အခန်း ၃၆၇
Vol. 27 Ch. 367
အပိုင်း(၃၆၇)
သဲများ ပေါက်ကွဲလွင့်စဉ်သွားကာ လင်းတုန်းသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။ သူ၏ မှတ်ဉာဏ်များ ဝေဝါးသွားပြီး သူ၏ ကမ္ဘာကြီးသည် သဲများနှင့် အမှောင်ထုအဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။
ခြေသည်းများ ပါရှိသော ခြေထောက်တစ်ချောင်းက အက်ကွဲနေသော သူ၏ နံရိုးများကို ကန်ကျောက်လိုက်ချိန်တွင် သူ သတိရလာခဲ့သည်။ ထိုအချက်တွင် ကာကွယ်သူ နည်းစနစ်၏ စွမ်းအားများ မပါဝင်ခဲ့ပေ။ ထိုသို့သာ ပါဝင်ခဲ့ပါက သူသည် သွေးအိတ်ကြီး တစ်လုံးကဲ့သို့ ပေါက်ကွဲသွားမည် ဖြစ်သည်။ သို့တိုင်အောင် ထိုအရာက သူ့ကို နာကျင်စွာ အော်ဟစ်စေခဲ့ပြီး ဒူးများကို ပိုက်ကာ ကွေးကွေးလေး ဖြစ်သွားစေသည်။
"ဒါက ဘာကြီးလဲ..."
သူမက ဒေါသတကြီး မေးလိုက်သည်။ အရောင်အသွေး ကင်းမဲ့နေသော နီလာကို သူ၏ ခေါင်းအနီးသို့ သူမ ပစ်ချလိုက်သည်ကို မျက်ရည်များ ပြည့်နေသော မျက်လုံးများဖြင့် သူ မော့ကြည့်လိုက်မိသည်။
"ဒီအရာက သေနေပြီ... ဒါက အတုလား..."
နာကျင်မှု ဝေဒနာများ ကြားမှပင် သူမ ဘာမေးနေသည်ကို လင်းတုန်း နားမလည်နိုင်ခဲ့ပေ။ သို့သော်လည်း သူ၏ လက်တစ်ဖက်ဖြင့် ထိုနီလာကို ရအောင် စမ်းသပ်ဆုပ်ကိုင်လိုက်ပြီး သူ၏ အိတ်ကပ်ထဲသို့ ပြန်လည် ထည့်သွင်းလိုက်သည်။ သူမက သူ့ကို မတားဆီးခဲ့သော်လည်း သူမ၏ ပတ်ဝန်းကျင်ရှိ လေထုမှာ ပူပြင်းလာခဲ့သည်။ နောက်ထပ် တစ်ချက် ကန်ရန်အတွက် သူမက နောက်သို့ ဆုတ်လိုက်ချိန်တွင် လင်းတုန်းသည် တုန်လှုပ်သွားခဲ့ရလေတော့သည်။
မဟူရာ နဂါး၏ မီးတောက်တန်းတစ်ခုသည် လေထုကို ခွဲထွက်သွားသည်။ ထို့နောက် အက်ခီရီ၏ ရင်ဘတ်ဆီသို့ ပြင်းထန်စွာ ဝင်ရောက်ပေါက်ကွဲသွားလေ၏။ သူမသည် မြွေတစ်ကောင်ကဲ့သို့ အရိုးမပါသည့်အလား ပျော့ပျောင်းဖျတ်လတ်စွာဖြင့် ဘေးသို့ ရှောင်တိမ်းသွားခဲ့သည်။ ထို့နောက် ထိုနည်းစနစ် ထွက်ပေါ်လာရာ အရပ်သို့ စူးရဲစွာ စိုက်ကြည့်လိုက်၏။ သူမ၏ သွားများကြားမှ လေချွန်သံကဲ့သို့ စူးရှရှအသံများ ထွက်ပေါ်လာသည်။
မီးတောက်ခြုံလွှာဖြင့် ဝန်းရံထားသော အော်သိုသည် လင်းတုန်း၏ အနီးတွင် သဲများ လွင့်စင်သွားကာ ရပ်တန့်သွားခဲ့သည်။ သူသည် ပြင်းထန်စွာ အမောတကော ဖြစ်နေသည်။ သူ၏ ဝိညာဉ် သည် နာကျင်မှုများဖြင့် ဖုံးလွှမ်းနေပြီး အက်ကွဲနေသော သူ၏ အခွံကြားမှ အနီရောင် အလင်းတန်းများ ဖြာထွက်နေ၏။
အက်ခီရီ၏ လက်ထဲမှ အရည်ကဲ့သို့ ရွှေရောင် ကြာပွတ်တစ်ခု ထွက်ပေါ်လာခဲ့သည်။
"ငြိမ်ငြိမ်နေစမ်း... ငါမေးတာကို ဖြေရင် နင်တို့အားလုံးကို ချမ်းသာပေးမယ်..."
