အခန်း (၁၂၈၇-၁၂၈၈)
Vol. 112 Ch. 1287-1288
အခန်း ၁၂၈၇
“ကြည့်ရတာ သူဌေးက ရေသန့်ကို စုဆောင်းနေတာ မဟုတ်ဘူးပဲ။ ဥက္ကာခဲတွေဆီကနေ ရတဲ့ ရေဖြစ်နေမလား။”
“ဒါပေါ့။ အဲဒါပဲဖြစ်ရမယ်။ ဈေးကွက်ခန်းမမှာ ရှင်းရှင်းလင်းလင်း တင်ထားတာပဲကို။ မေးနေဖို့ လိုသေးလို့လား။”
“သူဌေးက အဲဒီလို ရေမျိုးနဲ့ ဘာလုပ်မလို့လဲ။ သူ ရေသန့်စက် ရှာတွေ့သွားပြီလား မသိဘူး။”
“ဖြစ်နိုင်ခြေ အရမ်းရှိတယ်။ ပင်လယ်ရေသန့်စက်လိုမျိုးပေါ့။ ဒါမှမဟုတ်ရင် အဲဒီလို ညစ်ပတ်တဲ့ရေက သူဌေးအတွက်လည်း အသုံးမဝင်ဘူးလေ။”
“သူဌေးက ရေကို လျှပ်စစ်ခွဲထုတ်ပြီး ဟိုက်ဒရိုဂျင်နဲ့ အောက်ဆီဂျင် ထုတ်လုပ်နေတာလို့ ဘယ်သူမှ မသံသယဖြစ်ကြဘူးလား။”
“မဖြစ်နိုင်တာ။ အခုအချိန်မှာ လူတိုင်းရဲ့ လျှပ်စစ်ဓာတ်အားက သူတို့ရဲ့ စက်ရုပ်လက်တံကိုပဲ မောင်းနှင်နိုင်လောက်တယ်။ သူတို့မှာ လျှပ်စစ်ခွဲထုတ်တဲ့ ကိရိယာ ရှိရင်တောင်မှ အသုံးပြုနိုင်မှာ မဟုတ်ဘူး။”
“ဖူး... ဘာလို့ မရရမှာလဲ။ သူဌေး အခုထိ အောက်ဆီဂျင်တွေ ဘယ်လောက်အများကြီး ထုတ်ရောင်းထားလဲဆိုတာ ကြည့်ဦးလေ။”
“အတိအကျပဲ။ အကယ်၍ သူဌေးမှာသာ လျှပ်စစ်ခွဲထုတ်တဲ့ ကိရိယာ ရှိနေရင် အဲဒီ အောက်ဆီဂျင် အားလုံးအတွက် အဖြေက ရှင်းသွားပြီ။”
“အဖြေရှင်းလို့ ရပေမဲ့ ငါ စဉ်းစားလို့မရတဲ့ ပြဿနာ နှစ်ခု ရှိသေးတယ်။ အခုအချိန်မှာ လူတိုင်းက အများဆုံးရမှ ရိက္ခာသေတ္တာ ခြောက်လုံးပဲ ရကြသေးတာ။ ရိက္ခာသေတ္တာ ခြောက်လုံးထဲကနေ လျှပ်စစ်ခွဲထုတ်တဲ့ ကိရိယာကို တကယ်ကြီး ရနိုင်ပါ့မလား။ ပြီးတော့ ရလာခဲ့ရင်တောင်မှ အဲဒါကို မောင်းနှင်ဖို့ လုံလောက်တဲ့ လျှပ်စစ်ဓာတ်အား လိုအပ်ဦးမယ်။ ငါ့အမြင်အရတော့ အဲဒီလို ဖြစ်နိုင်ခြေက သုညနီးပါးပဲ။”
“ဟုတ်တယ်။ သူဌေးက လောင်စာဆီတွေကိုလည်း တော်တော်များများ ထုတ်ရောင်းထားပုံရတယ်။ အဲဒီ လောင်စာဆီတွေအတွက်လည်း ရှင်းပြချက် မရှိသလိုပဲ။”
“လျှပ်စစ်ခွဲထုတ်တဲ့ ကိရိယာ ရှိလို့ ဟိုက်ဒရိုဂျင်နဲ့ အောက်ဆီဂျင် အလုံအလောက် ရနိုင်တယ်ပဲ ထားဦး။ ဟိုက်ဒရိုဂျင်အရည်နဲ့ အောက်ဆီဂျင်အရည်တွေကို သူ ဘယ်လို ကိုင်တွယ်မလဲ။ အဲဒီလို ဖိအားပေးပြီး အရည်အဖြစ် ပြောင်းလဲတဲ့ ကိရိယာက အလွယ်တကူ ရနိုင်တာမျိုး မဟုတ်ဘူး။”
“မင်းတို့က ဘာကောင်မို့လို့ လျှောက်ပြောနေတာလဲ။”
သခင်ကြီးလုဖြစ်သူ လုမေယွီသည် ဆက်၍ ကြည့်မနေနိုင်တော့ဘဲ တိုက်ရိုက် ပြန်လည်ချေပလိုက်သည်။
“မင်းတို့ ပစ္စည်းကောင်းကောင်း မရနိုင်ရုံနဲ့ သူဌေးလည်း မရနိုင်ဘူးလို့ မဆိုလိုဘူးကွ။”
“အပေါ်က သခင်ကြီးလု...မင်း ထွက်လာပြီး ငါနဲ့ ထိပ်တိုက်ရင်ဆိုင်စမ်း။ အဲဒီလို ကိရိယာမျိုးကို မင်း ဘယ်လိုမျိုး ရအောင်ယူမလဲဆိုတာ ငါ ကြည့်ချင်သေးတယ်။”
လုမေယွီက နှာခေါင်းရှုံ့လိုက်ပြီး ရှောင်းယီနှင့် ပြောဆိုထားသည့် ၎င်း၏ ချက်တင်စခရင်ရှော့ကို တိုက်ရိုက် တင်ပြလိုက်သည်။
ထိုစခရင်ရှော့ထဲတွင် ရှင်းလင်းလှသော စာသားကို တွေ့မြင်ရနိုင်၏။
