ညီအစ်ကိုကျောက် ဝိညာဉ်အတွက် ကြက်စွပ်ပြုတ်ဆိုတာကို ကြားဖူးလား
Vol. 6-10 Ch. 126
အခန်း (၁၂၆) : ညီအစ်ကိုကျောက် ဝိညာဉ်အတွက် ကြက်စွပ်ပြုတ်ဆိုတာကို ကြားဖူးလား
ဒီလူငယ်က မြူခိုးမြို့တော်မှာ အတော်လေး နာမည်ကြီးတဲ့ပုံပဲ
သူ လရောင်သက်တန့် တည်းခိုခန်းထဲကနေ ဆွဲထုတ်ခံလိုက်ရကတည်းက ဖြတ်သွားဖြတ်လာတွေရဲ့ အာရုံကို အလျင်အမြန် ဖမ်းစားလိုက်နိုင်တယ်
“ ဒါ ကျောက်ဟောင်မဟုတ်လား။ သူ လရောင်သက်တန့် တည်းခိုခန်းကို ရောက်နေပြန်ပြီ။ အံ့ဖွယ်မူးယစ်သေရည် အလကားသောက်ချင်ပြန်ပြီ ထင်တယ်”
“ သူ့ဘေးမှာ တခြားဘယ်သူတွေ ရှိသေးလို့လဲ။ ဟင်း….သူကလည်း အရင်တုန်းကတော့ တက်ကြွပြီး တော်တဲ့ လူငယ် ပါရမီရှင်လေး တစ်ယောက်ပဲ။ အခုတော့ သနားစရာပဲနော်”
“ မတတ်နိုင်ဘူးလေ… ကျင့်ကြံရေးလမ်းစဉ်က ဒီလိုပဲလေ။ ပါရမီရှင်တစ်ယောက်တောင် အသုံးမကျတဲ့သူတစ်ယောက် ဖြစ်သွားနိုင်သေးတာပဲ။ သူ ကံမကောင်းတာကိုပဲ အပြစ်တင်ရမှာပေါ့”
“ အခုလက်ရှိ ကျောက်ဟောင်က အရမ်းကို ပျက်စီးနေပြီ။ သူက ကောင်းကင်လောင်ကျွမ်း မြို့စားရဲ့သား ဖြစ်သလို ဧကရာဇ်လောင်းရဲ့ သမက်လည်းဖြစ်တယ်ဆို တကယ်လား ”
“ ထပ်မပြောပါနဲ့တော့…. ကောင်းကင်လောင်ကျွမ်း မြို့စားကလည်း ကမ္ဘာဦးတိုက်ပွဲနယ်မြေထဲမှာ မပျောက်သွားခဲ့ရင် ကျောက်ဟောင်လည်း ချီဖောက်ပြန်တာမျိုး ဖြစ်မှာမဟုတ်သလို ကျင့်ကြံဆင့်ကိုလည်း ဆုံးရှုံးလိုက်ရမှာ မဟုတ်ဘူး”
“ လောကပေါ်မှာ အဲလိုသာ မဖြစ်ခဲ့ရင်ဆိုပြီး နောင်တရနေလို့ မဖြစ်ဘူး။ အခု သူက အသုံးမကျတဲ့သူ တစ်ယောက်ဖြစ်နေပြီဆိုတော့ သူ့ လက်ထပ်ပွဲလည်း ပျက်သွားပြီလေ”
“ ကျောက်မိသားစုရဲ့ စည်းစိမ်တွေကို မျိုးနွယ်စုထဲမှာရှိတဲ့ တခြားဆွေမျိုးတွေက ယူပြီးတော့ သူ့အတွက် နည်းနည်းလေးတောင် ချန်မပေးခဲ့ဘူးလို့ ငါ ကြားထားသေးတယ်”
“ ဟား…ဟား…ဟား…သူတို့ ကျောက်မိသားစု ကြီးပွားချမ်းသာတုန်းက မကောင်းတာတွေ အများကြီး လုပ်ခဲ့လို့ အခု ပြန်ဝဋ်လည်နေတာဖြစ်မှာပေါ့”
လူတွေက ဒီလိုပါပဲ…တခြားသူတွေရဲ့ ပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှုတွေ အကြောင်းကို စားနေတုန်း ဒါမှမဟုတ် အစာ စားပြီးချိန်တို့မှာ အပြောင်အပျက်အဖြစ် ပြောတတ်ကြတယ်လေ
