရုံ သက်သက်သာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် နတ်ဘုရားအသွင်ပြောင်းဘုံ အဋ္ဌမအလွှာ အဆင့်လေးကို သူက နည်းနည်းလေးမျှ အရေးစိုက်စရာ အကြောင်း မရှိသောကြောင့်ပင်။ ထို့အပြင် ယွင်ယိုဇီမှာ ထိုအဆင့်သို့ စတင် တက်လှမ်းခါစသာ ရှိသေးသည် မဟုတ်ပါလော။

"ဝှစ်..ဝှစ်..ဝှစ်"

နေရာရွှေ့ပြောင်းခြင်း အခင်းအကျင်း အတွင်းမှ ပေရွှမ် ဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် အကြီးအကဲများ၊ သန့်ရှင်းသော ဝိညာဉ် ကျောင်းတော် မှ အကြီးအကဲများ အပြေးအလွှား ရောက်ရှိလာကြ၏။ သူတို့ အနည်းငယ် နောက်ကျသွားသော်ငြား အချိန်မီ ရောက်ရှိလာခဲ့ကြ၏။

"တပ်မှူးချုပ်... တပ်မှူးလေး... မတွေ့ရတာ ကြာပြီနော်..."

ယွင်ယိုဇီက ခပ်ရေးရေး ပြုံးရင်း နှုတ်ဆက်လိုက်သည်။

ထိုစကားကို ကြားလိုက်ရသည့်အခါ ချီယွမ်နှင့် အခြားသူများ၏ မျက်လုံးများတွင် အံ့အားသင့်မှုများက အပြည့်အဝ ဖုံးလွှမ်းသွားတော့၏။

ယွင်ယိုဇီက ယင်ယန် မိသားစုက လူတွေကို သိနေတာလား။

ချီယွမ်နှင့် ကျန်းဝူဟန်တို့ အချင်းချင်း မျက်နှာချင်းဆိုင် ကြည့်လိုက်ကြရာ သူတို့ နှစ်ဦးစလုံး၏ မျက်လုံးများထဲတွင် အလွန်အမင်း အံ့အားသင့်နေမှုများကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။ ယွင်ယိုဇီ တစ်ယောက် ဘာတွေ ကြုံတွေ့ခဲ့ရသနည်း။ ဒီလို လျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားကြီး အဖွဲ့အစည်းက ပညာရှင်တွေကို သူက ဘယ်လိုလုပ် သိနေရတာလဲ။

ချီယွမ်၊ ကျန်းဝူဟန်နှင့် ရှင်းထျန်းတို့သည်လည်း တိုက်ကြီး၏ အထွတ်အထိပ် ပညာရှင်များ ဖြစ်ကြသော်ငြား ဤလျှို့ဝှက်ဆန်းကြယ်သော အင်အားကြီး အဖွဲ့အစည်း အကြောင်းကို ယခင်က တစ်ခါမျှ မကြားဖူးခဲ့ကြချေ။ သို့သော် ယွင်ယိုဇီကတော့ သူတို့ထက် အများကြီး ပိုမို သိရှိထားပုံ ရသည်။ ဝမ်ကျိကျုံး ကိုယ်တိုင်ပင် ယွင်ယိုဇီက ယင်ယန် မိသားစုမှ အစွမ်းထက် ပညာရှင်များကို သိရှိနေလိမ့်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့ပေ။

"ယွင်ယိုဇီ... မင်းကလည်း နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့ထဲ ဝင်လိုက်တာလား..."

တပ်မှူးချုပ်က အေးစက်စွာ မေးလိုက်၏။ အကယ်၍ ယွင်ယိုဇီကသာ မဟာမိတ်အဖွဲ့ဝင် ဖြစ်ကြောင်း ဝန်ခံလိုက်ပါက သူ့ကိုပါ တစ်ခါတည်း အမြစ်ပြတ် ချေမှုန်းပစ်တော့မည့်ဟန် ပေါ်နေတော့သည်။

"ဟုတ်ပါတယ်..."

ယွင်ယိုဇီက နည်းနည်းလေးမျှ ဖုံးကွယ်ခြင်း မရှိဘဲ ခေါင်းညိတ် ဝန်ခံလိုက်သည်။

"ဒါဆိုရင် မင်းလည်း လာပြီး အသေခံတာပဲ..."