[ဓာတ်ငွေ့ဖိအားပေး အအေးခံစက် (အဆင့်-B)။]
လူတိုင်း ဆွံ့အ မှင်တက်သွားကြတော့သည်။
“လခွမ်း... ဒီလို အရာမျိုး တကယ်ကြီး ရှိနေတာလား။”
“မဆန်းတော့ပါဘူး။ ယီရန်ပင်း အရင်က ကုန်ကြမ်းအချို့ကို ဘာလို့ စုဆောင်းနေလဲဆိုတာ ငါ တွေးခဲ့သားပဲ။ ဒီစက်ကို တည်ဆောက်ဖို့အတွက်ပဲ ဖြစ်ရမယ်။”
“ပြီးတော့ ဒါက အဆင့် B ကိရိယာကြီးဟ။ ငါတော့ မနာလိုလွန်းလို့ မျက်လုံးတွေတောင် နီနေပြီ။”
“စောစောက ငါနဲ့ ထိပ်တိုက်ရင်ဆိုင်ချင်တယ်ဆိုတဲ့လူ ဘယ်ရောက်သွားလဲ။”
လုမေယွီက ဆက်လက်၍ လှောင်ပြောင်လိုက်သည်။
“ဘာလဲ... မင်းအဖေကို ရှာနေတာလား။ အဆင့် B ကိရိယာတစ်ခု ရှိရုံနဲ့တင် မင်းက အဲဒါကို တခြားလူဆီ အလကား ပေးလိုက်တယ်ပေါ့။ မင်းကတော့ ဖားယားတဲ့နေရာမှာ တကယ် ဆရာကျတာပဲ။”
“ဖားတတ်တဲ့လူရဲ့ မျက်လုံးထဲမှာတော့ လူတိုင်းကို ဖားတယ်လို့ပဲ မြင်မှာပေါ့။ စိတ်မကောင်းပါဘူး။ ငါကတော့ အဲဒီလို အဆင့်မြင့်တဲ့ ကွက်မျိုးကို မတတ်ဘူး။ ပြီးတော့ အကြောင်းအရာကို လွှဲမသွားနဲ့။ ငါက အဲဒီလို ကိရိယာမျိုးကို အမှန်တကယ် ထုတ်ပြပြီးပြီ။ အခု မင်း ဘာပြောချင်သေးလဲ။”
လုမေယွီက ဆက်ပြောလိုက်သည်။
“ငါက ဘာပြောစရာ ရှိရမှာလဲ။ ဒါပဲလေ။ ကိရိယာတစ်ခု ထုတ်ပြနိုင်တာက ဘာကြီးမို့လို့လဲ။”
“ငတုံး။”
လုမေယွီက ကျိန်ဆဲလိုက်ပြီး ထိုသူကို ဆက်၍ အဖတ်မလုပ်တော့ပေ။
ရှောင်းယီတွင် ထိုကိရိယာ ရှိကြောင်း သိရှိသွားကြပြီးနောက် လူတိုင်းသည် ရှောင်းယီထံသို့ သီးသန့်မက်ဆေ့ခ်ျများ ဆက်တိုက် ပေးပို့လာကြတော့သည်။
“သူဌေး ကျွန်တော့်ကို လောင်စာဆီတွေ ပိုပြီး ရောင်းပေးလို့ ရမလား။ ကျွန်တော် အုတ်မြစ်ကျောက်တွေ ပိုပေးနိုင်ပါတယ်။”
“လောင်စာဆီအတွက် အစားအသောက်တွေနဲ့ လဲလှယ်ရင်ကော ဘယ်လိုလဲ။”
“ကျွန်တော် ရေ ထောက်ပံ့ပေးပါ့မယ်။ သူဌေးက ကျွန်တော့်ကို ပြုပြင်ထုတ်လုပ်ပေး။ ပြုပြင်ခကို ကျွန်တော် ပေးပါ့မယ်။ အဆင်ပြေမလား။”
ထူးထူးဆန်းဆန်း အရောင်းအဝယ်နည်းလမ်း အမျိုးမျိုးကို အကြံပြုလာကြသဖြင့် ရှောင်းယီသည် သူစိမ်းများထံမှ လာသော သီးသန့်မက်ဆေ့ခ်ျများကို တိုက်ရိုက် ပိတ်ပစ်လိုက်သည်။
ငါက ဘာလို့ မင်းတို့နဲ့ အဲလို လဲလှယ်ရမှာလဲ။ ငါ့ဘာသာငါ ထုတ်လုပ်ပြီး ဈေးကွက်ခန်းမမှာ ချိတ်ဆွဲထားတာက ငါ့အတွက် ပိုပြီး အလုပ်ရှုပ်သက်သာတယ်။
အများသုံး ချန်နယ်မှာမူ ထပ်မံ၍ ဆွေးနွေးငြင်းခုံလာကြပြန်သည်။
“သူဌေး... သီးသန့်မက်ဆေ့ခ်ျတွေကို မပိတ်ပါနဲ့ဦး။ ကျွန်မတို့ သေချာ စကားပြောကြရအောင်လေ။ ကျွန်မက ‘ဆန်တောရပ်စ် ကြယ်စုတန်း ဆန်ဆောဂြိုဟ်ကလာတဲ့ အလှပဂေးလေးတစ်ယောက်ပါ။ တစ်နေ့နေ့ ကျွန်မတို့ ဆုံကြတဲ့အခါ ရှင့်ကို တစ်ညတာ ပြုစုလုပ်ကျွေးပါ့မယ်။”
“ဟေး...မင်း ဓာတ်ပုံတင်ရဲလား။ အခု လူတိုင်းက မတူညီတဲ့ ဂြိုဟ်တွေက လာတဲ့ သက်ရှိတွေ ဖြစ်နေကြပြီဆိုတော့ ငါတို့ရဲ့ အလှအပဆိုင်ရာ စံနှုန်းတွေကလည်း တော်တော်ကြီး ကွာခြားနေနိုင်တယ်နော်။”