လမ်းတစ်ဖက်ခြမ်းရှိ ဖြတ်သွားဖြတ်လာတွေက မူးနေသော ကျောက်ဟောင်ကို လက်ညှိုးထိုးကာ ပြောဆိုနေကြသော်လည်း သူ့ကို ကူညီမည့်သူတော့ မရှိပေ။
ရှန်ထျန်းက သက်ပြင်းချကာ ကျောက်ဟောင်ဆီသို့ ဖြည်းဖြည်းချင်း လမ်းလျှောက်သွားကာ ကူညီပြီး ထူပေးရင်း ပြောလိုက်သည်
“ ညီအစ်ကို မြေပြင်ပေါ်မှာ လှဲမနေနဲ့လေ”
ကျောက်ဟောင်က မူးဝေနေသော မျက်လုံးကို ဖွင့်ကာ ရှန်ထျန်းကို စိုက်ကြည့်ရင်း ပြောလိုက်သည်
“ ဟေး… တကယ်.. တကယ့်ကို လှတဲ့ မိန်းကလေးပဲ”
ရှန်ထျန်း မည်သို့ တုံ့ပြန်ရမည်မှန်းပင် မသိတော့ပေ။
ဒီငနဲသာ မူးမနေဘူးဆိုရင်တော့ ခရမ်းရွှေတူနဲ့ အကြိမ်ကြိမ်ကို ထုပစ်ချင်တယ်
ဟုတ်ပြီ
တကယ်တော့ ဒီ ပေါ့ပျက်ပျက်နိုင်တဲ့ ကောင်လေးရဲ့ ကံကြမ္မာက အတော်လေး ထိတ်လန့်ဖို့ကောင်းတယ်။
သူ့ မိဘတွေဆုံးသွားတယ်…သူ့ ကျင့်ကြံဆင့်တွေ အကုန်လုံးကိုလည်း ဆုံးရှုံးလိုက်ရတယ်… စည်းစိမ်တွေ အလုခံလိုက်ရတယ်…
မင်းသမီးလေးနဲ့ လက်ထပ်ပွဲလည်း ပျက်သွားတယ်။ အခုက အနာဂတ်မှာ ပြန်လက်စားချေပြီး တောက်ပမဲ့ အဓိက ဇာတ်ကောင်လေးရဲ့ အစပေါ့
ရှန်ထျန်းက ထိုလူငယ်လေး၏ ခေါင်းပေါ်ရှိ ရောင်ဝါစက်ဝန်းကို ကြည့်လိုက်သည့်အခါ တခြားသူများနှင့်မတူဘဲ အနက်ရောင်တစ်ဝက် ရွှေရောင်တစ်ဝက်ဖြင့် တမူထူးခြားနေသည်ကို တွေ့လိုက်ရသည်။
ထိုလူငယ်လေး၏ ရောင်ဝါစက်ဝန်းရှိ ရွှေရောင်သည် အနက်ရောင်ဘက်ခြမ်းကို ဖြည်းဖြည်းခြင်း လွှမ်းခြုံလာသည်ကို ရှန်ထျန်း ရှင်းလင်းစွာ မြင်လိုက်ရသည်။
ဤရောင်ဝါစက်ဝန်းက မည်သည်ကို ကိုယ်စားပြုကြောင်း ရှန်ထျန်းအနေနှင့် သေချာမသိသော်လည်း ကံမကောင်းမှုများ လျော့နည်းပြီး ကံကောင်းမှု တိုးမြင့်လာသည်ဟု ခန့်မှန်းမိသည်။
ထိုကဲ့သို့သော ရောင်ဝါစက်ဝန်းမျိုးကို ရှန်ထျန်း ပထမဦးဆုံး တွေ့ဖူးခြင်းဖြစ်တာကြောင့် သူ့အတွက် လေ့လာဖို့ အရမ်းအရေးကြီးသည်။ ထို့ကြောင့် ရှန်ထျန်းက စိတ်ဆင်းရဲနေသော လူငယ်လေးကို သူ သောက်ချင်သမျှ အံ့ဖွယ်မူးယစ် သေရည်တွေ အားလုံး ဝယ်တိုက်ဖို့ ဆုံးဖြတ်လိုက်သည်။
ရှန်ထျန်းက ပြုံးကာ ပြောလိုက်သည်
“ညီအစ်ကို… ကျွန်တော်က သောက်စရာတစ်ခုခု ဝယ်တိုက်မယ်ဆိုရင် ဘယ်လိုလဲ”
သောက်စရာ တစ်ခုခုတဲ့လား
ရှန်ထျန်းက သောက်စရာ တစ်ခုခု ဝယ်တိုက်မည်ဟု ပြောလိုက်တာကြောင့် ကျောက်ဟောင် မနေနိုင်မထိုင်နိုင်ပြုံးကာ ပြောလိုက်သည်
