အခန်း ၃၇၁
Vol. 27 Ch. 371
အပိုင်း(၃၇၁)
ပစ်မှတ်များအဖြစ် အမှိုက်ပုံများကို အသုံးပြုကာ အိပ်မက်ရေတွင်းမှ ရေ၏ အထောက်အပံ့နှင့်အတူ အော်သို စောင့်ကြည့်နေစဉ် လင်းတုန်းသည် အာရုံစူးစိုက်မှု အပြည့်ဖြင့် လေ့ကျင့်ခန်းများ အတွင်း နစ်မြုပ် နေခဲ့လေသည်။
အော်ရာ များကို လည်ပတ်ခြင်း၊ ငါးကြင်းသားကို အစာချေဖျက်ခြင်း၊ နဂါး အသက်ရှူခြင်းကို လေ့ကျင့်ခြင်းနှင့် ဟင်းလင်းပြင် နဂါး၏ ကခုန်ခြင်း ကို သင်ယူခြင်းတို့သည် သူ၏ နေ့ရက်နှင့် ညဉ့်ယံတိုင်းကို မျိုချပစ်ခဲ့သည်။ သူ၏ အိပ်စက်ချိန် အားလုံးကို အိပ်မက်ရေတွင်းက အစားထိုးပေးခဲ့သည်။
သူသည် နှစ်ပတ်တိုင်တိုင် တောင့်ခံနိုင်ခဲ့သည်။
ယင်းမှာ သူတို့ တတ်နိုင်သမျှ အချိန်ပေးခဲ့ခြင်းပင် ဖြစ်သည်။ ထိုအချိန်များ ကုန်ဆုံးသွားချိန်တွင် အပြာလေးမှာ အားအင်ကုန်ခမ်းကာ ပိန်ချုံးပြီး အရောင်အသွေး ဆုတ်ယုတ်နေခဲ့သည်။
တစ္ဆေရေ သည် လအနည်းငယ်ခန့် ဆက်လက်တည်တံ့ရန် လုံလောက်ကြောင်း သူ့ကို အာမခံခဲ့သော ဒရော့စ် ပင်လျှင်၊ မာဒြာ ဆုံးရှုံးမှုကို လျှော့ချနိုင်ရန်အတွက် သူ၏ ကျောက်မျက်ရတနာထဲသို့ ပြန်လည်ဝင်ရောက်နေခဲ့ရ၏။ လင်းတုန်းသည် လေ့ကျင့်နေစဉ်အတွင်း သူ၏ မာဒြာ လမ်းကြောင်းများကို သန့်စင်သော မာဒြာ ဖြင့် ဆေးကြောနေဆဲ ဖြစ်သော်လည်း၊ မဟူရာ မီးတောက် လမ်းစဉ် ထံမှ ရရှိသော ထိခိုက်ပျက်စီးမှုများက စုပုံလာခဲ့သည်။ သူ၏ လမ်းကြောင်းများမှာ အမာရွတ်များ ထင်လာခဲ့သည်။ မဟူရာ မီးတောက် ကို အချိန်ကြာမြင့်စွာ လည်ပတ်ပြီးနောက် သူ့ကို ပြန်လည်ကုသပေးရန်အတွက် သွေးရည်ကြို သံမဏိ ခန္ဓာသည် အချိန်ပို၍ပို၍ ကြာမြင့်လာခဲ့သည်။ သူသည် အပြင်သို့ ထွက်ခွာပြီး သန့်စင်သော အမြုတေ ကို ပြန်လည်ဖြည့်တင်းရန် နည်းလမ်းရှာရမည် ဖြစ်သည်။