“မတင်တာပဲ ကောင်းပါတယ်။ ကျွန်မ ခုနက အစားနည်းနည်း စားထားတယ်။ အဲဒီဓာတ်ပုံကိုသာ မြင်လိုက်ရင် ပြန်အန်မိမှာ သေချာတယ်။”
“ထပ်ပြီးတော့လား။ မင်း အခုတင် အန်ထားတာလား။”
“သေစမ်း... ဒီအရေးပေါ်ကယ်ဆယ်ရေးယာဉ်ထဲက လေထုက တကယ့်ကို နံစော်နေတာပဲ။”
“ဒါက မင်းဘာသာ လုပ်လို့ နံတာလေ။ တခြားလူကို သွားအပြစ်ပုံချလို့ မရဘူး။”
“ရေချိုးခန်း အိမ်သာမရှိတဲ့ ပြဿနာက ဒီလို အရှုပ်အထုပ်တွေကို ဖြစ်စေတာပဲ။”
“လူတိုင်းသာ နေ့တိုင်း ရိက္ခာသေတ္တာ တစ်လုံးစီ လုနိုင်မယ်ဆိုရင် တစ်နေ့ကို အိမ်သာတစ်ခုစာ အရောင်းအဝယ်ဖြစ်ဖို့က လုပ်နိုင်စွမ်း ရှိပါတယ်။”
“မှန်တယ်။ နေ့တိုင်း ရိက္ခာသေတ္တာ ရပြီးရင် ပစ္စည်းတွေကို အပြင်ထုတ်၊ ပြီးတော့ အိမ်သာကို သုံးလို့ပြီးရင် အပြင်ကို လွှင့်ပစ်လိုက်ပေါ့။ ဒါဆိုရင် နေရာလည်း ထပ်မယူတော့ဘူး။”
“အားလုံးပဲ အိမ်သာကိစ္စကို ဆွေးနွေးနေတာ ရပ်ကြရအောင်။ ငါ့ဘက်မှာ လုံးဝကို မှောင်အတိ ကျသွားပြီ ထင်တယ်။”
“သူဌေး ခင်ဗျားဆီမှာ လောင်စာဆီတွေ ထပ်ရှိသေးလား။ နောက်ထပ် ထပ်တင်ပေးပါဦး။”
ထိုအခါ ရှောင်းယီက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် ပြန်ဖြေလိုက်သည်။
“လောလောဆယ်တော့ မရှိသေးပါဘူး။ ကုန်ကြမ်းတွေ မရှိလို့ပါ။”
“လောင်စာဆီက ဘယ်လိုလုပ် မရှိရမှာလဲ။ လူတိုင်း ဥက္ကာခဲတွေ စုဆောင်းထားသင့်တာပဲလေ။ ရေသန့် မဟုတ်တဲ့ ဒီရေကို မင်းတို့လက်ထဲမှာ သိမ်းထားလည်း ဘာမှ အသုံးဝင်တာ မဟုတ်ဘူး။”
“သူဌေး ရေဝယ်ဖို့ တင်ထားတဲ့ အရောင်းအဝယ်က အခုထိ ချိတ်ဆွဲထားတုန်းပဲ။ ဒါပေမဲ့ ဘယ်သူမှ မရောင်းချင်ကြဘူး ထင်တယ်။”
“ငါကတော့ ရောင်းချင်ပါတယ်။ ဒါပေမဲ့ သူဌေးဘက်က အောက်ဆီဂျင် နည်းနည်းလောက် ထပ်တိုးပေးဖို့တော့ လိုလိမ့့်မယ်။”
သိသာထင်ရှားစွာပင် လူတိုင်းက ရေ၏အရေးပါမှုကို သတိပြုမိသွားကြသဖြင့် ဈေးနှုန်းကို ခေတ္တခဏ မြှင့်တင်ချင်နေကြခြင်း ဖြစ်သည်။
“သေစမ်း... ဒီလိုအချိန်မျိုးမှာတောင် မင်းတို့က ဈေးတင်ဖို့ ကြံနေတုန်းပဲလား။ မြန်မြန် သူဌေးနဲ့ သွားလဲလိုက်စမ်းပါ။”
“အတိအကျပဲ။ ငါတို့ ဂလက်ဆီထဲက အသက်ရှင်ကျန်ရစ်သူတွေ ပိုပြီး အသက်ရှင်နိုင်မှ ငါတို့ ရိက္ခာသေတ္တာတွေ ပိုပြီး ဖွင့်နိုင်မှာဆိုတာ မင်းတို့ သိထားရမယ်။ ဒီလောက် ရိုးရှင်းတဲ့ ယုတ္တိဗေဒကိုတောင် မင်းတို့ နားမလည်ကြဘူးလား။”
ရိက္ခာသေတ္တာများ ပြန်လည်ပေါ်ထွက်လာခြင်းသည် အသက်ရှင်ကျန်ရစ်သူ အရေအတွက်ပေါ်တွင် လုံးဝမူတည်နေ၏။ အကယ်၍ အသက်ရှင်ကျန်ရစ်သူ တစ်ဦး လျော့နည်းသွားပါက ရိက္ခာသေတ္တာ တစ်လုံး လျော့နည်းသွားလိမ့်မည်။
လူတိုင်းသည် ပထမအဆင့်ကတည်းကပင် ဤစည်းမျဉ်းကို သဘောပေါက်ထားကြပြီး ဖြစ်ရမည်။
ထိုစည်းမျဉ်းကို သိထားသောကြောင့်ပင် ရှောင်းယီသည် ဈေးနှုန်းကို သတ်မှတ်သည့်အခါ မတန်တဆ မြင့်မားစွာ သတ်မှတ်ခြင်းမပြုခဲ့ပေ။
