← Chapters

အခန်း (၁၂၈၃-၁၂၈၄)

Vol. 112 Ch. 1283-1284

အခန်း (၁၂၈၃-၁၂၈၄)

Vol. 112 Ch. 1283-1284

အခန်း ၁၂၈၃

“စောစောက မစင်နဲ့ ဆီးသိမ်းဆည်းတဲ့စက် ရသွားတဲ့ညီအစ်ကို သုံးလို့ ပြီးပြီလား။ ကျွန်တော့်ကို ခဏလောက် ငှားလို့ရမလား။”

“အဟမ်း... ဒါက ငှားရတာ သိပ်တော့ အဆင်မပြေဘူးဗျ။ ဘာပဲဖြစ်ဖြစ် ဒါက တော်တော်လေး ကိုယ်ရေးကိုယ်တာဆန်တဲ့ ပစ္စည်းမို့လို့ပါ။”

“လခွမ်း... အိမ်သာပဲဟာကို။ ဘာတွေ အဲလောက် ကိုယ်ရေးကိုယ်တာ ဆန်နေရတာလဲ။”

“မင်း ဘာမှမသိဘဲ လျှောက်မပြောနဲ့။ အာကာသယာဉ်ပေါ်က မစင်နဲ့ ဆီးသိမ်းဆည်းတဲ့စက်မှာ ပြွန်နှစ်ခုပါတယ်။ အဲ့ဒါက အသုံးပြုသူရဲ့ စွန့်ပစ်အင်္ဂါအစိတ်အပိုင်း အရွယ်အစားအလိုက် စိတ်ကြိုက်လုပ်ထားတာပဲ။ သုံးတဲ့အခါ အပေါ်ကနေ စွပ်ပြီး သုံးရတာ။ အဲဒါကို ကိုယ်ရေးကိုယ်တာလို့ ခေါ်သလား၊ မခေါ်ဘူးလား။”

“စွပ်ပြီး သုံးရတာ ဟုတ်လား။ ကြားရတာ တော်တော် သဘောကျဖို့ကောင်းသားပဲနော် ညီအစ်ကို။”

“အမလေး... ပထမအဆင့်မှာတင် အမြဲတမ်း ညစ်ညမ်းပြက်လုံး ထုတ်နေတဲ့သူတွေ ရှိနေတုန်းပဲလား။ ဒါပေမဲ့ တကယ်တော့ ခံစားချက်က တော်တော်လေး ကောင်းတယ်။”

“အခုအချိန်မှာ ခံစားချက်ကောင်းလား မကောင်းလား ဆွေးနွေးနေတာကို ခဏလောက် ရပ်ပေးလို့ရမလား။ ကျွန်တော် အောင့်ထားရတာ ပေါက်ထွက်တော့မယ်။ အိုးမိုင်....အပြတ်ပဲ ပြောစမ်းပါ။ ငှားမှာလား မငှားဘူးလား။ ဆယ်မိနစ်စာ ငှားခအတွက် အုတ်မြစ်ကျောက် ၁၀၀၀၀ ပေးမယ်။”

“ကျွန်တော်လည်း ပေးမယ်။”

“စိတ်မရှိပါနဲ့။ မင်းတို့မှာ ရောဂါတစ်ခုခု ရှိနေမှာ စိုးလို့ပါ။ မငှားနိုင်ပါဘူး။”

“တော်ပြီ။ မငှားလည်း ရတယ်။ တခြားပစ္စည်းတွေသုံးပြီးပဲ ကိုယ့်ဘာသာ တစ်ခု လုပ်လိုက်တော့မယ်။”

“ကျွန်တော့်မှာ အကြံတစ်ခုရှိတယ်။ ထောက်ပံ့ရေးသေတ္တာကို အိမ်သာအဖြစ် သုံးလို့ရတယ်။ ခဏ သုံးပြီးရင် အဲ့ဒီထောက်ပံ့ရေးသေတ္တာကို အပြင်ကို လွှင့်ပစ်လိုက်ရုံပဲ။”

“ဒီအကြံ မဆိုးဘူး။ ဒါပေမဲ့ အဲဒါက နည်းနည်းတော့ မရက်စက်လွန်းဘူးလား။ တခြားလူတစ်ယောက်ယောက်က တွေ့လို့ သူ့ရဲ့ အရေးပေါ်ကယ်ဆယ်ရေးယာဉ်ထဲ ဆွဲသွင်းမိရင် ဘယ်လောက် ရွံစရာကောင်းလိုက်မလဲ။”

“မစိုးရိမ်ပါနဲ့။ အဲ့ဒီအချိန်ကျရင် ခြောက်သွားလောက်ပြီဆိုတော့ အနံ့အသက်လည်း ကျန်မှာမဟုတ်လောက်တော့ပါဘူး။”

“ချီးပဲ... မင်းတို့ ခေါင်းစဉ် ပြောင်းကြလို့ မရဘူးလား။ ငါ အခု ထမင်းစားနေတာကွ။”

ရှောင်းယီတစ်ယောက် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါယမ်းလိုက်ပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို တွန်းကန်ကာ ဘေးတစ်ဖက်သို့ လွင့်မျောသွားလိုက်သည်။

လွန်ခဲ့သည့် ခဏလေးကတင် အာကာသချိတ်ကြိုးထံမှ ထောက်ပံ့ရေးသေတ္တာတစ်ခု ဖမ်းမိထားကြောင်း အချက်ပေးသံကို သူ ကြားခဲ့ရ၏။

ရှောင်းယီသည် ဘေးနားရှိ အခန်းသို့သွားကာ ခုနကတင် ဆွဲသွင်းထားသော ထောက်ပံ့ရေးသေတ္တာကို ကြည့်လိုက်သည်။ ထိုစဉ် သူသည် အများသုံးချန်နယ်ပေါ်က ဆွေးနွေးမှုကို ရုတ်တရက် သတိရသွားပြီး အနည်းငယ် တုံ့ဆိုင်းသွားမိ၏။

