အခန်း (၁၂၈၉-၁၂၉၀)
Vol. 112 Ch. 1289-1290
အခန်း ၁၂၈၉
ဤဥက္ကာခဲသည် ရှောင်းယီ၏ လွတ်မြောက်ရေးယာဉ်ကို ဝင်တိုက်ပြီးနောက် ယာဉ်ထဲသို့ စိုက်ဝင်မသွားဘဲ ဘေးဘက်သို့ ပွတ်တိုက်ပြီး လွင့်စင်သွားခဲ့သည်။
အာကာသချိတ်သည် ချက်ချင်းပင် ပျံသန်းသွားပြီး ထိုဥက္ကာခဲကို မြဲမြံစွာ ဖမ်းချုပ်လိုက်၏။
ဥက္ကာခဲကို ဆွဲခေါ်လာပြီးနောက် ရှောင်းယီသည် စုဆောင်းရေးစက်ကို ဖွင့်ကာ အလုပ်လုပ်ခိုင်းလိုက်တော့သည်။
သူ အချိန်ကို တစ်ချက်ကြည့်လိုက်ရာ မနက်အစောပိုင်း နှစ်နာရီကျော်နေပြီ ဖြစ်သည်။
“လူကို တကယ် ကောင်းကောင်း အနားမပေးဘူးပဲ။”
ရှောင်းယီ စိတ်ပျက်လက်ပျက် ရေရွတ်လိုက်မိသည်။
ဥက္ကာခဲကြောင့် လန့်နိုးလာရသဖြင့် ရှောင်းယီသည် ဆက်ပြီး အိပ်ချင်စိတ် မရှိတော့ပေ။ ထို့ကြောင့် သူက စိတ်ထဲမှ “စနစ် လက်မှတ်ထိုးဝင်မယ်” ဟုသာ အမိန့်ပေးလိုက်တော့သည်။
“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသောဆုလာဘ် - အာကာသသုံး အထူးမျက်မှန် ပုံစံခွက် (SSS အဆင့်) ၁။”
“ကောင်းလိုက်တာ။ နောက်ဆုံးတော့ အပြင်ဘက်ကို စောင့်ကြည့်ဖို့အတွက် ဟိုနှစ်ဆယ်၊ သုံးဆယ်စင်တီမီတာလောက်ပဲရှိတဲ့ မှန်ပြတင်းပေါက်သေးသေးလေးမှာ ခါးကြီးကုန်းပြီး မျက်စိအကြောပြတ်မတတ် ကြည့်နေရတဲ့ဒုက္ခကနေ ကင်းဝေးပြီ။”
ရှောင်းယီက ဝမ်းသာအားရ ပြောရင်း စနစ်သိုလှောင်ခန်းထဲမှ ပုံစံခွက်ကို ထုတ်ယူလိုက်သည်။
“သင်သည် အာကာသသုံး အထူးမှန် ပုံစံခွက် (SSS အဆင့်) ကို ရရှိထားကြောင်း စနစ်က စစ်ဆေးတွေ့ရှိရပါသည်။ အသုံးပြုမလား။”
“အသုံးပြုမယ်။”
ရွေးချယ်မှုပြုလုပ်ပြီးနောက် ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ မျက်နှာပြင်ကို ဘေးဘက်ရှိ ထုတ်လုပ်ရေးစာမျက်နှာသို့ ပြောင်းလဲလိုက်ပြီး ထိုအထူးမှန်ပြုလုပ်ရန် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများကို စစ်ဆေးကာ ဈေးကွက်ခန်းမ၌ ပစ္စည်းအချို့ကို ချက်ချင်း တင်၍ လဲလှယ်လိုက်သည်။
ထိုအချိန်တွင် အမှန်တကယ်ပင် အနားမယူသေးဘဲ နိုးနေကြသူများစွာ ရှိနေသေးသည်။
ရှောင်းယီ ပစ္စည်းတင်လိုက်သည့်အချိန်ခဏလေးအတွင်းမှာပင် ဂရုထဲတွင် တစ်ဦးတစ်ယောက်က ချက်ချင်း စတင်ဆွေးနွေးလာကြတော့သည်။
“သူဌေးတော့ ပစ္စည်းကောင်းတစ်ခုခု ထပ်ရပြန်ပြီ ထင်တယ်။”
“ဟုတ်တယ်။ ဒီတစ်ခါလည်း သူ ကုန်ကြမ်းပစ္စည်းတွေ ထပ်ပြီး စုဆောင်းနေပြန်ပြီ။”
“မဖြစ်နိုင်တာ။ ငါတို့တွေ ယီရန်ပင်းကိုပဲ အရာရာ လွှမ်းမိုးချုပ်ကိုင်ခွင့် မပေးနိုင်ဘူး။ အားလုံးပဲ သူ့ကို ပစ္စည်းတွေ သွားမလဲကြနဲ့။”
“ဖယ်စမ်းပါ ကွာ။ ငါ ဒီမှာ သေလုမျောပါး ဖြစ်နေရတဲ့ကြားထဲ မင်းက ဘယ်သူက လွှမ်းမိုးချုပ်ကိုင်မလဲဆိုတာကို စိုးရိမ်နေရသေးတာလား။”
