အခန်း ၈၆၆
Vol. 58 Ch. 866
အခန်း (၈၆၆) - အားနည်းတဲ့ မျောက်ငယ်လေး
နတ်ဘုရားအသွင်ပြောင်းဘုံ နဝမအလွှာ အထွတ်အထိပ် ပညာရှင် တစ်ဦးကို သတ်ဖြတ်ရန်မှာ ကျားသစ်ရိုင်းကြီး အတွက် လက်ဖဝါး လှန်လိုက်သလို လွယ်ကူသော ကိစ္စ တစ်ခုပင် ဖြစ်သည်။
ရှုမီ ချောက်ကမ်းပါးရှိ တိုက်ပွဲတွင် တပ်မှူးချုပ်မှာ အမှောင်မိစ္ဆာ ကျားသစ်နှင့် အသေအလဲ ယှဉ်ပြိုင်နိုင်ခဲ့ပြီး အသာစီးပင် ရယူကာ အမှောင်မိစ္ဆာ ကျားသစ်ကို ဒဏ်ရာအပြင်းအထန် ရရှိအောင် လုပ်နိုင်ခဲ့၏။
အမှောင်မိစ္ဆာ ကျားသစ်တွင် ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အစွမ်းအထက်ဆုံး ပုံစံ ရှိနေလိမ့်မည်ကို တပ်မှူးချုပ် လုံးဝ ထင်မှတ်မထားခဲ့ချေ။
အဆင့်တက်သွားပြီးနောက်တွင် ကျားသစ်ရိုင်းကြီး၏ ပုံစံမှာ အလွန်တရာ စိမ်းသက်နေပြီး အဆုံးမဲ့ အေးစက် ရက်စက်မှုများဖြင့် ပြည့်နှက်နေတော့၏။ သူ၏ ရက်စက်ကြမ်းကြုတ်ပြီး ညှာတာမှု ကင်းမဲ့သော အကြင်နာမဲ့ သတ်ဖြတ်မှုများက လူတိုင်း၏ နှလုံးသားများကို ကြောက်ရွံ့ တုန်လှုပ်သွားစေတော့သည်။
ယခုအခါ ကျားသစ်ရိုင်းကြီး၏ ကျင့်ကြံခြင်း အဆင့်အတန်းမှာ မည်သည့် အဆင့်သို့ ရောက်ရှိနေသနည်း ဆိုတာကို မည်သူကမျှ အတိအကျ မသိရှိနိုင်ကြပေ။
သို့သော် သေချာသည်ကတော့ ကျားသစ်ရိုင်းကြီးက တပ်မှူးချုပ်ကို သတ်ဖြတ်လိုက်ချိန်တွင် သူ၏ စွမ်းအား သုံးဆယ် ရာခိုင်နှုန်းကိုသာ အသုံးပြုခဲ့ခြင်း ဖြစ်ပေသည်။
နဂါးနတ်ဘုရား နန်းတော် တစ်ခုလုံး သေမတတ် တိတ်ဆိတ် ငြိမ်သက်နေတော့၏။
ကျားသစ်ရိုင်းကြီး ပြသခဲ့သော ဖျက်ဆီးခြင်း စွမ်းအားများက ထိုနေရာရှိ လူတိုင်းကို အလွန်အမင်း ခြောက်ခြားသွားစေတော့သည်။
ဒဏ်ရာအပြင်းအထန် ရရှိထားသော တပ်မှူးလေးကို အေးစက်သော အကြည့်များဖြင့် တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် ကျားသစ်ရိုင်းကြီးက သူ၏ လက်ကို နောက်တစ်ကြိမ် လှုပ်ရှားလိုက်ရာ တပ်မှူးလေးမှာ လေပေါ်သို့ မြောက်တက်လာတော့၏။
သေချာသည်ကတော့ တပ်မှူးလေး၏ ကံကြမ္မာမှာလည်း တပ်မှူးချုပ် ကဲ့သို့ပင် အဆုံးသတ်ရတော့မည် ဖြစ်သည်။
"မင်းရဲ့ စွမ်းအားက အရင်တုန်းက ငါတို့ တွေ့ခဲ့ဖူးတဲ့ ရှေးဦး ကမ္ဘာဦး သားရဲကြီးတွေထက်တောင် ပိုပြီး အစွမ်းထက်နေတာပဲ..."
