အခန်း (၁၂၈၁-၁၂၈၂)
Vol. 112 Ch. 1281-1282
အခန်း ၁၂၈၁
ရှောင်းယီသည် လူအများ၏ ဆွေးနွေးပြောဆိုနေကြသည်များကို လုံးဝ လျစ်လျူရှုထားပြီး ဈေးကွက်ခန်းမတွင် သူတင်ရောင်းထားသော အောက်ဆီဂျင်များ ချက်ချင်းဆိုသလို အပြိုင်အဆိုင် အဝယ်ခံလိုက်ရသည်ကိုသာ စောင့်ကြည့်နေခဲ့သည်။
“ရေ ၁ ကီလိုဂရမ်ကနေ အောက်ဆီဂျင်တွေ ဒီလောက် အများကြီး ထွက်လာလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး။”
ရှောင်းယီ အံ့ဩတုန်လှုပ်စွာဖြင့် တီးတိုးရေရွတ်လိုက်မိသည်။
ဓာတုဗေဒကို လေ့လာဖူးသူ မည်သူမဆို ရေ ၁ ကီလိုဂရမ်ကို လျှပ်စစ်ခွဲခြမ်းခြင်း ပြုလုပ်ပါက အောက်ဆီဂျင် ၂၇.၇၈ မိုး (mole) ထွက်ရှိကြောင်း အလွယ်တကူ တွက်ချက်နိုင်ကြပေလိမ့်မည်။ (အကယ်၍ တွက်ချက်မှု မှားယွင်းနေပါက အတန်းခေါင်းဆောင်မှ ပြင်ဆင်ပေးပါရန်) စံအခြေအနေ အောက်တွင် အောက်ဆီဂျင် ၁ မိုးသည် ၂၂.၄ လီတာ ရှိပေသည်။
ဤနေရာတွင် အခြေခံအသိပညာအချို့ကို မျှဝေပေးလိုပါသည်။ စံအခြေအနေအောက်တွင် မည်သည့်ဓာတ်ငွေ့မဆို ၁ မိုးသည် ၂၂.၄ လီတာ ရှိသည်။
ထို့ကြောင့် ရေ ၁ ကီလိုဂရမ်ကို လျှပ်စစ်ခွဲခြမ်းခြင်းဖြင့် ရရှိလာသော အောက်ဆီဂျင် ပမာဏသည် ခန့်မှန်းခြေ ၆၂၂ လီတာ ရှိပေသည်။
ထိုကိန်းဂဏန်းများကို စိတ်ထဲတွင် တွက်ချက်ပြီးနောက် ရှောင်းယီက အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်မိပြန်၏။
“ရေ ၁ ကီလိုဂရမ်ကနေ ဒီလောက် အောက်ဆီဂျင်တွေ ဒီလောက်အများကြီး ထွက်တာတောင်မှ တစ်ရက်စာပဲ ခံတယ်ပေါ့။”
သာမန်လူကြီးတစ်ဦးသည် တစ်ရက်လျှင် အကြိမ်ပေါင်း ၂၀၀၀၀ ကျော် အသက်ရှူပြီး အောက်ဆီဂျင် ၀.၇၅ ကီလိုဂရမ်ခန့်ကို အသုံးပြုကာ ကာဗွန်ဒိုင်အောက်ဆိုက် ၀.၉ ကီလိုဂရမ်ကို ပြန်လည်ထုတ်လွှတ်သည်။
အောက်ဆီဂျင် ၂၇.၇၈ မိုး၏ အလေးချိန်သည် ခန့်မှန်းခြေ ၈၈၈.၉၆ ဂရမ် သို့မဟုတ် ၀.၈၉ ကီလိုဂရမ် ဖြစ်သောကြောင့် ကိန်းဂဏန်းအချက်အလက်များမှာ ကိုက်ညီမှုရှိပေသည်။ ပိုနေသော ပမာဏမှာ ဆင့်ကဲပြောင်းလဲထားသော လူသားများအတွက် လိုအပ်သော ပမာဏဟုသာ သတ်မှတ်ရပေမည်။
ရှောင်းယီသည် သူ၏ အောက်ဆီဂျင် ၆၀၀ လီတာလုံးကို ဈေးကွက်ခန်းမ၌ တင်ရောင်းထားခဲ့သည်။ ဈေးနှုန်းမြင့်မားသောကြောင့် အောက်ဆီဂျင် အလွန်အမင်း အရေးတကြီး လိုအပ်နေသူများက လက်ဦးမှုရယူကာ ဝယ်ယူသွားကြသော်လည်း ကျန်ရှိနေသည့် အသက်ရှင်ကျန်ရစ်သူများမှာမူ တုံ့ဆိုင်းနေကြဆဲပင်။
ထို့အပြင် ထောက်ပံ့ရေးသေတ္တာ တစ်ခုခုကို ဖမ်းယူရရှိနိုင်မည့်အချိန်အထိ တောင့်ခံထားကြသည့် အသက်ရှင်ကျန်ရစ်သူအချို့လည်း ရှိနေကြသေးသည်။ အကြောင်းမှာ ထောက်ပံ့ရေးသေတ္တာများထဲမှလည်း အောက်ဆီဂျင်ကို ရရှိနိုင်ခြေရှိသောကြောင့်ပင်။
ရှောင်းယီသည်လည်း မလောပါချေ။ အဘယ်ကြောင့်ဆိုသော် သူသည် အောက်ဆီဂျင် ၃၀၀ လီတာကို လဲလှယ်ပြီးသားဖြစ်သောကြောင့်ပင်။
“လဲလှယ်မှု အောင်မြင်ပါသည်။ ရရှိသောပစ္စည်းများ - အုတ်မြစ်ကျောက် ၆ သန်း။”
“လေးဆ ရိတ်သိမ်းခြင်းကို အသက်သွင်းလိုက်ပါပြီ။ ရရှိသော ပစ္စည်းများ - အုတ်မြစ်ကျောက် ၂၄ သန်း။”
