← Chapters

အခန်း ၈၆၃

Vol. 58 Ch. 863

အခန်း ၈၆၃

Vol. 58 Ch. 863

အခန်း (၈၆၃) - အလွန်တရာ ရင်ခုန် စိတ်လှုပ်ရှားဖွယ်

"ယွင်ယိုဇီ... မင်း သွားရမယ့် အချိန် ရောက်ပြီ..."

သူတော်စင်ကြီး၏ နှုတ်ခမ်းထောင့်များက မထီမဲ့မြင် ပြုမှုများ ပြည့်နှက်နေသော အေးစက်စက် အပြုံးတစ်ခုအဖြစ် ကွေးတက်သွား၏။

ယွင်ယိုဇီမှာ ဒဏ်ရာအပြင်းအထန် ရရှိထား၏။ သူ့ထံသို့ တဟုန်ထိုး ပြေးဝင်လာသော ကြောက်မက်ဖွယ် စွမ်းအင်ကြီးကို သူ အာရုံခံမိသော်ငြား ရှောင်တိမ်းရန် ခွန်အား လုံးဝ မကျန်တော့ချေ။ ဒဏ်ရာရထားသည့် ကိုယ်ဖြင့် တိုက်ပွဲဝင်ခြင်းက မည်သည့် အကျိုးအမြတ်မှ မရဘဲ သေတွင်းထဲသို့ ကိုယ်တိုင် ဆင်းသက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။

သေချာသည်ကတော့ သူသာ အထွတ်အထိပ် အခြေအနေတွင် ရှိနေပါက ဤမျှ အပြတ်အသတ် ရှုံးနိမ့်မည် မဟုတ်ချေ။ ယွင်ယိုဇီသည် သူ၏ မြေကမ္ဘာအဆင့် အင်းကွက် သုံးသောင်းကို ယခုတိုင် အသုံးမပြုရသေးပေ။ ယင်ယန် မိသားစု၏ ပထမ အကြီးအကဲနှင့် ရှိခဲ့သော ပတ်သက်မှုကြောင့် သူ ထိုသို့ မလုပ်ရက်ခြင်းလည်း ဖြစ်နိုင်၏။

"ယွင်ယိုဇီ..."

အင်မော်တယ် လက်နက် စံအိမ်၊ ကျန်းမိသားစုနှင့် ပေရွှမ် ဂိုဏ်းမှ စစ်သည်များ အားလုံး စိုးရိမ်တကြီး အော်ဟစ်လိုက်ကြသည်။ ကံမကောင်းစွာဖြင့် သူတို့ အားလုံးမှာလည်း ဒဏ်ရာအပြင်းအထန် ရရှိထားကြပြီး ဝင်ရောက် ကူညီရန် အင်အား မရှိကြတော့ချေ။

"ကျောင်းအုပ်ကြီး..."

"ရပ်လိုက်စမ်း..."

ဝမ်ကျိကျုံး အပါအဝင် သန့်ရှင်းသော ဝိညာဉ် ကျောင်းတော် မှ အကြီးအကဲများမှာ ဆက်လက်၍ လက်ပိုက် ကြည့်မနေနိုင်ကြတော့ပေ။ သူတို့၏ ရင်ထဲတွင် စိုးရိမ်ပူပန်မှုများဖြင့် မီးလောင်နေသည့်အလား ဖြစ်နေပြီး ရှိသမျှ အစွမ်းကုန် အင်အားများကို ပေါက်ကွဲထွက်လာစေတော့၏။ ယွင်ယိုဇီ အသတ်ခံရမည်ကို သူတို့ ဒီအတိုင်း ရပ်ကြည့်မနေနိုင်ချေ။

"လူမိုက်တွေ... အဲဒီ စွမ်းအားလောက်လေးနဲ့များ... လာပြီး အသေခံနေကြတာပဲ..."