“ နတ်သမီးလေးရဲ့ ရက်ရောမှုအတွက် ကျေး…ကျေးဇူးတင်ပါတယ်နော်”
ရှန်ထျန်း ဆွံ့အသွားမိသည်။
ဘေးမှာ ရပ်နေသော ကျန်းယွင်ရှီးက လက်ပိုက်ကြည့်မနေနိုင်တော့တာကြောင့် ကျောက်ဟောင်ရှေ့သို့ ခန့်ညားသော ခြေလှမ်းများဖြင့် လှမ်းလာပြီး ပြောလိုက်သည်
“ ဒီမှာ… အရမ်းလွန်နေပြီနော်”
ကျောက်ဟောင်က ကျန်းယွင်ရှီးကို တစ်ချက်ကြည့်ကာ လက်ယမ်းပြရင်း ပြောလိုက်သည်
“ ညီအစ်ကို အထင်မလွဲပါနဲ့။ ခင်ဗျားရဲ့ ပါတနာကို ကျုပ် မြူဆွယ်နေတာ မဟုတ်ပါဘူး။ ကျုပ်ကို အံ့ဖွယ်မူးယစ်သေရည် ဝယ်တိုက်မယ်လို့ အရင်ပြောတာ ဒီက နတ်သမီးလေးပါ။ ကျုပ်ဘာသာ အံ့ဖွယ်မူးယစ်သေရည် သုံးခွက်သောက်ပြီး အပြစ်ပေးမယ်ဆိုရင် သဘောတူလား”
ဂေ့…
ကျောက်ဟောင် မျက်မှောင်ကြုတ်ကာ လေချဉ်တက်လိုက်သည့်အတွက် ဈေးကြီးသည့် အံ့ဖွယ်မူးယစ် သေရည်ရနံ့လည်း လေထဲ ပျံ့နှံ့သွားသည်။
ကျန်းယွင်ရှီး အံကြိတ်ကာ ဒေါသထွက်နေတာကို ရှန်ထျန်း မြင်လိုက်ရသည့်အတွက် ကျောက်ဟောင်ကို ဆွဲထူကာ လရောင်သက်တန့် တည်းခိုခန်းထဲသို့ အမြန်ဝင်သွားရသည်။
သူ ကျောက်ဟောင်ကို တခြားနေရာ ခေါ်သွားမှ ရမယ်။ မဟုတ်ရင် ကျန်းယွင်ရှီးနဲ့ သူ တွေ့ပါများပြီး သူမကို ညီအစ်ကိုလို့ပဲ ခေါ်နေမယ်ဆိုရင် သူမက သူ့ကို ရိုက်နှက်ရင် ဘယ်လိုလုပ်မလဲ
သူတို့နှစ်ယောက်မှာ တစ်ယောက်က ရွှေရောင် ရောင်ဝါစက်ဝန်းရှိသည့် စွမ်းအားကြီးမားသောသူ ဖြစ်ပြီး ကျန်တစ်ယောက်က အနာဂတ်တွင် တောက်ပလာနိုင်သည့် အနက်ရောင်တစ်ဝက် ရွှေရောင်တစ်ဝက် ရောင်ဝါစက်ဝန်း ရှိသူ မဟုတ်ပါလော။ သူတို့နှစ်ယောက်လုံး၏ ကံကြမ္မာက ကောင်းမွန်လွန်းနေသည်။ သူတို့သာ တိုက်ခိုက်မည်ဆိုပါက ရလဒ် ဘယ်လိုပဲဖြစ်လာပါစေ ရှန်ထျန်းအတွက် ဘာမှ အကျိုးရှိမည် မဟုတ်ပေ။
ကျောက်ဟောင်က ကျင့်ကြံဆင့်ကို ဆုံးရှုံးထားသည့်အတွက် ရှန်ထျန်း ဆွဲခေါ်သွားတာကို ပြန်လည်ခုခံနိုင်စွမ်း မရှိပေ။
“ နတ်သမီးလေး… ကျေးဇူးပြုပြီးတော့ ကိုယ့်ကိုယ်ကို ထိန်းပါဦး။ ကျ…ကျုပ်ရဲ့ လက်ထပ်ပွဲက ပျက်သွားပေမဲ့ ပေါ့ပျက်ပျက်ကောင်တော့ မဟုတ်ပါဘူး”
ရှေးဦးအဆီအနှစ် လေးလံရေစင်ဖြင့် ထိုလူ၏ မျက်နှာကို ပက်ကာ တည်းခိုခန်းထဲသို့ ဆွဲသွင်းချင်စိတ်ကို ရှန်ထျန်း မနည်းထိန်းထားရသည်။