တပ်မှူးလေးက မျှော်လင့်ချက် ကင်းမဲ့နေသော အကြည့်များဖြင့် ကျားသစ်ရိုင်းကြီးကို စိုက်ကြည့်ရင်း ဖြည်းညင်းစွာ ရေရွတ်လိုက်၏။
ကျားသစ်ရိုင်းကြီးက ဘာစကားမျှ ပြန်မပြောခဲ့ချေ။ သူ၏ ဘာခံစားချက်မှ မရှိသော မျက်နှာထားဖြင့် သူ၏ လက်ညှိုးကို တပ်မှူးလေး၏ နဖူးတည့်တည့်သို့ ချိန်ရွယ်လိုက်တော့သည်။
"ပျောက်ကွယ်သွားစမ်း..."
ကျားသစ်ရိုင်းကြီးက ရေခဲတမျှ အေးစက်စွာ ပြောလိုက်၏။
"ငါက ရှေးဦး ကမ္ဘာဦး သားရဲကြီး တစ်ကောင် လက်ချက်နဲ့ သေရလိမ့်မယ်လို့ ဘယ်သူကများ ထင်ထားမိမှာလဲ..."
တပ်မှူးလေးက ဖြူဖျော့နေသော မျက်နှာဖြင့် ကိုယ့်ကိုယ်ကိုယ် သရော်လှောင်ပြောင်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ဤအခိုက်အတန့်တွင် တစ်စုံတစ်ယောက် လာရောက် ကယ်တင်လိမ့်မည် ဆိုသော မျှော်လင့်ချက်မျိုး တပ်မှူးလေးထံတွင် လုံးဝ မရှိတော့ချေ။
ကျားသစ်ရိုင်းကြီး၏ စွမ်းအားက ပထမအဆင့် နတ်ဘုရား အသွင်ပြောင်းဘုံ နဝမအလွှာ အထွတ်အထိပ် အဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်ရာ ယင်ယန် မိသားစု ခေါင်းဆောင် ကိုယ်တိုင် ရောက်လာမည် ဆိုလျှင်တောင်မှ ကျားသစ်ရိုင်းကြီးကို ယှဉ်နိုင်မည် မဟုတ်ပေ။
တပ်မှူးလေး၏ စကားသံ အဆုံးတွင် သူ၏ ခန္ဓာကိုယ် တစ်ခုလုံး မျက်တောင်တစ်ခတ် အတွင်းမှာပင် ပြာကျသွားခဲ့၏။
ယင်ယန် မိသားစု၏ အထွတ်အထိပ် ပညာရှင်ကြီး နှစ်ဦးစလုံး အမြစ်ပြတ် ချေမှုန်းခံလိုက်ရခြင်းပင်။
နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့ကို လာရောက် တိုက်ခိုက်သော ယင်ယန် မိသားစု၏ စစ်ကြောင်းကြီး တစ်ခုလုံး အပြတ်အသတ် ရှုံးနိမ့်သွားခဲ့၏။
တပ်မှူးချုပ် တစ်ယောက် အလျင်အမြန် ထွက်ပြေးမသွားခဲ့လျှင်၊ အမှောင်မိစ္ဆာ ကျားသစ်ကလည်း တမင် လွှတ်ပေးမထားခဲ့လျှင် သူကိုယ်တိုင်ပင် နဂါးနတ်ဘုရား နန်းတော်တွင် သေချာပေါက် အသက်ပါသွားမည် ဖြစ်သည်။
ကျားသစ်ရိုင်းကြီးက သူ၏ လက်သည်းများကို ငုံ့ကြည့်ရင်း တီးတိုး ရေရွတ်လိုက်၏။
"ပထမအဆင့် အသွင်ပြောင်းခြင်း ဘုံရဲ့ စွမ်းအားလောက်ပဲ ရှိတာလား... စွမ်းအားတွေ ပိတ်လှောင်ခံထားရတော့ အဆင့်တက်တာက ကြာကြာ မခံဘူးပဲ..."