သူ သေတ္တာကို ဖွင့်လိုက်သည့်အခါ မစင်ပုံကြီး ထွက်လာမည်ကို တကယ်ပဲ စိုးရိမ်နေမိသည်။

ထို့နောက် သူ မိမိကိုယ်ကို ပြန်၍ လှောင်ပြောင်လိုက်မိ၏။

“သူတို့ အဲ့ဒီလိုလုပ်ခဲ့ရင်တောင် အရမ်းမြန်မြန်ကြီးတော့ အပြင်ကို လွှင့်ပစ်ဦးမှာ မဟုတ်ပါဘူး။”

သူ ထောက်ပံ့ရေးသေတ္တာကို ဖွင့်လိုက်သည်။

[ရရှိသော ပစ္စည်းများ: အုတ်မြစ်ကျောက် ၁၂၊ ပလတ်စတစ် ၃၊ ကိုလာ ၅၀၀ မီလီလီတာ]

ထိုပစ္စည်းများကို မြင်လိုက်ရသောအခါ ရှောင်းယီ ဆွံ့အသွားခဲ့သည်။

“ဒီလောက်လေးပဲလား။ အစားအစာကော။”

ရှောင်းယီသည် ကိုလာကို ကြိုက်သော်လည်း အစားအစာ ပိုမိုရရှိရန် မျှော်လင့်မိနေဆဲပင်။

အုတ်မြစ်ကျောက်နှင့် ပတ်သက်၍မူ ရှောင်းယီ လုံးဝ မစိုးရိမ်ပေ။ မနေ့က လေးဆအခြေအနေမှ ရရှိထားသော အုတ်မြစ်ကျောက် ပမာဏအမြောက်အမြားအပြင် ယခုအခါတွင် လူတိုင်း နေ့စဉ် မဖြစ်မနေ ဝယ်ယူနေရသော အောက်ဆီဂျင်ကိုလည်း ရောင်းချနေရသဖြင့် သူ့ထံသို့ ငွေများ အဆက်မပြတ် စီးဝင်နေ၏။

ယခုအချိန်တွင် အရေးအကြီးဆုံးအရာများမှာ ရေနှင့် အစားအစာ ဖြစ်သည်။

ရေနှင့်ပတ်သက်၍မူ ထောက်ပံ့ရေးသေတ္တာများမှ ရရှိနိုင်သည့်အပြင် ဥက္ကာခဲများမှလည်း ရရှိနိုင်သည်။

ရှောင်းယီတွင် ၁၀၀% ဖမ်းယူမှု အောင်မြင်နှုန်းရှိသော ဤအာကာသချိတ်ကြိုး ရှိနေသဖြင့် ရေအတွက် အခြေခံအားဖြင့် စိုးရိမ်စရာ မလိုပေ။

လက်ရှိ သူ၏တစ်ခုတည်းသော စိုးရိမ်ပူပန်မှုမှာ အစားအစာ ဖြစ်သည်။

ဤထောက်ပံ့ရေးပစ္စည်းထဲတွင် ကိုလာတစ်အိတ်သာ ပါရှိသည်ကို မြင်လိုက်ရသဖြင့် ရှောင်းယီ အနည်းငယ် စိတ်ပျက်သွားမိသည်။

အာကာသထဲရှိ ရေနှင့် အစားအစာအားလုံးကို အခြေခံအားဖြင့် အိတ်များဖြင့်သာ ထုပ်ပိုးထားလေ့ရှိသည်။ အကြောင်းမှာ ပုလင်းဖြင့် ထုပ်ပိုးထားသော ပစ္စည်းများသည် စားသုံးရန် အဆင်မပြေသောကြောင့်ဖြစ်ပြီး ကမ္ဘာမြေဆွဲအားမရှိသဖြင့် ၎င်းတို့ကို လောင်းထည့်ရန် ခက်ခဲသောကြောင့် ဖြစ်သည်။

သို့သော် အိတ်ဖြင့် ထုပ်ပိုးထားသည်များကိုမူ ပါးစပ်ထဲသို့ တိုက်ရိုက် ညှစ်ထည့်နိုင်သည်။

ရှောင်းယီသည် အာကာသချိတ်ကြိုးရှိရာသို့ သွားလိုက်ပြီး ချိတ်၏ ပစ်မှတ်ကို ဥက္ကာခဲများဆီသို့ ပြောင်းလဲလိုက်ကာ အလိုအလျောက် ဖမ်းယူနိုင်ရန် သတ်မှတ်ပေးလိုက်သည်။

ထိုအရာအားလုံးကို စီစဉ်ပြီးနောက် ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ထံသို့ တစ်ဖန်ပြန်သွားကာ ဈေးကွက်ခန်းမသို့ ပြောင်းလဲ၍ အစားအစာ ရောင်းချမည့်သူ ရှိ၊ မရှိ စစ်ဆေးကြည့်လိုက်သည်။

ဤအချိန်တွင် လူတော်တော်များများမှာ ထောက်ပံ့ရေးသေတ္တာများကို ဖမ်းမိထားကြပြီဖြစ်သဖြင့် ၎င်းတို့လက်ထဲတွင် ပစ္စည်းအချို့ ရှိနေကြပြီဖြစ်သည်။

အချို့လူများမှာ အစားအစာများကိုပင် ထုတ်ယူနိုင်ခဲ့ကြသည်။

“ဘီစကွတ် ၂၅၀ ဂရမ် - အောက်ဆီဂျင် ၀.၅ လီတာ။”

“ပေါင်မုန့်】 ၅၀၀ ဂရမ် - အောက်ဆီဂျင် ၁ လီတာ။”

“ဝက်အူချောင်း ၆၀၀ ဂရမ် - အောက်ဆီဂျင် ၁.၅ လီတာ။”

...