သူတော်စင်ကြီးက ရက်စက်စွာ ဟိန်းဟောက်လိုက်ပြီး ဝမ်ကျိကျုံးနှင့် အခြားသူများကို အေးစက်သော အကြည့်ဖြင့် တစ်ချက် ဝေ့ကြည့်လိုက်၏။ ထို့နောက် သူက နည်းနည်းလေးမျှ သနားညှာတာခြင်း မရှိဘဲ လက်တစ်ချက် ဝှေ့ယမ်းလိုက်တော့သည်။

“ဝှီး”

ပြင်းထန်သည့် စွမ်းအားကြီးက ကောင်းကင်ယံ တစ်လျှောက် ရူးသွပ်စွာ တိုက်ခတ်သွား၏။ ဝမ်ကျိကျုံး အပါအဝင် အကြီးအကဲ ခြောက်ဦးစလုံး အနောက်သို့ ပစ်လွင့်သွားပြီး တပ်မှူးချုပ်၏ လက်ချက်ဖြင့် နေရာတွင်းမှာပင် ဒဏ်ရာအပြင်းအထန် ရရှိသွားကြတော့သည်။

အကြီးအကဲ ခြောက်ဦးထဲတွင် အစွမ်းအထက်ဆုံး ဖြစ်သော ဝမ်ကျိကျုံး ကိုယ်တိုင်ပင် နတ်ဘုရားအသွင်ပြောင်းဘုံ ပဉ္စမအလွှာ အဆင့်၌သာ ရှိနေသေး၏။ သူတော်စင်ကြီးနှင့် နှိုင်းယှဉ်ပါက သူတို့မှာ အလွန်တရာ အားနည်းလွန်းလှပေသည်။ စွမ်းအား ကွာခြားချက်က ကြီးမားလွန်းလှရာ သူတို့မှာ တစ်ချက်တည်း ဝင်တိုက်မိရုံဖြင့် လုံးဝ ပြန်လည် ခုခံနိုင်စွမ်း မရှိခဲ့ကြချေ။

ချီယွမ်နှင့် အခြားသူများက ဝမ်ကျိကျုံးတို့ ခြောက်ဦးကို ကယ်တင်ရန် အလျင်အမြန် ပြေးထွက်သွားကြပြီး ထျန်းရှန်းဇီကို ကျယ်လောင်စွာ လှမ်းအော်လိုက်၏။

"ထျန်းရှန်းဇီ... ကုသရေး ဆေးလုံး မြန်မြန်..."

"ကျောင်းအုပ်ကြီး..."

ဝမ်ကျိကျုံးက နာကျင်စွာဖြင့် အော်ဟစ်လိုက်သည်။

ဤအလွန်တရာ အသက်အန္တရာယ် များလှသော မြင်ကွင်းကို ကြည့်ရင်း လူတိုင်းက အသက်ရှူရန်ပင် မေ့လျော့နေကြတော့၏။ သူတို့၏ ခန္ဓာကိုယ်များ ပြင်းထန်စွာ တုန်ယင်နေပြီး မျက်ဝန်းများမှာလည်း မျက်ရည်များဖြင့် ပြည့်နှက်လာကာ ဝိညာဉ်ပင် လွင့်ထွက်မတတ် ကြောက်ရွံ့ ထိတ်လန့်နေကြသည်။ လူတိုင်း၏ မျက်လုံးများထဲတွင် မျှော်လင့်ချက် ကင်းမဲ့မှုများက အပြည့်အဝ ဖုံးလွှမ်းနေတော့၏။

ယွင်ယိုဇီ တစ်ယောက် သူတို့ မျက်စိရှေ့တွင်ပင် အမြစ်ပြတ် ချေမှုန်းခံရတော့မည်ကို အကူအညီမဲ့စွာဖြင့် ရပ်ကြည့်နေရုံမှလွဲ၍ သူတို့ ဘာမှ မတတ်နိုင်ကြချေ။ ဤမျှ ကြောက်မက်ဖွယ် ကောင်းလှသော ပြိုင်ဘက်နှင့် ရင်ဆိုင်ရချိန်တွင် သူတို့ လုပ်နိုင်သည်မှာ နှုတ်ဆိတ်နေရန် သက်သက်သာ ဖြစ်သည်။