သူသည် လူတိုင်း လက်ခံနိုင်မည့် ဈေးနှုန်းတစ်ခုကို ရှာဖွေခဲ့ပြီး တစ်ချိန်တည်းမှာပင် သူတို့လက်ထဲကို အုတ်မြစ်ကျောက်များကို အများဆုံး ရရှိအောင် ထုတ်ယူနိုင်ခဲ့သည်။
“မှန်တယ်။ လူတိုင်းကို အရင်ဆုံး အသက်ရှင်ခွင့် ပေးလိုက်ကြရအောင်။ ဒါမှ နောက်နောင် ငါတို့ ရိက္ခာသေတ္တာတွေ ပိုဖွင့်နိုင်လိမ့်မယ်။ ဒါမှ ငါတို့ ဂလက်ဆီရဲ့ ဈေကွက်ခန်းမကိုလည်း ပိုပြီး စည်ကားလာစေလိမ့်မယ်။”
“အကယ်၍ လူတိုင်း သေကုန်ကြရင် ကျန်ရှိနေတဲ့ အသက်ရှင်ကျန်ရစ်သူတွေက စက်တစ်လုံး တည်ဆောက်ဖို့အတွက်တောင် ကုန်ကြမ်းတွေကို အလုံအလောက် စုဆောင်းနိုင်တော့မှာ မဟုတ်ဘူး။ အဲဒါက တကယ့်ကို စိတ်ပျက်စရာကြီး ဖြစ်သွားလိမ့်မယ်။”
“လူတိုင်းက ပထမအဆင့်ကနေ ထူးထူးချွန်ချွန်နဲ့ လွတ်မြောက်လာနိုင်ကြတယ်ဆိုတော့ ဒါကို လူတိုင်းလည်း မြင်နိုင်ကြမှာပါ။ အားလုံးပဲ မင်းတို့လက်ထဲက သောက်လို့မရတဲ့ ရေတွေကို သူဌေးဆီ အမြန်ဆုံး သွားလဲလိုက်ကြပါတော့။”
လူတိုင်း ဤသို့ ဆွေးနွေးငြင်းခုံပြီးနောက် လူအများအပြားသည် ရှောင်းယီ ဈေးကွက်ခန်းမတွင် တင်ထားသော အရောင်းအဝယ်များကို ချက်ချင်းပင် လာရောက်လုပ်ဆောင်ကြတော့သည်။
ရှောင်းယီသည် ရေအမြောက်အမြားကို လျင်မြန်စွာပင် ရရှိခဲ့သည်။
အရေးပေါ်ကယ်ဆယ်ရေးယာဉ်သည် ကြယ်တာရာ၏ အလင်းရောင်အောက်တွင် ရှိနေဆဲ ဖြစ်သောကြောင့် ရှောင်းယီသည် လေထုသန့်စင်မှု မျှခြေထိန်းစနစ်နှင့် ဓာတ်ငွေ့ဖိအားပေး အအေးခံစက်တို့ကို အရှိန်အပြည့်ဖြင့် မောင်းနှင်ထားလိုက်သည်။
ထို့နောက် ထုတ်လုပ်ပြီးသား လောင်စာဆီများကို အရောင်းအဝယ်ခန်းမ၌ ချိတ်ဆွဲလိုက်တော့သည်။
သို့သော်လည်း လောင်စာဆီများကို တင်လိုက်တိုင်း မျက်စိတစ်မှိတ်အတွင်းမှာပင် လုံးဝကို လုယူဝယ်ယူခြင်း ခံလိုက်ရ၏။
“အစ်ကိုတို့ အစ်မတို့ရေ... လက်လေးနည်းနည်းလောက် လျှော့ကြပါဦး။ အကယ်၍ မင်းတို့မှာ လောင်စာဆီ အလုံအလောက် ရှိနေရင် ထပ်ပြီး မလုကြပါနဲ့တော့။ ငါတို့က အသက်ကယ်ဖို့အတွက် စောင့်နေရတာပါ။”
“ဟုတ်တယ်။ ငါတို့လည်း အသက်ဆက်ဖို့ စောင့်နေရတာ။ အခုအချိန်အထိ လောင်စာဆီ ၁ မှတ်လေးတောင် မလုရသေးဘူး။”
“ငါသာ လောင်စာဆီလုဖို့ ကျွန်းအထိမ်းမ်းအမှတ်ကျောက်တိုင်ကို သုံးမနေရင် ငါ့ရဲ့ အင်တာနက်မှာ ပြဿနာတက်နေတယ်လို့တောင် ထင်မိလောက်တယ်။”
“အားလုံးပဲ။ အုတ်မြစ်ကျောက်ကလည်း အရမ်းအရေးကြီးတဲ့ အရင်းအမြစ်တစ်ခုဆိုတာ မမေ့ကြနဲ့ဦး။ လောင်စာဆီကို ဒီလောက် အရှက်မရှိ လာမလုကြပါနဲ့။”
ထိုစကားကို မြင်လိုက်ရသည့် နောက်ဆုံးမှသာ လူတိုင်း ငြိမ်သက်သွားကြတော့သည်။
အခန်း ၁၂၈၈
“ဒါပေါ့။ အုတ်မြစ်ကျောက်တွေကလည်း အရမ်းအရေးကြီးတယ်။ အခု ဒီဘေးအန္တရာယ်ကနေ အရင်လွတ်အောင်ပြေးနိုင်ရင်ပဲ တော်ပါပြီ။ တကယ်လို့ မနက်ဖြန်ကျ အဲဒီစက်မျိုးပဲ ထပ်ရရင် အုတ်မြစ်ကျောက်တွေ ဖြုန်းတီးရာကျသွားလိမ့်မယ်။”