ယခုလက်ရှိကာလတွင် ဈေးနှုန်းအမျိုးမျိုးမှာ အလွန်အမင်း မတည်မငြိမ်ဖြစ်နေပြီး ဈေးကွက်ဝယ်လိုအားပေါ်တွင်သာ လုံးလုံးလျားလျား မူတည်နေခဲ့သည်။

ဤအသက်ရှင်ကျန်ရစ်သူများသည် မိမိတို့ရရှိထားသော အစားအစာများကို အလဲအလှယ် မလုပ်ချင်ကြချေ။ သို့သော် တစ်ရက်၊ နှစ်ရက်ခန့် မစားဘဲနေခြင်းက အသက်အန္တရာယ် မရှိနိုင်သော်လည်း အောက်ဆီဂျင် ပြတ်လပ်သွားပါကမူ အချိန်တိုအတွင်း သေချာပေါက် အသက်ရှူကျပ်ပြီး သေဆုံးသွားနိုင်သည်။

ထို့ကြောင့် အစားအစာ ထုတ်ရောင်းကြသည့် အသက်ရှင်ကျန်ရစ်သူ အားလုံးမှာ အောက်ဆီဂျင် လိုအပ်နေကြ၍သာ ဖြစ်သည်။

ရှောင်းယီသည်လည်း ၎င်းတို့၏ ဈေးနှုန်းများကို သိပ်ပြီး တွက်ကပ်မနေတော့ဘဲ အရောင်းအဝယ်ခန်းမရှိ အစားအစာအားလုံးကို ပြောင်စင်အောင် သိမ်းကျုံးဝယ်ယူလိုက်တော့သည်။

တကယ်တော့ ရှောင်းယီအနေဖြင့် မနေ့က လေးဆအခြေအနေရှိနေစဉ်အတွင်း ယခုလိုမျိုး လုပ်ဆောင်နိုင်ခဲ့လျှင် ပိုကောင်းမည့်အပြင် မနေ့တုန်းက ဈေးကွက်ခန်းမ၌လည်း အစားအစာ တင်ရောင်းသူ လုံးဝမရှိခဲ့ပေ။

ရှောင်းယီသည် အောက်ဆီဂျင်ကို အစားအစာအမြောက်အမြားနှင့် လဲလှယ်ခဲ့ရာ အာကာသယာဉ်မှူးတစ်ဦး အာကာသထဲတွင် စားသုံးနိုင်မည့် အစားအစာအားလုံးနီးပါးကို ပြန်လည်ရယူနိုင်ခဲ့သည်။

“ဈေးကွက်ခန်းမမှာ အောက်ဆီဂျင်အတွက် အစားအစာနဲ့ လဲလှယ်တဲ့ အကွက်တွေအကုန်လုံး အသိမ်းခံလိုက်ရပြီ။ သေချာတယ်။ အဲဒါ ယီရန်ပင်းသူဌေးပဲ ဖြစ်ရမယ်။”

“ဟုတ်တယ်။ ဒီဘော့စ်က စကားသိပ်ပြောလေ့မရှိဘူးထင်တယ်။ သူ စကားပြောတာ တစ်ခါမှ မမြင်ဖူးဘူး။ သူ ဘယ်ဂြိုဟ်က လာသလဲဆိုတာ သိချင်မိတယ်။”

“ဘော့စ်...အစားအစာတွေ ဒီလောက်အများကြီး သိမ်းကျုံးဝယ်ပြီးတော့ ဒါတွေအကုန်စားပြီးရင် အိမ်သာတက်ဖို့ မပူရဘူးလား။”

“အတိအကျပဲ။ ကျွန်တော်သိသလောက်တော့ အခုလောလောဆယ် မစင်နဲ့ ဆီးသိမ်းဆည်းတဲ့စက် ရထားတဲ့ တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူက စောစောက အစ်ကိုကြီးပဲ။”

“ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် ငါတော့ အဲဒီပစ္စည်းမျိုး မရသေးဘူး။”

“မင်းတို့ သူဌေးရဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးကိစ္စအတွက် လုံးဝပူစရာမလိုဘူး။ မနေ့က သူ အုတ်မြစ်ကျောက်နဲ့ အနက်ရောင်ရွှေတွေ အများကြီး လဲလှယ်ထားတယ်လေ။ သူ့ရဲ့ အရေးပေါ်ကယ်ဆယိရေးယာဉ်က အခုဆို တော်တော်ကြီးနေလောက်ပြီ။ သူ သံပြားတွေသုံးပြီး အခန်းတစ်ခန်း ခွဲလိုက်ရုံနဲ့ အိမ်သာအဖြစ် သုံးလို့ရနေပြီ။”

“ဟုတ်ပါရဲ့။ ငါ့လက်ထဲမှာ အုတ်မြစ်ကျောက်နဲ့ အနက်ရောင်ရွှေတွေ ရှိပေမဲ့ မချဲ့ရဲသေးဘူး။ ချဲ့ပြီးသွားရင် လေထုက သေချာပေါက် ကျဲသွားပြီး အဲဒါကို ဖြည့်ဖို့ အောက်ဆီဂျင် ပိုလိုလိမ့်မယ်။ အောက်ဆီဂျင်ဝယ်ဖို့ အုတ်မြစ်ကျောက်တွေ အဲဒီလောက်အထိ အကုန်မခံချင်ဘူး။”

“ငါတို့ အောက်ဆီဂျင် သုံးစွဲတဲ့နှုန်းက မပြောင်းလဲပေမဲ့ နေရာက ပိုကျယ်လာတာမို့လို့ ဖြည့်ဖို့အတွက် ဂတ်စ်ပိုလိုတာတော့ အမှန်ပဲ။ ဟူး... ယီရန်ပင်းသူဌေးမှာ အောက်ဆီဂျင်တွေ အများကြီးရှိတာကို တကယ်ပဲ အားကျမိတယ်။”