အော်သိုက စကားတစ်ခွန်းမျှ မဆိုပေ။ သူသည် လင်းတုန်း၏ အပြင်ဝတ်ရုံကို ကိုက်ဆွဲလိုက်သည်။
လင်းတုန်းသည် လက်နှစ်ဖက်စလုံးဖြင့် လှမ်း၍ ငါး၏ အမြီးကို ဆုပ်ကိုင်လိုက်၏။ သူ၏ အတွေးများက ဝေဝါးနေသော်လည်း လက်ချည်းသက်သက်ဖြင့်တော့ သူ ထွက်မသွားနိုင်ကြောင်း သိနေခဲ့သည်။
သူသည် ကျန်ရှိနေသော မာဒြာ များဖြင့် သူ၏ ခန္ဓာကိုယ်ကို တတ်နိုင်သမျှ ကာကွယ်သူ နည်းစနစ် ပြုလုပ်လိုက်သည်။ သို့သော် အော်သိုက ဥမင်လှိုဏ်ခေါင်းဆီသို့ ဆောင့်ကန်၍ သွားနေချိန်တွင် သူသည် အသက်လု၍ တွယ်ဖက်ထားရုံမှလွဲပြီး ဘာမှ မလုပ်နိုင်ခဲ့ပေ။
"တစ္ဆေ..."
လိပ်ကြီးက သွားကြိတ်လျက် ပြောလိုက်သည်။ လေထဲတွင် မျောလွင့်နေသော ခရမ်းရောင် အလင်းလုံးလေးဖြစ်သည့် ဒရော့စ်သည် သော့ပေါက်ဆီသို့ အလျင်အမြန် သွားလိုက်သည်။ အလင်းတစ်ချက် လက်သွားပြီး ကျောက်နံရံကြီး အရည်ပျော်ကျသွားလေသည်။
လင်းတုန်းထံသို့ တိုက်ခိုက်သူ နည်းစနစ်တစ်ခု ပစ်လွှတ်လိုက်ချိန်တွင် ရွှေရောင် အလင်းတန်းများ လင်းလက်သွားသည်။ သို့သော် အော်သိုက ဘေးဘက်သို့ လျောတိုက်ရှောင်တိမ်းလိုက်၏။ သူသည် ထိုတိုက်ခိုက်မှုကို သူ၏ အခွံပေါ်တွင် ခံယူလိုက်ကာ ညည်းညူလိုက်သော်လည်း ဆက်လက် ပြေးလွှားနေခဲ့သည်။
တစ်စက္ကန့်အကြာတွင် သူတို့သည် နံရံကို ဖြတ်ကျော်သွားခဲ့ပြီ ဖြစ်သည်။ ဒရော့စ်က သူတို့၏ နောက်ကွယ်မှ နံရံကို ပြန်လည်ပိတ်ဆို့လိုက်လေသည်။
"ကောင်းတဲ့ဘက်ကနေ ကြည့်ကြရအောင်..."
မှော်ပစ္စည်း လေးက ပြောလိုက်သည်။
"ငါတို့ဆီမှာ ငါးတစ်ကောင်လုံးနီးပါး ပါလာတယ်... ပြီးတော့ အများကြီး လေ့လာခွင့်ရလိုက်တယ်... ဒါက ပညာရပ်ဆိုင်ရာ အခွင့်အလမ်း တစ်ခုပဲ..."
လင်းတုန်းနှင့် အော်သိုတို့သည် ကျောက်ကြမ်းပြင်ပေါ်တွင် အမောတကော ညည်းညူလျက် လဲလျောင်းနေကြသည်။ လင်းတုန်းသည် သူဖမ်းယူလာသော ငါးကို မြင်ရရန် နာကျင်စွာဖြင့် သူ၏ လည်ပင်းကို ဘေးဘက်သို့ တစ်လက်မချင်း လှည့်ကြည့်လိုက်သည်။
ငါး၏ တစ်ဝက်ခန့်မှာ ပျောက်ဆုံးနေပြီ ဖြစ်သည်။ ကြိုးနှင့်တူသော အမြီး၏ အဆုံးတွင် ငွေရောင် အကြေးခွံများ ပါရှိသည့် အသားတုံး တစ်တုံးကိုသာ သူ ကိုင်ထားမိလျက်သား ဖြစ်နေ၏။
အက်ကွဲနေသော နံရိုးများကြောင့် သူ ခက်ခဲစွာ စကားပြောလိုက်သည်။
"ငါတို့ အစီအစဉ်အသစ် တစ်ခု လိုအပ်နေပြီ..."