သူတို့ထဲမှ မည်သူမျှ ဤနေရာတွင် ဆက်လက် မနေနိုင်တော့ပေ။ ဒရော့စ်သည် ပိုမိုကောင်းမွန်သော ခိုအောင်းရာ တစ်ခုကို လိုအပ်နေပြီး၊ အပြာလေး က အစားအစာ လိုအပ်နေသည်။ အော်သိုမှာလည်း သူမ၏ ကုသပေးမှုကို လိုအပ်နေ၏။ ငွေစွယ်ငါးကြင်းကို သူတို့ စားသောက်ကုန်ဆုံးသွားခဲ့သည်မှာ တစ်ပတ်နီးပါးခန့် ရှိနေခဲ့ပြီ ဖြစ်သည်။ အကယ်၍ လင်းတုန်း ဆက်လက်စောင့်ဆိုင်းနေပါက သူ၏ အခြေအနေမှာ ပို၍သာ ဆိုးရွားလာမည် ဖြစ်သည်။
လင်းတုန်းသည် ဒရော့စ် ၏ ကျောက်မျက်ရတနာကို လက်ထဲတွင် ကိုင်ဆောင်လျက် တံခါးအနောက်ဘက်တွင် ရပ်နေခဲ့သည်။ သူသည် ဝိညာဉ် စီးဆင်းမှုကို ချောမွေ့စေရန်အတွက် အသက်ရှူခြင်းကို မှန်မှန်လေး ထိန်းထားလိုက်သည်။
အက်ခီရီ သည် သူမ၌ ရှိသမျှ အင်အားအကုန်ဖြင့် သူ့ထံ ဝင်ရောက်လာလိမ့်မည်။ သူမသည် သူ့ကို ဖြားယောင်းသွေးဆောင်ရန် သို့မဟုတ် လုယက်ရန် ကြိုးစားနေမည် မဟုတ်ဘဲ သတ်ဖြတ်ရန်သာ ကြိုးစားမည် ဖြစ်သည်။
သူမသည် လက်နက်တစ်ခုကို အသုံးပြုလိမ့်မည်ဟု အော်သိုက သူ့ကို သေချာပေါက် ပြောထားခဲ့သည်။ ထို့ပြင် သူမ၏ အဆင့်နိမ့် ရွှေအဆင့် အစေခံ နှစ်ယောက်ကို သူ ထွက်မပြေးနိုင်အောင် တားဆီးရန် နေရာယူခိုင်းထားမည် ဖြစ်ပြီး၊ သူမ၌ မည်သည့် ကရုဏာတရားမျှ ရှိနေမည် မဟုတ်ပေ။
"ဒရော့စ်..."
လင်းတုန်းက မေးလိုက်သည်။
"အဆင့်နိမ့် ရွှေအဆင့် တွေက အစစ်အမှန် ရွှေအဆင့် တွေကို အနိုင်ယူနိုင်တဲ့ အကြိမ်အရေအတွက် ဘယ်လောက်များများ ရှိလဲ..."
ယင်းမှာ နှစ်ပတ်တိုင်တိုင် သူ မေးရန် ရှောင်ကြဉ်ခဲ့သော မေးခွန်းပင် ဖြစ်သည်။ အဆင့်နိမ့် ရွှေအဆင့် ဖြစ်နေစဉ်က သဲမြွေပွေး ဂိုကရင် ၏ လက်ကို သူ ဖြတ်တောက်နိုင်ခဲ့သည်။ ဆိုလိုသည်မှာ သူသည် အစစ်အမှန် ရွှေအဆင့် များကို သေချာပေါက် ဒဏ်ရာရစေနိုင်ကြောင်းပင်။ ထို့ပြင် အောင်ပွဲရရန် အလွန်ခဲယဉ်းမှန်း သိလျက်နှင့်ပင် သူသည် ကျင်းလုံ နှင့် တိုက်ခိုက်ခဲ့ဖူးသည်။ ထို့ကြောင့် ယခုအချိန်လောက်ဆိုလျှင် ဤကဲ့သို့သော အခြေအနေမျိုးကို သူ ရင်းနှီးကျွမ်းဝင်နေသင့်ပြီ ဖြစ်သည်။
သို့သော် ထိုတိုက်ပွဲတွင် သူ ရှုံးနိမ့်ခဲ့သည် မဟုတ်ပါလား။
"ငါကတော့ အဲဒီအတွက် စိတ်ပူနေမှာ မဟုတ်ဘူး..."