“ငါ့မှာသာ အောက်ဆီဂျင် အဲဒီလောက်ရှိရင် ၈ ကုဗမီတာလောက် တန်းချဲ့ပစ်လိုက်တယ်။”

“မင်းလက်ထဲမှာလည်း အနက်ရောင်ရွှေတွေ တော်တော်ရှိနေပုံပဲ။ မနေ့က အောက်ဆီဂျင်နဲ့လဲဖို့ အနက်ရောင်ရွှေတွေကို မသုံးဘဲ အောင့်အီးထားနိုင်ခဲ့တယ်ပေါ့။”

“ဒါတော့ သေချာပေါက် မလဲနိုင်ဘူးလေ။ အနက်ရောင်ရွှေနဲ့ အုတ်မြစ်ကျောက်က လုံးဝအဖိုးတန်တဲ့ အမာခံငွေကြေးတွေပဲ။ လူတိုင်း ပထမအဆင့်ကို ဖြတ်သန်းဖူးကြတာပဲဆိုတော့ ဒါကို အားလုံးလည်း ရိပ်မိကြမှာပါ ဟုတ်တယ်မလား။”

“ဟုတ်ပါတယ်။ ဒါပေမဲ့ အခုလောလောဆယ်တော့ တခြားအရာတွေထက် အရင်ဆုံး အသက်ရှင်အောင် နေနိုင်ဖို့က အဓိကပဲလေ။”

ရှောင်းယီမှာမူ ယခုအချိန်တွင် အုပ်စုထဲ၌ ဆွေးနွေးနေကြသည်ကို အာရုံစိုက်ရန် အချိန်မရှိပေ။ ထို့အစား သူသည် အစားအစာများကို အမျိုးအစားခွဲခြားနေရသည်။ မည်သည့်အရာက သက်တမ်းပိုရှည်ပြီး နောက်မှစားရမည်၊ မည်သည့်အရာက သက်တမ်းတိုသဖြင့် အမြန်စားပစ်ရမည် စသည်ဖြင့် ဖြစ်သည်။

အမျိုးအစားခွဲခြားခြင်း ပြီးဆုံးသွားသောအခါ အာကာသချိတ်ကြိုးထံမှ အချက်ပေးသံတစ်ခု ရောက်ရှိလာခဲ့သည်။ ၎င်းက ဥက္ကာခဲတစ်ခုကို ဖမ်းမိလိုက်ပြန်ပြီ ဖြစ်သည်။

ရှောင်းယီသည် ပစ္စည်းစုဆောင်းခြင်းစက်ကို ချက်ချင်း အပြင်သို့ထုတ်လိုက်ပြီး အာကာသချိတ်ကြိုးကို ဆက်လက်အလုပ်လုပ်စေကာ ပစ်မှတ်ကိုလည်း ဥက္ကာခဲများအဖြစ် ဆက်လက်သတ်မှတ်ထားလိုက်သည်။

ထိုအရာအားလုံးကို စီစဉ်ပြီးနောက် ရှောင်းယီသည် ယခုတင် ရရှိထားသော ကိုလာကို ယူဆောင်ကာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ထံသို့ သွားလိုက်သည်။

သူသည် အုပ်စုထဲမှ လူများ၏ ဆွေးနွေးမှုကို ကြည့်ရှုရင်း ပြုံးကာ ခေါင်းခါလိုက်မိသည်။

ငါက မင်းတို့နဲ့ ရင်းနှီးတာလည်း မဟုတ်ဘူး။ မင်းတို့နဲ့လည်း စကားမပြောချင်ဘူး။

ထိုစဉ် လူတစ်ယောက်၏ ပို့စ်တစ်ခုကြောင့် ရှောင်းယီ ကြောင်အသွားခဲ့ရသည်။

“အားလုံးပဲ သတိထားကြပါ။ နေ့တိုင်း ထွက်ပေါ်လာတဲ့ ထောက်ပံ့ရေးသေတ္တာက တစ်ခုထက်မက ရှိနေနိုင်တယ်။”

“ဘာကြီး....မဖြစ်နိုင်တာ။ ငါကတော့ အမြဲတမ်း တစ်ခုပဲ ရှိတယ်လို့ ထင်နေတာလေ။ တစ်ခု ရှာတွေ့ပြီးတာနဲ့ ပက်လက်လှန်ပြီး အေးအေးဆေးဆေး နားနေလိုက်တာပဲ။”

“ဟုတ်တယ်။ ငါလည်း တူတူပဲ။ တကယ်လို့ ထောက်ပံ့ရေးသေတ္တာက နှစ်ခု ရှိတယ်ဆိုရင်တော့ ငါတို့ အသက်ရှင်ကျန်ရစ်ဖို့ အခွင့်အလမ်းက တော်တော်လေး ပိုများလာပြီ။”

အခန်း ၁၂၈၄

ထောက်ပံ့ရေးသေတ္တာ နှစ်ခု ထွက်ပေါ်လာနိုင်ခြေ အမှန်တကယ် ရှိနေ၏။ ရှောင်းယီသည်လည်း အမြဲတမ်း တစ်ခုသာ ထွက်ပေါ်လာတတ်သည်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

၎င်းကို မြင်လိုက်ရသည့်နောက် ရှောင်းယီသည် အာကာသချိတ်ကြိုးဆီသို့ ချက်ချင်း လွင့်မျောသွားပြီး ပစ်မှတ်ကို ထောက်ပံ့ရေးသေတ္တာအဖြစ် ပြန်ပြောင်းကာ ၎င်းဘာသာ လွတ်လပ်စွာ အလုပ်လုပ်စေလိုက်သည်။

ယခင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ အကြောင်းကြားချက်တွင် ထောက်ပံ့ရေးသေတ္တာများ နည်းပါးသွားလိမ့်မည်ဟုသာ ပြောထားပြီး မည်မျှအထိ နည်းသွားမည်ကိုမူ မည်သူမျှ မသိကြချေ။