ကြည့်ရသည်မှာ ကျားသစ်ရိုင်းကြီး၏ အထွတ်အထိပ် စွမ်းအားက ပထမအဆင့် နတ်ဘုရား အသွင်ပြောင်းဘုံ နဝမအလွှာ အထွတ်အထိပ်လောက် သက်သက်သာ မဟုတ်ကြောင်း ရှင်းလင်းစွာ သိသာနေပေသည်။
ကျားသစ်ရိုင်းကြီး၏ စွမ်းအား အများစုမှာ ၀င်္ကပါမျက်လှည့် နယ်မြေ အတွင်း၌ ပိတ်လှောင်ခံထားရပြီး ထိုပိတ်လှောင်မှုကို မချိုးဖျက်နိုင်သရွေ့ သူ၏ စွမ်းအားများက မူလ အထွတ်အထိပ် အခြေအနေသို့ လုံးဝ ပြန်လည် ရောက်ရှိနိုင်မည် မဟုတ်ချေ။
စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် သူ၏ ပုံရိပ်က အမှောင်မိစ္ဆာ ကျားသစ် အဖြစ်သို့ ပြန်လည် ပြောင်းလဲသွားတော့၏။ ယခင်က မည်သည့် အရှိန်အဝါမျှ မရှိခဲ့သော်လည်း ယခုအခါ ကြီးစိုးသော အရှိန်အဝါကြီးကို ထုတ်လွှတ်နေတော့သည်။
ဤသည်မှာ ကနဦး ဖရိုဖရဲ စွမ်းအား၏ အရှိန်အဝါပင်တည်း။
"ဟွန့်... နတ်ဘုရားအသွင်ပြောင်းဘုံ အဋ္ဌမအလွှာလောက်လေးနဲ့များ ငါ့ရှေ့မှာ လာပြီး မောက်မာရဲတယ်ပေါ့လေ..."
အမှောင်မိစ္ဆာ ကျားသစ်က မထီမဲ့မြင် နှာမှုတ်လိုက်ပြီးနောက် အနက်ရောင် အလင်းတန်း တစ်ခု အဖြစ်သို့ ပြောင်းလဲကာ ကိုးထပ် ချန်ခွင်း မျှော်စင် အတွင်းသို့ ပြန်လည် ဝင်ရောက်သွားတော့၏။
အရာအားလုံးက မူလအတိုင်း တိတ်ဆိတ် ငြိမ်သက်သွားခဲ့၏။
နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့ဝင်များ အားလုံးမှာ အလွန်အမင်း အံ့အားသင့် ထိတ်လန့်နေဆဲ ဖြစ်ရာ မည်သူကမျှ အသိစိတ် ပြန်မဝင်သေးချေ။
"ကျားသစ်ရိုင်းကြီးရဲ့ ကျင့်ကြံခြင်း အဆင့်က အဖေ့ထက်တောင် သာလွန်နေပါလား..."
အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေပြီးနောက် နောက်ဆုံးတွင်တော့ လင်ရှောင်ရှောင် တစ်ယောက် အံ့အားသင့်မှုများမှ နိုးထလာခဲ့သည်။
သူမ၏ လှပသော မျက်လုံးများက ကိုးထပ် ချန်ခွင်း မျှော်စင်ဆီသို့ ရောက်ရှိသွားပြီးနောက် သူမက ချက်ချင်းပင် မျှော်စင် အတွင်းသို့ ဝင်ရောက်သွားတော့၏။
"ဟာ... အစ်ကိုဖုန်း..."
