← Chapters

အခန်း ၈၆၉

Vol. 58 Ch. 869

အခန်း ၈၆၉

Vol. 58 Ch. 869

အခန်း (၈၆၉) - အမှောင်မိစ္ဆာ ကျားသစ်၏ ဇာတ်လမ်း

နဂါးနတ်ဘုရား နန်းတော်မှ လူတိုင်းသည် ဖုန်းဝူချန်ကိုသာ စူးစိုက်ကြည့်နေကြပြီး အလွန်အမင်း စိတ်လှုပ်ရှားနေကြ၏။

ကင်းမဲ့ခြင်း အခြေအနေ အကြောင်းကို လျိုချင်းယန်ထံမှ ကြားသိထားပြီး ဖြစ်ရာ ဖုန်းဝူချန် တံခါးပိတ် ကျင့်ကြံခြင်းမှ ထွက်ပေါ်လာသည်နှင့် သူ၏ ကျင့်ကြံခြင်း မည်မျှ တိုးတက်လာသည်ကို အားလုံးက သိချင်နေကြသည်။

ထင်သည့်အတိုင်းပင်။

ဖုန်းဝူချန် ဆင်းသက်လာသည်နှင့် တစ်ပြိုင်နက် ထျန်းရှန်းဇီက ပထမဆုံး အပြေးအလွှား ရောက်ရှိလာပြီး အလောတကြီး မေးမြန်းလိုက်၏။

"နန်းတော်သခင်... ကျင့်ကြံခြင်းက ဘယ်အဆင့်ကို ရောက်သွားပြီလဲ..."

ဖုန်းဝူချန်က သူ၏ အရှိန်အဝါကို ဖုံးကွယ်ထားသဖြင့် သူ၏ ကျင့်ကြံခြင်း အဆင့်အတန်း အတိအကျကို မည်သူကမျှ အာရုံခံ၍ မရနိုင်ခဲ့ချေ။

ထျန်းရှန်းဇီ၏ အမေးကြောင့် ဖုန်းဝူချန် အနည်းငယ် အံ့အားသင့်သွားပြီး နဂါးနတ်ဘုရား နန်းတော်မှ လူတိုင်း ကင်းမဲ့ခြင်း အခြေအနေ အကြောင်းကို သိရှိနေလောက်ပြီဟု သူ ခန့်မှန်းမိလိုက်သည်။

"ကင်းမဲ့ခြင်း အခြေအနေမှာ ကျင့်ကြံရတာ ဘယ်လိုနေလဲ..."

ဟန်ခွန်းကလည်း မနေနိုင်ဘဲ ဝင်ရောက် မေးမြန်းလိုက်၏။

မျှော်လင့်ချက်များ အပြည့်အဝ ပါဝင်နေသော အကြည့်များက ဖုန်းဝူချန်ထံသို့ စူးစိုက်နေကြတော့သည်။

"သိပ်ပြီးတော့ မတိုးတက်ပါဘူးဗျာ... လေးလွှာလောက်ပဲ တက်သွားတာပါ..."

ဖုန်းဝူချန်က နှိမ့်ချသော အမူအရာဖြင့် ခပ်ရေးရေး ပြုံးရင်း ဖြေကြားလိုက်၏။

ဖုန်းဝူချန်၏ မျက်နှာပေါ်တွင် ရှက်ရွံ့နေသည့်ဟန် ပေါ်လွင်နေပြီး စကားပြောရခက်နေသလိုပင်။ ကင်းမဲ့ခြင်း အခြေအနေတွင် တစ်လတိတိ ကျင့်ကြံပြီးမှ လေးလွှာသာ တက်လှမ်းနိုင်ခဲ့သည်မှာ အနည်းငယ် အားနည်းလွန်းသည်ဟု သူ တွေးထင်နေပုံရသည်။

"လေးလွှာတောင် တက်သွားတာလား..."