ဤလဲလှယ်မှုတစ်ခုတည်းဖြင့် ရှောင်းယီတွင် အုတ်မြစ်ကျောက် လုံးဝမရှိသည့် ပြဿနာကို အပြီးအပိုင် ဖြေရှင်းပေးသွားနိုင်ခဲ့ပြီ ဖြစ်သည်။
“လေးဆ ရိတ်သိမ်းမှုရဲ့ ပျော်ရွှင်မှုကမှ တကယ့်အစစ်အမှန် ပျော်ရွှင်မှုပဲ။”
ရှောင်းယီသည် မိမိကိုယ်ကိုယ် တီးတိုးပြောဆိုရင်း ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ဆောက်လုပ်ရေး မျက်နှာပြင်သို့ ပြောင်းလဲလိုက်တော့သည်။
“ကယ်ဆယ်ရေးယာဉ်ငယ်ကို ချဲ့ထွင်ရန် လိုအပ်သော ပစ္စည်းများ - တစ်ကုဗမီတာလျှင် အုတ်မြစ်ကျောက် ၁၊ အနက်ရောင်ရွှေ ၁။
အနက်ရောင်ရွှေ တစ်ယူနစ်သည် ၁၀၀ ဂရမ် ဖြစ်သည်။
အကယ်၍ လေးဆ ရိတ်သိမ်းမှုသာ မရှိခဲ့လျှင် ရှောင်းယီ ယခုလေးတင် ရရှိခဲ့သော အနက်ရောင်ရွှေမှာ တစ်ယူနစ်သာ ရှိလိမ့်မည်ဖြစ်သည်။
“အုတ်မြစ်ကျောက်အပြင် အနက်ရောင်ရွှေကလည်း အရမ်းအရေးကြီးတဲ့ ပစ္စည်းတစ်ခု ဖြစ်ပုံရတယ်။”
ရှောင်းယီ စိတ်ထဲ၌ တွေးလိုက်မိသည်။
ရှောင်းယီသည် အနက်ရောင်ရွှေကို လွန်ခဲ့သော အချိန်အတော်ကြာကတည်းက ရရှိခဲ့ဖူးခြင်းဖြစ်ပြီး ထိုစဉ်က ရေသူမျိုးနွယ်စု အနီးရှိ အရှေ့ပင်လယ်နဂါးနန်းတော်တွင် ရရှိခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ယခုအဆင့်သို့ ဝင်ရောက်လာချိန်တွင် မည်သည့်အရာကိုမျှ ယူဆောင်လာခွင့်မရှိသဖြင့် အရှေ့ပင်လယ်နဂါးနန်းတော်မှ ရရှိခဲ့သော အနက်ရောင်ရွှေများမှာ ယခုထက်ထိ ယီရန်ပင်း မဟာမိတ်အဖွဲ့၏ ဂိုဒေါင်ထဲတွင်သာ ရှိနေသေးသည်။
ယခုအချိန်တွင်မူ ကျန်ရှိနေသည့် အသက်ရှင်ကျန်ရစ်သူများထံမှသာ ရရှိနိုင်မည့်နည်းလမ်းကို သူ ရှာဖွေရတော့မည်ဖြစ်သည်။
ထိုသို့တွေးမိသည်နှင့်တစ်ပြိုင်နက် ရှောင်းယီသည် ဈေးကွက်ခန်းမတွင် အခြားလဥလှယ်မှုတစ်ခုကို ချက်ချင်း တင်လိုက်ပြန်သည်။
“[အောက်ဆီဂျင်] ၀.၅ လီတာ - အနက်ရောင်ရွှေ ၁၀၀ ဂရမ်။”
လက်ရှိအချိန်တွင် တွေ့ရှိထားသည့် အနက်ရောင်ရွှေပမာဏမှာ အလွန်နည်းပါးနိုင်သေးသဖြင့် သေချာစွာ စဉ်းစားတွေးတောပြီးနောက် အောက်ဆီဂျင် ၀.၅ လီတာကို အနက်ရောင်ရွှေ တစ်ယူနစ်နှင့် လဲလှယ်ရန် ရှောင်းယီ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
ရှောင်းယီသည် အစုံပေါင်း ၁၀၀၀ ကို တင်ရောင်းခဲ့ပြီး တင်ပြီးပြီးချင်း သူတုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ ချက်ချင်းဆိုသလို အကုန်လုံး အဝယ်ခံလိုက်ရသည်။
“ရရှိသော ပစ္စည်းများ - အနက်ရောင်ရွှေ ၁၀၀၀၀၀ ဂရမ် (၁၀၀၀ ယူနစ်)။”
“လေးဆ ရိတ်သိမ်းခြင်းကို အသက်သွင်းလိုက်ပါပြီ။ ရရှိသော ပစ္စည်းများ - အနက်ရောင်ရွှေ ၄၀၀၀၀၀ ဂရမ် (၄၀၀၀ ယူနစ်)။”
တစ်ချိန်တည်းမှာပင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှိ အများသုံးချန်နယ်တွင် လူတိုင်း ထပ်မံ၍ အုန်းအုန်းကျွက်ကျွက် ဆွေးနွေးငြင်းခုံလာကြပြန်သည်။
“ယီရန်ပင်းလို့ ခေါ်တဲ့ ဒီလူက ဘယ်လိုလုပ် အောက်ဆီဂျင်တွေ ဒီလောက်အများကြီး ရှိနေရတာလဲ။ ဒါက လုံးဝ ယုတ္တိမရှိဘူး။”
“ငါတို့က ဒီလိုအချိန်မျိုးမှာ ယုတ္တိတွေ လိုက်ရှာနေတုန်းပဲလား။”