ရှန်ထျန်းက သူတော်စင် အမှတ်အသားပြားကို တိတ်တိတ်လေး ပြလိုက်တာကြောင့် တည်းခိုခန်း စီမံခန့်ခွဲသူကလည်း သူ့ကို ဘယ်လိုလုပ်ပြီးတော့ တားရဲပါ့မလဲ ...
သူလည်း မြူခိုးမြို့တော် တစ်ဝက်လောက်ကို ကောင်းကောင်းမြင်ရသော လရောင်သက်တန့် တည်းခိုခန်း၏ ထိပ်ဆုံးအလွှာရှိ အကောင်းဆုံး သီးသန့်ခန်းကို ချက်ချင်း ပြင်ဆင်ပေးလိုက်ရသည်။
ကျောက်ဟောင်တစ်ယောက် ခြေဆေးဇလုံ အရွယ်အစားရှိာ အမူးပြေ လက်ဖက်ရည်တစ်ခွက် သောက်ပြီးနောက်မှ အသိစိတ်လေး နည်းနည်း ပြန်ဝင်လာသည်။
ဟုတ်တယ် နည်းနည်းလေးပဲလေ… အနည်းဆုံးတော့ သူက ကျန်းယွင်ရှီးကို ညီအစ်ကို လို့ခေါ်နေတုန်းပဲ
အံ့ဖွယ်မူးယစ်သေရည် တစ်ခွက်သောက်ပြီးနောက် ကျောက်ဟောင်က ပြောလိုက်သည်
“ နတ်သမီးလေး…ကျုပ် အရမ်းကို စိတ်လှုပ်ရှားသွားပြီ။ ကျုပ် ကျင့်ကြံဆင့်ကို ဆုံးရှုံးပြီးကတည်းက သေရည်တိုက်တဲ့ မိန်းကလေးဆို မင်းက ပထမဆုံးပဲ”
ရှန်ထျန်းက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်
“ ကျွန်တော်က ယောက်ျားပါ”
ကျောက်ဟောင်က မျက်မှောင်ကြုတ်ကာ ရှန်ထျန်းကို သေချာစိုက်ကြည့်လိုက်သည်။
ထို့နောက် ပြုံးရင်း လက်ယမ်းပြကာ ပြောလိုက်သည်
“ နတ်သမီးလေးကတော့ နောက်ပြီ။ ဘယ်လိုလုပ်ပြီးတော့ ယောက်ျားဖြစ်နိုင်မှာလဲ။ ဒီကမ္ဘာပေါ်မှာ ဒီလောက်အထိ ရုပ်ချောတဲ့ အမျိုးသား မရှိနိုင်ပါဘူး”
စကားပြောရင်း ကျောက်ဟောင်၏ မျက်လုံးတွေ နီရဲလာသည်
“ နတ်သမီးလေး…စိတ်မပူပါနဲ့နော်။ အနာဂတ်မှာ ကျုပ် အောင်မြင်သွားရင် ဒီနေ့ မင်း တိုက်ခဲ့တဲ့ သေရည်အတွက် ကုန်ကျတဲ့ ပိုက်ဆံကို အတိအကျ သေချာပေါက် ပြန်ပေးပါတယ်။ အာ…ဟုတ်သားပဲ… ကျုပ်ာ် နတ်သမီးလေးရဲ့ နာမည်ကို သိခွင့်ရှိမလား”
ရှန်ထျန်းက နှုတ်ခမ်းမဲ့ရွဲ့ပြကာ စီမံခန့်ခွဲသူကို နောက်ထပ် အမူးပြေလက်ဖက်ရည်တစ်ခွက် ထပ်ယူခိုင်းလိုက်သည်။
နောက်ထပ်တစ်ခါ ထပ်သောက်လိုက်သည့်အတွက် ကျောက်ဟောင်၏ ဗိုက် ဖောင်းကားသွားသည်။
ရှန်ထျန်းကလည်း ရုတ်တရက် ကျောက်ဟောင်၏ ဗိုက်ကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။ ကျောက်ဟောင်၏ မျက်နှာထားလည်း ချက်ချင်းပြောင်းသွားကာ ဘေးဖက်သို့ ပြေးသွားပြီး အန်တော့သည်။
ဝေါ့….