ကြောက်မက်ဖွယ် ဓားလှိုင်းကြီးက တဖြည်းဖြည်း နီးကပ်လာ၏။ ထိုအခိုက်အတန့်တွင် လူတိုင်း၏ နှလုံးခုန်သံများပင် ရပ်တန့်သွားသည့်အလား ရှိနေပြီး သူတို့၏ ထိတ်လန့်နေသော အကြည့်များက ဓားလှိုင်းကြီးနှင့်အတူ ရွေ့လျားနေတော့၏။

“ဝုန်း…”

“ဂါး…”

သို့သော် လူတိုင်း အလွန်အမင်း ကြောက်ရွံ့ ထိတ်လန့်ပြီး မျှော်လင့်ချက် ကင်းမဲ့နေချိန်မှာပင် မိုးခြိမ်းသံပမာ ဟိန်းဟောက်သံ တစ်ခုက ကိုးထပ် ချန်ခွင်း မျှော်စင် အတွင်းမှ ရုတ်တရက် ထွက်ပေါ်လာ၏။ ကမ္ဘာမြေကို တုန်လှုပ်စေသော ထိုအသံက သမုဒ္ဒရာကြီးကိုပင် ပြောင်းပြန်လှန်ပစ်တော့မည့် အရှိန်အဟုန်များဖြင့် တဝေါဝေါ ရိုက်ခတ်လာတော့သည်။

"အမှောင်မိစ္ဆာ ကျားသစ်ပဲ..."

နားကွဲမတတ် ဟိန်းဟောက်သံကို ကြားလိုက်ရသည့်အခါ ကျန်းကျွင့်လန်နှင့် အခြားသူများ၏ မျက်နှာအမူအရာများမှာ ချက်ချင်းပင် ပြောင်းလဲသွားတော့၏။ ဝမ်းသာမှု၊ စိတ်လှုပ်ရှားမှု၊ အံ့အားသင့်မှုနှင့် ကြောက်ရွံ့မှု အစရှိသော ခံစားချက်ပေါင်းစုံက သူတို့၏ မျက်နှာများပေါ်တွင် တစ်ပြိုင်နက်တည်း ထွက်ပေါ်လာတော့သည်။

"သူ ရောက်လာပြီ..."

သူတော်စင်ကြီးက မျက်မှောင်ကို ပြင်းထန်စွာ ကြုတ်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် ထိတ်လန့်မှု အရိပ်အယောင်များ လျှပ်တစ်ပြက် ဖြတ်ပြေးသွားတော့၏။

"တိရစ္ဆာန်... နောက်ဆုံးတော့ မင်း ထွက်လာပြီပဲ..."

အမှောင်မိစ္ဆာ ကျားသစ်၏ အရှိန်အဝါကို အာရုံခံမိလိုက်သည့်အခါ တပ်မှူးချုပ်က ရက်စက်စွာ ဟိန်းဟောက်လိုက်သည်။ သူက လက်သီးများကို တင်းတင်းဆုပ်ထားပြီး အနက်ရောင် အရိပ်တစ်ခုဆီသို့ ရက်စက်သော အကြည့်များဖြင့် စူးစိုက်ကြည့်နေတော့၏။

"ရှေးဦး ကမ္ဘာဦး သားရဲကြီးပါလား..."

လူတိုင်း၏ အကြည့်များက ကိုးထပ် ချန်ခွင်း မျှော်စင်ဆီသို့ ချက်ချင်း စူးစိုက်သွားကြပြီး သူတို့၏ မျက်နှာများပေါ်တွင် ရူးသွပ်မတတ် ဝမ်းသာ စိတ်လှုပ်ရှားမှုများ အပြည့်အဝ ဖုံးလွှမ်းသွားတော့သည်။