တပ်မှူးချုပ်၏ မျက်နှာမှာ ချက်ချင်းပင် ရေခဲတမျှ အေးစက်သွားတော့၏။

ခဏမျှ ရပ်နားပြီးနောက် တပ်မှူးချုပ်က ဆက်ပြောလိုက်သည်။

"ဒီတပ်မှူးချုပ် အနေနဲ့ နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့ကို အမြစ်ပြတ် ချေမှုန်းဖို့ ဆုံးဖြတ်ထားပြီးပြီ... မင်း ငါ့ကို တားနိုင်မှာ မဟုတ်ဘူး... အထူးသဖြင့် မင်း ဒဏ်ရာ ရထားတဲ့ အချိန်မျိုးမှာပေါ့..."

"ဒါက အကြီးအကဲ အဖွဲ့ရဲ့ ဆန္ဒလား..."

ယွင်ယိုဇီက ပြန်လည် မေးခွန်းထုတ်လိုက်၏။

"ဒါ ခေါင်းဆောင်ကြီးရဲ့ အမိန့်ပဲ..."

တပ်မှူးချုပ်က ဒေါသတကြီး ပြန်ပြောလိုက်သည်။ အကြီးအကဲ အဖွဲ့ကို အသုံးပြုကာ သူ့ကို ဟန့်တားရန် ကြိုးစားနေသော ယွင်ယိုဇီ၏ လုပ်ရပ်ကြောင့် သူ အလွန်အမင်း ဒေါသထွက်သွားခဲ့ခြင်းပင်။

ယွင်ယိုဇီက မျက်မှောင်ကို ပြင်းထန်စွာ ကြုတ်လိုက်ပြီး နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့က ယင်ယန် မိသားစုကို ဘယ်လိုများ ရန်စမိလိုက်တာလဲ ဟု ရင်တွင်း၌ တိတ်တဆိတ် တွေးတောနေမိတော့၏။

"မင်းနဲ့ အကြီးအကဲ အဖွဲ့ သိကျွမ်းတာကို ထောက်ထားပြီး ငါ မင်းကို သွားခွင့်ပြုမယ်... အခု ထွက်သွားလိုက်... အဲဒါဆို ငါတို့ တစ်ခါမှ မဆုံခဲ့ဖူးဘူးလို့ ငါ သဘောထားပေးမယ်..."

တပ်မှူးချုပ်က အေးစက်စက် လေသံဖြင့် ပြတ်သားစွာ သတိပေးလိုက်၏။ သူ၏ စကားများတွင် ခြိမ်းခြောက်မှု အရိပ်အယောင်များ အတိုင်းသား ပါဝင်နေပြီး ယဉ်ကျေးမှု နည်းနည်းလေးမျှ မရှိချေ။

ယွင်ယိုဇီ၏ မျက်နှာအမူအရာမှာ အလွန်အမင်း ဆိုးရွားသွားတော့၏။ တပ်မှူးချုပ်က နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့ကို အသေအလဲ အမြစ်ပြတ် ချေမှုန်းပစ်ရန် ဆုံးဖြတ်ထားကြောင်း သူ ရိပ်မိသွားခြင်းပင်။

ယွင်ယိုဇီမှာ ဘာလုပ်ရမှန်း မသိတော့ဘဲ ဇဝေဇဝါ ဖြစ်နေတော့သည်။ သူ၏ တိတ်ဆိတ်နေမှုက အခြားသူများကို ချက်ချင်းပင် ထိတ်လန့် ပြာယာခတ်သွားစေတော့၏။

"ယွင်ယိုဇီ... ငါ့ကို တိုက်ခိုက်လာအောင် မလုပ်တာ အကောင်းဆုံးပဲ..."