အသက်ရှင်ကျန်ရစ်သူတစ်ဦးက ဒုတိယမြောက် ထောက်ပံ့ရေးသေတ္တာကိုသာ ရှာမတွေ့ခဲ့လျှင် ရှောင်းယီအနေဖြင့် တစ်ခုတည်းသာ ရှိသည်ဟု အမှန်တကယ် ယုံကြည်သွားမိပေလိမ့်မည်။

ဟုတ်ပါသည်။ ဤအရာသည် ယခင်က လျှပ်စစ်မီး မလုံလောက်မှုနှင့်လည်း သက်ဆိုင်နေပြီး ထိုအချက်ကြောင့်ပင် သူသည် အာကာသချိတ်ကြိုးကို ပေါ့ပေါ့ဆဆ မသုံးရဲခဲ့ခြင်း ဖြစ်သည်။

အကယ်၍ လျှပ်စစ်မီးသာ လုံလောက်ခဲ့လျှင် ရှောင်းယီသည် အာကာသချိတ်ကြိုးကို အမြဲတမ်း အလုပ်လုပ်ခိုင်းထားမည်မှာ သေချာသည်။

ယခုအခါ လျှပ်စစ်မီး အတော်အတန် လုံလောက်နေပြီဖြစ်သည်။ အနည်းဆုံးတော့ အရေးပေါ်ကယ်ဆယ်ယာဉ်ထဲတွင် မီးလင်းနေပြီဖြစ်သည်။ သို့သော် ရှောင်းယီအနေဖြင့် ယခင်ကကဲ့သို့ အလင်းရောင်မရှိသည့် အခြေအနေမျိုးနှင့် ထပ်မံကြုံတွေ့ရဦးမည်လားဆိုသည်ကို မသေချာသေးချေ။

ထို့ကြောင့် သူသည် လျှပ်စစ်မီးကို အနည်းငယ် ခြွေတာနေရဆဲပင်။

အာကာသချိတ်ကြိုးကို စီစဉ်ပြီးနောက် ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ထံသို့ ပြန်လည်လွင့်မျောလာခဲ့၏။

“ဒုတိယမြောက် ထောက်ပံ့ရေးသေတ္တာထဲက ပစ္စည်းကောင်းလေးတွေကို ငါ မင်းတို့ကို ပြရဦးမယ်။ [ဖိုတိုဗိုတဲရစ် ဆိုလာပြား ထုတ်လုပ်မှုပုံစံ] (Cအဆင့်) ၁။”

“အပေါ်က ညီအစ်ကို အဲ့ဒါကို ငါ့ကို ရောင်းပေးစမ်း။ နောက်နောင် ငါ မင်းကို ကာကွယ်ပေးမယ်။ မဟုတ်ရင်တော့ မင်း ငါ လိုက်သတ်မယ့်ရက်ကိုသာ စောင့်နေလိုက်တော့။”

“ငတုံး မင်းက သူ ဘယ်မှာရှိမှန်းတောင် သိလို့လား။ သူ့ကို ဒီလိုမျိုး ခြိမ်းခြောက်ရဲတယ်ပေါ့။ မင်းလိုကောင်မျိုး ပထမအဆင့်ကနေ ဘယ်လိုတောင် အသက်ရှင်လာသလဲဆိုတာ ငါ တကယ်ကို စဉ်းစားလို့မရဘူး။”

“အမှန်ပဲ။ ငါလည်း ဒီထုတ်လုပ်မှုပုံစံ ဝယ်ချင်ပါတယ်။ ဒါပေမဲ့ အရောင်းအဝယ် မဖြစ်ရင်တောင် ရန်ငြိုးတော့မထားဘူး။”

“မင်းတို့တွေ ရူးနေကြတာလား။ သူက ဒါကို သေချာပေါက် ရောင်းမှာမဟုတ်ဘူးလေ။ ဘာလို့ ဝိုင်းအုံနေကြသေးတာလဲ။”

“တကယ်လို့ သူ ရောင်းလိုက်ရင်ကော။”

“ဟား...ဟား...ဟား ကျုပ် သေချာပေါက် မရောင်းပါဘူး။ ကျုပ်ရဲ့ အရေးပေါ်ကယ်ဆယ်ရေးယာဉ်ထဲမှာ အလင်းရောင်ရဖို့ ဒီဟာကိုပဲ အားကိုးနေရတာ။ ကျုပ်လည်း အလင်းရောင် လိုအပ်တယ်လေ။”

“ဟုတ်ပါတယ်လေ။ အခုလောလောဆယ် ငါ့ရဲ့ အရေးပေါ်ကယ်ဆယ်ရေးယာဉ်ထဲမှာ အဲဒီ ပြတင်းပေါက် အနည်းငယ်ကနေ ဖြတ်သန်းဝင်ရောက်လာတဲ့ အလင်းရောင်ပဲ ရှိတယ်။ ကျန်တဲ့ နေရာတွေက နည်းနည်း မှောင်နေတုန်းပဲ။”

“အပေါ်ကလူ ပြောပုံအရဆိုရင် မင်းရဲ့ အရေးပေါ်ကယ်ဆယ်ရေးယာဉ်က ကြီးမားကျယ်ဝန်းနေတဲ့အတိုင်းပဲနော်။ အဲ့ဒီ ပြတင်းပေါက်လေးပေါက်က မင်းရဲ့ယာဉ်ကို လင်းထိန်သွားစေဖို့ လုံလောက်နေပါပြီ။”

“အဟမ်း... အမှန်တရားကို ကွက်ကွက်ကွင်းကွင်းကြီး ဖော်မပြောပါနဲ့ဗျာ။ ဒါပေမဲ့ ဒီဖန်ပြတင်းပေါက်ကနေ တစ်နေကုန် အပြင်ဘက်ကို ငေးကြည့်နေရတာက ငါ့ကိုယ်ငါ ထောင်ထဲရောက်နေသလို အမြဲတမ်း ခံစားရတယ်။”