“ဒါနဲ့... ဒီအနက်ရောင်ရွှေဆိုတာက ဘာကြီးလဲ။”
“အဲ့ဒါကို ထောက်ပံ့ရေးသေတ္တာတွေထဲကနေ ရနိုင်တယ်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရဲ့ ဆောက်လုပ်ရေးစာမျက်နှာကို သွားပြီးလေ့လာကြည့်လိုက်ရင် အဲ့ဒါကို ဘာအတွက်သုံးလဲဆိုတာ သိရလိမ့်မယ်။”
“ဒီပစ္စည်းက ငါတို့ရဲ့ ကယ်ဆယ်ရေးယာဉ်ငယ်ကို ချဲ့ထွင်နိုင်တယ်ဟ။”
“ဒါဆိုရင်တော့ ဒါကို သူများကို လုံးဝ ရောင်းလို့မဖြစ်ဘူး။”
“ငါတို့ အခု အသက်ရှူကျပ်ပြီး သေတော့မလို ဖြစ်နေတာကို အဲ့ဒီလောက်အများကြီး စဉ်းစားနေရဦးမှာလား။”
“အခု လောလောဆယ် အရေးကြီးဆုံးက အသက်ရှင်အောင် ရုန်းကန်ဖို့ပဲ။”
အုတ်မြစ်ကျောက်များနှင့် အနက်ရောင်ရွှေ အမြောက်အမြား ရရှိပြီးနောက် ရှောင်းယီသည် ကယ်ဆယ်ရေးယာဉ်ငယ်ကို ချက်ချင်းပင် စတင်ချဲ့ထွင်လိုက်တော့သည်။
ကုန်းမြေပေါ်တွင် နေထိုင်ခဲ့သည့် သူ၏အလေ့အထများအတိုင်း ရှောင်းယီသည် ကယ်ဆယ်ရေးယာဉ်ငယ်ကို အမြင့် ၃ မီတာ၊ အလျားနှင့် အနံ ၃၆ မီတာစီရှိသော နေရာအကျယ်အဝန်းအဖြစ် ချဲ့ထွင်လိုက်သည်။
မူလနေရာအကျယ်အဝန်းမှာ ၈ ကုဗမီတာသာ ရှိသော်လည်း ချဲ့ထွင်ပြီးနောက်တွင်မူ ၃၈၈၈ ကုဗမီတာအထိ ရှိလာပြီး အုတ်မြစ်ကျောက် ၃၈၈၀ ခုနှင့် အနက်ရောက်ရွှေ ၃၈၈၀ ယူနစ် ကုန်ကျခဲ့သည်။
အစောပိုင်းက ဥက္ကာခဲရိုက်ခတ်မှုကြောင့် ပျက်စီးသွားခဲ့ရသော ယာဉ်ကိုယ်ထည်မှာလည်း ပြန်လည်ပြုပြင်ပြီးစီးသွားခဲ့ပြီဖြစ်သည်။
“ပြတင်းပေါက်တွေကော။”
ရှောင်းယီသည် သူ ချဲ့ထွင်ထားသော ကယ်ဆယ်ရေးယာဉ်ငယ်ကို ဇဝေဇဝါဖြင့် ကြည့်ရင်း ရေရွတ်လိုက်မိ၏။
“အုတ်မြစ်ကျောက်နဲ့ အနက်ရောင်ရွှေဟာ ယာဉ်ကိုယ်ထည်ကိုပဲ ချဲ့ထွင်နိုင်ပါတယ်။ ပြတင်းပေါက်တွေကိုတော့ မချဲ့ထွင်နိုင်ပါဘူး။”
စနစ်က အသိပေးလာခဲ့သည်။
တစ်နည်းအားဖြင့်ဆိုရသော် နေရာအကျယ်အဝန်း ပိုမိုကြီးမားလာသော်လည်း မူလရှိရင်းစွဲ သေးငယ်သော အပြင်ကြည့်ပြတင်းပေါက် ၆ ပေါက်သာ ရှိနေဦးမည် ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် ဆိုလာပြားမှာ ပုံမှန်အတိုင်း လျှပ်စစ်ဓာတ်အား စတင်ထုတ်လုပ်ပေးနေပြီဖြစ်သောကြောင့် ကယ်ဆယ်ရေးယာဉ်ငယ်အတွင်းရှိ မီးများကို ဖွင့်၍ရပြီဖြစ်သည်။ အနည်းဆုံးတော့ သူသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ရှာဖွေရန် အမှောင်ထဲတွင် စမ်းတဝါးဝါး လုပ်နေစရာ မလိုတော့ပေ။
ပစ္စည်းစုဆောင်းကိရိယာတွင် အားအပြည့်ရှိနေပြီဖြစ်၍ အစောပိုင်းက ယာဉ်ပေါ်သို့ လာရောက်တိုက်မိခဲ့သော ဥက္ကာခဲများနှင့် သူဖမ်းယူထားသော ဥက္ကာခဲအားလုံးကို သွားရောက်စုဆောင်းရန် ၎င်းကို ကယ်ဆယ်ရေးယာဉ်ငယ်၏ အပြင်ဘက်သို့ လွှတ်လိုက်သည်။ စုဆောင်းမှုပြီးဆုံးသွားသောအခါ ထိုဥက္ကာခဲများအားလုံး ပျောက်ကွယ်သွားခဲ့သည်။
ဥက္ကာခဲနှစ်ခုလုံးကို စုဆောင်းပြီးနောက် သူသည် သတ္တုအချို့နှင့် ရေ ၂၀ ကီလိုဂရမ်ကို ထပ်မံရရှိခဲ့သည်။ လေးဆ ရိတ်သိမ်းမှုအပြီးတွင် ရှောင်းယီ၏လက်ထဲ၌ ရေ ၈၀ ကီလိုဂရမ် ရှိနေပြီဖြစ်သည်။
ဤမျှ ရေအမြောက်အမြား ရှိနေပြီဖြစ်ရာ လောလောဆယ်တွင် အောက်ဆီဂျင်ပြဿနာအတွက် သူ စိုးရိမ်စရာမလိုတော့ပေ။