လျိုချင်းယန်လည်း ရုတ်တရက် သတိဝင်လာပြီး မြောင်ချင်းချင်း၏ လက်ကို ဆွဲကာ ကိုးထပ် ချန်ခွင်း မျှော်စင် အတွင်းသို့ အပြေးအလွှား ဝင်ရောက်သွားတော့သည်။
ယွင်ယိုဇီ၊ ချီယွမ်နှင့် အခြားသူများ အားလုံးလည်း အံ့အားသင့်မှုများမှ တဖြည်းဖြည်း နိုးထလာကြပြီး အသက်ရှူရ ကြပ်တည်းနေသည့်အလား လေကို ပြင်းပြင်း ရှူသွင်းလိုက်ကြရာ သူတို့၏ မျက်နှာများမှာ လွန်စွာ ဖြူဖျော့နေတော့၏။
"နန်းတော်သခင်... ကျားသစ်ရိုင်းကြီးရဲ့ စွမ်းအားက ဘယ်အဆင့်ကို ရောက်နေတာလဲ... ဒါ အရမ်းကို ကြောက်ဖို့ ကောင်းလွန်းတယ်..."
အင်မော်တယ် လက်နက် စံအိမ်မှ အစောင့်အရှောက် တစ်ဦးက ထိတ်လန့်တကြား မေးလိုက်၏။
ကျန်းဝူဟန်၏ မျက်နှာပေါ်တွင်လည်း အလွန်အမင်း အံ့အားသင့်မှုများ ပြည့်နှက်နေပြီး ဝင်ပြောလိုက်သည်။
"တပ်မှူးချုပ်တောင်မှ ပြန်လည် ခုခံနိုင်စွမ်း လုံးဝ မရှိခဲ့ဘူး..."
"တပ်မှူးချုပ်ထက် ပိုအစွမ်းထက်တဲ့ တပ်မှူးချုပ် ကိုယ်တိုင်တောင် မိစ္ဆာကျားသစ်ရဲ့ လက်တစ်ချက်တည်းနဲ့ ဒဏ်ရာအပြင်းအထန် ရသွားတာ... ငါ တကယ်ကို မယုံနိုင်သေးဘူး..."
ကျန်းထျန်းယွင်ကလည်း အလွန်အမင်း တုန်လှုပ်နေသော မျက်နှာထားဖြင့် ရေရွတ်လိုက်၏။
"ပထမအဆင့် နတ်ဘုရား အသွင်ပြောင်းဘုံ နဝမအလွှာ အထွတ်အထိပ်... နတ်ဘုရားအသွင်ပြောင်းဘုံ အထက်မှာ ပိုပြီး ကြောက်စရာကောင်းတဲ့ အဆင့်တွေ ရှိနေသေးတယ်လို့ ဘယ်သူကများ ထင်ထားမိမှာလဲ..."
ချီယွမ်က သက်ပြင်းချရင်း လေးနက်စွာ ပြောလိုက်ရာ သူ၏ နှလုံးသားမှာ ပြင်းထန်စွာ တုန်ယင်နေဆဲပင်။
ထိုအဆင့်သို့ မရောက်ရှိသေးသဖြင့် နတ်ဘုရားအသွင်ပြောင်းဘုံ အထက်တွင် ပိုမို ကြောက်စရာကောင်းသော အဆင့်များ ရှိနေသေးကြောင်း သူတို့ လုံးဝ မသိရှိခဲ့ကြချေ။ ထိုကဲ့သို့သော အဆင့်သို့ တက်လှမ်းနိုင်ရန်မှာလည်း အလွန်တရာ ခက်ခဲလွန်းလှပေသည်။
ဤအခိုက်အတန့်တွင် နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့ တစ်ခုလုံး ဆူညံပွက်လောရိုက်သွားပြီး အံ့အားသင့် ထိတ်လန့်နေသော အော်ဟစ်သံများက ကောင်းကင်ယံသို့ ထိုးတက်သွားတော့၏။
ကျန်းကျွင့်လန်၊ ယဲ့ထျန်းဝေနှင့် အခြားသူများ အားလုံး စိတ်လှုပ်ရှား ဝမ်းသာစွာဖြင့် အော်ဟစ် အောင်ပွဲခံနေကြပြီး ဖုန်းဝူချန် ဘာကြောင့် ထွက်မလာသနည်း ဆိုသည်ကိုပင် မေ့လျော့နေကြတော့သည်။
"နဂါးနတ်ဘုရား နန်းတော်ရဲ့ မျှော်စင်ကြီးထဲမှာ ဒီလောက် ကြောက်စရာကောင်းတဲ့ သားရဲကြီး တစ်ကောင် ရှိနေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ..."