“အတိအကျပဲ။ ငါ့လက်ထဲမှာ ပစ္စည်းတွေရှိနေလို့ အောက်ဆီဂျင်နဲ့ လောင်စာဆီတွေ ပြန်လဲနိုင်တာကိုပဲ ကံအကောင်းဆုံးလို့ မှတ်ရမယ်။ မင်းက ငါ့ကို မလဲခိုင်းဘူးဟုတ်လား။”
“ငါတို့ ဂလက်ဆီထဲမှာ ဆရာကြီးတစ်ယောက် ရှိနေတာ မကောင်းတဲ့အရာ မဟုတ်ပါဘူး။ ဒါမှ ငါတို့အားလုံးလည်း နည်းနည်း သက်သာရာရမှာ။ နောင်တစ်ချိန်ကျရင် ငါတို့ ဒီမှာ မဟာမိတ်တို့ ဘာတို့တောင် ဖွဲ့ချင်ဖွဲ့လို့ရဦးမယ်။ ဒီဒုတိယအဆင့်ကို အတူတူ ဖြေရှင်းနိုင်ရင် အကောင်းဆုံးပဲ။ ငါတို့က ပြိုင်ဘက်တွေဖြစ်ပေမဲ့ ပူးပေါင်းဆောင်ရွက်သူတွေလည်း ဖြစ်လာနိုင်တာပဲ။”
“ဒါဆိုရင် ဒီအဆင့်မှာ မဟာမိတ်ဖွဲ့လို့မရဘဲ လူတိုင်းက ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး တိုက်ခိုက်ရမယ်ဆိုရင်ကော ဘယ်လိုလုပ်မလဲ။”
“အဲဒါကတော့ အဲဒီအချိန်ကျမှပဲ ထပ်ပြောကြတာပေါ့။ အနည်းဆုံးတော့ လက်ရှိအချိန်မှာ ဆရာကြီးရှိနေလို့ ငါ့အသက်ဘေးက ကင်းလွတ်ခဲ့တာ။ ဒါကြောင့် လောလောဆယ်တော့ ဆရာကြီးကိုပဲ ထောက်ခံမယ်။”
“ဒါပေါ့။ လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲကို အရင်ကျော်ဖြတ်ပြီးမှ ရေရှည်အတွက် စဉ်းစားကြရမယ်။”
အသက်ရှင်ကျန်ရစ်သူ အချို့က ရှောင်းယီနှင့် အရောင်းအဝယ်လုပ်ရန် ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့ကြသည်။
သို့သော်လည်း အသက်ရှင်ကျန်ရစ်သူ အများစုမှာမူ ရှောင်းယီ၏ အောက်ဆီဂျင်နှင့် လောင်စာဆီများကို လိုအပ်နေသေးသဖြင့် ရှောင်းယီနှင့် အရောင်းအဝယ်လုပ်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိကြပေ။
ရှောင်းယီကမူ ၎င်းတို့ သူ့ကို အရောင်းအဝယ်လုပ်ချင်သည်ဖြစ်စေ၊ မလုပ်ချင်သည်ဖြစ်စေ လုံးဝဂရုမစိုက်ချေ။ သူက ဈေးကွက်ခန်းမတွင် တင်ထားပြီးပြီဖြစ်သည်။
“ကျန်းထိုက်ကုန်း ငါးမျှားသလို” ပေါ့၊ အလိုရှိတဲ့သူကတော့ အလိုအလျောက် ငါးစာဟပ်လာမှာပဲ။
(ကျန်းထိုက်ကုန်း - တရုတ်ပုံပြင်လာ ငါးစာမပါဘဲ ငါးမျှားသူ)
အများသုံး ချန်နယ်တွင် ဆွေးနွေးမှုများ ဆက်လက် တောက်လောင်နေဆဲပင်။
“သူဌေး ဒီတစ်ခါ စုဆောင်းနေတဲ့ ကုန်ကြမ်းတွေကို ကြည့်ရတာ မှန်လုပ်ဖို့အတွက် ထင်တယ်။”
“သူဌေးက မှန်ထုတ်လုပ်မှုပုံစံ ရထားတာလား။ ငါ ပိုတောင် အားကျမိသွားပြီ။ ငါလည်း ဒီမှန်ပြတင်းပေါက် သေးသေးလေးတွေကို စိတ်ကုန်လှပြီ။”
“ဟူး... ငါကတော့ ကြမ်းပြင်ကနေ မျက်နှာကျက်အထိ မှန်ပြတင်းပေါက်အကြီးကြီး လိုချင်တယ်။ ဒီမှန်ပြတင်းပေါက် သေးသေးလေးတွေနဲ့ကတော့ အပြင်ဘက်က အခြေအနေတွေကို ဘယ်လိုမှ စောင့်ကြည့်လို့မရဘူး။”