ရှောင်းယီ၏ ကယ်ဆယ်ရေးယာဉ်ငယ်မှာ အလွန်အမင်း ကျယ်ဝန်းသွားခဲ့သော်လည်း ယာဉ်အတွင်းရှိ အသက်ရှင်ကျန်ရစ်သူ အရေအတွက်မှာ တိုးပွားလာခြင်းမရှိသဖြင့် သုံးစွဲမှုပမာဏမှာ ယခင်အတိုင်းပင် ရှိနေသေးသည်။
ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်မှ အခြေအနေများကို ဆက်လက်အာရုံမစိုက်တော့ဘဲ သူ ယခုလေးတင် ရရှိထားသော သတ္တုများကို အသုံးပြု၍ ကယ်ဆယ်ရေးယာဉ်ငယ်အတွင်းရှိ အခန်းအချို့ စတင်ကန့်သတ်လိုက်သည်။
ဤကယ်ဆယ်ရေးယာဉ်ငယ်သည် အခန်းကန့်ရန် လိုအပ်လာလိမ့်မည်ကို ကြိုတင်မျှော်လင့်ထားသည့်အလား နေရာအတော်များများတွင် အခန်းကန့်ပြားများ ထည့်သွင်းနိုင်မည့် မြောင်းငယ်များ ပါရှိနေသည်။
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ ဂုဏ်သတ္တိများမှာ ယခင်အတိုင်းပင်ဖြစ်ပြီး အကယ်၍ ပစ္စည်းများ၏ ပုံသဏ္ဌာန်ကိုသာ ပြောင်းလဲခြင်းဖြစ်ပါက မည်သည့်ထုတ်လုပ်မှုပုံစံမျှ မလိုအပ်ပေ။
ရှောင်းယီသည် အလျား ၃ မီတာနှင့် အနံ ၁ မီတာရှိသော သတ္တုအခန်းကန့်ပြား အများအပြားကို ထုတ်လုပ်ရန် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို အသုံးပြုခဲ့ပြီးနောက် နေရာအကျယ်အဝန်းကို စတင်ကန့်သတ်လိုက်တော့သည်။
ပထမဆုံးအနေဖြင့် ရေချိုးခန်း/အိမ်သာ ဖြစ်ရမည်။ အရေးကိစ္စများကို ကြုံရာထောင့်တစ်ခုတွင် ဖြစ်သလို မရှင်းလင်းနိုင်ပေ။ ဤကယ်ဆယ်ရေးယာဉ်ငယ်ထဲတွင် ရှောင်းယီတစ်ဦးတည်းသာ ရှိသော်လည်း အခန်းမကန့်ထားပါက တစ်စုံတစ်ဦးက အမြဲစောင့်ကြည့်နေသကဲ့သို့ ခံစားချက်မျိုး သူ ခံစားနေရမည်ဖြစ်သည်။
သို့သော်လည်း အိမ်သာတစ်ခု ကန့်လိုက်နိုင်သည့်တိုင် ရှောင်းယီအနေဖြင့် မိမိ၏ အရေးကိစ္စများကို မည်သို့ဖြေရှင်းရမည်ကို မသိသေးပေ။
ဤကဲ့သို့ ကိုယ်အလေးချိန်မဲ့နေသော အခြေအနေမျိုးတွင် အိမ်သာတက်ရခြင်းမှာ ပြဿနာတစ်ခုလို ဖြစ်နေပေသည်။ ဆွဲငင်အားမရှိ၍ မစွန့်ပစ်နိုင်ခြင်းမျိုး မဟုတ်ဘဲ စွန့်ပစ်ပြီးနောက် ဘာဆက်လုပ်ရမလဲဆိုသည်မှာ အရေးကြီးဆုံး ပြဿနာဖြစ်နေခြင်းပင်။
ကယ်ဆယ်ရေးယာဉ်ငယ်တစ်ခုလုံးတွင် လွင့်မျောနေသော မစင်တုံးများဖြင့် ပြည့်နှက်နေသည်ကို သင် မြင်ယောင်ကြည့်နိုင်ပါသလော။
ထို့ကြောင့် ရှောင်းယီသည် အိမ်သာသွားချင်စိတ် ပေါက်နေသော်လည်း အောင့်ထားခဲ့ရသည်။ ရှောင်းယီတစ်ယောက် လောလောဆယ် အောင့်ထားနိုင်သေးသော်လည်း အချို့လူများကမူ မအောင့်နိုင်ကြတော့ပေ။
“သေစမ်း... ငါ့ရဲ့ သဘာဝတရားရဲ့ ခေါ်သံကို ဘယ်လိုဖြေရှင်းရမလဲ။ ဘယ်သူများ ကူညီပြီး ပြောပြနိုင်မလဲ။”
“ငါလည်း သိချင်နေတာ။”
“ငါ ခုနတင် အလူမီနီယံဖောင်အိတ်နဲ့ ထုပ်ထားတဲ့ အစားအစာတစ်ခုကို ဖွင့်စားလိုက်တယ်။ စားလို့လည်းပြီးရော အဲဒီအလူမီနီယံဖောင်အိတ်ထဲမှာပဲ ကိစ္စရှင်းလိုက်ပြီး အမှိုက်စွန့်ပစ်တဲ့ပေါက်ကနေ အပြင်ကို လွှင့်ပစ်လိုက်တာပဲ။”
အခန်း ၁၂၈၂
“ချီးပဲ...။ ဒါကို ဘာလို့ စောစောမပြောတာလဲ။ ငါစားပြီးသား အလူမီနီယံဖောင်အိတ်တွေကို အပြင်ကို လွှင့်ပစ်လိုက်ပြီ။”