အမှောင်မိစ္ဆာ ကျားသစ်ကို သူတို့ မျက်မြင်ကိုယ်တွေ့ မမြင်ဖူးခဲ့ကြသော်ငြား အားလုံးက ကြားတော့ ကြားဖူးထားကြ၏။ ၎င်း၏ စွမ်းအားက အလွန်တရာ ကြီးမားလှပြီး သူတော်စင်ကြီးကိုပင် ရင်ဘောင်တန်းနိုင်ကြောင်း သူတို့ သိရှိထားကြသည်။ အမှောင်မိစ္ဆာ ကျားသစ် ထွက်ပေါ်လာမှုက လူတိုင်းအတွက် မျှော်လင့်ချက် ရောင်ခြည်လေးကို သေချာပေါက် ယူဆောင်လာပေးခဲ့ခြင်းပင်။

“ဝှစ်…”

"ဝူး ..ဝူး"

အနက်ရောင် လျှပ်စီးတန်း တစ်ခုက ရက်စက်ကြမ်းကြုတ်စွာ ပေါက်ကွဲ ထွက်ပေါ်လာ၏။ ၎င်း၏ ထက်ရှသော စွမ်းအားကြီးက ဝိညာဉ်ကိုပါ တုန်လှုပ်သွားစေပြီး ထိုနေရာရှိ လူတိုင်းကို အလွန်အမင်း အံ့အားသင့်သွားစေတော့သည်။ လျှပ်တစ်ပြက် မြန်ဆန်လှသော ကြောက်မက်ဖွယ် အမြန်နှုန်းကြောင့် ၎င်း ဖြတ်သန်းသွားသော ဟင်းလင်းပြင် တစ်လျှောက် ပြင်းထန်စွာ တုန်ခါနေတော့၏။

"ဘုန်း"

အမှောင်မိစ္ဆာ ကျားသစ်က မျက်တောင်တစ်ခတ် အတွင်းမှာပင် ရောက်ရှိလာခဲ့၏။ အလွန်အမင်း အံ့အားသင့် ထိတ်လန့်နေကြသော လူတိုင်း၏ အကြည့်များ အောက်တွင် ၎င်း၏ ဧရာမ ခန္ဓာကိုယ်ကြီးက အပြာရောင် ဓားလှိုင်းကြီးကို အလွန်တရာ ရက်စက်ကြမ်းကြုတ်စွာဖြင့် တစ်စစီ ရိုက်ချိုး ဖျက်ဆီးပစ်လိုက်တော့၏။

သူတော်စင်ကြီး၏ ဓားလှိုင်းကြီးကို ရူးသွပ်စွာ ရိုက်ချိုးလိုက်ပြီးနောက် အမှောင်မိစ္ဆာ ကျားသစ်၏ စစ်မှန်သော ပုံရိပ် အစစ်အမှန်က လူတိုင်း၏ မျက်စိရှေ့မှောက်တွင် ထွက်ပေါ်လာတော့သည်။

၎င်း၏ နက်မှောင်နေသော သားမွှေးများ၊ ဧရာမ ခန္ဓာကိုယ် ကြီးမားမှု၊ သွေးကဲ့သို့ နီရဲနေသော မျက်လုံးကြီးများနှင့် ရက်စက်ကြမ်းကြုတ်သော မျက်နှာအမူအရာတို့က ကြည့်မိသူတိုင်းကို ဝိညာဉ်ပင် လွင့်ထွက်မတတ် ကြောက်ရွံ့ တုန်လှုပ်သွားစေတော့၏။

အမှောင်မိစ္ဆာ ကျားသစ်က သူတော်စင်ကြီး၏ ဓားလှိုင်းကြီးကို ဖျက်ဆီးပစ်လိုက်သည့် အခိုက်အတန့်မှာပင် ဂိုဏ်းချုပ် ရှင်းထျန်းက အလျင်အမြန် ပြေးထွက်သွားပြီး ဒဏ်ရာအပြင်းအထန် ရရှိထားသော ယွင်ယိုဇီကို ကယ်တင်လိုက်တော့သည်။

"ဒါ... ဒါက အမှောင်မိစ္ဆာ ကျားသစ်လား..."

"အရမ်းကို ကြောက်စရာကောင်းတဲ့ အရှိန်အဝါကြီးပါလား..."