ထျန်းရှန်းဇီ၏ အိုမင်းသော မျက်လုံးများ ပြူးထွက်သွားပြီး သူ၏ ခန္ဓာကိုယ်မှာ လုံးဝ ကျောက်ရုပ်ပမာ ဖြစ်သွားတော့၏။

"ဒါဆိုရင် ထျန်းကျီဘုံ အဋ္ဌမအလွှာကို ရောက်သွားပြီပေါ့..."

ဟန်ခွန်းလည်း အလွန်အမင်း အံ့အားသင့်သွားရသည်။

"ထျန်းကျီဘုံ အဋ္ဌမအလွှာ အထွတ်အထိပ် ပါရှင့်..."

လင်ရှောင်ရှောင်က ခပ်တိုးတိုး ဝင်ရောက် ဖြည့်စွက်ပေးလိုက်၏။

"အထွတ်အထိပ်..."

ထျန်းရှန်းဇီနှင့် ဟန်ခွန်းတို့မှာ နောက်တစ်ဖန် ပြင်းထန်စွာ တုန်လှုပ်သွားကြပြီး လုံးဝ အေးခဲသွားကြတော့သည်။

"ထျန်းကျီဘုံ အဋ္ဌမအလွှာ အထွတ်အထိပ် ပါလား... နန်းတော်သခင်က တကယ်ပဲ လေးလွှာတောင် တက်သွားတာလား..."

"တစ်လအတွင်းမှာ လေးလွှာတောင်လား... ကင်းမဲ့ခြင်း အခြေအနေက အဲဒီလောက်တောင် ကြောက်စရာ ကောင်းတာလား..."

"ဒါ လုံးဝ စိတ်ကူးယဉ်လို့တောင် မရတဲ့ အမြန်နှုန်းပဲ..."

နဂါးနတ်ဘုရား နန်းတော်ရှိ လူတိုင်းမှာ အံ့အားသင့်လွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်နေကြတော့၏။

သူတို့၏ တွေးထင်မှု အရ ဆိုလျှင် ဖုန်းဝူချန် အနေဖြင့် တစ်လွှာ၊ သို့မဟုတ် နှစ်လွှာခန့်သာ ဖောက်ထွက်နိုင်လိမ့်မည်ဟု ခန့်မှန်းထားခဲ့ကြသည်။ သို့သော် လေးလွှာတိတိ တက်လှမ်းသွားလိမ့်မည်ဟု မည်သူကများ ထင်မှတ်ထားပါမည်နည်း။

"ဖုန်းဝူချန်... မတွေ့ရတာ ကြာပြီနော်..."

လူအုပ်ကြီး အံ့အားသင့်နေစဉ်မှာပင် အထက် ကောင်းကင်ယံမှ ခပ်ဟဟ ရယ်သံ တစ်ခု ပဲ့တင်ထပ်လာတော့၏။

"ဦးလေး လုံကျန့်ပါလား..."

ထိုအသံကို ကြားလိုက်ရသည့်အခါ လင်ရှောင်ရှောင်၏ ရင်ထဲတွင် ဝမ်းသာရွှင်မြူးသွားပြီး ကောင်းကင်ယံသို့ အလျင်အမြန် မော့ကြည့်လိုက်သည်။

လုံကျန့်က အထက် ကောင်းကင်ယံမှနေ၍ ဖြည်းညင်းစွာ ဆင်းသက်လာ၏။ သူနှင့်အတူ ပိုင်လီ မျိုးနွယ်စု၏ သခင်လေး ပိုင်လီ ယွိဖုန်း လည်း ပါဝင်လာခဲ့သည်။

"အစောင့်အရှောက် လုံကျန့်ပါလား..."

ဖုန်းဝူချန် အံ့အားသင့်စွာ မော့ကြည့်လိုက်ပြီးနောက် သူ့ကို မှတ်မိသွားသည့်အခါ နောက်တစ်ကြိမ် အံ့အားသင့်သွားပြန်၏။

"ပိုင်လီ ယွိဖုန်းရော..."