“ဒါဆိုရင်တော့ တခြားနည်းလမ်းမရှိတော့ဘူး။ မင်းဘာသာမင်းပဲ အဆင်ပြေအောင် ရှင်းလိုက်တော့။”
“ဒါဆို ယာဉ်ပျက်ကြီးရဲ့ ပေါက်ပြဲနေတဲ့နေရာကနေ တိုက်ရိုက်ပဲ ကိစ္စရှင်းလိုက်ရမလား။”
“အဲဒါကလည်း နည်းလမ်းတစ်ခုပါပဲ။ ဒါပေမဲ့ အဲဒီလိုလုပ်ရင် အနံ့အသက်တွေက ကယ်ဆယ်ရေးယာဉ်ငယ်တစ်ခုလုံး ပျံ့နှံ့သွားလိမ့်မယ် ထင်တယ်။”
“ငါ့မှာ အကြံတစ်ခုရှိတယ်။ မင်းရဲ့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို သုံးပြီး အဆင်ပြေမယ့် ခွက်တစ်ခုခု လုပ်လိုက်။ ပြီးရင် အဲ့ဒီခွက်ထဲမှာပဲ ကိစ္စရှင်းပြီး အပြင်ကို လွှင့်ပစ်လိုက်။ နည်းနည်းတော့ နှမြောစရာကောင်းပေမဲ့ ပိုပြီးတော့ သန့်ရှင်းသပ်ရပ်တာပေါ့။”
“အာ... အဲ့ဒါ အဆင်ပြေမယ်မထင်ဘူး။ ဆွဲငင်အားမရှိတဲ့ ဒီပတ်ဝန်းကျင်ကို မြင်ယောင်ကြည့်စမ်းပါ။ မင်းစွန့်ထုတ်လိုက်တဲ့အရာတွေက လေထဲမှာ ပျံဝဲနေမှာ။ အဲဒါတွေကို စုစည်းဖို့က လုံးဝမလွယ်ဘူး။”
“ဟူး... ဖြစ်သလိုပဲ တောင့်ခံရတော့မှာပေါ့။ ဒီအဆင့်ရဲ့ အစက ဒီလောက်တောင် ခက်ခဲလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး။”
“ဟုတ်ပါ့ဗျာ။ အစတုန်းက အောက်ဆီဂျင်မရှိလို့ အသက်ရှူကျပ်ရတယ်။ အခုကျတော့ ဆီးအောင့်ထားရလွန်းလို့ ပေါက်ကွဲတော့မလို ဖြစ်နေပြီ။”
“ငါဖြင့် ပထမအဆင့်ကိုပဲ ပြန်သွားချင်တော့တယ်။ အဲ့ဒီမှာတုန်းကတော့ အနည်းဆုံး လွတ်လွတ်လပ်လပ် အသက်ရှူလို့ရပြီး သဘာဝတရားရဲ့ ခေါ်သံတွေကိုလည်း စိတ်ကြိုက် ဖြေရှင်းလို့ရတယ်။”
“ဒီကို ရောက်လာပြီးပြီဆိုမှတော့ ပြန်လှည့်လို့မရတော့ဘူး။ ထောက်ပံ့ရေးသေတ္တာတွေပဲ မြန်မြန်ရှာကြရအောင်။”
လူတိုင်း၏ ဆွေးနွေးပြောဆိုမှုများကို ကြည့်ရင်း ရှောင်းယီသည်လည်း ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်မိသည်။ အကယ်၍သာ ယခင်အဆင့်တွင် ဆက်နေခွင့်ရှိခဲ့မည်ဆိုပါက မည်သူမျှ ယခုကဲ့သို့ ဒုက္ခခံရန် ဤအဆင့်သို့ လာကြမည်မဟုတ်ပေ။
ရှောင်းယီသည် အပေါ့အလေး သွားချင်စိတ်ကို အောင့်ထားရင်း စနစ်သိုလှောင်ခန်းထဲမှ သူ၏အိပ်စက်ခြင်းအိတ်ကို ထုတ်ကာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင် အနီးတွင် မြဲမြံအောင် ချည်နှောင်လိုက်သည်။
သူ မနားရသေးသည်မှာ အတော်ကြာပြီဖြစ်သဖြင့် အိပ်စက်ခြင်းအိတ်ထဲသို့ တိုက်ရိုက် ဝင်ရောက်လိုက်တော့သည်။ ကိုယ်အလေးချိန်မဲ့နေဆဲ ဖြစ်သော်လည်း ထို အဆင့် အိပ်စက်ခြင်းအိတ်မှာ အလွန်သက်တောင့်သက်သာ ရှိလှသဖြင့် ရှောင်းယီကို လျင်မြန်စွာပင် အိပ်မက်မဲ့ အိပ်ပျော်ခြင်းဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
ရှောင်းယီသည် ၆ နာရီကြာအောင် အိပ်ပျော်သွားခဲ့၏။ အကယ်၍ ဆီးသွားချင်စိတ်ကြောင့် နိုးမလာခဲ့ပါက သူ ဆက်လက်အိပ်ပျော်နေဦးမည်မှာ သေချာသည်။
နိုးလာသောအခါ ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို လှမ်းကြည့်လိုက်ရာ (၃) ရက်မြောက်နေ့သို့ ရောက်ရှိနေပြီဖြစ်သည်။ သူ စိတ်ထဲတွင် ချက်ချင်းပင် ရေရွတ်လိုက်သည်။
“စနစ်... လက်မှတ်ထိုးဝင်မယ်။”
“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသောဆုလာဘ် - မစင်နှင့် ဆီး စုဆောင်းရေးကိရိယာ (S အဆင့်) ၁။”