“ငါဆို လွန်ခဲ့တဲ့ နှစ်ရက်၊ သုံးရက်လုံးလုံး စိုက်ကြည့်နေရတာ မျက်စိတောင် ကန်းတော့မယ်။ ဒီကြည့်ရှုရေး ပြတင်းပေါက် သေးသေးလေးက အပြင်ကို စောင့်ကြည့်ဖို့အတွက် လုံးဝ အသုံးမဝင်ဘူး။”
“သူဌေး... ကျုပ်ကို မှန်နည်းနည်းလောက် ရောင်းပေးလို့ရမလား။”
“မင်း အတွေးလွန်နေပြီ။ သူဌေးက မှန်ထုတ်လုပ်မှုပုံစံ ရထားတယ်ဆိုရင်တောင် သူက တစ်ချပ်ပဲ လုပ်နိုင်မှာလေ။ ဒါမှမဟုတ် သူ့ရဲ့ လွတ်မြောက်ရေးယာဉ် အရွယ်အစားနဲ့ ကွက်တိဖြစ်မယ့် မှန်ကိုပဲ လုပ်နိုင်လိမ့်မယ်။ ပိုနေတာတော့ သေချာပေါက် ရှိမှာမဟုတ်ဘူး။ ပုံစံခွက် တစ်ခုခု ရထားရင်တော့ တစ်မျိုးပေါ့။”
“လာနောက်နေတာလား။ ဒါက အခုမှ စတာပဲရှိသေးတယ်။ သူက ပုံစံခွက်ကို ဘယ်လိုလုပ်ပြီး ရနိုင်မှာလဲ။”
“ဒါကြောင့် ငါပြောတာပေါ့။ သူဌေးရဲ့မှန်က သူကိုယ်တိုင်သုံးဖို့ပဲ ဖြစ်နိုင်တယ်။ သူများတွေကို ရောင်းပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး။”
မကြာမီမှာပင် ရှောင်းယီသည် လိုအပ်သော ကုန်ကြမ်းပစ္စည်းများကို လုံလောက်စွာ စုဆောင်းမိသွားပြီး အာကာသသုံး အထူးမှန် အချပ်ကြီးအချို့ကို ချက်ချင်း ထုတ်လုပ်လိုက်သည်။
“အာကာသသုံး အထူးမှန် (SSS အဆင့်) - အလွန်မာကျောသော အထူးမှန်ဖြစ်ပြီး ဥက္ကာခဲများ၏ ရိုက်ခတ်မှုကို တားဆီးပေးနိုင်သည်။ နှစ်ထပ်အလွှာ ကာကွယ်မှုစနစ်ကြောင့် ပိုမိုဘေးကင်းပြီး တစ်ဖက်သတ်မြင်ကွင်းရမှန်ဖြစ်ကာ အလင်းပေါက်ရောက်မှု ကောင်းမွန်သည်...”
“သင်သည် အာကာသသုံး အထူးမှန်ကို ရရှိထားကြောင်း စနစ်က စစ်ဆေးတွေ့ရှိရပါသည်။ ၎င်းကို လွတ်မြောက်ရေးယာဉ်၏ နံရံတွင် တပ်ဆင်ရန်အတွက် အုတ်မြစ်ကျောက်နှင့် အနက်ရောင်ရွှေကို အသုံးပြုမည်လား။”
ရှောင်းယီ ကြောင်အမ်းသွား၏။
“ယာဉ်နံရံကိုယ်တိုင်က အုတ်မြစ်ကျောက်တွေနဲ့ အနက်ရောင်ရွှေတွေကို သုံးပြီး လုပ်ထားတာလေ။ ဘာလို့ ငါက မှန်တစ်ချပ် တပ်ဆင်ဖို့အတွက် အုတ်မြစ်ကျောက်နဲ့ အနက်ရောင်ရွှေတွေကို ထပ်ပြီး သုံးရဦးမှာလဲ။ မင်းက ငါ့ကို ပစ္စည်းအချို့ ပြန်ပေးရမှာ မဟုတ်ဘူးလား။”
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သည် ရှောင်းယီ၏ မေးခွန်းကို လုံးဝ လျစ်လျူရှုကာ ယခင်သတိပေးချက်ကိုသာ ထပ်ခါတလဲလဲ ပြသနေခဲ့သည်။
ရှောင်းယီသည် ဘာမှမတတ်နိုင်တော့ဘဲ ခေါင်းသာ ခါယမ်းလိုက်မိသည်။ ဒါက မတရားတဲ့ စည်းကမ်းချက်တစ်ခု ဖြစ်သော်လည်း သူ လိုက်နာရုံမှတစ်ပါး အခြားမရှိပေ။
“အသုံးပြုမယ်။”
ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် ‘Yes’ ကို ရွေးချယ်လိုက်ပြီးနောက် မှန်ကို ကြီးမားလာသော 3D လွတ်မြောက်ရေးယာဉ် ပုံရိပ်ပေါ်တွင် နေရာချလိုက်သည်။
“အာကာသသုံး အထူးမှန်ကို ဒီနေရာမှာ တပ်ဆင်မှာ သေချာပါသလား။”
“သေချာတယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