လင်းတုန်း၏ လက်ထဲရှိ ကျောက်မျက်ရတနာမှ ခရမ်းရောင် အလင်းတန်းများ လင်းလက်သွားပြီး ဒရော့စ်က ပြောလိုက်သည်။
"မင်း အကောင်းဆုံး လုပ်နိုင်ဖို့ကိုပဲ အာရုံစိုက်ထားပါ... လုံးဝ မဖြစ်နိုင်တဲ့ အခြေအနေတွေအကြောင်း၊ ဒါမှမဟုတ် မင်း ကျရှုံးသွားရင် ဘာဖြစ်မလဲ ဆိုတာတွေကို မတွေးပါနဲ့... သူမက မင်းထက် သန်မာတဲ့ လူပေါင်းများစွာကို သတ်ဖြတ်ခဲ့ပြီးပြီ ဖြစ်ကောင်းဖြစ်နိုင်တယ်... ဒါပေမဲ့ အဲဒီအကြောင်းကို မင်း တွေးနေလို့ မရဘူး... ဘာလို့လဲဆိုတော့ တစ်စက္ကန့်လေး အာရုံလွဲသွားတာနဲ့ မင်း သေချာပေါက် သေသွားနိုင်လို့ပဲ..."
"...ကျေးဇူးပါပဲ..."
လင်းတုန်းက အသက်ရှူနှုန်း အနည်းငယ် မြန်ဆန်လာလျက် ပြောလိုက်သည်။
အော်သိုသည် သူ့ကို ဘေးသို့ တွန်းဖယ်လိုက်ပြီး လင်းတုန်းကို ပတ်လျှောက်သွားကာ သူနှင့် တံခါးပေါက် ကြားတွင် ရပ်လိုက်သည်။ သူသည် အမှောင်ထုထဲမှ စက်ဝိုင်းပုံစံ အနီရောင် မျက်လုံးများဖြင့် သူ့ကို စူးရဲစွာ စိုက်ကြည့်လိုက်၏။
"ငါပြောတာ နားထောင်စမ်း... မဟူရာ နဂါးတွေဟာ ဒီတိုက်ကြီးရဲ့ ဘုရင်တွေပဲ... သူတို့ခေတ်တုန်းကဆိုရင် သူတို့ရဲ့ စွမ်းအားတွေက အာကူရာ မိသားစု ကိုတောင် မှေးမှိန်သွားစေခဲ့တာ... ရွှေရောင် နဂါးတွေဆိုတာ သူတို့အောက်က အစေခံ မိသားစုလေး တစ်ခုသာသာပဲ... အကြွင်းအကျန်လေး တစ်ခုရဖို့အတွက်တောင် အောက်ကျနောက်ကျ ခံပြီး ကုတ်ဖဲ့နေခဲ့ရတာ..."
သူက ခြေထောက်တစ်ဖက်ကို မြှောက်လိုက်ပြီး ခြေသည်းဖြင့် လင်းတုန်း၏ အစာအိမ်ကို ပုတ်လိုက်သည်။
"အဲဒါ မင်းဆီမှာ စီးဆင်းနေတဲ့ ဝိညာဉ် ပဲ... သူက မင်းထက် အဆင့်နှစ်ဆင့် မြင့်နေတာလား... ကောင်းတယ်... ဒါကို စိန်ခေါ်မှု တစ်ခုဖြစ်လာစေဖို့ အနည်းဆုံးတော့ အဲဒီလောက် အခက်အခဲမျိုးတော့ မင်း လိုအပ်တာပေါ့..."