“အကျိုးရှိလိုက်တာ။ ဒါက ငါ့ရဲ့ အရေးတကြီး လိုအပ်ချက်ကို ဖြေရှင်းပေးလိုက်တာပဲ။”
ရှောင်းယီ စိတ်ထဲတွင် တွေးလိုက်မိပြီး မစင်နှင့် ဆီး စုဆောင်းကိရိယာကို စနစ်သိုလှောင်ခန်းထဲမှ ချက်ချင်း ထုတ်ယူလိုက်သည်။
“မစင်နှင့် ဆီး စုဆောင်းကိရိယာတစ်ခုကို ရရှိထားကြောင်း စနစ်က သိရှိပါသည်။ ၎င်းကို ကယ်ဆယ်ရေးယာဉ်ငယ်အတွင်း တပ်ဆင်ရန် အုတ်မြစ်ကျောက် ၂ ခုနှင့် အနက်ရောင်ရွှေ ၁ ယူနစ်ကို သုံးစွဲပါမည်လား။”
“သုံးမယ်။”
ရှောင်းယီတစ်ယောက် ခြေထောက်နှစ်ဖက်ကို အတင်းစိထားရင်း ပြန်ဖြေလိုက်သည်။
“ကျေးဇူးပြု၍ တပ်ဆင်မည့်နေရာကို ရွေးချယ်ပေးပါ။”
ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွင် ပြသထားသော ကယ်ဆယ်ရေးယာဉ်ငယ်၏ 3D ပုံစံကားချပ်ကို ချက်ချင်းကြည့်ရှုလိုက်ပြီး သူအစောပိုင်းက ကန့်ထားခဲ့သော နေရာကို ရွေးချယ်လိုက်သည်။
“တပ်ဆင်ခြင်း အောင်မြင်ပါသည်။”
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်ရှိ အသိပေးချက်ကို မြင်သည်နှင့် ရှောင်းယီသည် နံရံတစ်ခုကို အားဖြင့် တွန်းကန်လိုက်ရာ သူ၏ခန္ဓာကိုယ်တစ်ခုလုံး ရေချိုးခန်းအိမ်သာရှိရာဆီသို့ တိုက်ရိုက် လွင့်ပျံသွားတော့သည်။
ရေချိုးခန်းထဲသို့ ရောက်သောအခါ နောက်ဆုံးတွင် သူ တပ်ဆင်ထားပြီးဖြစ်သော မစင်နှင့် ဆီး စုဆောင်းကိရိယာကို တွေ့လိုက်ရတော့သည်။
“မစင်နှင့် ဆီး စုဆောင်းကိရိယာ (S အဆင့်) - အာကာသထဲတွင် တစ်ကိုယ်ရေ စွန့်ပစ်ပစ္စည်း ပြဿနာများကို ဖြေရှင်းရန် အသုံးပြုသည်။ အနံ့အသက်များကို အလိုအလျောက် ပျောက်ကွယ်စေနိုင်သည်။ စွန့်ထုတ်သည့်ပေါက်ကို အလိုအလျောက် သန့်စင်ပေးသည်။”
ရှောင်းယီသည် ပြွန်နှစ်ခုပါရှိသော ထိုင်ခုံကို ကြည့်လိုက်သည်။ တစ်ခုမှာ ထူပြီး တစ်ခုမှာ သေးသွယ်သည်။
“ဒီကောင်ကို ဘယ်လိုသုံးရမှာလဲ။”
သူ အနည်းငယ် ဝေခွဲမရဖြစ်သွားကာ တွေးလိုက်မိသည်။ ထိုစဥ် စနစ်က ချက်ချင်းပင် လမ်းညွှန်ချက် ပြသလာခဲ့သည်။
“မစင်နှင့် ဆီး စုဆောင်းကိရိယာ၏ ပြွန်နှစ်ခုကို သင်၏ စွန့်ထုတ်အင်္ဂါများနှင့် ဆက်သွယ်လိုက်ပါ။ ထို့နောက် သဘာဝတရား၏ ခေါ်သံကို ဖြေရှင်းနိုင်ပါပြီ။ ပြွန်များထဲတွင် စုပ်စက်များ ပါရှိပါသည်။ စွန့်ပစ်ပစ္စည်းများ နောက်ပြန်စီးဆင်းမည်မဟုတ်သောကြောင့် စိတ်ချနိုင်ပါသည်။”
ယခုအချိန်တွင်မူ ရှောင်းယီအနေဖြင့် ထပ်မံအောင့်ထားနိုင်ခြင်း မရှိတော့ပေ။ သူသည် ပြွန်နှစ်ခုကို သူ၏အင်္ဂါအစိတ်အပိုင်းများနှင့် ချက်ချင်း ထိကပ်လိုက်တော့သည်။
ထို့နောက်တွင် ဖြစ်ပေါ်လာသည့်အရာမှာ... အားရပါးရ စွန့်ထုတ်ခြင်းပင် ဖြစ်ပေတော့သည်။
ငါးမိနစ်ခန့် ကြာပြီးနောက် ရှောင်းယီသည် တစ်ကိုယ်လုံး ပေါ့ပါးလန်းဆန်းသွားသော ခံစားချက်ဖြင့် ရေချိုးခန်းထဲမှ လွင့်မျောထွက်လာပြီး တိုးတိုးရေရွတ်လိုက်သည်။
“ကိစ္စပြီးသွားတော့ အလိုအလျောက် သန့်ရှင်းရေးပါ လုပ်ပေးတယ်။ ဒီ S အဆင့် မစင်နဲ့ ဆီး စုဆောင်းကိရိယာက တကယ် မိုက်တာပဲ။ အနည်းဆုံးတော့ စက္ကူဖိုး သက်သာတာပေါ့။ ဒါပေမဲ့ စိုစွတ်စွတ် ခံစားချက်ကြီးကိုတော့ ငါ နည်းနည်း အသားမကျသေးဘူး။”