နောက်တစ်စက္ကန့်တွင်မူ သူ၏ လွတ်မြောက်ရေးယာဉ် ပတ်ပတ်လည်တစ်ခုလုံးသည် မှန်ပြတင်းပေါက်များအဖြစ် ပြောင်းလဲသွားပြီး သူ၏ အမြင်အာရုံကွင်းပြင်သည်လည်း ချက်ချင်းပင် သိသိသာသာ ကျယ်ပြန့်သွားခဲ့သည်။
လွတ်မြောက်ရေးယာဉ်အတွင်းမှ အလင်းရောင်ကြောင့် ရှောင်းယီသည် မလှမ်းမကမ်းတွင် ပေါလောမျောပါနေသော ဥက္ကာခဲများကိုပင် မြင်တွေ့နေရပြီ ဖြစ်သည်။
“ဒီလိုမှ အပြင်ကို စောင့်ကြည့်ရတာ ပိုကောင်းသွားတော့တယ်။”
ရှောင်းယီ စိတ်လှုပ်ရှားစွာ တွေးလိုကခယ်မိရင်း လွတ်မြောက်ရေးယာဉ်အတွင်း ပတ်ပတ်လည် ပျံဝဲကြည့်လိုက်သည်။
ပတ်ဝန်းကျင်တစ်ခုလုံးက မှန်များ ဖြစ်သွားခဲ့ပြီဖြစ်သည်။ ဤသည်မှာ တစ်ဖက်ပိတ်မှန် (အပြင်ကလူက အထဲကို မမြင်ရ၊ အထဲကလူက အပြင်ကို မြင်ရသည့်မှန်) ဖြစ်သော်လည်း ရှောင်းယီသည် သူတစ်ပါး၏ အကြည့်အောက်တွင် အကာအကွယ်မဲ့သည့်နေရာထဲ ရောက်နေသကဲ့သို့ ခံစားနေရဆဲ ဖြစ်သဖြင့် လွတ်မြောက်ရေးယာဉ်အတွင်းရှိ အခန်းများကို တစ်ခေါက် ပြန်လည် အကန့်ခွဲလိုက်သည်။
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကိုတော့ သဘာဝအတိုင်းပင် အလယ်ဗဟိုနေရာ၌သာ ထားရှိလိုက်သည်။ ဤအရာက သူ ရှင်သန်ရေးအတွက် အရေးကြီးဆုံးပစ္စည်း မဟုတ်ပါလော။
ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်ရှုပြီးနောက် ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှိရာ အခန်းထဲသို့ ပြန်လည် ပေါလောမျောပါလာပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။
“တကယ်လို့ ဗီဒီယိုစောင့်ကြည့်စနစ်သာ ရှိရင် ငါ့ ဟိုဘက်ဒီဘက် အမြဲ ပျံဝဲကြည့်နေရတဲ့ ဒုက္ခကနေ ကင်းဝေးသွားမှာပဲ။”
လူ့လောဘက အဆုံးအစမရှိနိုင်ပေ။
ရှောင်းယီသည် ပြုံးကာ ခေါင်းခါလိုက်ကာ အာကာသချိတ်ကြိုး၏ ပစ်မှတ်ကို ရိက္ခာသေတ္တာဆီသို့ သတ်မှတ်၍ ၎င်းဘာသာ အလိုအလျောက် အလုပ်လုပ်ခိုင်းထားလိုက်ပြီး သူကိုယ်တိုင်ကမူ ပတ်ဝန်းကျင် အခြေအနေကို စောင့်ကြည့်ရန် မှန်ပြတင်းပေါက်များဆီသို့ သွားလိုက်သည်။
မကြာမီမှာပင် ရှောင်းယီသည် သူ၏ လွတ်မြောက်ရေးယာဉ်ဆီသို့ ဦးတည်ပျံသန်းလာသော ဥက္ကာခဲတစ်ခုကို မြင်လိုက်ရပြီး ယာဉ်ကို ဘေးတစ်ဖက်သို့ ရှောင်တိမ်းရန် ချက်ချင်း ထိန်းချုပ်မောင်းနှင်လိုက်သည်။
စောစောစီးစီး ရှာဖွေတွေ့ရှိခဲ့ခြင်းကြောင့် ရှောင်းယီသည် ထိုဥက္ကာခဲကို အလွယ်တကူ ရှောင်ကွင်းနိုင်ခဲ့၏။
သူ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ အခြားဥက္ကာခဲများ မရှိတော့ပုံရသဖြင့် ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ပြန်သွားပြီး အစားအစာအချို့ ထုတ်ယူကာ မှန်ပြတင်းပေါက်နားသို့ တစ်ခေါက် ပြန်လာခဲ့သည်။