“ဒါက ပထမအဆင့်တုန်းကနဲ့ အတူတူပဲ မဟုတ်ဘူးလား။ အဲဒီတုန်းက အဲဒီနေရာကျဉ်းကျဉ်းလေးကလည်း ထောင်ထဲရောက်နေသလိုပဲလေ။”

“ငါလည်း ဒုတိယမြောက် ထောက်ပံ့ရေးသေတ္တာကို မြင်လိုက်ရသလိုပဲ။”

“နှမြောစရာကောင်းတာက ငါ့မှာ လောင်စာဆီ နည်းနေတယ်။ ဒါကြောင့် တစ်ယောက်လောက် ငါ့ကို လောင်စာဆီ နည်းနည်းလောက် ရောင်းပေးနိုင်မလား။”

“ဟီးဟီး...လိမ်မယ့်သူ နောက်တစ်ယောက် ပေါ်လာပြန်ပြီ။”

“ငါ တကယ် လိမ်နေတာ မဟုတ်ဘူး။ တကယ်လို့ တစ်ယောက်ယောက် ငါ့ကို လောင်စာဆီ ၅ မှတ် ရောင်းပေးရင် အဲ့ဒီ ထောက်ပံ့ရေးသေတ္တာထဲက ပစ္စည်းတွေကို သူနဲ့ တူတူ ညီတူညီမျှ ခွဲဝေယူဖို့ အဆင်သင့်ပဲ။”

“ချီးပဲ...ငါ့မှာ စုစုပေါင်း လောင်စာဆီ ၃၀ ရာခိုင်နှုန်းပဲ ရှိတာ။ အဲဒါကို မင်းကို ခြောက်ပုံတစ်ပုံ ရောင်းပေးရမယ် ဟုတ်လား။ မဖြစ်နိုင်ဘူး။”

“အတိအကျပဲ။ လောင်စာဆီက အရမ်းအရေးကြီးတယ်။ လောင်စာဆီမရှိရင် ငါတို့ ထောက်ပံ့ရေးသေတ္တာတွေကို လုံးဝ ဖမ်းလို့ရမှာမဟုတ်ဘူး။”

“မှန်တယ်။ တစ်နေ့ကျရင် ငါတို့တွေ ကြယ်တာရာတွေကြား ခရီးနှင်ရမှာလည်း ဖြစ်နိုင်တာပဲ။ အဲ့ဒါကြောင့် လောင်စာဆီကို ဒီလိုမျိုး စိတ်လိုက်မာန်ပါ ရောင်းချပစ်တာက ပညာရှိရာမကျဘူး။”

တခြား အသက်ရှင်ကျန်ရစ်သူများတွင် အာကာသချိတ်ကြိုး မရှိကြသဖြင့် ၎င်းတို့အနီးရှိ ထောက်ပံ့ရေးသေတ္တာများအနားသို့ ချဉ်းကပ်နိုင်ရန် လောင်စာဆီကိုသာ အသုံးပြုရမည် ဖြစ်သည်။

ထောက်ပံ့ရေးသေတ္တာနှင့် နီးကပ်သွားမှသာလျှင် အရေးပေါ်ကယ်ဆယ်ရေးယာဉ်ပေါ်ရှိ စက်မှုလက်တံကို အသုံးပြု၍ ၎င်းကို ဖမ်းယူနိုင်မည် ဖြစ်သည်။

ရှောင်းယီသည် အုပ်စုထဲမှ ဆွေးနွေးမှုများကို မြင်လိုက်ရပြီးနောက် မျက်လုံးအဝိုင်းသား ဖြစ်သွားခဲ့ပြီး ကူကယ်ရာမဲ့သွားခဲ့လေသည်။ ၎င်းတို့အနေဖြင့် ကြယ်တာရာခရီးစဉ်ကို နှင်ရမည်ဆိုလျှင်ပင် ဤအရေးပေါ်ကယ်ဆယ်ရေးယာဉ်ကို အသုံးပြုရန် မဖြစ်နိုင်သကဲ့သို့ ဤမျှလောက်သော လောင်စာဆီအနည်းငယ်ဖြင့် ကြယ်တာရာခရီးနှင်ရန် ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်ချေ။

မိမိ၏ လောင်စာဆီအဆင့် ၃၀ ရာခိုင်နှုန်းကို ကြည့်ရင်း ရှောင်းယီက တီးတိုး ရေရွတ်လိုက်မိသည်။

“ဘာပဲဖြစ်ဖြစ် ငါ့အတွက် အခုလောလောဆယ် လောင်စာဆီ မလိုသေးဘူး။ အဲ့တော့ စွန့်စားပြီး လောင်းကြေးထပ်ကြည့်ရင်လည်း မဆိုးပါဘူး။”

အာကာသချိတ်ကြိုး ရှိထားသော ရှောင်းယီအဖို့ ဤလောင်စာဆီ ၃၀ ရာခိုင်နှုန်းသည် အမှန်တကယ် မလိုအပ်သဖြင့် သူသည် ထိုလူနှင့် သီးသန့်စကားပြောခန်းကို စတင်လိုက်တော့သည်။

“မင်္ဂလာပါ...ထောက်ပံ့ရေးသေတ္တာထဲက ပစ္စည်းတွေကို ညီတူညီမျှ ခွဲယူဖို့အတွက် ငါ မင်းကို လောင်စာဆီ ၅ ရာခိုင်နှုန်းနဲ့ လဲလှယ်ပေးနိုင်တယ်။”