အက်ခီရီသည် ကျောက်တုံးကို ကြည့်ကာ မတ်တတ်ရပ်နေသည်။ သူမသည် ခြေသည်းများကို တစ်ခုနှင့်တစ်ခု ပွတ်တိုက်ရင်း စဉ်းစားတွေးတောနေ၏။
မနေ့က ထိုကျောက်မျက်ရတနာထဲတွင် မှော်ပစ္စည်း တစ်ခု ရှိနေခဲ့သည်။ ယနေ့တွင်မူ ၎င်းသည် ၎င်း ခိုအောင်းရာထဲမှ လွတ်မြောက်လာပြီး တံခါးကို ကိုယ်တိုင်ကိုယ်ကျ ဖွင့်လှစ်နိုင်ခဲ့သည်။ ဆိုလိုသည်က ၎င်းသည် ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်နိုင်ပြီး တစ္ဆေရေ နယ်မြေအပေါ် အတိုင်းအတာ တစ်ခုအထိ ထိန်းချုပ်နိုင်စွမ်း ရှိနေခြင်းပင် ဖြစ်သည်။
ပို၍ စိတ်ဝင်စားစရာ ကောင်းသည်မှာ သူမ ဤနေရာတွင် ရှိနေကြောင်းကို သူတို့ သေချာပေါက် သိထားခဲ့ခြင်းပင်။ ထိုအဆင့်နိမ့် ရွှေအဆင့် ကောင်လေးသည် စွမ်းအားများကို ဖုံးကွယ်၍ ထွက်ပေါ်လာခဲ့သည်။ သူမ၏ ခိုလှုံရာကို မြင်သော်လည်း နောက်ဆုတ်မသွားခဲ့သလို သူမ၏ တိုက်ခိုက်မှု အပေါ်တွင်လည်း အံ့သြသည့်ဟန် မပြခဲ့ပေ။
ထိုမှော်ပစ္စည်း က သူမကို သူလျှိုလုပ်ပြီး စောင့်ကြည့်နေခဲ့တာလား။ သို့မဟုတ် သူမ ဝိညာဉ်အာရုံကို ဥမင်လိုဏ်ခေါင်းထဲသို့ မပို့လွှတ်နိုင်သော်လည်း သူတို့ကမူ ဥမင်ထဲမှနေ၍ အပြင်ဘက်သို့ ဝိညာဉ်အာရုံ စေလွှတ်နိုင်စွမ်း ရှိနေတာများလား။
အရေးအကြီးဆုံးမှာ ထိုဥမင်ထဲမှနေ၍ အခြားထွက်ပေါက် မရှိခြင်းပင် ဖြစ်သည်။ အခြားထွက်ပေါက်သာ ရှိပါက သူမ ဤနေရာတွင် ရှိနေမှန်း သိလျက်နှင့် ဤဝင်ပေါက်မှ အဝင်အထွက် တိုက်ခိုက်နေမည် မဟုတ်ပေ။
ဤအချက်များ ပေါင်းစပ်လိုက်သောအခါ သူမ တွေးထင်ထားသည်မှာ မှန်ကန်ကြောင်း သေချာသွားစေသည်။ ထိုမှော်ပစ္စည်းသည် တစ္ဆေရေ၏ သော့ချက်ပင် ဖြစ်သည်။ အကယ်၍ သူမသာ ၎င်းကို ရယူနိုင်ပါက အခြားသူများထက် ပိုမိုကြီးမားသော ရတနာများဆီသို့ လမ်းညွှန်ပေးနိုင်မည် ဖြစ်သည်။ ဤကမ္ဘာမှ ထွက်ခွာသွားချိန်တွင် အာကူရာ ဟာမိုနီ ထက်ပင် ပိုမိုသန်စွမ်းလာနိုင်ချေ ရှိနေသည်။
ယခုတော့ ၎င်းကို သူမ ရယူနိုင်ပြီ ဖြစ်သည်။ မဟူရာ နဂါးပေါက်စလေးမှာ သေလုမျောပါး ဖြစ်နေပြီး ထိုအဆင့်နိမ့် ရွှေအဆင့် ကောင်လေးမှာ ထည့်ပြောစရာပင် မလိုပေ။ အစားအစာအတွက် သူမ၏ ဒေါသကို သူတို့ စွန့်စားခဲ့ကြသည်။ ဆိုလိုသည်က ၎င်းတို့တွင် ထိုအထဲ၌ ရိက္ခာများ မရှိတော့ခြင်းပင်။
ထို့ကြောင့် သူတို့သည် ဤတံခါးမှ ပြန်ထွက်လာကြရမည် ဖြစ်သည်။ မကြာမီမှာပင်...။ သူမ အနေဖြင့် အလောတကြီး လုပ်ဆောင်ရန် မလိုအပ်တော့ပေ။