ပတ်ဝန်းကျင်တွင် ဥက္ကာခဲများ မရှိတော့သော်လည်း အာကာသထဲမှ ပျံသန်းလာသော ကျောက်ခဲအချို့ ရုတ်တရက် ရောက်လာမည်မဟုတ်ဟု မည်သူမျှ အာမမခံနိုင်ပေ။
ရှောင်းယီသည် အပြင်ဘက်ရှိ မှောင်မည်းနေသော စကြဝဠာကြီးကို ကြည့်ရင်း ချောကလက်အချို့ကို ပါးစပ်ထဲသို့ ညှစ်ထည့်လိုက်သည်။
“သေစမ်း... ငါ့လွတ်မြောက်ရေးယာဉ်က ဥက္ကာခဲနဲ့ တိုက်မိပြန်ပြီ။ ဒီပြတင်းပေါက် သေးသေးလေးကနေ လာနေတဲ့ ဥက္ကာခဲတွေကို လုံးဝမမြင်ရဘူး။”
“ဟုတ်တယ်။ ငါလည်း ဒီညတင် နှစ်ခါတောင် အတိုက်ခံရပြီးပြီ။ ဒါပေမဲ့ ကံကောင်းတာက သိပ်မပြင်းထန်လို့ပေါ့။ လွတ်မြောက်ရေးယာဉ်က ချိုင့်ဝင်သွားရုံပဲ။ ပျက်စီးတာ ဒါမှမဟုတ် လေယိုစိမ့်တာမျိုး မရှိဘူး။”
“ဒါဆို မင်းက တကယ် ကံကောင်းတာပဲ။ ငါ့ယာဉ်ကတော့ ပျက်စီးသွားပြီ။ အဲ့ဒါကြောင့် သူဌေးဆီကနေ အောက်ဆီဂျင်တွေ အမြဲတမ်း ဝယ်နေရတယ်။”
“အကုန်လုံးက ဒီလိုပါပဲကွာ။ ဟူး... ငါ ပင်ပန်းခံပြီး စုဆောင်းထားတဲ့ အုတ်မြစ်ကျောက် အားသာချက်တွေအကုန်လုံး ယီရန်ပင်း လက်ထဲ ရောက်ကုန်တော့မှာပဲ။”
“အဲဒါကတော့ ဘာမှလုပ်လို့မရဘူးလေ။ ငါတို့က အောက်ဆီဂျင်ထုတ်တဲ့စက်ကို အစောကြီးကတည်းကမှ မရခဲ့တာ။”
“ဟုတ်ပါ့။ ငါတော့ သူဌေးကို တကယ် အားကျတယ်။”
ထိုအချိန်တွင် ရှောင်းယီ၏ လွတ်မြောက်ရေးယာဉ်အတွင်း၌ အာကာသချိတ်ထံမှ အချက်ပေးသံတစ်ခု ထွက်ပေါ်လာခဲ့လေသည်။
အခန်း ၁၂၉၀
“ဒီဒီ... ပစ်မှတ်ကို အောင်မြင်စွာ ဖမ်းယူရရှိပါပြီ။”
ရှောင်းယီသည် လွတ်မြောက်ရေးယာဉ် အပြင်ဘက်ရှိ ပတ်ဝန်းကျင်ကို နောက်တစ်ကြိမ် လှည့်ပတ်ကြည့်ရှုပြီးနောက် အာကာသချိတ်ကြိုး တည်ရှိရာ အခန်းငယ်ဆီသို့ သွားလိုက်သည်။
အာကာသချိတ်ကြိုးသည် စက်ရုပ်လက်တံ၏ ဘေးကပ်လျက်တွင် တည်ရှိသည်။
အာကာသချိတ်ကြိုးက ရိက္ခာသေတ္တာကို ဖမ်းယူပြီးနောက် စက်ရုပ်လက်တံမှတစ်ဆင့် ၎င်းကို ယာဉ်အတွင်းခန်းထဲသို့ ပို့ဆောင်ပေးလိုက်သည်။ အနီးနားရှိ လက်ကိုင်ကို ဆွဲကိုင်ရင်း ရှောင်းယီသည် တစ်ဖက်သို့ လွင့်ပျံသွားလိုက်သည်။ ထို့နောက် သူ ရိက္ခာသေတ္တာကို ဖွင့်ကြည့်လိုက်သည်။
“ရရှိသော ရိက္ခာပစ္စည်းများ - အုတ်မြစ်ကျောက် ၁၈၊ ပလတ်စတစ် ၆၊ မဂ္ဂနီဆီယမ် ၅။”
ဒါပဲလား။
ရှောင်းယီသည် ရိက္ခာသေတ္တာထဲသို့ ထပ်မံကြည့်ရှုလိုက်ရာ လုံးဝ ဗလာကျင်းနေသည်ကို တွေ့လိုက်ရသည်။
“ငါ တစ်ယောက်ယောက်ရဲ့ ပစ်မှတ်ထားခြင်းကို ထပ်ခံရပြန်ပြီ ထင်တယ်။”
ရှောင်းယီက စိတ်ပျက်လက်ပျက် ရေရွတ်လိုက်မိသည်။
သူသည် ထိုပစ္စည်းများကို သူအကန့်ခွဲထားသည့် သိုလှောင်ရေးဧရိယာထဲသို့ ပစ်ထည့်လိုက်ပြီး အပြင်ဘက်ကို စောင့်ကြည့်ရန် မှန်ပြတင်းပေါက်နားတွင် ဆက်လက် ပေါလောမျောပါနေခဲ့သည်။