စက္ကူမလိုဟု ဆိုသော်လည်း ရှောင်းယီအနေဖြင့် လက်ဆေးရန် လိုအပ်သည်ဟု ခံစားမိနေဆဲဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူ အစားစားတော့မည်ဖြစ်၍ပင်။ အစားမစားမီနှင့် စားပြီးနောက်တွင် လက်ဆေးရမည် မဟုတ်ပါလော။
ရှောင်းယီသည် ရေအိတ်ထဲမှ ရေကို ညှစ်ထုတ်လိုက်ရာ ရေလုံးလေးတစ်လုံး ထွက်လာပြီး လေထုထဲတွင် လွင့်မျောနေခဲ့သည်။ ထိုရေအိတ်များသည် မူလကတည်းက ကယ်ဆယ်ရေးယာဉ်ငယ်ထဲတွင် ရှိနေခဲ့ခြင်းဖြစ်ပြီး တစ်အိတ်တည်း မကဘဲ အားလုံးမှာ အထဲတွင် အချည်းနှီး ဖြစ်နေကြရ၏။ လူသားများအတွက်မူ ရေသည် အလွန်အမင်း အရေးကြီးလွန်းလှသည်ပင်။
ရှောင်းယီသည် ရေလုံးလေးထဲသို့ လက်နှစ်ဖက်ကို ထည့်ကာ ပွတ်သပ်ဆေးကြောလိုက်ပြီးနောက် လေထုသန့်စင်မှု မျှခြေထိန်းကိရိယာကို ထိုရေလုံးလေးအား စုပ်ယူစေကာ လျှပ်စစ်ခွဲခြမ်းခြင်းဖြင့် ဟိုက်ဒရိုဂျင်နှင့် အောက်ဆီဂျင်ကို ထုတ်လုပ်စေလိုက်သည်။
ရှောင်းယီသည် သက်ပြင်းအရှည်ကြီးတစ်ချက်ကို စိတ်အေးလက်အေး ချလိုက်ပြီးနောက် မနေ့က ကျန်နေသေးသော အာလူးအမဲသားဟင်း အိတ်တစ်ဝက်ကို ထုတ်ကာ တစ်ထိုင်တည်းဖြင့် အကုန်စားပစ်လိုက်တော့သည်။
ယခင်က မစားချင်၍ မဟုတ်ဘဲ။ အများကြီးစားမိပါက အပေါ့အလေးကိစ္စများ ရှင်းလင်းရန် ခက်ခဲလိမ့်မည်ကို စိုးရိမ်နေခဲ့၍ ဖြစ်သည်။ ယခုမူ ထိုပြဿနာကို ဖြေရှင်းနိုင်မည့် နည်းလမ်းရှိသွားပြီဖြစ်ရာ ဘာမျှ စိုးရိမ်စရာမလိုတော့ပေ။
သို့သော်လည်း ရှောင်းယီ၏လက်ထဲတွင် ယခုအခါ အစားအစာ အလွန်နည်းပါးနေပြီဖြစ်သည်။ အာလူးအမဲသားဟင်းကို ကုန်အောင်စားပြီးနောက်တွင် မနေ့က သူရှာဖွေတွေ့ရှိထားသည့် ချောကလက် ၂ ကီလိုဂရမ်သာ ကျန်တော့သည်။ ပမာဏအားဖြင့် အသင့်အတင့်ရှိသည်ဆိုသော်လည်း ချောကလက်တစ်ခုတည်းကိုပဲ အမြဲတမ်း စားနေ၍ မရနိုင်ချေ။
ယခုအခါ ရှောင်းယီသည် ဗိုက်လည်းဝ၊ ခန္ဓာကိုယ်တွင်လည်း အပိုဝန်ထုပ်ဝန်ပိုး မရှိတော့သဖြင့် အာကာသချိတ်ကြိုး၏ ထိန်းချုပ်စက် တည်ရှိရာ အခြားအခန်းတစ်ခုဆီသို့ တိုက်ရိုက် လွင့်မျောသွားလိုက်သည်။
သူသည် အာကာသချိတ်ကြိုးကို စဖွင့်လိုက်၏။ အပြင်ဘက်တွင် အလင်းရောင်မှာ ကောင်းမွန်နေဆဲဖြစ်ပြီး ဆိုလာပြားများကလည်း လျှပ်စစ်ဓာတ်အားကို အဆက်မပြတ် ထုတ်လုပ်ပေးနေသည်။ ဤဆိုလာပြားနှစ်ခုသည် ကယ်ဆယ်ရေးယာဉ်ငယ်တစ်ခုလုံး၏ အခြေခံလုပ်ငန်းဆောင်တာများကို မောင်းနှင်ပေးနိုင်ရုံသာမက ပစ္စည်းစုဆောင်းခြင်းကိရိယာနှင့် အာကာသချိတ်ကြိုးတို့အတွက်ပါ လုံလောက်သော ဓာတ်အားကို စိတ်ချလက်ချ ထောက်ပံ့ပေးနိုင်သည်။
အာကာသချိတ်ကြိုးကို စတင်မောင်းနှင်ပြီးနောက် ရှောင်းယီသည် ထပ်မံစောင့်ဆိုင်းမနေတော့ဘဲ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှိရာဆီသို့ ပြန်လည်လွင့်မျောလာခဲ့သည်။
အများသုံးချန်နယ်တွင်မူ....။
“ဟားဟားဟား...ငါ ဥက္ကာခဲတစ်ခုနားကနေ ဖြတ်သွားတုန်းက စက်ရုပ်လက်တံကို သုံးပြီး အဲ့ဒါကို ဖမ်းလိုက်တယ်။ အရင်းအမြစ်တွေ စုဆောင်းဖို့အတွက် ပစ္စည်းစုဆောင်းခြင်းကိရိယာကိုလည်း လွှတ်ထားပြီးပြီ။ သေချာပေါက် တစ်ခုခုတော့ ရိတ်သိမ်းရမှာပဲ။”