တပ်မှူးချုပ်က ကျောချမ်းဖွယ် လေသံဖြင့် သတိပေးလိုက်ရာ သူ၏ မျက်လုံးများ အနည်းငယ် မှေးကျဉ်းသွားပြီး အေးစက်သော အလင်းတန်းများ လျှပ်တစ်ပြက် ဖြတ်ပြေးသွားတော့သည်။

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ယွင်ယိုဇီက ကူကယ်ရာမဲ့စွာ သက်ပြင်းချရင်း ပြောလိုက်၏။

"ငါက နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့ထဲ ဝင်ဖို့ သဘောတူထားပြီးသား ဆိုတော့ ကတိဖျက်လို့ ဘယ်ဖြစ်မလဲ... တပ်မှူးချုပ်... မင်းက ငါ့ကို တကယ် အကျပ်ရိုက်အောင် လုပ်နေတာပဲ... ယင်ယန် မိသားစု ခေါင်းဆောင်ကများ ဒီအမိန့်ကို ပြန်ရုပ်သိမ်းပေးဖို့ အခွင့်အရေး ရှိနိုင်မလား..."

သူသာ နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့ထဲ မဝင်ခဲ့လျှင်တောင်မှ ချီယွမ်၊ ကျန်းဝူဟန် တို့နှင့် ရင်းနှီးသော ဆက်ဆံရေး ရှိနေသဖြင့် သူ လက်ပိုက် ကြည့်နေမည် မဟုတ်ချေ။

တစ်ဖက်တွင် ကြောက်မက်ဖွယ် ကောင်းလှသော ယင်ယန် မိသားစု၊ အခြား တစ်ဖက်တွင် သူ၏ မိတ်ဆွေဟောင်းများ... ယွင်ယိုဇီ အနေဖြင့် ဘယ်လို ရွေးချယ်ရမည်ကို တကယ်ကို မသိနိုင်အောင် ဖြစ်နေတော့၏။

"ဟွန့်... မဖြစ်နိုင်တဲ့ အိပ်မက်တွေ မက်နေတာပဲ..."

တပ်မှူးချုပ်က မထီမဲ့မြင် သရော်လိုက်သည်။

"အကြီးအကဲ ယွင်ယိုဇီ... ယင်ယန် မိသားစုက နန်းတော်သခင်ရဲ့ စွမ်းအားတွေကို လုချင်နေတာ... ဒါကြောင့် ငါတို့ကို အမြစ်ပြတ် ချေမှုန်းဖို့ လုပ်နေတာပဲ..."

နဂါးနတ်ဘုရား နန်းတော်မှ စစ်သည်တော် တစ်ဦးက ကျယ်လောင်စွာ ထအော်လိုက်၏။

"စွမ်းအားကို လုယူမယ် ဟုတ်လား..."

ယွင်ယိုဇီမှာ အနည်းငယ် အံ့အားသင့်သွားတော့သည်။

"ပါးစပ်ပိတ်ထားစမ်း... ဖုန်းဝူချန်က ယင်ယန် မိသားစု နှစ်ပေါင်းများစွာ ခြေရာခံ လိုက်နေခဲ့တဲ့ ရှုမီ ချောက်ကမ်းပါးထဲက ရှေးဦး ကမ္ဘာဦး စွမ်းအားကို လုယူသွားတာ... အခု ငါတို့ကို သူခိုးလို့ စွပ်စွဲရဲတယ်ပေါ့လေ... မင်းက ယင်ယန် မိသားစုကို ဒီလို စော်ကားရဲတယ်ပေါ့..."

တပ်မှူးချုပ်က ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး အဝေးမှနေ၍ လက်တစ်ဖက် ဆန့်ထုတ်ကာ ထိုစစ်သည်တော်ကို အတင်းအကျပ် လှမ်းဆွဲ ဖမ်းဆီးလိုက်တော့၏။

နဂါးနတ်ဘုရား နန်းတော်မှ လူများ အားလုံး၏ မျက်နှာများမှာ သေမတတ် ဖြူရော်သွားကြတော့သည်။

"တပ်မှူးချုပ်... ရပ်လိုက်စမ်း..."

ယွင်ယိုဇီက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး တပ်မှူးချုပ်၏ စွမ်းအားများကို ဖြတ်တောက်ကာ ထိုစစ်သည်တော်ကို ကယ်တင်ရန် အလျင်အမြန် ရှေ့သို့ တိုးထွက်လိုက်၏။

"ယွင်ယိုဇီ..."