ဝမ်ကျိကျုံးက အလွန်အမင်း အံ့အားသင့်လျက် ရေရွတ်မိရင်း သူ၏ ရင်ထဲတွင် နောက်တစ်ကြိမ် ပြင်းထန်စွာ တုန်ယင်သွားရပြန်၏။
"ကျောင်းအုပ်ကြီး... အဲဒါက ဘယ်လို သားရဲကြီးမျိုးလဲ... သူ့ရဲ့ စွမ်းအားက ဘာလို့ ဒီလောက်တောင် ကြောက်ဖို့ ကောင်းနေရတာလဲ..."
ဟု ဟွမ်းကျိက ကြောက်လန့်တကြား မေးလိုက်သည်။
"ရှေးဦး ကမ္ဘာဦး သားရဲကြီးလေ..."
ယွင်ယိုဇီက သက်ပြင်းချရင်း ရှင်းပြလိုက်၏။
"ဒီတိုက်ပွဲကြောင့် ယင်ယန် မိသားစုနဲ့ ဆက်ဆံရေးကတော့ လုံးဝ ပျက်စီးသွားပြီပဲ..."
အခြေအနေတွေက ဤမျှလောက်အထိ ဆိုးရွားသွားလိမ့်မည်ဟု ယွင်ယိုဇီ လုံးဝ ထင်မှတ်မထားခဲ့ချေ။ တပ်မှူးချုပ်နှင့် တပ်မှူးလေးတို့ အသတ်ခံလိုက်ရသဖြင့် ယင်ယန် မိသားစု အနေဖြင့် ဤကိစ္စကို အလွယ်တကူ လွှတ်ထားမည် မဟုတ်ပေ။
ယင်ယန် မိသားစု၏ အထွတ်အထိပ် ပညာရှင်ကြီး နှစ်ဦးစလုံး အသတ်ခံလိုက်ရခြင်းက သူတို့ကို ပို၍ပင် ဒေါသထွက်စေလိမ့်မည် ဖြစ်၏။
ယွင်ယိုဇီ အနေဖြင့် ယင်ယန် မိသားစု၏ ပထမ အကြီးအကဲကို အလွန်အမင်း အားနာမိသွားတော့သည်။
"ကျောင်းအုပ်ကြီး... ကိုယ့်ကိုယ်ကိုယ် သိပ်ပြီး အပြစ်တင်မနေပါနဲ့... ဒါက ကျောင်းအုပ်ကြီးရဲ့ အပြစ်မှ မဟုတ်တာ... ယင်ယန် မိသားစုရဲ့ ပထမ အကြီးအကဲကလည်း နားလည်ပေးမှာပါ..."
အိုးရန်မင်ရွှမ်က ဝင်ရောက် နှစ်သိမ့်ပေးလိုက်၏။
"ဒီလိုပဲ မျှော်လင့်ရတာပေါ့..."
ယွင်ယိုဇီက ကူကယ်ရာမဲ့စွာ ခေါင်းခါယမ်းရင်း ပြောလိုက်ပြီးနောက် လျှပ်တစ်ပြက် ပျောက်ကွယ်သွားတော့၏။
ဝမ်ကျိကျုံး အပါအဝင် သန့်ရှင်းသော ဝိညာဉ် ကျောင်းတော် မှ အကြီးအကဲများလည်း တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားကြ၏။
ဧရာမ တိုက်ပွဲကြီး အဆုံးသတ်သွားပြီ ဖြစ်ရာ ရှင်းထျန်း အပါအဝင် အခြားသော အစွမ်းထက် ပညာရှင်များ အားလုံး သူတို့၏ ဒဏ်ရာများကို ကုသရန် အသီးသီး ပြန်သွားကြတော့၏။
ကျားသစ်ရိုင်းကြီး၏ ပြင်းထန်သည့် စွမ်းအားများ အကြောင်းက ဝူကျိနယ်မြေနှင့် မြောက်ဘက် ဆန်းကြယ် နယ်မြေ တစ်ခုလုံးသို့ ကျော်ကြားသွားရန် အချိန် သိပ်မကြာတော့ချေ။
...