“မင်းကိုကြည့်ရတာ ကမ္ဘာကြီးကို တစ်ခါမျှ မမြင်ဖူးတဲ့အတိုင်းပဲ။ ဥက္ကာခဲတစ်ခုကနေ သတ္တုနဲ့ ရေအနည်းငယ်ပဲ စုဆောင်းလို့ရလိမ့်မယ်။ အဲဒီမှာ ထူးထူးခြားခြား ဘာမှမရှိဘူး။”
“အပေါ်က ညီအစ်ကို...ရေဆိုတာကပဲ အကောင်းဆုံးအရာ ဖြစ်နေပါပြီ။ သိပ်ပြီး အများကြီး မျှော်လင့်မနေပါနဲ့။”
“ဟုတ်တယ်။ မင်းပြောပုံအရဆိုရင် မင်းဆီမှာ ရေတွေ သုံးနိုင်မကုန်နိုင်အောင် အများကြီး ရှိနေလို့လား။”
“အနည်းဆုံးတော့ လုံလုံလောက်လောက် ရှိတယ်။ ငါ့အတွက်တော့ အခုလောလောဆယ် အောက်ဆီဂျင်က ပိုပြီး ရှားပါးတဲ့အရင်းအမြစ် ဖြစ်နေတုန်းပဲ။”
“ဆရာကြီး...ကျုပ်ကို ရေနည်းနည်းလောက် ရောင်းပေးလို့ရမလား။”
“မရဘူး။ ငါ့အတွက်တောင် အနိုင်နိုင်ပဲ။”
“မင်းတို့က ရေကို ဘာလို့ လိုချင်နေကြတာလဲ။ တစ်ခါသောက်ပြီးရင် ပြန်စွန့်ထုတ်ရမှာပဲလေ။ အဲ့ဒီအခါကျရင် ကယ်ဆယ်ရေးယာဉ်ငယ်တစ်ခုလုံး ဆီးအိုးအနံ့တွေ နံစော်ကုန်လိမ့်မယ်။ ရေကို တတ်နိုင်သမျှ နည်းနည်းပဲ သောက်ကြစမ်းပါ။”
“ဆီးအိုးအနံ့က ဘာမှမဟုတ်သေးဘူး။ ငါ့ယာဉ်ထဲမှာတော့ မစင်တွင်းအနံ့ကြီး နံနေတာဟ။”
“ချီးပဲ... ငါ အန်မိတော့မယ်။”
“ငါက အန်တောင် အန်ပြီးပြီ။ အခု ကယ်ဆယ်ရေးယာဉ်ငယ်ထဲမှာ ပျို့အန်ချင်စရာ အနံ့အသစ်တစ်ခုနဲ့ ထပ်ပြီး ပြည့်နှက်သွားပြန်ပြီ။”
“တော်ကြပါတော့။ ငါလည်း လိုက်အန်တော့မယ်။ အခုဆို အစားလည်း မစားရဲ၊ ရေလည်း မသောက်ရဲတော့ဘူး။”
“ငါ ဒီကိုမလာခင်က အစားတွေ အများကြီး စားခဲ့မိတာကို တကယ်နောင်တရတယ်။ ပထမအဆင့်တုန်းကတော့ အငတ်ဘေးနဲ့ သေမလိုဖြစ်ခဲ့ရပြီး ဒီအဆင့်ရဲ့ အစမှာတော့... လူတွေက အပေါ့အလေး အောင့်ထားလွန်းလို့ ပေါက်ကွဲပြီးသေမလား ဒါမှမဟုတ် အနံ့ဆိုးတွေကြောင့် မွန်းကျပ်ပြီးသေမလားပဲ။ သောက်ကျိုးနည်းကွာ...။”
“ဟားဟား ငါ ဘာပစ္စည်းကောင်း ရထားလဲ ကြည့်လိုက်စမ်း။ [မစင်နှင့် ဆီး စုဆောင်းခြင်းကိရိယာ ထုတ်လုပ်မှုပုံစံ] ၁။”
“ညီအစ်ကို... ငါ့ကို အုတ်မြစ်ကျောက် နှစ်သိန်းနဲ့ ရောင်းပါလား။”
“ငါ အုတ်မြစ်ကျောက် နှစ်သိန်းခွဲ ပေးမယ်။”
“ဈေးမပြိုင်ကြပါနဲ့တော့။ ငါလည်း ပေါက်ကွဲတော့မယ်။ မရောင်းဘူး၊ မရောင်းဘူး။ ဒါပေမဲ့ ဒီထုတ်လုပ်မှာပုံစံမှာ လိုအပ်တဲ့ အဓိကကုန်ကြမ်းက ပလတ်စတစ် ဖြစ်နေတယ်။ ပလတ်စတစ် ရှာတွေ့ထားတဲ့သူ ရှိလား။”
“ငါ အခုတင် ပလတ်စတစ် ၅ ယူနစ် ရှာတွေ့ထားတယ်။ အုတ်မြစ်ကျောက် တစ်သိန်း။”
“သောက်ကျိုးနည်း။ မင်း ဘာလို့ ဓားပြသွားမတိုက်တာလဲ။”
“ယူချင်ယူ၊ မယူချင်နေလေ။ ငါ ဂရုမစိုက်ဘူး။”
“မင်း... မင်း...မင်း တော်တော်ရက်စက်ပါလားကွ။ ကောင်းပြီ... ငါယူမယ်။ လဲလှယ်ဖို့အတွက် သီးသန့်စာ ပို့လိုက်မယ်။”
လဲလှယ်မှု ပြီးဆုံးသွားပြီးနောက် ထိုလူသည် မစင်နှင့် ဆီး စုဆောင်းကိရိယာကို ချက်ချင်း ထုတ်လုပ်လိုက်သည်။ ၎င်းကို ပြုလုပ်ပြီးစီးသွားသောအခါမှသာ သူ၏ ခန္ဓာကိုယ်မှ ဝန်ထုပ်ဝန်ပိုးကြီးကို နောက်ဆုံးတွင် သက်သာရာရအောင် ဖြေရှင်းနိုင်ခဲ့တော့သည်။