လင်းတုန်းသည် အိပ်မပျော်ခဲ့ပေ။ အိပ်မည့်အစား အိပ်မက်ရေတွင်းမှ ရေကိုသာ သောက်သုံးလိုက်သည်။
ကမ္ဘာကြီးသည် ပိုမို ကြည်လင်ပြတ်သားလာသည်။ သို့သော် ယင်းက သူ၏ များပြားလှသော နာကျင်မှုများနှင့် ဒဏ်ရာများအပေါ်သို့ အာရုံရောက်သွားစေသည်။ သူ၏ ခန္ဓာကိုယ်သည် ပြတ်ရှဒဏ်ရာများနှင့် လောင်ကျွမ်းဒဏ်ရာများဖြင့် ဖုံးလွှမ်းနေသည်။ သူ၏ မာဒြာ လမ်းကြောင်းများက စူးရှစွာ နာကျင်နေဆဲဖြစ်ပြီး သူ၏ နံရိုးများမှာလည်း သေချာပေါက် အက်ကွဲနေခဲ့ပြီ ဖြစ်၏။ သူသည် သွေးများကိုပင် အန်ချခဲ့ရပြီး သူ၏ သွေးရည်ကြို သံမဏိ ခန္ဓာသည် ရင်ဘတ်နှင့် အစာအိမ်ရှိ အတွင်းပိုင်း ဒဏ်ရာများကို ကုသရန်အတွက် မာဒြာ များကို စုစည်းပေးနေသည်။
"အိုး... ကြည့်ရတာ တော်တော်နာကျင်မယ့်ပုံပဲ..."
ကျောက်မျက်ရတနာထဲရှိ ကိုယ်ပိုင် နေရာမှနေ၍ ဒရော့စ်က ပြောလိုက်သည်။
"မင်းရဲ့ ဝိညာဉ် ကို ပြန်လည်ကောင်းမွန်လာစေမယ့် နည်းလမ်းကို ရှာနေတာ မဟုတ်လား... သေချာတာပေါ့... ကျင့်ကြံသူ တိုင်းက ဒီလိုပါပဲ... မင်း ကံကောင်းသွားတယ်... ငါ့ဆီမှာ ပြီးပြည့်စုံတဲ့ ဖြေရှင်းချက် ရှိနေတယ်..."
သူ ခိုအောင်းရာထဲမှ ထွက်ခွာလာတိုင်း သူ၏ အဆီအနှစ် အနည်းငယ် ဆုံးရှုံးသွားရသည်။ သို့သော် သိုလှောင်ခန်းထဲရှိ အခြား သတင်းအချက်အလက် မှော်ပစ္စည်း များထံမှ သူ ရယူခဲ့သောအရာများကြောင့် လတ်တလောတွင် မည်သည့်အန္တရာယ်မျှ ရှိနိုင်မည် မဟုတ်ပေ။
"ဝိညာဉ်ရေတွင်း တစ်ခု ရှိတယ်..."
မှော်ပစ္စည်း က ဆက်ပြောသည်။
"အိုး... အဲဒါက တကယ့်ကို လှပတယ်... နွေရာသီ ကောင်းကင်ပြာကြီးလိုပဲတဲ့... အဲဒီလိုပဲ ငါ ကြားဖူးတယ်... ငါကိုယ်တိုင်တော့ တစ်ခါမှ မမြင်ဖူးပါဘူး... တကယ်တော့ ကောင်းကင်ကြီးကိုလည်း တစ်ခါမှ မမြင်ဖူးဘူး... နွေရာသီကိုလည်း အတူတူပဲ... ဘာပဲဖြစ်ဖြစ် အဲဒီရေက စိတ်ဝိညာဉ် ကြီးထွားမှုကို အားပေးတယ်... ပြန်လည်ကောင်းမွန်လာဖို့ လှုံ့ဆော်ပေးပြီး မာဒြာ သိပ်သည်းဆကို မြင့်တက်စေတယ်... အဲဒါက အလုပ်သမားတွေအတွက် နောက်ထပ် ဆုကြေးတစ်ခုပဲ... ရေတစ်ခွက် ဒါမှမဟုတ် နှစ်ခွက်လောက် သောက်ရုံနဲ့တင် အဆင့်မြင့် ရွှေအဆင့် တစ်ယောက်ကို အဆင့်တက်ခါနီးအထိ ရောက်သွားစေနိုင်တယ်... အဲဒါက တော်တော်လေးကို မက်မောစရာကောင်းတဲ့ ဆုကြေးတစ်ခုလို့ ငါ ပြောနိုင်တယ်... အိပ်မက်ရေတွင်းလိုပဲ အဲဒီမှာလည်း ရေတွေ စုပုံနေမယ်ဆိုတာ ငါ သေချာပေါက် ပြောရဲတယ်... ဒါက လက်လွှတ်မခံသင့်တဲ့ အခွင့်အရေးတစ်ခုလို့ ငါ အာမခံတယ်..."