ကိုးထပ် ချန်ခွင်း မျှော်စင်၏ ဒုတိယ ထပ် အတွင်း၌...
လင်ရှောင်ရှောင်နှင့် အမှောင်မိစ္ဆာ ကျားသစ်တို့ ၀င်္ကပါမျက်လှည့် နယ်မြေ အတွင်းသို့ ပြန်လည် ရောက်ရှိသွားကြ၏။
လျိုချင်းယန်နှင့် မြောင်ချင်းချင်းတို့ ဝင်လာပြီးနောက်မှသာ ဖုန်းဝူချန် တစ်ယောက် ယခုတိုင် မဖောက်ထွက်နိုင်သေးသဖြင့် အပြင်သို့ မထွက်လာခဲ့ခြင်း ဖြစ်ကြောင်း သဘောပေါက်သွားကြတော့သည်။
"အစ်ကိုဖုန်းရဲ့ အရှိန်အဝါတွေက ဘာဖြစ်လို့ နည်းနည်းလေးမှ မတိုးလာရတာလဲ... ဘာလို့ အဆင့်တက်မလာသေးတာလဲ..."
လျိုချင်းယန်က တစ်ခုခု မှားယွင်းနေကြောင်း အလျင်အမြန် ရိပ်မိသွားပြီး မေးလိုက်၏။
မြောင်ချင်းချင်းမှာလည်း ဇဝေဇဝါ ဖြစ်နေတော့သည်။
"ရှောင်ရှောင်တောင် ထျန်းကျီဘုံ ဆဋ္ဌမအလွှာကို အဆင့်တက်နိုင်ခဲ့ပြီလေ... ဘာဖြစ်လို့ အစ်ကိုဖုန်းရဲ့ အရှိန်အဝါက ထျန်းကျီဘုံ ပဉ္စမအလွှာမှာပဲ ဆက်ရှိနေရတာလဲ... ဒါက လုံးဝ မဖြစ်နိုင်ဘူး..."
ထိုအခါ၊ လင်ရှောင်ရှောင်က ဖုန်းဝူချန်မှာ ကင်းမဲ့ခြင်း အခြေအနေသို့ ရောက်ရှိနေကြောင်း အကျဉ်းချုံး၍ ရှင်းပြလိုက်၏။
"သန်းဆယ်ချီမှ တစ်ယောက်... ဒီလို လျှို့ဝှက်ဆန်းကြယ်တဲ့ ကျင့်ကြံခြင်း အခြေအနေမျိုး တကယ် ရှိတာလား..."
လျိုချင်းယန်နှင့် မြောင်ချင်းချင်းတို့၏ မျက်နှာများပေါ်တွင် အလွန်အမင်း အံ့အားသင့် ထိတ်လန့်မှုများ ပြည့်နှက်နေပြီး ကင်းမဲ့ခြင်း အခြေအနေ ဆိုသည်ကို သူတို့ တစ်ခါမျှ မကြားဖူးခဲ့ကြချေ။
"အစ်ကိုကြီးဖုန်း ဘယ်တော့လောက်မှ နိုးလာမလဲ မသိဘူး..."
လင်ရှောင်ရှောင်က ခေါင်းခါယမ်းရင်း ရေရွတ်လိုက်၏။
"သူ့ကို ဒီအခွင့်အရေး ကောင်းကြီးကို အသုံးချပြီး သေချာ ကျင့်ကြံခိုင်းထားလိုက်... ကောင်လေး အတွက်တော့ တကယ်ကို အမြတ်ကြီး ထွက်သွားတာပဲ... ဒါပေမဲ့ မင်းတို့ စိတ်ပူစရာ မလိုပါဘူး... ကင်းမဲ့ခြင်း အခြေအနေ ဆိုတာ အချိန်အကြာကြီး ခံလေ့မရှိဘူး..."