"အစ်ကိုဖုန်း... ငါတို့ ပြန်ဆုံကြပြန်ပြီနော်... မင်းက လေးလွှာတောင် တက်သွားတယ်လို့ ကြားလိုက်တယ်... အခု ဘယ်အဆင့်ကို ရောက်သွားပြီလဲ ဆိုတာများ သိခွင့်ရမလား..."

ပိုင်လီ ယွိဖုန်းက အပြုံးလေးဖြင့် နှုတ်ဆက်လိုက်သည်။

လုံကျန့်နှင့် ပိုင်လီ ယွိဖုန်းတို့ နဂါးနတ်ဘုရား နန်းတော်သို့ အတူတကွ ရောက်ရှိလာမှုက ဖုန်းဝူချန်ကို အတော်လေး အံ့အားသင့်သွားစေတော့၏။

နဂါးနတ်ဘုရား နန်းတော်မှ လူများမှာလည်း အံ့အားသင့်မှုများမှ မလွတ်မြောက်နိုင်သေးမီမှာပင် လုံကျန့် ရောက်ရှိလာမှုကြောင့် နောက်ထပ် တစ်ကြိမ် မှင်သက်သွားကြရပြန်သည်။

လုံကျန့် မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်းကို မည်သူကမျှ မေ့လျော့သွားနိုင်မည် မဟုတ်ချေ။

တပ်မှူးလေး တစ်ယောက် လုံကျန့်ကြောင့် ကြောက်လန့်တကြား ထွက်ပြေးခဲ့ရပြီးနောက် လုံကျန့်က အတင်းအကျပ် ပြန်ဆွဲခေါ်ကာ ကြိမ်းမောင်း မောင်းထုတ်ခဲ့သည့် မြင်ကွင်းကို နဂါးနတ်ဘုရား နန်းတော်မှ လူတိုင်း တစ်သက်လုံး မေ့နိုင်မည် မဟုတ်ပေ။

၎င်းမှာ မည်မျှတောင် လွှမ်းမိုးဖိနှိပ်နိုင်စွမ်း ရှိပြီး အားရကျေနပ်စရာ ကောင်းလိုက်သည့် မြင်ကွင်းမျိုး ဖြစ်ပါသနည်း။

"အစောင့်အရှောက် လုံကျန့်ကို ဂါရဝပြုပါတယ်..."

နဂါးနတ်ဘုရား နန်းတော်မှ လူတိုင်းက ရိုသေစွာ ဦးညွှတ် နှုတ်ဆက်လိုက်ကြ၏။ ဤမျှ ပြိုင်ဘက်ကင်း အစွမ်းထက်သော ပညာရှင် တစ်ဦးကို ရင်ဆိုင်ရချိန်တွင် သူတို့ အနေဖြင့် ရိုသေလေးစားမှု မပြဘဲ မနေနိုင်ကြချေ။

လုံကျန့်က ခေါင်း အနည်းငယ် ညိတ်ပြလိုက်ပြီး အစောင့်အရှောက် တစ်ဦး၏ မာနထောင်လွှားမှုမျိုး နည်းနည်းလေးမျှ မပြသခဲ့ပေ။

"ဦးလေး လုံကျန့်... ဒီကို ဘာကိစ္စများ ရှိလို့ ရောက်လာရတာလဲဟင်..."

လင်ရှောင်ရှောင်က မေးလိုက်၏။

ထိုအခါ လုံကျန့်က အသံလှိုင်းဖြင့် တိတ်တဆိတ် ပြန်လည် ဖြေကြားလိုက်သည်။

"ရှေးဦး ကမ္ဘာဦး သားရဲကြီးအတွက် ငါ ရောက်လာတာ..."

"အမှောင်မိစ္ဆာ ကျားသစ် အတွက်လား..."