လင်းတုန်းသည် နံရံကို မှီကာ ထိုင်လျက် အနေအထားသို့ ရောက်အောင် ရုန်းကန်ထလိုက်သည်။
"ဘယ်မှာလဲ..."
"အာ... အဲဒါက ကျောက်စာကြည့်တိုက်ထဲမှာ ရှိတယ်... အဲဒီမှာ အိပ်မက် ကျင့်ကြံသူ တွေက သူတို့ရဲ့ ပရောဂျက်ကို ဆောင်ရွက်ခဲ့ကြတာ... ဦးနှောက်ကို အာရုံစိုက်လိုက်ရင် စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ မာဒြာ တစ်မျိုးကို စုစည်းနိုင်မယ်လို့ သူတို့ တွေးခဲ့ကြတယ်..."
"အဆင်မပြေခဲ့ဘူးလား..."
"ပမာဏ နည်းနည်းဆိုရင်တော့ မှော်ဝင်နေသလို အလုပ်ဖြစ်တယ်... ပမာဏ နည်းနည်းများသွားရင်တော့ စမ်းသပ်ခံရသူ အားလုံးကို ရူးသွပ်သွားစေတယ်..."
"ဒါဆို ငါတို့ အဲဒီကို ဘယ်လိုသွားကြမလဲ..."
ခရမ်းရောင် အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားပြီး တံခါးပေါက် အပြင်ဘက်ဆီသို့ တည့်မတ်စွာ ညွှန်ပြနေ၏။
"အဲဒီဘက်ကို ကိုက်ငါးရာလောက် သွားရမယ်..."
အက်ခီရီကို ဖြတ်ကျော်သွားရမည်။ သေချာသည်ပေါ့။
မည်သို့ပင်ဖြစ်စေ... သူ ပြန်လည်ကောင်းမွန်ချင်ပါက သူ၏ ခွန်အားများကို ဆက်လက်ထိန်းသိမ်းထားရန် လိုအပ်သည်။
လင်းတုန်းသည် သူ၏ ငါးကို ကြည့်လိုက်သည်။ သူသည် မီးမွှေးချင်စိတ် ပေါ်လာ၏။ သူ၏ ငါးကို ချက်ပြုတ်စားချင်ရုံသာမက မဟူရာ မီးတောက် အော်ရာ ကို ထုတ်လုပ်ရန် တစ်စုံတစ်ရာကိုလည်း သူ လိုအပ်နေသည်။ သူ၏ ဝိညာဉ်က မာဒြာ ကို သဘာဝအတိုင်း ပြန်လည်ဖြည့်တင်းရန် စောင့်ဆိုင်းနေပါက အမြုတေ ပြည့်လာရန် သီတင်းပတ်ပေါင်းများစွာ အချိန်ယူရမည် ဖြစ်သည်။ ထို့ပြင် ထိုအချိန်များအတွင်း သူ၏ စွမ်းအားများကို သန့်စင်ခြင်း သို့မဟုတ် တိုးချဲ့ခြင်းတို့ ပြုလုပ်နိုင်မည် မဟုတ်ပေ။
သို့သော် သူ မတ်တတ်ရပ်နိုင်ပါ့မလား ဆိုသည်ကို သေချာမသိပေ။ အစားထိုးအနေဖြင့် သူ၏ ဝိညာဉ်အကြွင်းအကျန် လက်မောင်းကို အသုံးပြုကာ အရောင်ဖျော့ဖျော့ အပြာနှင့် အဖြူ ရောစပ်နေသော အသားစ တစ်ခုမှ အရေခွံနှင့် အကြေးခွံများကို ခွာချလိုက်သည်။ အသားစတစ်ခုကို ဆွဲဖြဲကာ အစိမ်းလိုက်ပင် ပါးစပ်ထဲသို့ ထည့်သွင်းလိုက်လေသည်။
***