ထိုအချိန်တွင် ကြယ်တာရာ၏ အလင်းရောင်သည် ဖြတ်သန်းသွားသော ဂြိုဟ်ကြီးတစ်ခုကြောင့် ကွယ်ပျောက်နေသဖြင့် လွတ်မြောက်ရေးယာဉ် အပြင်ဘက်တွင် ကြယ်အလင်းရောင် သေးသေးလေးသာ ရှိတော့ပြီး ကျန်ရှိသော ပတ်ဝန်းကျင်တစ်ခုလုံးမှာ ကတ္တရာစေးကဲ့သို့ မှောင်မည်းနေခဲ့သည်။
ဆုလာပြား နှစ်ချပ်သည်လည်း ယခုအချိန်တွင် အလွန်နိမ့်ကျသော ထိရောက်မှုနှုန်းဖြင့်သာ အလုပ်လုပ်နိုင်တော့သည်။
ရှောင်းယီသည် ပေါလောမျောပါသွားပြီး ထိုဆိုလာပြားနှစ်ချပ်ကို မှန်ပြတင်းပေါက်ကြီး၏ ဘေးတွင် ရွှေ့ပြောင်းတပ်ဆင်လိုက်သည်။
“အခု မှန်ပြတင်းပေါက်က ပိုကြီးသွားပြီဆိုတော့ နောက်ဆို လျှပ်စစ်ထုတ်လုပ်မှုနှုန်းလည်း ပိုမြင့်လာမှာပဲ။”
ဆိုလာပြားများကို အခြေချပြီးနောက် ရှောင်းယီ သမ်းဝေလိုက်မိသည်။ သူ့တွင် အိပ်စက်ခြင်းအိတ် ရှိနေသော်လည်း ဤကဲ့သို့ ကမ္ဘာမြေဆွဲအားမဲ့သည့် အခြေအနေကို သူ ယနေ့တိုင် အသားမကျသေးပေ။
“တကယ်လို့ ဆွဲအားတု ဖန်တီးပေးနိုင်တဲ့ ဆွဲအားစနစ်သာ ရှိရင် အရမ်းကောင်းမှာပဲ။”
သို့သော်လည်း ထိုအရာသည် သူ့အတွက် အလွန်ဝေးကွာလွန်းသေးကြောင်း သူသိပေသည်။ သူ၏ အခြေခံအကျဆုံး လွတ်မြောက်ရေးယာဉ်ဖြင့်ဆိုလျှင် ဆွဲအားစနစ် အစစ်အမှန် ရှိလာဦးတော့ ဤယာဉ်ပေါ်တွင် တပ်ဆင်နိုင်လိမ့်မည် မဟုတ်ပေ။
ရှောင်းယီ ခေါင်းခါလိုက်မိစဉ် သူ၏ မျက်လုံးထောင့်မှနေ၍ အမြီးတန်းပါသော အလင်းစက်တစ်ခုသည် သူ၏ လွတ်မြောက်ရေးယာဉ်ဆီသို့ ဦးတည်ပျံသန်းလာသည်ကို မြင်လိုက်ရလေသည်။
“ကြယ်တံခွန် - ကြယ်တံခွန်ဝတ်ဆံသည် အချင်း နှစ်ကီလိုမီတာ ရှိပြီး ကျောက်တုံး၊ သံ၊ ရေခဲ၊ အမိုးနီးယားနှင့် အခြားဒြပ်ပစ္စည်းများဖြင့် ဖွဲ့စည်းထားသည်။ နောက်ထပ် သုံးစက္ကန့်အတွင်း လွတ်မြောက်ရေးယာဉ်၏ ဘယ်ဘက်ခြံကို ဝင်တိုက်မည်ဟု ခန့်မှန်းရသည်။ ကျေးဇူးပြု၍ ညာဘက်သို့ ချက်ချင်း ရှောင်တိမ်းပါ။ အချိန်ရေတွက်ခြင်း - ၃...”
ရှောင်းယီသည် လွတ်မြောက်ရေးယာဉ်၏ ထိန်းချုပ်မောင်းတံဆီသို့ ချက်ချင်း ပြေးဝင်သွားပြီး ယာဉ်၏ မောင်းနှင်အားစနစ်ကို စတင်ကာ ဘေးဘက်သို့ ရှောင်တိမ်းရန် ထိန်းချုပ်လိုက်သည်။
လွတ်မြောက်ရေးယာဉ်သည် ညာဘက်သို့ တစ်မီတာခန့်သာ ရွေ့လျားရသေးချိန်တွင် ရှောင်းယီသည် ယာဉ်တစ်ခုလုံး မီးခိုးငွေ့တိမ်တိုက်တစ်ခုအတွင်း ပိတ်မိသွားသလို ခံစားလိုက်ရ၏။
တစ်ချိန်တည်းမှာပင် လွတ်မြောက်ရေးယာဉ်၏ အရှိန်မှာ ရုတ်တရက် အဆမတန် မြင့်တက်သွားခဲ့သည်။ ရှောင်းယီသည် အနီးနားရှိ မြဲမြံစွာ တပ်ဆင်ထားသော လက်ကိုင်ကို အမြန်ဆွဲကိုင်လိုက်ပြီး လက်တစ်ဖက်ဖြင့် ယာဉ်ကို ဆန့်ကျင်ဘက်အရပ်သို့ ရွေ့လျားရန် အတင်းထိန်းချုပ်မောင်းနှင်လိုက်သည်။
“ဒုန်း ဒုန်း ဒုန်း...”