“ငါ့ရဲ့ ကံကောင်းခြင်းရဲ့သားတော်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ဆိုရင် နောက်လာမယ့် ရိက္ခာသေတ္တာထဲမှာ အဲဒီစက်တွေကို သေချာပေါက် ရမှာပဲ။”
“အတိအကျပဲ။ ဒါကြောင့် လောင်စာတွေအများကြီး ဝယ်နေစရာ မလိုတော့ဘူး။”
လူတိုင်း ခဏကြာအောင် ဆွေးနွေးပြီးနောက်မှာတော့ လောင်စာဆီများမှာ ချက်ချင်းကြီး ရောင်းကုန်မသွားတော့သော်လည်း လိုအပ်ချက်များမှာ ရောင်းလိုအားထက် ရှိနေဆဲ ဖြစ်သည်။
အရောင်းအဝယ် အကြိမ်အနည်းငယ် ပြုလုပ်ပြီးနောက်မှာတော့ ရှောင်းယီ၏ ကိုယ်ပိုင်လောင်စာဆီ ပမာဏမှာ အပြည့်အတိုင်း ကျန်ရှိနေသေးသည်။
ခြောက်နာရီအချိန်သည် မြန်မြန်ဆန်ဆန်ပင် ကုန်ဆုံးသွားပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် သတိပေးချက်တစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။
“လူတိုင်းသည် အနီရောင်မျဉ်းနဲ့ မှတ်သားထားသော ဧရိယာမှ လွတ်မြောက်ရန် ယခုမှစ၍ တစ်နာရီ အချိန်ရမည်။”
ဒီသတိပေးချက်ကို မြင်လိုက်ရသောအခါ လူတိုင်း ခဏတာ ကြောင်အမ်းသွား၏။ ထို့နောက် ချက်ချင်းပင် အလုအယက် ဆွေးနွေးကြတော့သည်။
“ဒီအနီရောင်မျဉ်းက ဘာကို ဆိုလိုတာလဲ။”
“ဘာကိုဆိုလိုတာလဲ ဘယ်သူက ဂရုစိုက်မှာလဲ။ အနီရောင်မျဉ်းရဲ့ အပြင်ဘက်မှာ ရှိနေရင် ဘေးကင်းတယ်လို့ ဆိုလိုတာပဲလေ။”
“သေစမ်း... ငါက အနီရောင်မျဉ်းရဲ့ အတွင်းထဲမှာ ရောက်နေတာဟ။ တော်သေးတာပေါ့။ သူဌေးပေးထားတဲ့ လောင်စာဆီ ရှိလို့။ မဟုတ်ရင် ဒီတစ်ခါတော့ သေချာပေါက် သေပြီပဲ။”
“မုန်းစရာကောင်းလိုက်တာ။ ငါက ဘာလို့ အနီရောင်မျဉ်းရဲ့ အစွန်းနဲ့ ဒီလောက်တောင် ဝေးနေရတာလဲ။”
ရှောင်းယီသည် သူ၏ တည်နေရာကို စစ်ဆေးကြည့်ရာ သူကိုယ်တိုင်လည်း အနီရောင်မျဉ်းအတွင်း ရောက်နေကြောင်း တွေ့လိုက်ရသည်။
“ငါ တစ်ချက်မှ မရွေ့လျားခဲ့ဘူးလို့ နဟုတ်ဘူးလား။ ဒါတောင် အနီရောင်မျဉ်းထဲ ရောက်နေတာလား။”
ရှောင်းယီက စိတ်ထဲ၌ တွေးလိုက်မိသည်။
“ဒါက တစ်နေရာတည်းမှာ ငြိမ်ငြိမ်လေး နေနေရုံနဲ့ ဘေးကင်းဖို့ အာမမခံနိုင်ဘူးဆိုတဲ့ သဘောပဲ။”
ရှောင်းယီသည် လွတ်မြောက်ရေးယာဉ်၏ တွန်းကန်စနစ်ကို ချက်ချင်း စတင်လိုက်ပြီး အနီရောင်မျဉ်း၏ အပြင်ဘက်သို့ အရှိန်အဟုန်ဖြင့် မောင်းနှင်ထွက်ခွာသွားခဲ့သည်။
အပြင်သို့ မောင်းထွက်နေစဉ် အနီးအနား၌ ဥက္ကာခဲအချို့ ရှိနေသဖြင့် ရှောင်းယီသည် ၎င်းတို့ကို ဆွဲခေါ်ရန်အတွက် အာကာသချိတ်ကြိုးကိုသာ အသုံးပြုနိုင်ခဲ့သည်။
ဘာပဲဖြစ်ဖြစ် ၎င်းတို့ကို ဆွဲခေါ်ပြီး ဖယ်ရှားလိုက်ခြင်းက ဝင်တိုက်မိခြင်းထက် ပိုကောင်းပေသည်။
ထို့အပြင် ရှောင်းယီ၏ လွတ်မြောက်ရေးယာဉ်သည် ယခုအခါ အလွန်ကြီးမားနေသော်လည်း အပြင်ဘက် အခြေအနေကို ကြည့်ရှုနိုင်သည့် မှန်ပြတင်းပေါက်များမှာ အလွန်သေးငယ်သဖြင့် အပြင်ဘက်ကို စောင့်ရှုကြည့်ရန်မှာ မဖြစ်နိုင်ပေ။ ကံကောင်းထောက်မစွာဖြင့် အာကာသချိတ်ကြိုးသည် အလွန်ဉာဏ်ရည်ထက်မြက်လှခြင်းကြောင့်မဟုတ်ပါက သူသည် ဥက္ကာခဲတစ်ခုခုနှင့် သေချာပေါက် တိုက်မိသွားမည်ဖြစ်သည်။