ရှောင်းယီက သီးသန့်စာတို ပေးပို့လိုက်၏။ထိုလူ၏ အိုင်ဒီမှာ သခင်ကြီးလု ဖြစ်သည်။

“ဩော်... ယီရန်ပင်းသူဌေး ဖြစ်နေတာကိုး။ ကျွန်တော့်ကို ယုံကြည်ပေးတဲ့အတွက် သူဌေးကို ကျေးဇူးတင်ပါတယ်။ ဒီလိုလုပ်ရင်ကော ဘယ်လိုလဲ။ ဒီလောင်စာဆီ ၅ မှတ်အတွက် ကျွန်တော် အရင်ဆုံး အုတ်မြစ်ကျောက် ၂၀၀၀၀ နဲ့ လဲလှယ်ပေးပါ့မယ်။ ကျွန်တော် ထောက်ပံ့ရေးသေတ္တာကို ဖမ်းပြီး ပစ္စည်းတွေ ခွဲဝေပြီးသွားတဲ့အခါမှ ခင်ဗျားက အဲ့ဒါတွေကို ကျွန်တော့်ဆီ ပြန်ပေးပေါ့။”

သထင်ကြီးလုက ပြန်ဖြေလိုက်သည်။

“ဒါဆိုရင် တကယ်လို့ ကျွန်တော် ထောက်ပံ့ရေးပစ္စည်းတွေကို ခင်ဗျားနဲ့ မခွဲဝေဖြစ်ခဲ့ရင်တောင် ခင်ဗျားဘက်က ဘာမှ ဆုံးရှုံးသွားမှာ မဟုတ်တော့ဘူးလေ။”

“ကောင်းပြီလေ။”

ရှောင်းယီက ပြန်ပြောလိုက်သည်။

“ကီးစတုန်း ၂၀၀၀၀ - လောင်စာဆီ ၅ ရာခိုင်နှုန်း။”

ရှောင်းယီသည် ထိုအလဲအလှယ်ကို ချက်ချင်း သဘောတူလိုက်၏။ သူ၏ အရေးပေါ်ကယ်ဆယ်ရေးယာဉ်ထဲရှိ လောင်စာဆီမှာ ၅ ရာခိုင်နှုန်း ချက်ချင်း လျော့ကျသွားပြီး ၂၅ ရာခိုင်နှုန်းသာ ကျန်ရှိတော့သော်လည်း တစ်ချိန်တည်းမှာပင် သူသည် အုတ်မြစ်ကျောက် ၂၀၀၀၀ ရရှိခဲ့သည်။

အရောင်းအဝယ် ပြီးမြောက်သွားပြီးနောက် ရှောင်းယီသည် ဂရုထဲမှ စကားပြောခန်းကို ဆက်လက် စောင့်ကြည့်နေလိုက်သည်။

“ဟို သခင်ကြီးလု ဆိုတဲ့လူကို လောင်စာဆီ ထောက်ပံ့ပေးတဲ့ ငတုံးတစ်ယောက် တကယ်ကြီး ရှိနေတယ်ဟ။”

“တကယ်ကြီးလား။ မင်း ဘယ်လိုသိတာလဲ။”

“ငါ ခုနကတင် သခင်ကြီးလု ဆိုတဲ့လူကို သီးသန့်စာပို့ပြီး မေးကြည့်လိုက်တာ။ တစ်ယောက်ယောက်က သူ့ကို လောင်စာဆီ ၅ မှတ် တကယ်ကြီး လဲပေးလိုက်ပြီလို့ ပြောတယ်။”

“သေချာတာပေါ့။ ဘယ်လိုအဆင့်မှာပဲဖြစ်ဖြစ် ပိုက်ဆံကို အရူးလို သုံးတဲ့လူတွေကတော့ အမြဲတမ်း ရှိနေတာပဲ။ ငါ စဉ်းစားနေတာ... ငါတို့ ကမ္ဘာဂြိုဟ်က လိမ်လည်လှည့်ဖြားတဲ့ နည်းစနစ်တွေကို ဒီဘက်ကို ယူလာပြီး ဆက်လက် အကောင်အထည်ဖော်ရင် ကောင်းမလားလို့။”

“လုံးဝ ဖြစ်နိုင်တယ်။ မင်း အကြီးအကျယ် ချမ်းသာသွားလိမ့်မယ်လို့တောင် ငါ ခံစားနေရတယ်။”

သခင်ကြီးလုသည် ထိုလောင်စာဆီ ၅ ရာခိုင်နှုန်းဖြင့် ထောက်ပံ့ရေးသေတ္တာအနီးသို့ ချဉ်းကပ်ရန် သူ၏ အရေးပေါ်ကယ်ဆယ်ရေးယာဉ်ကို ချက်ချင်း မောင်းနှင်လိုက်သည်။

သခင်ကြီးလုသည် ယခင်က ထောက်ပံ့ရေးသေတ္တာ သုံးခုကို ဖမ်းယူထားပြီးဖြစ်သောကြောင့် သူ၏ လောင်စာဆီမှာ လုံးဝနီးပါး ကုန်ခမ်းနေခဲ့ခြင်း ဖြစ်သည်။

အကယ်၍ ရှောင်းယီ လဲလှယ်ပေးလိုက်သော လောင်စာဆီ ၅ မှတ်သာ မရှိခဲ့လျှင် သူသည် ထိုထောက်ပံ့ရေးသေတ္တာအနားသို့ သေချာပေါက် ချဉ်းကပ်နိုင်ခဲ့မည် မဟုတ်ပေ။

ထောက်ပံ့ရေးသေတ္တာနှင့် နီးကပ်သွားပြီးနောက် သခင်ကြီးလုသည် စက်မှုလက်တံကို ချက်ချင်း ထိန်းချုပ်ကာ ထောက်ပံ့ရေးသေတ္တာကို ဖမ်းယူပြီး အရေးပေါ်ကယ်ဆယ်ရေးယာဉ်ထဲသို့ ဆွဲသွင်းလိုက်တော့သည်။