အမှုန်အမွှားများစွာသည် ရှောင်းယီ၏ လွတ်မြောက်ရေးယာဉ်ကို ဝုန်းဒိုင်းကြဲ ဝင်တိုက်မိသွား၏။
ထိုကြယ်တံခွန်မှ ထွက်ပေါ်လာသော ဆွဲငင်အားကြောင့် လွတ်မြောက်ရေးယာဉ်သည် ကြယ်တံခွန် ပျံသန်းရာ လမ်းကြောင်းအတိုင်း လိုက်ပါရွေ့လျားနေခဲ့ပြီ ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် သူသည် SSS အဆင့် စွမ်းအားရှင် ဖြစ်ပြီး တုံ့ပြန်မှုနှုန်း အလွန်မြန်ဆန်လှသည်။ အကယ်၍ သူသာ အနည်းငယ်မျှ နှောင့်နှေးသွားခဲ့လျှင် လွတ်မြောက်ရေးယာဉ်သည် ကြယ်တံခွန်၏ ဆွဲခေါ်မှုကို ခံလိုက်ရပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်နှုန်းအထိ မြင့်တက်သွားပေလိမ့်မည်။
သူ့ခန္ဓာကိုယ် ကြံ့ခိုင်မှုသာ မကောင်းခဲ့လျှင် ခုနက ရုတ်တရက် အရှိန်ပြင်းပြင်း ဆွဲခေါ်ခံရစဉ်အတွင်း လက်ကိုင်ကို အချိန်မီ မဆွဲကိုင်နိုင်ခဲ့ပါက သူသည် လွတ်မြောက်ရေးယာဉ်၏ နံရံနှင့် အရှိန်ပြင်းစွာ ဆောင့်မိသွားမှာ သေချာသည်။
မသေလျှင်ပင် ဒုက္ခိတ ဖြစ်သွားနိုင်သည်။
ဒါတောင်မှ ရှောင်းယီ၏ လက်မောင်းမှာ အတင်းဆွဲဆန့်ခံလိုက်ရသဖြင့် နာကျင်ကိုက်ခဲနေခဲ့ပြီ ဖြစ်သည်။
လွတ်မြောက်ရေးယာဉ်အတွင်းရှိ လောင်စာဆီများသည်လည်း အလျင်အမြန် ကုန်ဆုံးသွားခဲ့သည်။ သုံးစက္ကန့်မျှသော အချိန်တိုအတွင်း၌ မူလက ၈၀% ရှိသော လောင်စာဆီအဆင့်သည် ၂၀% သာ ကျန်ရှိတော့သည်အထိ ထိုးကျသွားခဲ့သည်။
သို့သော်လည်း ရှောင်းယီ၏ လွတ်မြောက်ရေးယာဉ်မှာ ရပ်တန့်သွားခဲ့ပြီဖြစ်ရာ အနည်းဆုံးတော့ ထိုကြယ်တံခွန်နှင့်အတူ ရှေ့သို့ ဆက်လက် ပျံသန်းမသွားတော့ပေ။
ဤကဲ့သို့ စက္ကန့်ပိုင်းမျှသော အချိန်တိုလေးအတွင်းမှာပင် ရှောင်းယီတစ်ယောက် ချွေးစေးများ ပြန်လာခဲ့ရ၏။
ထိုကြယ်တံခွန်၏ အရှိန်မှာ ပြင်းထန်လွန်းလှသည်။ အကယ်၍ သူ့လွတ်မြောက်ရေးယာဉ်ကိုသာ တည့်တည့်ဝင်တိုက်မိခဲ့ပါက လွတ်မြောက်ရေးယာဉ်တစ်ခုလုံး စုတ်ပြတ် ပျက်စီးသွားမှာဖြစ်ပြီး သူလည်း ဤကဲ့သို့ပြင်းထန်သည့် ရိုက်ခတ်မှုဒဏ်ကနေ ဘယ်လိုမှ အသက်ရှင်နိုင်လောက်မည် မဟုတ်ချေ။
“ဒါက လူတွေကို လုံးဝ အသက်ရှင်လမ်း မပေးတာပဲ။”
အာကာသထဲက တကယ့်ကို အန္တရာယ်များလွန်းလှသည်ဟု ရှောင်းယီ ခံစားလိုက်ရသည်။
ခုနက စနစ်၏ သတိပေးချက်သာ မရှိခဲ့လျှင် သူသည် ကြယ်တံခွန်က နောက်ထပ် သုံးစက္ကန့်အတွင်း သူ့ယာဉ်ရှိရာနေရာကို ပျံသန်းလာလိမ့်မည်ဆိုသည်ကို သာမန်မျက်စိဖြင့် ဘယ်လိုမှ ကြိုတင်တွက်ဆနိုင်မှာ မဟုတ်ပေ။
ယခုအခါ ရှောင်းယီသည် အပြင်ဘက်အခြေအနေကို လုံးဝ မမြင်ရတော့ပေ။ မှန်ပြတင်းပေါက်ကြီးတစ်ခုလုံးမှာ ရေခဲပွင့်များနှင့် အမျိုးမျိုးသော အမှုန်အမွှားများဖြင့် ဖုံးလွှမ်းသွားခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း ကံကောင်းထောက်မစွာဖြင့် အာကာသသုံးမှန်၏ မာကျောမှုမှာ လုံလောက်လှသဖြင့် အက်ကွဲသွားခြင်းမျိုးတော့ မရှိခဲ့ချေ။
“မဖြစ်ဘူး။ အပြင်ဘက်မှာ ကပ်နေတဲ့ ဒီအရာတွေကို အမြန်ဆုံး ရှင်းလင်းပစ်ရမယ်။”
ရှောင်းယီ မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
ပတ်ဝန်းကျင် အခြေအနေကို ဒီလိုမျိုး မမြင်ရခြင်းက ရှောင်းယီကို စိတ်မသက်မသာ ဖြစ်စေသည်။