ဦးတည်ရာကို သတ်မှတ်ပြီး ယာဉ်ကို စတင်မောင်းနှင်လိုက်ပြီးနောက် ရှောင်းယီသည် လွတ်မြောက်ရေးယာဉ်ကို ကိုယ်တိုင် ဆက်လက်မထိန်းချုပ်တော့ပေ။ အာကာသချိတ်၏ ဘေးမှ ကူညီပံ့ပိုးမှု ရှိနေသရွေ့ ဘာပြဿနာမှ ရှိလာနိုင်မည်မဟုတ်ပေ။
ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ပြန် မျောလာပြီး ကြည့်ရှုလိုက်ရာ အများသုံးချန်နယ်၌ တစ်ဖန် ပြန်လည်သက်ဝင်လှုပ်ရှားနေပြန်ပြီဖြစ်သည်။
“သေစမ်း... ငါက တစ်ချိန်လုံး အနီရောင်မျဉ်းရဲ့ အပြင်ဘက်မှာ ရှိနေခဲ့တာပဲ။ ငါ့မှာတော့ ကြောက်လန့်တကြားနဲ့ လောင်စာတွေ အများကြီး ဝယ်လိုက်ရတယ်။ တကယ့် ဖြုန်းတီးမှုပဲ။”
“ဟုတ်ပါ့။ ငါလည်း မျဉ်းရဲ့ အပြင်ဘက်မှာ ရောက်နေပုံရတယ်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က ကြိုတင်ပြီး ရှင်းမပြထားဘူး။ တကယ်လို့ သတိပေးချက် လာမယ်လို့ ပြောထားရင် ငါတို့ စောင့်နေလို့ ရတာပေါ့။”
“အမင်္ဂလာပဲ...။ ငါက အနီရောင်မျဉ်းနဲ့ တော်တော်ဝေးတဲ့နေရာမှာ ရောက်နေပုံရတယ်။ အနီရောင်မျဉ်းအပြင်ဘက် ရောက်အောင် ပြေးဖို့ လောင်စာ ဘယ်လောက်တောင် ကုန်ပြီး အချိန် ဘယ်လောက်တောင် ကြာမလဲ မသိဘူး။”
“သွားပြီ။ ငါ့ရဲ့ လွတ်မြောက်ရေးယာဉ် ဥက္ကာခဲနဲ့ တိုက်မိသွားပြီ။”
“မင်း လွတ်မြောက်ရေးယာဉ်ကို မောင်းနေတုန်း ဘေးပတ်ဝန်းကျင်က လမ်းအခြေအနေတွေကို သေချာမကြည့်ဘူးလား။”
“ဖန်ပြတင်းပေါက်ကနေပဲ ကြည့်လို့ရတာလေ။ ဂရုမစိုက်မိရင် ချက်ချင်း တိုက်မိသွားမှာပဲ။”
“လွတ်မြောက်ရေးယာဉ်ကို မောင်းနှင်တဲ့အခါ ခေါင်းနောက်မှာလည်း မျက်စိရှိရမယ်။ နားကလည်း အရပ်မျက်နှာ အားလုံးကို စွင့်ထားနိုင်ရမယ်ကွ။”
ထိုအချိန်တွင် လုမေယွီက ရှောင်းယီထံသို့ သီးသန့်စာ တစ်စောင် ပေးပို့လာခဲ့သည်။ ရှောင်းယီသည် သူ၏ သီးသန့်စာတိုများကို ပိတ်မထားခဲ့ပေ။
“သူဌေး...သူဌေးက အနီရောင်မျဉ်းထဲမှာ ရောက်နေတာလား။”
လုမေယွီက စိုးရိမ်တကြီး မေးမြန်းလိုက်သည်။
“ဟုတ်တယ်။ ဒါပေမဲ့ ငါ အခုလေးတင် အနီရောင်မျဉ်း အပြင်ဘက်ကို မောင်းထွက်လာခဲ့ပြီးပြီ။”
ရှောင်းယီက မြေပုံကို တစ်ချက်ကြည့်ပြီး ပြန်ဖြေလိုက်သည်။
“တော်သေးတာပေါ့...တော်သေးတာပေါ့။”
ထိုအခါမှသာ လုမေယွီတစ်ယောက် စိတ်အေးသွားပုံရသည်။
ဘာပဲဖြစ်ဖြစ် သူ၏ အနာဂတ်လောင်စာဆီသည် ရှောင်းယီအပေါ်တွင် မူတည်နေသဖြင့် သူက ပိုပြီး ဂရုစိုက်ပြရမည်ဖြစ်သည်။
သူသည် ဓာတ်ငွေ့ဖိသိပ် အအေးခံစက်တစ်လုံးကို ယခုလေးတင် ရရှိထားခြင်းဖြစ်ပြီး ဒုတိယတစ်လုံး ထပ်ရဖို့ဆိုသည်မှာ မဖြစ်နိုင်သလောက်ပေ။ ထို့ကြောင့် သူသည် ရှောင်းယီ၏ ခြေထောက်ကိုသာ မြဲမြံစွာ ဖက်တွယ်ထားရမည်ဖြစ်သည်။
“စိတ်မပူပါနဲ့။ ငါက အဲလောက်နဲ့ လွယ်လွယ်မသေပါဘူး။”
ရှောင်းယီက ပြုံးကာ ပြန်ပြောလိုက်သည်။
“ဖယ် ဖယ် ဖယ်... သူဌေးက ဘာတွေလျှောက်ပြောနေတာလဲ။ ဒါက လုံးဝ နိမိတ်မကောင်းဘူး။”