လင်ရှောင်ရှောင်၏ လှပသော မျက်နှာလေးမှာ အနည်းငယ် အံ့အားသင့်သွားတော့၏။

"ဟုတ်တယ်..."

လုံကျန့်က နောက်တစ်ကြိမ် ခေါင်းညိတ်ပြလိုက်ပြီး ဖုန်းဝူချန်ထံသို့ အကြည့်ကို ပြောင်းလိုက်ကာ ဆက်ပြောလိုက်သည်။

"ဖုန်းဝူချန်... ဒီနေရာက စကားပြောဖို့ မကောင်းဘူး..."

"အထဲကို ကြွပါ ..အစောင့်အရှောက် လုံကျန့်..."

ဖုန်းဝူချန်က ခေါင်းညိတ်ပြရင်း ဖိတ်ခေါ်လိုက်၏။

လုံကျန့် ကိုယ်တိုင် နဂါးနတ်ဘုရား နန်းတော်သို့ လာရောက်ခဲ့ခြင်းက ဤကိစ္စ မည်မျှ အရေးကြီးကြောင်းကို ရှင်းလင်းစွာ ပြသနေပေသည်။

'နဂါး မျိုးနွယ်စုတောင်မှ အမှောင်မိစ္ဆာ ကျားသစ်ကို ဒီလောက် အလေးထားနေတယ် ဆိုတော့... တခြား သူတွေလည်း ဒီအတွက် ရောက်လာကြလောက်ပြီ'

ဖုန်းဝူချန်.. ရင်တွင်း၌ တိတ်တဆိတ် သုံးသပ်လိုက်မိ၏။

ခန်းမဆောင် အတွင်းသို့ ထျန်းရှန်းဇီ၊ ဟန်ခွန်းနှင့် အခြားသူများ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် လုံကျန့်က အလွန်တရာ အစွမ်းထက်သော အကာအကွယ် အခင်းအကျင်း တစ်ခုကို ချက်ချင်း တည်ဆောက်လိုက်တော့သည်။

နတ်ဆိုး မျိုးနွယ်စုမှ အစွမ်းထက် ပညာရှင်များကလည်း အမှောင်ထဲတွင် လျှို့ဝှက်စွာ စောင့်ကြည့်နေကြရာ လုံကျန့် အနေဖြင့် သူတို့ကို သတင်းအချက်အလက် အများကြီး မသိစေချင်ပေ။

"ဖုန်းဝူချန်... အမှောင်မိစ္ဆာ ကျားသစ် ဘယ်မှာလဲ..."

အကာအကွယ် အခင်းအကျင်း တည်ဆောက်ပြီးသည်နှင့် လုံကျန့်က အလွန်အမင်း လေးနက်သော အမူအရာဖြင့် တိုက်ရိုက်ပင် မေးမြန်းလိုက်၏။

ဖုန်းဝူချန်က မသေချာသော လေသံဖြင့် ပြန်မေးလိုက်သည်။

"အစောင့်အရှောက် လုံကျန့်... ဘာဖြစ်လို့ ဒါကို မေးရတာလဲဗျ..."

"အစ်ကိုဖုန်း... ရှေးဦး ကမ္ဘာဦး သားရဲကြီးက အရမ်းကို အန္တရာယ် များတယ်... မင်း ထင်သလောက် မရိုးရှင်းဘူး..."

ပိုင်လီ ယွိဖုန်းက လေးနက်စွာ သတိပေးလိုက်ရာ သူ၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ အပြည့်အဝ ဖုံးလွှမ်းနေတော့၏။

"ဦးလေး လုံကျန့်... အမှောင်မိစ္ဆာ ကျားသစ်က ကိုးထပ် ချန်ခွင်း မျှော်စင်ထဲမှာ ပိတ်လှောင်ခံထားရတာ... မျှော်စင်နဲ့ အရမ်းဝေးတဲ့ နေရာကို သူ သွားလို့ မရဘူး..."