အော်သိုက သူ၏ ခေါင်းကို မြွေတစ်ကောင်ကဲ့သို့ နှိမ့်ချလိုက်ပြီး ဒရော့စ်ကို မေးရိုးများဖြင့် ဟပ်ယူလိုက်သည်။ ထို့နောက် ကျောက်မျက်ရတနာကို မြှောက်ကာ သော့ပေါက်ထဲသို့ ဖိထည့်လိုက်လေသည်။ တံခါးကြီး အရည်ပျော်ကျသွားပြီး အက်ခီရီ၏ ခိုလှုံရာဖြစ်သော ရွှေရောင် မာဒြာ များဖြင့် ဖွဲ့စည်းထားသည့် အတုံးအခဲ တည်ဆောက်ပုံကြီး ပေါ်လွင်လာခဲ့သည်။
လိပ်ကြီးက ဒရော့စ်ကို လွှတ်ပေးလိုက်ပြီး လင်းတုန်းထံသို့ ပြန်လှည့်လိုက်သည်။
"အဲဒီအပြင်ကို ထွက်သွားပြီး အစစ်အမှန် နဂါးတစ်ကောင်ရဲ့ စွမ်းအားကို သူမကို ပြလိုက်စမ်း..."
ခန္ဓာကိုယ်ထဲတွင် မဟူရာ မီးတောက် လမ်းစဉ် များ စီးဆင်းသွားသည်နှင့်အတူ မျက်လုံးများ အနက်ရောင် ပြောင်းသွားချိန်တွင် လင်းတုန်းသည် သွေးများ ပူနွေးလာသည်ကို ခံစားလိုက်ရသည်။ သူသည် နောက်ထပ် စကားတစ်ခွန်းမျှ မဆိုတော့ဘဲ ရှေ့သို့ ချီတက်သွားခဲ့သည်။ သူ၏ အနောက်တွင် တံခါးကြီး ပိတ်သွားချိန်၌ပင် နောက်သို့ လှည့်မကြည့်ခဲ့တော့ပေ။
အပြာရောင် အလင်းတန်းအောက်တွင် ဒရော့စ်က တောက်ပစွာ လင်းလက်သွားသည်။
"ဝိုး... မင်းက တကယ်ပဲ သူ့ကို သွေးဆူသွားအောင် လုပ်လိုက်တာပဲ... မဟုတ်ဘူးလား... ငါ သူနဲ့ စကားပြောပြီးတုန်းကတော့ သူ သိပ်ပြီး အားတက်သွားပုံ မပေါ်ဘူး... ဒါပေမဲ့ ဝိုး... မင်းက ဘယ်ကြိုးကို ဆွဲရမလဲဆိုတာ အတိအကျ သိနေတာပဲ... ငါ့မှာသာ လက်တွေ ရှိမယ်ဆိုရင် အခုချက်ချင်း မင်းကို လက်ခုပ်တီးပေးမိမှာ... ငါ လက်ခုပ်တီးနေတယ်လို့သာ မြင်ယောင်ကြည့်လိုက်စမ်းပါ..."
အော်သိုက သူ့ကို လျစ်လျူရှုကာ မြေပြင်ပေါ်တွင် ဝပ်ချလိုက်သည်။ ဆယ်လ်ဗန် မြစ်မျိုးစေ့ လေးက သူ့ကို စိုးရိမ်တကြီး လှမ်းကြည့်ကာ အသံလေး ပြုလိုက်သည်။ သူက သူမကို တက်လာစေရန်နှင့် သူနှင့်အတူ စောင့်ဆိုင်းနိုင်ရန် ခြေထောက်တစ်ဖက်ကို ဆန့်ထုတ်ပေးလိုက်၏။
"ကဲ... ငါ့ကို ရိုးရိုးသားသား ပြောပြစမ်းပါ..."
ဒရော့စ်က ဆက်ပြောသည်။
"သူနိုင်ဖို့ အခွင့်အရေး ဘယ်လောက်ရှိတယ်လို့ မင်း ထင်လဲ... သူ ဒီမှာ မရှိဘူး... မင်းပြောတာ သူ ကြားရမှာ မဟုတ်ဘူး... မင်း ဘာတွေးနေလဲ ဆိုတာကိုပဲ ငါ သိချင်ရုံပါ... လိပ် တစ်ကောင်နဲ့ ကျောက်မျက်ရတနာ တစ်ခုကြားက စကားဝိုင်းလေးပေါ့..."