လုမေယွီက ချက်ချင်းဆိုသလို ပြောလာခဲ့သည်။
“သူဌေး... အဲဒီလို ထပ်မပြောပါနဲ့တော့။ သူဌေးရဲ့ စွမ်းရည်နဲ့ဆိုရင် ဒုတိယအဆင့်ကို သေချာပေါက် ကျော်ဖြတ်နိုင်မှာပါ။”
ရှောင်းယီက ထိုစကားဝိုင်းကို ဆက်မပြောတော့ပေ။ လုမေယွီကပဲ ဆက်ပြောလာခဲ့သည်။
“သူဌေး... လက်မည်းကြီးက ဘာလုပ်ဖို့ ကြိုးစားနေတာလို့ ထင်လဲ။”
“ငါလည်း မသိဘူး။”
ရှောင်းယီက တိုတိုတုတ်တုတ်ပင် ပြန်ဖြေလိုက်သည်။
“သူတို့တွေ လူရွေးချယ်ပုံက အရမ်းတင်းကျပ်ပြီး ကျုပ်တို့အသက်တွေကိုလည်း လုံးဝဂရုမစိုက်ဘူး။ ဒီလောက်အထိ ဇာတ်လမ်းအကြီးကြီး ဆင်နေတာကို ကြည့်ရင် အရေးကြီးတဲ့ ကိစ္စအကြီးကြီး တစ်ခုခုအတွက် ဖြစ်ဖို့များတယ်။”
လုမေယွီက ဆက်ပြောလိုက်သည်။
ရှောင်းယီတစ်ယောကိ ကူကယ်ရာမဲ့စွာဖြင့် မျက်လုံးအသာဝင့်ကြည့်လိုက်မိသည်။
သူ စကားအရမ်းများတဲ့ လူတစ်ယောက်နှင့် တိုးနေပြီလို့ ဘာလို့ ခံစားနေရပါလိမ့်။
“ညဉ့်နက်နေပြီ။ ငါ အရင်နားတော့မယ်။”
ရှောင်းယီက ပြောလိုက်သည်။
“အာ... ည ရှစ်နာရီကျော်ရုံပဲ ရှိသေးတာကို အိပ်တော့မလို့လား။ အပြင်မှာ အနီရောင်မျဉ်းရဲ့ ခြိမ်းခြောက်မှု ရှိနေသေးတာတောင် သူဌေးက တကယ်ကြီး အိပ်ပျော်နိုင်တယ်လား။”
လုမေယွီသည် ၎င်းမှာ မယုံနိုင်ကောင်းသည်ဟု ခံစားလိုက်ရသည်။
ရှောင်းယီသည် စိတ်ပျက်လက်ပျက်ဖြင့် မျက်လုံးသာ လှန်ကြည့်လိုက်မိ၏။
ဒီလူက EQ နည်းနေတာလား။ သူ စကားမပြောချင်တော့တာ အထင်အရှားကြီးကို။ အဲဒါကို နည်းနည်းပါးပါးတောင် မရိပ်မိဘူးလား။
“အင်း”
ရှောင်းယီက ယဉ်ကျေးမှုအရသာ တုံ့ပြန်လိုက်သည်။
“သူဌေးက တကယ့်ကို ထူးခြားဆန်းကြယ်တဲ့သူပဲ။ အပြင်မှာ ဒီလောက် အရေးကြီးတဲ့ကိစ္စတွေ ဖြစ်ပျက်နေတာတောင် အိပ်နိုင်သေးတယ်။ တကယ် လေးစားဖို့ကောင်းပါပေတယ်။”
လုမေယွီက ဆက်ပြောနေပြန်သည်။
မင်းသာ နောက်တစ်ခွန်း ထပ်ပြောရင် ငါ မင်းကို ဘလက်လစ်သွင်းပြီး ပိတ်ပစ်မယ်။
ရှောင်းယီက စိတ်ထဲမှ ရေရွတ်လိုက်မိ၏။
“ကောင်းပါပြီ။ ဒါဆိုရင် သူဌေး အနားယူတာကို မနှောင့်ယှက်တော့ဘူးနော်။”
တကယ်တမ်းတွင် လုမေယွီကိုယ်တိုင်ကပင် စကားဝိုင်းကို အဆုံးသတ်လိုက်ခြင်းဖြစ်သည်။
ထိုစာသားကို မြင်လိုက်ရမှ ရှောင်းယီသည် သူ့ကို ဘလက်လစ်ထဲ ထည့်ရန် ပြင်နေသော လက်ကို ပြန်ချလိုက်ပြီး အိပ်စက်ခြင်းအိတ် ထဲသို့ ဝင်လိုက်တော့သည်။
သူ တကယ်ကြီး အိပ်ချင်နေသည်တော့ မဟုတ်ချေ။ သို့သော် အိပ်စက်ခြင်းအိတ်ထဲတွင် ရှိနေခြင်းက ပင်ပန်းနွမ်းနယ်မှုများကို ဖြည်းဖြည်းချင်း သက်သာစေနိုင်ပေသည်။
လွတ်မြောက်ရေးယာဉ်၏ အပေါ်မျက်နှာပြင်ကို စိုက်ကြည့်ရင်း ရှောင်းယီ၏ အတွေးများသည် အဝေးသို့ လွင့်ပျံသွားခဲ့သည်။
“အန်းရန်တို့တစ်တွေ အခု ဘယ်လိုနေမလဲ မသိဘူး။ လက်မည်းကြီးက သူတို့ကတိကို တည်သင့်တယ်။”
ရှောင်းယီက တစ်ဖက်သို့ စောင်းလိုက်ရင်း တိုးတိုးလေး ရေရွတ်လိုက်မိသည်။