အမှောင်မိစ္ဆာ ကျားသစ်က ဝင်ရောက် ရှင်းပြလိုက်သည်။
"အမှောင်မိစ္ဆာ ကျားသစ်... ဒီတစ်ခါတော့ ရှင့်ကို တကယ်ပဲ ကျေးဇူးတင်ပါတယ်... စီနီယာ့ရဲ့ အကူအညီသာ မပါရင် ကျွန်မတို့ အကုန်လုံး တပ်မှူးချုပ် လက်ချက်နဲ့ သေကုန်ကြမှာ အသေအချာပဲ..."
လင်ရှောင်ရှောင်က အမှောင်မိစ္ဆာ ကျားသစ်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်စကား ပြောလိုက်၏။
"ငါတို့ အကြွေးကျေသွားပြီလေ... အဲဒီ လူမိုက်က သူ့ဘာသာ သေလမ်းကို ရှာနေတာကိုး..."
အမှောင်မိစ္ဆာ ကျားသစ်က ခပ်ပေါ့ပေါ့ပင် ပြန်ပြောလိုက်သည်။
တပ်မှူးချုပ်နှင့် တပ်မှူးလေးတို့ကို သတ်ပစ်လိုက်ခြင်းက ၎င်းအတွက် ဘာမှ အရေးမကြီးသည့်အလား ပင် ဖြစ်နေတော့၏။
"အမှောင်မိစ္ဆာ ကျားသစ်... ခင်ဗျားရဲ့ စွမ်းအားက တကယ်ကို ကြောက်စရာကောင်းတာပဲ...ကျွန်တော့်ခန္ဓာကိုယ်ထဲက မျောက်ငယ်လေးထက် အများကြီး ပိုပြီး အစွမ်းထက်တယ်ဗျ..."
လျိုချင်းယန်က စိတ်လှုပ်ရှားစွာဖြင့် ချီးကျူးလိုက်၏။ ကျားသစ်ရိုင်းကြီးက တပ်မှူးချုပ်ကို သတ်ပစ်လိုက်သည့် မြင်ကွင်းကို ပြန်လည် တွေးတောမိတိုင်း သူ၏ စိတ်လှုပ်ရှားမှုများက ရူးသွပ်စွာ ပေါက်ကွဲထွက်လာတော့သည်။
"..."
မျက်လုံးသုံးလုံး မိစ္ဆာမျောက်ဝံကြီး၏ မျက်နှာမှာ ရက်စက်ကြမ်းကြုတ်စွာ တွန့်လိမ်သွားတော့၏။
"ဟွန့်... မျက်လုံးသုံးလုံး မိစ္ဆာမျောက်ဝံ ဆိုတာက ဘာကောင်မလို့လဲ... ပါးစပ်ပဲ ရှိပြီး အစွမ်းအစမှ မရှိတာ... ငါ့ရှေ့ရောက်ရင် တုန်ယင်နေရမယ့် အားနည်းတဲ့ မျောက်ငယ်လေး တစ်ကောင် သက်သက်ပဲ..."
ထိုသို့ အမှောင်မိစ္ဆာ ကျားသစ်က မာနထောင်လွှားစွာ ကြွေးကြော်လိုက်သည်။
"..."
မျက်လုံးသုံးလုံး မိစ္ဆာမျောက်ဝံကြီးမှာ အလွန်အမင်း ဒေါသထွက်နေပြီး သည်းခံနိုင်စွမ်း အကန့်အသတ်ကို ကျော်လွန်လုနီးပါး ဖြစ်နေကာ ဒေါသကြောင့် တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ယင်နေတော့၏။
"အားနည်းတဲ့ မျောက်ငယ်လေး ဟုတ်လား..."
အမှောင်မိစ္ဆာ ကျားသစ်၏ စကားများကြောင့် လျိုချင်းယန်နှင့် အခြားသူများ အားလုံး လုံးဝ ဆွံ့အ မှင်သက်သွားကြလေတော့သည်။
--