"နတ်ဘုရားအသွင်ပြောင်းဘုံ အဋ္ဌမအလွှာကိုတောင် ရောက်နေတာလား..."

အံ့အားသင့် ထိတ်လန့်နေကြသော လူတိုင်း၏ အကြည့်များက အမှောင်မိစ္ဆာ ကျားသစ်ထံသို့ စူးစိုက်သွားကြ၏။ အားလုံးမှာ လုံးဝ ဆွံ့အ မှင်သက်နေကြပြီး သူတို့၏ ခန္ဓာကိုယ်များပင် ကျောက်ရုပ်များပမာ အေးခဲ တောင့်တင်းနေကြတော့သည်။

"တိရစ္ဆာန်... ငါ.. စောင့်နေတာ တော်တော်ကြာပြီ... ဒီတစ်ခါတော့ မင်းကို ထွက်ပြေးခွင့် မပေးနိုင်တော့ဘူး... ဘာလဲ..ဖုန်းဝူချန် ဆိုတဲ့ အဲဒီကောင်စုတ်လေးက ကြောက်လွန်းလို့ အပြင်တောင် မထွက်ရဲတော့ဘူးလား..."

တပ်မှူးချုပ်က မာနထောင်လွှားစွာ သရော်လိုက်ရာ သူ၏ တိုက်ခိုက်လိုစိတ်များက ကောင်းကင်ယံသို့ ထိုးတက်နေတော့၏။

"မင်း ထွက်ပြေးလို့ ရမရ ဆိုတာက ငါ့ရဲ့ ခွင့်ပြုချက် အပေါ်မှာ မူတည်တယ်ကွ..."

အမှောင်မိစ္ဆာ ကျားသစ်က ရက်စက်စွာ ဟိန်းဟောက် ပြန်ပြောလိုက်သည်။

"အိုး... ဟုတ်လား... မင်းမှာ တကယ်ပဲ အဲဒီလောက် စွမ်းဆောင်နိုင်ရည် ရှိမရှိ ငါ ကြည့်ချင်သေးတာပေါ့..."

တပ်မှူးချုပ်က မထီမဲ့မြင် အပြည့်ဖြင့် အေးစက်စွာ တုံ့ပြန်လိုက်၏။

ရှုမီ ချောက်ကမ်းပါးတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲက ယခုတိုင် လတ်ဆတ်နေဆဲပင်။ အရှုံးပေးခဲ့ရသော တပ်မှူးချုပ် အနေဖြင့် ဒုတိယအကြိမ် ထပ်မံ အရှုံးပေးရန် လုံးဝ အစီအစဉ် မရှိချေ။

"မင်းက တကယ်ကို ဘယ်တော့မှ မပြောင်းလဲဘူးပဲ... ကြည့်ရတာ ငါက အရမ်း သနားညှာတာလွန်း နေခဲ့ပုံရတယ်..."

အရိုးထဲထိ စိမ့်ဝင်သွားမတတ် ရေခဲတမျှ အေးစက်သော အသံတစ်ခုက ကိုးထပ် ချန်ခွင်း မျှော်စင် အတွင်းမှ ရုတ်တရက် ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ် အရှိန်အဝါ တစ်ခု ပေါက်ကွဲလာတော့သည်။

"ထျန်းကျီဘုံ ဆဋ္ဌမအလွှာပါလား... ရှောင်ရှောင် အဆင့်တက်နိုင်ခဲ့ပြီပဲ..."

ကျန်းကျွင့်လန်နှင့် အခြားသူများ အားလုံး အလွန်အမင်း အံ့အားသင့်သွားကြတော့သည်။ လဝက်ခန့်သာ အချိန်ကြာသေးသည် မဟုတ်ပါလော။

ဒါက ဘယ်လို ကြောက်စရာကောင်းတဲ့ ကျင့်ကြံခြင်း အမြန်နှုန်းမျိုးလဲ။

"နန်းတော်သခင်ရော ဘယ်မှာလဲ..."