လင်ရှောင်ရှောင်က ဝင်ရောက် ဖြေကြားလိုက်သည်။

"ပိတ်လှောင်ခံထားရတာလား..."

လုံကျန့်က မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး အနည်းငယ် စိတ်သက်သာရာ ရသွားဟန်ဖြင့် ဆက်ပြောလိုက်၏။

"ဒါဆိုရင်တော့ ရှင်းသွားပါပြီ... ဒါကြောင့် သူ့ရဲ့ ကျင့်ကြံခြင်းက ပထမအဆင့် နတ်ဘုရား အသွင်ပြောင်းဘုံ နဝမအလွှာ အထွတ်အထိပ်လောက်ပဲ ရှိနေတာကိုး..."

"ယင်ယန် မိသားစုက နဂါးနတ်ဘုရား နန်းတော်ကို လာတိုက်တုန်းက... အမှောင်မိစ္ဆာ ကျားသစ်ရဲ့ အကူအညီကြောင့်သာ ကျွန်မတို့ လွတ်လာတာ... သူတော်စင်ကြီးက ကျွန်မကို ပိတ်လှောင်ထားလို့ အဖေနဲ့ တခြားသူတွေကို ကျွန်မ ဆင့်ခေါ်လို့ မရခဲ့ဘူး... အကယ်၍ အမှောင်မိစ္ဆာ ကျားသစ်ရဲ့ အကူအညီသာ မပါခဲ့ရင် နဂါးနတ်ဘုရား နန်းတော်က သေချာပေါက် အမြစ်ပြတ် ချေမှုန်းခံလိုက်ရမှာပဲ..."

လင်ရှောင်ရှောင်က ခေါင်းညိတ်ရင်း ရှင်းပြလိုက်သည်။

"အစောင့်အရှောက် လုံကျန့် ဒီလောက် စိုးရိမ်နေတာ တခြား အကြောင်းရင်း တစ်ခုခု ရှိလို့ပါလား..."

ဖုန်းဝူချန်က လုံကျန့် အနေဖြင့် အမှောင်မိစ္ဆာ ကျားသစ်ကို အထူးတလည် သတိထားနေကြောင်း ရိပ်မိသွားသဖြင့် မေးလိုက်၏။

နဂါး မျိုးနွယ်စု ကဲ့သို့သော အစွမ်းထက်သည့် အင်အားစုကြီး အနေဖြင့် သာမန် အခြေအနေ အောက်တွင် အမှောင်မိစ္ဆာ ကျားသစ်ကို ကြောက်ရွံ့နေစရာ အကြောင်း မရှိပေ။

ထျန်းရှန်းဇီ၊ ဟန်ခွန်းနှင့် ရှားယွင်ရွှမ်တို့ အချင်းချင်း မျက်နှာချင်းဆိုင် ကြည့်လိုက်ကြပြီး ခေါင်း အနည်းငယ် ညိတ်ပြလိုက်ကြ၏။ သူတို့လည်း အခြား အကြောင်းရင်း တစ်ခုခု ရှိနေမည်ကို အာရုံခံမိနေကြသည်။

လုံကျန့်က ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ရှင်းပြလိုက်၏။

"အမှောင်မိစ္ဆာ ကျားသစ်က အလွန်တရာ အစွမ်းထက်တဲ့ ရှေးဦး ကမ္ဘာဦး သားရဲကြီး တစ်ကောင်ပဲ... ကနဦး ဖရိုဖရဲ စွမ်းအားကို ပိုင်ဆိုင်ထားပြီး သူ့ရဲ့ စွမ်းအားက အရာအားလုံးကို လွှမ်းမိုး ဖိနှိပ်နိုင်စွမ်း ရှိသလို အင်မတန် ရက်စက်ကြမ်းကြုတ်တယ်... သူက ဒုတိယအဆင့် နတ်ဘုရား အသွင်ပြောင်းဘုံ နဝမအလွှာ အထွတ်အထိပ် အထိ ရောက်ဖူးတယ်... တတိယအဆင့် အသွင်ပြောင်းခြင်းကို တက်လှမ်းဖို့ ခြေတစ်လှမ်းပဲ လိုတော့တဲ့ အခြေအနေပေါ့... သူ့ရဲ့ ပြင်းထန်သည့် စွမ်းအားကို နတ်ဆိုးသခင် ကိုယ်တိုင်တောင် ကြောက်ရွံ့ခဲ့ရတယ်..."