ရှောင်ယီ အိမ်လွမ်းစိတ် ပေါက်နေစဉ်အတွင်းမှာပင် တစ်နာရီ အချိန်မှာ တိတ်တဆိတ် ကုန်ဆုံးသွားခဲ့သည်။
ထိုအချိန်အထိ အနီရောင်မျဉ်းအပြင်ဘက်သို့ အလုအယက် မောင်းမထွက်နိုင်ခဲ့သော လွတ်မြောက်ရေးယာဉ်များသည် အနီးအနားရှိ ဧရာမဂြိုဟ်ကြီးဆီသို့ ချက်ချင်းပင် ဆွဲငင်ခြင်း ခံလိုက်ရတော့သည်။
“မဖြစ်ဘူး။ သွားစမ်း... သွားစမ်း။”
သူတို့သည် ဤဆွဲငင်အားမှ လွတ်မြောက်ရန် လွတ်မြောက်ရေးယာဉ်၏ တွန်းကန်စနစ်ကို အမြင့်ဆုံးအထိ တင်လိုက်ကြသည်။
သို့သော်လည်း လွတ်မြောက်ရေးယာဉ်၏ တွန်းကန်စနစ်သည် ဂြိုဟ်၏ ဆွဲငင်အားမှ ရုန်းထွက်ရန်အတွက် အဆင့်နိမ့်လွန်းလှပေသည်။
လွတ်မြောက်ရေးယာဉ်များသည် အကွာအဝေးတစ်ခုအထိ ဆွဲငင်ခံရပြီးနောက်တွင်တော့ ရုတ်တရက် အစိတ်အပိုင်းများအဖြစ် တစ်စစီ ပြိုကွဲပျက်စီးသွားတော့သည်။
ယာဉ်အတွင်းရှိ အသက်ရှင်ကျန်ရစ်သူများမှာမူ သဘာဝအတိုင်းပင် သေခြင်းတရားမှ မလွတ်မြောက်နိုင်ခဲ့ကြပေ။
ထိုအချိန်တွင် ရှောင်းယီသည် အိပ်စက်ခြင်းအိတ်ထဲမှ လက်ကို ဆန့်ထုတ်လိုက်ပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ စာမျက်နှာကို မြေပုံသို့ ပြောင်းလဲလိုက်သည်။
အနီရောင်မျဉ်း ပျောက်ကွယ်သွားပြီဖြစ်ကြောင်း သူ တွေ့ရှိလိုက်ရသည်။
“ဒါက အရင်ကမ္ဘာက ဂိမ်းတစ်ခုနဲ့ တကယ်တူတာပဲ။ ဒါပေမဲ့ ဂိမ်းထဲမှာတော့ စက်ဝိုင်းထဲကို ပြေးဝင်ရတာ။ ဒီမှာကျတော့ စက်ဝိုင်းအပြင်ကို ပြေးထွက်ရတယ်။”
ရှောင်းယီက ရေရွတ်လိုက်သည်။
“ဒီအနီရောင်စက်ဝိုင်းက ကျပန်းပေါ်လာတာ ဖြစ်ရမယ်။ နောက်တစ်ခါ ဘယ်နေရာမှာ ပေါ်လာဦးမလဲ မသိဘူး။”
အနီရောင်စက်ဝိုင်း မရှိတော့သဖြင့် ရှောင်းယီသည် ထထိုင်လိုက်ပြီး အာကာသချိတ်၏ ပစ်မှတ်ကို ရိက္ခာသေတ္တာများဆီသို့ သတ်မှတ်လိုက်သည်။ သူသည် တစ်နေ့တာလုံးတွင် ရိက္ခာသေတ္တာ မည်မျှအထိ ပေါ်လာနိုင်သည်ကို အတိအကျ စမ်းသပ်လိုပေသည်။
ပြင်ဆင်မှုများ ပြီးဆုံးသွားပြီးနောက် ရှောင်းယီသည် အိပ်စက်ခြင်းအိတ်ထဲသို့ ပြန်ဝင်ကာ အနားယူရန် ပြင်လိုက်တော့သည်။
အချိန်မည်မျှ ကုန်ဆုံးသွားသည်မသိ....။ ရှောင်းယီသည် ဒုန်းခနဲ ကျယ်လောင်သော အသံကြီးကြောင့် လန့်နိုးလာခဲ့သည်။
သူ့လွတ်မြောက်ရေးယာဉ်တွင် ကြီးမားသော ချိုင့်ခွက်ကြီးတစ်ခု ဖြစ်သွားသည်ကို မြင်လိုက်ရပြီး ဥက္ကာခဲနှင့် ထပ်မံတိုက်မိပြန်ပြီဖြစ်ကြောင်း ရှောင်းယီ သိလိုက်ရသည်။
ရှောင်းယီသည် ပထမဦးစွာ အာကာသချိတ်ကို သွားရောက်စစ်ဆေးလိုက်ပြီး မည်သည့် ရိက္ခာသေတ္တာမျှ ဖမ်းမိထားခြင်း မရှိသည်ကို တွေ့လိုက်ရသည်။ ထို့နောက် သူသည် အာကာသချိတ်၏ ပစ်မှတ်ကို ဥက္ကာခဲများဆီသို့ ပြောင်းလဲသတ်မှတ်ပြီး ၎င်းတို့ကို စတင်ဖမ်းယူခိုင်းလိုက်သည်။
“နောက်ဆို အိပ်တဲ့အခါကျရင် အာကာသချိတ်ကို ဥက္ကာခဲတွေပဲ ဖမ်းခိုင်းထားတာ ပိုကောင်းမယ်နဲ့ တူတယ်။ ဒါဆိုရင် လွတ်မြောက်ရေးယာဉ်ကို ဥက္ကာခဲတွေ လာတိုက်တာမျိုးကို တားဆီးနိုင်လိမ့်မယ်။”