ချီဟွမ်က လင်ရှောင်ရှောင်နှင့် လျိုချင်းယန် နှစ်ဦးတည်းကိုသာ မြင်တွေ့လိုက်ရပြီး ဖုန်းဝူချန်ကို မတွေ့ရသဖြင့် အလျင်အမြန် မေးလိုက်၏။

"ရှောင်ရှောင်တောင် အဆင့်တက်နိုင်ခဲ့ပြီ ဆိုရင်... အစ်ကိုဖုန်းလည်း အဆင့်တက်နိုင်လောက်ပြီပေါ့... သူ ဘာလို့ ထွက်မလာသေးတာလဲ..."

မြောင်ချင်းချင်းက ဇဝေဇဝါ ဖြစ်လျက် ရေရွတ်လိုက်သည်။

လင်ရှောင်ရှောင်နှင့် လျိုချင်းယန်တို့က ကိုးထပ် ချန်ခွင်း မျှော်စင်၏ အပေါက်ဝမှနေ၍ ဖြည်းညင်းစွာ ဆင်းသက်လာကြ၏။ အလွန်တရာ လှပ ကျော့ရှင်းလှသော လင်ရှောင်ရှောင်၏ ပုံစံမှာ တကယ့် နတ်သမီးလေး တစ်ပါး ကောင်းကင်ဘုံမှ ဆင်းသက်လာသည့်အလား ပင် ဖြစ်တော့သည်။

"ရာ့ရှား မျိုးနွယ်စုရဲ့ သူတော်စင်မလေး ပါလား..."

တပ်မှူးချုပ်၏ မျက်နှာမှာ ရုတ်ချည်း သုန်မှုန်သွားတော့၏။

"ရှင်တို့က အရမ်းကို လွန်လွန်းနေပြီ..."

လင်ရှောင်ရှောင်က တပ်မှူးချုပ်ကို အေးစက်စက် စူးစိုက်ကြည့်လိုက်သည်။ သူမ၏ သွေးမျိုးဆက် စွမ်းအားများ ရူးသွပ်စွာ ပေါက်ကွဲထွက်လာပြီး လက်နှစ်ဖက်ကို ရုတ်တရက် ပူးကပ်လိုက်ကာ ရာ့ရှား မျိုးနွယ်စုမှ စစ်သည်တော်များကို ဆင့်ခေါ်ရန် ပြင်ဆင်လိုက်တော့၏။

"သူတော်စင်မလေး... ဒေါသကို ထိန်းပါဦး..."

ထိုအခိုက်အတန့်မှာပင် အိုမင်းသည့် အသံ တစ်ခုက မည်သည့် နေရာမှန်း မသိ လျှို့ဝှက်ဆန်းကြယ်စွာ ထွက်ပေါ်လာတော့၏။ ထို့နောက် ကြောက်မက်ဖွယ် မမြင်ရသော စွမ်းအားကြီး တစ်ခုက လင်ရှောင်ရှောင်ကို ရုတ်တရက် ပိတ်လှောင် ဖမ်းဆီးလိုက်သည်။

ဆင့်ခေါ်ခြင်း အစီအစဉ် ရပ်တန့်သွားသဖြင့် လင်ရှောင်ရှောင်၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားတော့သည်။

"နတ်ဘုရားအသွင်ပြောင်းဘုံ အဋ္ဌမအလွှာ အထွတ်အထိပ်ပါလား..."

လင်ရှောင်ရှောင်၏ လှပသော မျက်နှာလေးမှာ ရုတ်ချည်း ပြောင်းလဲသွား၏။ အမှောင်ထဲတွင် ပိုမို အစွမ်းထက်သော ပုဂ္ဂိုလ် တစ်ဦး ပုန်းကွယ်နေလိမ့်မည်ဟု သူမ လုံးဝ ထင်မှတ်မထားခဲ့ချေ။

"တပ်မှူးချုပ်..."