"ဒုတိယအဆင့် နတ်ဘုရား အသွင်ပြောင်းဘုံ နဝမအလွှာ အထွတ်အထိပ် ဟုတ်လား..."

ထျန်းရှန်းဇီနှင့် အခြား အကြီးအကဲများ အားလုံး အလွန်အမင်း အံ့အားသင့် ထိတ်လန့်သွားကြတော့၏။

လင်ရှောင်ရှောင်က ကြောက်လန့်တကြား လေအေးများကို ရှူသွင်းလိုက်ရင်း မှတ်ချက်ချလိုက်သည်။

"အမှောင်မိစ္ဆာ ကျားသစ်က ဒီလောက်တောင် ကြောက်စရာ ကောင်းလိမ့်မယ်လို့ ငါ လုံးဝ ထင်မထားခဲ့ဘူး..."

လုံကျန့်က ခေါင်းညိတ်ပြရင်း ဆက်ပြောလိုက်၏။

"ဟုတ်တယ်... အမှောင်မိစ္ဆာ ကျားသစ်က လူသားတွေကို ညှာတာမှု ကင်းမဲ့စွာ သတ်ဖြတ်ခဲ့ဖူးတယ်... သူ့ရဲ့ သွေးအေး ရက်စက်မှုတွေကြောင့် တိုက်ကြီးပေါ်က သက်ရှိတွေ အားလုံး ဒုက္ခရောက်ခဲ့ရတယ်... အင်အားကြီး အဖွဲ့အစည်း အများအပြားလည်း သူ့လက်ချက်နဲ့ ပျက်စီးခဲ့ရတယ်... ငါတို့ရဲ့ ဘိုးဘေး ကိုယ်တိုင်တောင် သူ့လက်ချက်နဲ့ ဒဏ်ရာအပြင်းအထန် ရခဲ့ဖူးတယ်... ဒါပေမဲ့ ကံကောင်းထောက်မစွာနဲ့ လင်ရွှီဇီရဲ့ ဖိနှိပ်မှုကြောင့် တိုက်ကြီး တစ်ခုလုံး နောက်ဆုံးတော့ ငြိမ်းချမ်းရေး ရသွားခဲ့တယ်..."

"ဒါပေမဲ့ အဆုံးမဲ့ ခေတ်ကာလမှာ နတ်ဆိုး မျိုးနွယ်စုက သောင်းကျန်းလာခဲ့ပြန်တယ်... လင်ရွှီဇီက နတ်ဆိုး ဧကရာဇ်နဲ့ တိုက်ခိုက်နေတုန်း အလစ်အငိုက် တိုက်ခိုက်ခံရပြီး ဒဏ်ရာအပြင်းအထန် ရသွားခဲ့တယ်... အဲဒီအချိန်မှာ အမှောင်မိစ္ဆာ ကျားသစ်က နောက်တစ်ဖန် ပြန်လည် သောင်းကျန်းလာပြီး မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေ သေဆုံးခဲ့ရတယ်... နဂါး မျိုးနွယ်စု ခေါင်းဆောင်ကြီး ကိုယ်တိုင်တောင် သူ့ကို မယှဉ်နိုင်ခဲ့ဘူး... နောက်ပိုင်းကျမှ နဂါး မျိုးနွယ်စုရဲ့ သစ္စာဖောက် နတ်ဆိုးနဂါးက သူ့ရဲ့ ပြင်းထန်တဲ့ စွမ်းအားနဲ့ အမှောင်မိစ္ဆာ ကျားသစ်ကို ဖိနှိပ်နိုင်ခဲ့တယ်... အဲဒီနောက်မှာ လင်ရွှီဇီက သူ့ကို ပိတ်လှောင်လိုက်ပြီး ပျောက်ကွယ်သွားခဲ့တာပဲ..."