"သူက ငါ့ရဲ့ လက်တွဲဖော်ပဲ..."
အော်သိုက ဟိန်းဟောက်လိုက်သည်။ ထို မှော်ပစ္စည်း လေးမှာ စကားများလွန်းလှသည်။ သူကတော့ တိတ်တဆိတ်သာ စောင့်ဆိုင်းချင်နေခဲ့သည်။
"မဟုတ်ဘူးလေ... သေချာတာပေါ့... အဲဒါကို ငါ နားလည်ပါတယ်... ဒါပေမဲ့ သူ့ရဲ့ အခွင့်အရေးက တကယ်ရော ဘယ်လောက်ရှိလဲ... ဆယ်ပုံ တစ်ပုံလား... ရာပုံ တစ်ပုံလား... ဒါမှမဟုတ် နှစ်ပုံ တစ်ပုံလောက်ပဲလား..."
အော်သိုသည် ခရမ်းရောင် လင်းလက်နေသော ကျောက်မျက်ရတနာဆီသို့ မျက်လုံးများကို စိုက်ကြည့်လိုက်သည်။
"ရာခိုင်နှုန်း ပြည့်ပဲ..."
"...အကောင်းမြင်ဝါဒပါလား... အိုး... အဲဒါ အဖြေကောင်းပဲ... တကယ့်ကို ကောင်းပါတယ်... မှားယွင်းတဲ့ သတ္တိက စိတ်ဓာတ်တွေ မကျသွားအောင် ထိန်းထားဖို့အတွက် တကယ်ပဲ အံ့သြစရာတွေ လုပ်နိုင်တယ်လေ..."
"နောက်တစ်ခွန်း ထပ်ဟကြည့်စမ်း... မင်းကို ငါ စားပစ်လိုက်မယ်..."
...
လင်းတုန်းသည် စွမ်းအားဖုံးကွယ်မှု မပါဘဲ ရွှေရောင် ခိုလှုံရာအိမ်ရှေ့တွင် မတ်တတ်ရပ်နေခဲ့သည်။ သူသည် အမြင့်ဆုံး ပြတင်းပေါက်ဆီသို့ မော့ကြည့်နေ၏။ လိမ္မော်ရောင် ကန့်လန့်ကာများသည် ငြိမ်သက်နေသော လေထုထဲတွင် လျော့ရဲစွာ တွဲလောင်းကျနေသည်။
သူ ခန်းမထဲမှ ထွက်လာပြီး စက္ကန့်အနည်းငယ် အကြာတွင်ပင် နဂါး၏ အစေခံ နှစ်ယောက်သည် ရှေ့တံခါးမှ ထွက်လာကြသည်။ လင်းတုန်းသည် သူတို့၏ လှုပ်ရှားမှုများကို ခြေရာခံကာ ကိုယ်ကို တင်းထားလိုက်၏။ သို့သော် ရိုးရိုးရှင်းရှင်း ရုပ်သွင်ရှိသော ထိုလူနှစ်ယောက်သည် မတူညီသော အရပ်မျက်နှာ အသီးသီးသို့ လျှောက်သွားကြသည်။ ထို့နောက် အနီးဆုံး သစ်ပင်ပင်စည်များ၏ အစွန်းနားတွင် နေရာယူလိုက်ကြလေသည်။ မျှော်လင့်ထားသည့်အတိုင်းပင် သူတို့သည် သူ့ကို ထွက်မပြေးနိုင်ရန် တားဆီးရန် ထိုနေရာတွင် ရှိနေကြခြင်း ဖြစ်သည်။ သူတို့သည် အဆင့်နိမ့် ရွှေအဆင့် များကဲ့သို့ ခံစားရသော်လည်း၊ သူ၏ ဝိညာဉ်အာရုံဖြင့် သူတို့ကို ဖတ်ရှုရန် ခက်ခဲနေခဲ့သည်။ ယင်းမှာ မြူခိုးတစ်ဆုပ်ကို ဆုပ်ကိုင်ရန် ကြိုးစားနေရသကဲ့သို့ ဖြစ်နေ၏။