သခင်ကြီးလုသည် ယခင်က ဖမ်းမိထားသော ထောက်ပံ့ရေးသေတ္တာ သုံးခုထဲမှ နှစ်ခုကို လွှင့်ပစ်ခဲ့ပြီး ဖြစ်သည်။ အကြောင်းမှာ ၎င်းတို့သည် အရေးပေါ်ကယ်ဆယ်ရေးယာဉ်ထဲတွင် နေရာအကျယ်ကြီး ယူလွန်းသောကြောင့်ပင်။

ထောက်ပံ့ရေးသေတ္တာကို ဖွင့်လိုက်ပြီးနောက် သခင်ကြီးလုသည် အုတ်မြစ်ကျောက်၊ အစားအစာ၊ ရေနှင့် စာလိပ် တစ်ခုကို တွေ့လိုက်ရသည်။

သခင်ကြီးလုတွင် စနစ် မရှိသဖြင့် ထိုစာလိပ်က ဘာမှန်း သဘာဝအတိုင်း သူ မသိရှိပေ။

သခင်ကြီးလုသည် ထိုပစ္စည်းအားလုံးကို ရှောင်းယီထံသို့ သီးသန့်စကားပြောခန်းမှတစ်ဆင့် တိုက်ရိုက် ပေးပို့လိုက်သည်။

“အုတ်မြစ်ကျောက် ၁၂၊ [ဘီစကွတ်] ၅၀၀ ဂရမ်၊ ရေသန့် ၁ ကီလိုဂရမ်၊ ဂတ်စ်ဖိသိပ်အအေးပေးစက် ထုတ်လုပ်မှာပုံစံ (B အဆင့်) ၁။”

ထိုစာတိုကို မြင်လိုက်ရသောအခါ သခင်ကြီးလုသည် ဒုတိယမြောက် ထောက်ပံ့ရေးသေတ္တာကို အမှန်တကယ် ဖမ်းမိသွားပြီဖြစ်ကြောင်း ရှောင်းယီ သဘာဝအတိုင်း နားလည်လိုက်သည်။

ပထမပစ္စည်း သုံးခုကို သေချာကြည့်ရန် မလိုသဖြင့် ရှောင်းယီသည် နောက်ဆုံး ထုတ်လုပ်မှုပုံစံကို ကြည့်လိုက်သည်။

“ဂတ်စ်ဖိသိပ်အအေးပေးစက် ထုတ်လုပ်မှုပုံစံ (B-အဆင့်) - ဂတ်စ်ဖိသိပ်အအေးပေးစက် တစ်လုံး တည်ဆောက်ရန် အသုံးပြုသည်။ ၎င်းသည် ဂတ်စ်ကို အရည်ပျော်စေပြီး လောင်စာကန်နှင့် ချိတ်ဆက်ပေးနိုင်ကာ အရေးပေါ်ကယ်ဆယ်ရေးယာဉ်၏ လောင်စာဆီကို ပြန်လည်ဖြည့်တင်းပေးနိုင်သည်။”

“ပစ္စည်းကောင်းပဲ။”

ရှောင်းယီ၏ မျက်လုံးများ တောက်ပသွားပြီး သခင်ကြီးလုထံသို့ စာတိုတစ်စောင် ချက်ချင်း ပေးပို့လိုက်သည်။

“ငါ အဲဒီထုတ်လုပ်မှာပုံစံ တစ်ခုပဲ လိုချင်တယ်။ ကျန်တာတွေကို မင်းပဲ ယူလိုက်ပါ။ တကယ်လို့ မတရားဘူးလို့ မင်း ခံစားရရင် ငါ မင်းကို အုတ်မြစ်ကျောက်တွေနဲ့လည်း လျော်ကြေးပေးလို့ရတယ်။”

“အုတ်မြစ်ကျောက်လျော်ကြေး မလိုပါဘူး။ နောင်ကျရင် သူဌေး ထုတ်လုပ်မယ့် လောင်စာဆီတွေကို ကျွန်တော့်ကို ဈေးကွက်ပေါက်ဈေးရဲ့ ၅၀ ရာခိုင်နှုန်းနဲ့ပဲ ရောင်းပေးရင်ရော ဘယ်လိုလဲ။”

သခင်ကြီးလုက ပြန်ဖြေလာခဲ့သည်။ ရှောင်းယီ အနည်းငယ် စဉ်းစားတွေးတောကြည့်လိုက်၏။

“ပြဿနာမရှိပါဘူး။ ပူးပေါင်းဆောင်ရွက်ရတဲ့အတွက် ဝမ်းသာပါတယ်။”

ထိုသို့ပြောပြီးနောက် ရှောင်းယီသည် အလဲအလှယ်ကို ပေးပို့လိုက်သည်။

“အုတ်မြစ်ကျောက် ၂၀၀၀၀ - ဂတ်စ်ဖိသိပ်အအေးပေးစက် ထုတ်လုပ်မှုပုံစံ (B-အဆင့်) ၁။”

သို့သော် သခင်ကြီးလုသည် ထိုအလဲအလှယ်ကို ချက်ချင်း ငြင်းပယ်လိုက်၏။

ရှောင်းယီ အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး သခင်ကြီးလုထံသို့ “?” တစ်ခု ပေးပို့လိုက်သည်။

သို့သော် နောက်တစ်စက္ကန့်တွင် သခင်ကြီးလုက နောက်ထပ် အလဲအလှယ်တစ်ခုကို ပြန်လည်ပေးပို့လာခဲ့သည်။”

ဂတ်စ်ဖိသိပ်အအေးပေးစက် ထုတ်လုပ်မှုပုံစံ (B-အဆင့်) ၁ - အခမဲ့လဲလှယ်ခြင်း။”

“ဒါက ဘာသဘောလဲ။ မင်း အုတ်မြစ်ကျောက် ၂၀၀၀၀ ကို မလိုချင်တော့ဘူးလား။”

ရှောင်းယီက မေးလိုက်သည်။

All Chapters