အူတွေပါ ထွက်လာလောက်သည်အထိ အန်ပြီးနောက် ကျောက်ဟောင် အသိစိတ်တချို့ ပြန်ဝင်လာသည်။ သူက ရှန်ထျန်း၏ ပုံပန်းသွင်ပြင်ကို ကြည့်ပြီးနောက် ယောက်ျားတစ်ယောက်ဖြစ်မှန်း အတည်ပြုပြီးနောက် ပိုပြီးတော့ ဆက်သောက်ချင်လာရသည်။
ဒီကမ္ဘာမှာ ဒီလောက်ထိ ချောတဲ့ ယောက်ျားတစ်ယောက် တကယ်ရှိတယ်တဲ့လား…အဓိပ္ပာယ် မရှိလိုက်တာ
ရှန်ထျန်းက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်
“ ညီအစ်ကိုကျောက် ဒီလောကမှာ အမှားလုပ်မိတဲ့အရာတွေ အများကြီး ရှိမှာပဲ။ ဘဝရဲ့ အနိမ့်အမြင့် အတက်အကျဆိုတာ ရှိပေမဲ့ အသက်တော့ ဆက်ရှင်နေရသေးတာပဲလေ။ မင်း တကယ် လက်မလျှော့လိုက်သင့်ဘူး”
ကျောက်ဟောင်က ခေါင်းယမ်းပြကာ ပြောလိုက်သည်
“ မဟုတ်ဘူး … ညီအစ်ကိုက ဘယ်တော့မှ ကျုပ်ရဲ့ ခါးသီးမှုကို နားလည်နိုင်မှာ မဟုတ်ဘူး”
ရှန်ထျန်းက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်
“ ဘယ်သူက ပိုပြီးတော့ စိတ်ဆင်းရဲ ဒုက္ခရောက်ရလဲဆိုတာကို နှိုင်းယှဉ်ကြည့်ချင်လား။ ဒါနဲ့ ပတ်သတ်ပြီး ကျွန်တော် ဘယ်တုန်းကမှ မရှုံးခဲ့ဖူးဘူးနော်”
ကျောက်ဟောင်က ကိုယ့်ကိုယ်ကို လှောင်ရယ်ရင်း ပြောလိုက်သည်
“ ညီအစ်ကိုက ကျုပ်ကို နှစ်သိမ့်ပေးချင်နေမှန်း သိပါတယ်။ အဲဒါအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျုပ်က မကျင့်ကြံနိုင်တဲ့ အသုံးမကျတဲ့ အမှိုက် ဖြစ်နေပြီးပါပြီ”
ရှန်ထျန်းက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်
“ ကျွန်တော်က ငယ်ငယ်ကတည်းက ချီဖောက်ပြန်ခြင်းကို ခဏခဏ ခံစားခဲ့ရပေမဲ့ ညီအစ်ကိုက တစ်ခါတည်းပဲ ခံစားရပြီး ကျင့်ကြံဆင့် အကုန်လုံးကို ဆုံးရှံးလိုက်ရတာလေ”
ကျောက်ဟောင်က အံ့အားသင့်စွာဖြင့် ပြန်မေးလိုက်သည်
“ ညီအစ်ကို တကယ် ပြောနေတာလား။ ချီဖောက်ပြန်ခြင်းကို ခဏခဏ ခံစားရတယ်ဆိုတာ ဖြစ်နိုင်လို့လား”
ရှန်ထျန်းက ခေါင်းညိတ်ပြကာ ပြောလိုက်သည်