အမြင့်ဆုံး ပြတင်းပေါက်တွင် အက်ခီရီ ပေါ်လာခဲ့သည်။ နဂါးမလေးသည် သူ့ကို အပေါ်မှနေ၍ စူးရဲစွာ စိုက်ကြည့်နေသည်။ သူမ၏ ရွှေရောင် အကြေးခွံများသည် အလင်းရောင်အောက်တွင် တလက်လက် တောက်ပနေ၏။ သူမသည် စိတ်ကူးယဉ်ဆန်သော အရောင်အသွေးစုံ အဝတ်အစားများ အထပ်ထပ် ဝတ်ဆင်ထားခြင်းကို စွန့်လွှတ်ထားခဲ့သည်။ ၎င်းအစား ကျင့်ကြံသူ တစ်ယောက်၏ ဝတ်ရုံနှင့် ပိုတူသော ကျောက်စိမ်းရောင် ပိုးသားဝတ်ရုံကို လဲလှယ်ဝတ်ဆင်ထားသည်။ သူမ၏ ရင်ဘတ်တွင် ဆွဲကြိုးများ ချိတ်ဆွဲထားဆဲ ဖြစ်ပြီး ဘေးတွင်လည်း လက်နက်တစ်ခုကို ကိုင်ဆောင်ထားသည်။ ၎င်းသည် ဓားရိုးတစ်ခု တပ်ဆင်ထားသော လက်မအရွယ်အစား အထူရှိသည့် အပ်ရှည်ကြီး တစ်ချောင်းနှင့် တူနေ၏။
လှုပ်ရှားမှု တစ်ခုလေးကိုမျှ လက်လွတ်သွားမည်ကို စိုးရိမ်သောကြောင့်၊ လင်းတုန်းသည် သူမအပေါ်သို့ အာရုံစူးစိုက်ကာ မော့ကြည့်နေခဲ့သည်။ သူမကလည်း သူ့ကို ရပ်ကြည့်နေခဲ့၏။
ထို့နောက် သူမသည် သူမ၏ ဝိညာဉ် ကို အပြည့်အဝ ဖော်ထုတ်ပြသလိုက်လေသည်။
သူ၏ မျက်စိရှေ့တွင် မည်သည့်အရာမျှ ပြောင်းလဲမသွားသော်လည်း၊ သူ၏ ဝိညာဉ်မှာ တုန်လှုပ်သွားခဲ့သည်။ မှိန်ဖျော့သော ဖိအားတစ်ခုက သူ့အပေါ်သို့ ဖိကျလာသည်။ သူမသည် သူ့ထံသို့ ဒေါသတကြီး လောင်ကျွမ်းလာသော တောမီးကြီး တစ်ခုကဲ့သို့ ခံစားလိုက်ရ၏။ သူ၏ ခန္ဓာကိုယ်ထဲရှိ မဟူရာ မီးတောက် မာဒြာ သည် မီးလင်းဖို ရှေ့ရှိ ဖယောင်းတိုင်လေး တစ်တိုင်သာသာ ဖြစ်နေခဲ့သည်။ သူမသည် သူ့ကို သေးသိမ်သွားစေခဲ့သည်။
မည်သို့ပင်ဖြစ်စေ လင်းတုန်းသည် သူ၏ မာဒြာ များကို စုစည်းလိုက်ပြီး မီးတောက် ခြုံလွှာကို အသက်သွင်းလိုက်သည်။ အော်သို ၏ စကားများက သူ့ကို ခွန်အားဖြစ်စေခဲ့သည်။ ဤအရာသည် အခက်အခဲ တစ်ခုမျှသာ ဖြစ်သည် မဟုတ်ပါလား။
ထို့ပြင် ဤတစ်ကြိမ်တွင်တော့ သူသည် သူမကို တိတ်တဆိတ် ဖြတ်ကျော်သွားရန် ကြိုးစားနေခြင်း မဟုတ်တော့ပေ။
***