တပ်မှူးချုပ်က အံကို တင်းတင်းကြိတ်ကာ ဟိန်းဟောက်လိုက်ရာ သူ၏ ခန္ဓာကိုယ် တစ်ခုလုံး ဒေါသကြောင့် ပြင်းထန်စွာ တုန်ယင်နေပြီး သူ၏ သတ်ဖြတ်ချင်သည့် အငွေ့အသက်များက မျက်တောင်တစ်ခတ် အတွင်းမှာပင် အဆပေါင်းများစွာ မြင့်တက်သွားတော့၏။

"ယွင်ယိုဇီ... မင်း သေချာ စဉ်းစားတာ ပိုကောင်းမယ်... ယင်ယန် မိသားစုကို ရန်သူအဖြစ် သတ်မှတ်မယ် ဆိုရင် သန့်ရှင်းသော ဝိညာဉ် ကျောင်းတော် ဘယ်လို အကျိုးဆက်တွေ ရင်ဆိုင်ရမလဲ ဆိုတာ မင်း ကောင်းကောင်း သိမှာပါ..."

တပ်မှူးလေးကလည်း အေးစက်စက် လေသံဖြင့် သတိပေးလိုက်သည်။

ယွင်ယိုဇီက ပြန်လည် မဖြေကြားခဲ့ပေ။ ဘာပြောရမည်ကို သူ တကယ် မသိတော့ချေ။ သူက လူတိုင်းကို ဒီအတိုင်း ထားရစ်ခဲ့ပြီး ထွက်သွားလို့ ဘယ်ဖြစ်ပါမည်နည်း။

"ယွင်ယိုဇီ... မင်း ဝင်မပါတာ အကောင်းဆုံးပဲ... ဒီကိစ္စကို မင်း ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး..."

ထိုအခိုက်အတန့်မှာပင် အထက် ကောင်းကင်ယံရှိ ဟင်းလင်းပြင် အတွင်းမှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာတော့၏။

ထိုအသံကို ကြားလိုက်ရသည့်အခါ ယွင်ယိုဇီ၏ မျက်နှာအမူအရာက ဆိုးရွားစွာ ပြောင်းလဲသွားပြီး အော်ဟစ်လိုက်သည်။

"သူတော်စင်ကြီး..."

သူတော်စင်ကြီး ကိုယ်တိုင် ရောက်ရှိနေလိမ့်မည်ကို ယွင်ယိုဇီ လုံးဝ မယုံကြည်နိုင်အောင် ဖြစ်နေတော့၏။

ဘယ်လို ကြောက်စရာကောင်းတဲ့ စွမ်းအားမျိုးကများ တပ်မှူးချုပ်၊ တပ်မှူးလေးနဲ့ သူတော်စင်ကြီးပါ တစ်ပြိုင်နက်တည်း ရောက်လာအောင် ဆွဲဆောင်နိုင်ခဲ့တာလဲ။

ချီယွမ်၊ ကျန်းဝူဟန်နှင့် အခြားသူများ အားလုံး အလွန်အမင်း အံ့အားသင့် ထိတ်လန့်သွားကြတော့၏။

ယင်ယန် မိသားစုမှ နောက်ထပ် အစွမ်းထက် ပညာရှင် တစ်ဦးက အမှောင်ထဲတွင် လျှို့ဝှက်စွာ စောင့်ကြည့်နေခဲ့သည် မဟုတ်ပါလော။

ရှင်းလင်းစွာ သိသာနေသည်မှာ ဤပုဂ္ဂိုလ်၏ အဆင့်အတန်းက တပ်မှူးချုပ်ထက် ပိုမို မြင့်မားပြီး ပို၍ ကြောက်မက်ဖွယ် ကောင်းလှကြောင်းပင်။

"ယွင်ယိုဇီ... မင်းကို ထွက်သွားခွင့် ပြုတာက မင်းအတွက် အကျပ်ရိုက်စရာ ဖြစ်နေနိုင်တယ်... ဒါပေမဲ့ ယင်ယန် မိသားစုကို ရန်သူအဖြစ် သတ်မှတ်တဲ့ အကျိုးဆက်က ဘာလဲဆိုတာကိုတော့ မင်း ကောင်းကောင်းကြီး သိထားဖို့ လိုမယ်..."

သူတော်စင်ကြီး၏ အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်ရာ နောက်ဆုံး ရာဇသံ ပေးလိုက်သည့်အလား ရှင်းလင်း ပြတ်သားလှပေတော့သည်။

--

All Chapters