ယွင်ယိုဇီ၏ ဖြူဖျော့နေသော မျက်နှမှာ ရုတ်တရက် လေးနက် တင်းမာသွားတော့၏။

ပုန်းကွယ်နေသော ထိုလျှို့ဝှက်ဆန်းကြယ်သည့် ပုဂ္ဂိုလ်က ချီယွမ်နှင့် အခြားသူများကို အမြဲတမ်း ကြောက်ရွံ့ တုန်လှုပ်စေခဲ့၏။ ဤလူက ယခု မြင်တွေ့နေရသော တပ်မှူးချုပ်ထက် အများကြီး ပိုမို ကြောက်စရာ ကောင်းနေသည် မဟုတ်ပါလော။

"သူတော်စင်မလေး... ဝင်မပါတာ အကောင်းဆုံးပဲ... မင်းကို ငါတို့ အန္တရာယ် မပေးပါဘူး..."

ထိုအိုမင်းသည့် အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်သည်။

"ငါ့ကို လွှတ်ပေးစမ်း..."

လင်ရှောင်ရှောင်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး အသည်းအသန် ရုန်းကန်နေသော်ငြား လုံးဝ အချည်းနှီး သက်သက်သာ ဖြစ်နေတော့၏။

"ရှောင်ရှောင် ပိတ်လှောင်ခံလိုက်ရပြီ..."

မြောင်ချင်းချင်း၏ လှပသော မျက်နှာလေးမှာ ထိတ်လန့်မှုကြောင့် ပြောင်းလဲသွားတော့သည်။

"ယုတ်မာတဲ့ ခွေးအိုကြီး..."

လျိုချင်းယန်က အံကို တင်းတင်းကြိတ်ကာ ကျိန်ဆဲလိုက်၏။

"ခင်ဗျား.. ဘယ်သူပဲ ဖြစ်ဖြစ် အခုချက်ချင်း ထွက်လာခဲ့စမ်း..."

"ယင်ယန် မိသားစုရဲ့ သူတော်စင်ကြီးပဲ..."

ချီယွမ်က လေးနက်သော လေသံဖြင့် မှတ်ချက်ချလိုက်သည်။

သူတော်စင်ကြီးက အလွန်တရာ ကျွမ်းကျင်စွာ ပုန်းကွယ်နေသဖြင့် သူ ဘယ်နေရာတွင် ရှိနေသနည်း ဆိုတာကို မည်သူကမျှ မသိရှိနိုင်ကြချေ။

"ရှောင်ရှောင်က ရာ့ရှား မျိုးနွယ်စုရဲ့ စစ်သည်တွေကို ဆင့်ခေါ်လို့ မရတော့ဘူး... အမှောင်မိစ္ဆာ ကျားသစ် တစ်ကောင်တည်းနဲ့ဆို သူတို့ကို အနိုင်ယူဖို့ သေချာပေါက် မလွယ်ဘူး..."

ယဲ့ထျန်းဝေက စိုးရိမ်တကြီးဖြင့် ရေရွတ်လိုက်၏။

"တပ်မှူးချုပ်... ရှေးဦး ကမ္ဘာဦး သားရဲကြီးကို အရှင်လတ်လတ် ဖမ်းမိထားရင်... ဖုန်းဝူချန် ဘယ်လိုမှ ထွက်ပြေးလို့ မရတော့ဘူး... သူ အစောကြီး ဖြစ်ဖြစ်၊ နောက်ကျမှ ဖြစ်ဖြစ် ထွက်လာရမှာပဲ..."

ထိုအသံက ဟင်းလင်းပြင် အတွင်း၌ ထပ်မံ ပဲ့တင်ထပ်သွားပြန်သည်။

"တိရစ္ဆာန်... လာစမ်း..."

တပ်မှူးချုပ်က ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး နည်းနည်းလေးမျှ မဖြုံဘဲ ရှေ့သို့ တဟုန်ထိုး ပြေးဝင်သွားတော့၏။ သူ၏ ပုံရိပ်က လျှို့ဝှက်ဆန်းကြယ်စွာ လျှပ်တစ်ပြက် ပျောက်ကွယ်သွားလေတော့သည်။

--

All Chapters