ထိုအကြောင်းစုံကို ကြားလိုက်ရသည့်အခါမှသာ လူတိုင်းက အမှောင်မိစ္ဆာ ကျားသစ်၏ အတိတ် ဇာတ်ကြောင်းကို နားလည် သဘောပေါက်သွားကြတော့၏။

ကြည့်ရသည်မှာ လင်ရွှီဇီ၊ နတ်ဆိုးနဂါးနှင့် နဂါး မျိုးနွယ်စု ခေါင်းဆောင်ကြီး တို့သည် ထျန်းရှန်းဇီတို့ အဖွဲ့ တစ်ခါမျှ မကြားဖူးခဲ့သော အလွန်တရာ ကြီးကျယ် ခမ်းနားသည့် ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြောင်း သိသာနေပြီး သူတို့၏ ရင်ထဲတွင် ပြင်းထန်စွာ တုန်လှုပ်သွားကြတော့သည်။

"ဦးလေး လုံကျန့်... အမှောင်မိစ္ဆာ ကျားသစ်က နောက်တစ်ခါ ပြန်ထွက်လာပြီး လောကကြီးကို ဖျက်ဆီးပစ်မှာ စိုးရိမ်နေတာလား..."

လင်ရှောင်ရှောင်က မေးလိုက်၏။

လုံကျန့်က လေးနက်သော အမူအရာဖြင့် ပြန်လည် ဖြေကြားလိုက်သည်။

"ဒါက စိုးရိမ်စရာ အချက်တွေထဲက တစ်ခုပဲ... သူ သောင်းကျန်းလာမှာကို ငါတို့ သိပ်မစိုးရိမ်ပေမယ့်... နတ်ဆိုး မျိုးနွယ်စုက အမှောင်မိစ္ဆာ ကျားသစ်ကို အသုံးချသွားမှာကို ပိုပြီး စိုးရိမ်နေတာ... နဂါးနတ်ဘုရား နန်းတော်ရဲ့ အမှောင်ထဲမှာ နတ်ဆိုး မျိုးနွယ်စုရဲ့ အစွမ်းထက် ပညာရှင်တွေက စောင့်ကြည့်နေကြတယ်... အကယ်၍ နတ်ဆိုး မျိုးနွယ်စုကသာ အမှောင်မိစ္ဆာ ကျားသစ်ကို ထိန်းချုပ်လိုက်နိုင်ပြီ ဆိုရင် အကျိုးဆက်တွေကတော့ တွေးဝံ့စရာတောင် မရှိတော့ဘူး..."

"နားလည်ပါပြီ..."

ဖုန်းဝူချန်က ခေါင်းညိတ်ပြရင်း ပြောလိုက်၏။

"အစောင့်အရှောက် လုံကျန့်... စိတ်ချပါ... အမှောင်မိစ္ဆာ ကျားသစ်ကို ပိတ်လှောင်ထားတဲ့ အခင်းအကျင်းက အရမ်းကို ကြောက်စရာကောင်းတယ်... အဲဒါကို ချိုးဖျက်ဖို့ ဆိုတာ အလွန်တရာ ခက်ခဲလွန်းပါတယ်..."

"ဒါပေမဲ့ နတ်ဆိုး မျိုးနွယ်စု အတွက်တော့ မဖြေရှင်းနိုင်တဲ့ အခက်အခဲ ဆိုတာ မရှိပါဘူး..."

လုံကျန့်က ခေါင်းခါယမ်းရင်း မှတ်ချက်ချလိုက်လေတော့သည်။

--

All Chapters