“ အမှန်အတိုင်း ပြောရရင် ကျွန်တော်က မီးတိုင်းပြည်ရဲ့ မင်းသား(၁၃) ရှန်ထျန်းပါ”
ကျောက်ဟောင်က အသက်ဝဝရှူပြီးမှ ဆက်ပြောလိုက်သည်
“ ကံဆိုးမိုးမှောင်ကျတဲ့သူလို့ နာမည်ကြီးနေတဲ့သူမလား”
ရှန်ထျန်းက းမဲ့ကာ ပြောလိုက်သည်
“ ညီအစ်ကိုက ဘယ်လိုလုပ်ပြီးတော့ ကျွန်တော်ရဲ့ နာမည်ကို ကြားဖူးနေရတာလဲ”
ကျောက်ဟောင်က ပြန်ဖြေလိုက်သည်
“ ကျုပ်ရဲ့ အဖေက မီးတိုင်းပြည် နန်းတော်ကို ရောက်ခဲ့ပြီးတော့ ညီအစ်ကိုရဲ့ နာမည်ကို ကြားခဲ့တာလေ။ ညီအစ်ကိုနဲ့ယှဉ်လိုက်ရင် ကျုပ်ရဲ့ ကိစ္စက စိတ်ဆင်းရဲစရာလို့ သတ်မှတ်လို့တောင် မရဘူးပဲ”
ရှန်ထျန်းအကြောင်း သူ အဖေ ပြောပြခဲ့သည်များကို ပြန်လည်တွေးတောကြည့်ပြီးတော့ ကျောက်ဟောင် ရုတ်တရက် ခံစားချက် ပိုကောင်းလာရသည်။
သူက စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်
“ ညီအစ်ကိုရှန်က အဲလို စိတ်ဆင်းရဲစရာဘဝကြီးကို နှစ်ပေါင်းများစွာ ဘယ်လိုကျော်ဖြတ်ခဲ့လဲဟင်။ ကျုပ် အခုသိတာက ညီအစ်ကိုက အရမ်း အံ့ဩဖို့ကောင်းတယ်ဆိုတာကိုပဲ။ ကျ …ကျုပ်ရဲ့ ဘဝက အခု အရမ်းကို ခက်ခဲနေတယ်လို့ တွေးမိတယ်”
ရှန်ထျန်းက ခေါင်းယမ်းပြကာ ပြောလိုက်သည်
“ ကျွန်တော် နားလည်တယ်…အကုန်နားလည်တယ်။ ကျွန်တော် ကူညီပေးမယ်။”
ထို့နောက် ရှန်ထျန်းက ဘေးမှာရှိနေသော စီမံခန့်ခွဲသူကို မှာကြားလိုက်သည်
“ မီးဖိုချောင်မှာ ကြက်စွပ်ပြုတ် တစ်အိုးချက်ဖို့ ပြင်ဆင်ထားလိုက်”
ကျောက်ဟောင်က နားမလည်နိုင်စွာဖြင့် မေးလိုက်သည်
“ ဘာလို့လဲဟင် ... ကြက်စွပ်ပြုတ်က ကျုပ်ကို ကူညီပေးနိုင်တာလား”
ရှန်ထျန်းက ခေါင်းညိတ်ပြကာ ပြောလိုက်သည်
“ ညီအစ်ကိုကျောက် ဝိညာဉ် ကုစားဖို့အတွက် ကြက်စွပ်ပြုတ်ဆိုတာကို အရင်တုန်းက ကြားဖူးလား”
( ဝိညာဉ် ကုစားဖို့အတွက် ကြက်စွပ်ပြုတ် = အဘွား၏ ဟင်းချက်လက်ရာကို စားသုံးလိုက်သကဲ့သို့ စိတ်ခံစားမှု အားလုံးကို ကုစားသွားနိုင်ခြင်း)