သို့သော်လည်း လက်ရှိတွင် ရှောင်းယီ၌ အာကာသဝတ်စုံမရှိသဖြင့် အပြင်ဘက်သို့ ထွက်၍ သန့်ရှင်းရေးလုပ်ရန် မဖြစ်နိုင်ပေ။
ယခင်က ရခဲ့သော ကိုယ်ကျပ်ဝတ်စုံကလည်း ရှောင်းယီကို အာကာသထဲတွင် အသက်ရှင်သန်ခွင့် မပေးနိုင်ပါချေ။ အကြောင်းမှာ အာကာသထဲတွင် အောက်ဆီဂျင် မရှိသဖြင့် အောက်ဆီဂျင် ပံ့ပိုးပေးမည့် စက်ပစ္စည်းတစ်ခု လိုအပ်သောကြောင့်ပင်။
ရှောင်းယီသည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး သူ့ ဘေးနားရှိ စုဆောင်းရေးစက်ကို ကြည့်လိုက်ရာမှ မျက်လုံးများ ဝင်းပသွားခဲ့သည်။
“မှန်ပြတင်းပေါက်ပေါ်မှာ ကပ်နေတဲ့ အရာအားလုံးကို သိမ်းဆည်းဖို့အတွက် စုဆောင်းရေးစက်ကို သုံးလို့ရတာပဲ။ အဲဒီအရာအများစုက ရေတွေ ဖြစ်ဖို့များတယ် မဟုတ်ဘူးလား။”
ရှောင်းယီ ရေရွတ်လိုက်၏။ ထို့နောက် သူသည် စုဆောင်းရေးစက်ကို စေလွှတ်လိုက်ပြီး မှန်ပြတင်းပေါက်ကို ပထမဦးစွာ ပတ်ပတ်လည် ဝိုင်းရံစေကာ မှန်ပေါ်တွင် ကျန်ရှိနေသော ဒြပ်ပစ္စည်းများကို စတင်စုဆောင်းခိုင်းလိုက်သည်။
အပြင်ဘက် အခြေအနေကို မမြင်ရသေးသဖြင့် ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ပြန်သွားပြီး အများသုံး ချန်နယ်ကို စစ်ဆေးကြည့်လိုက်သည်။
ထိုအချိန်တွင် အများသုံး ချန်နယ်သည် တစ်ဖန် ပြန်လည် ဆူညံပွက်လောရိုက်လာပြန်သည်။
“ခုနက တစ်ခုခု ဝုန်းကနဲ ဖြတ်ပြေးသွားသလိုပဲ။”
“ငါ မြင်လိုက်တယ်။ အဲဒါက သေချာပေါက် ကြယ်တံခွန်ပဲ။”
“အဲဒါက ငါ့ဘေးကတင် ပွတ်ကာသီကာလေး ဖြတ်သွားတာ။ ငါ့လွတ်မြောက်ရေးယာဉ်တောင် အဲဒီနောက်ကို ပါသွားပြီး အရှိန်အဟုန်နဲ့ ရှေ့ကို ပျံသန်းနေတယ်။ အခုတော့ ငါ့မှာ လောင်စာဆီ သက်သာသွားတာပေါ့။”
“သေစမ်း... ဒါဆိုရင် မင်းက ဘာလို့ လွတ်မြောက်ရေးယာဉ်ရဲ့ မောင်းနှင်အားစနစ်ကို အမြန်မဖွင့်တာလဲ။ ဒီအတိုင်းသာ ဆက်သွားနေရင် မင်း အလင်းပေးကြယ်ဆီ ရောက်သွားလိမ့်မယ်။ မင်းရဲ့ လွတ်မြောက်ရေးယာဉ်က အဲဒီကြယ်ရဲ့ အပူချိန်ကို ခံနိုင်ရည်ရှိမှာ သေချာလို့လား။”
“အဲဒီလောက်လည်း မပူလောက်ပါဘူး ဟုတ်တယ်မလား။ ဘာပဲဖြစ်ဖြစ် ကြယ်တံခွန်ရဲ့ ပတ်လမ်းက အလင်းပေးကြယ်နဲ့ ကီလိုမီတာ သန်းပေါင်း ၅၀၀ လောက် ဝေးမှာပါ။ ငါတို့ အရင်က နေခဲ့တဲ့ ဂြိုဟ်တောင်မှ အလင်းပေးကြယ်နဲ့ ကီလိုမီတာ သန်း ၁၅၀ လောက်ပဲ ဝေးတာလေ။”
“အဲလိုလား။ ဒါဆိုရင်တော့ ပြဿနာမရှိလောက်ပါဘူး။ ဒါပေမဲ့ ကြယ်တံခွန်နဲ့အတူ ဒီလောက် အရှိန်ပြင်းပြင်း သွားနေတော့ မင်း ရိက္ခာသေတ္တာတွေကို ကောင်းကောင်း ဖမ်းနိုင်ပါဦးမလား။”
“ငါ့မှာ ကိုယ်ပိုင်လွတ်လပ်ခွင့်တောင် မရှိတာ ရိက္ခာသေတ္တာ ဖမ်းဖို့ဆိုတာကတော့... ထားလိုက်ပါတော့ကွာ။”
“ငါ အကြံပေးချင်တာကတော့ ကြယ်တံခွန်ရဲ့ ဆွဲငင်အားကနေ ရုန်းထွက်နိုင်ဖို့အတွက် လောင်စာဆီအချို့ အမြန်ဝယ်လိုက်တာ ပိုကောင်းမယ်နော်။”
“ဟင်... ဈေးကွက်ခန်းမမှာ လောင်စာဆီ မရှိတော့ဘူးဟ။ သူဌေး... အမြန်လေး ထပ်ရောင်းပေးပါဦး။ ပစ္စည်းလေးတွေ ထပ်တင်ပေးပါဦး။”
ထိုအရာကို မြင်လိုက်ရသောအခါ ရှောင်းယီက တိုက်ရိုက်ပင် ပြန်စာပို့လိုက်သည်။
“ရေမရှိဘူး။ ထုတ်လုပ်လို့ မရဘူး။”
အမှန်တကယ်တော့ ရှောင်းယီတွင် လောင်စာဆီ လက်ကျန်အချို့ ရှိနေသေးသော်လည်း အရေးပေါ်အခြေအနေများအတွက် အမြဲတမ်း ချန်ထားရမည် ဖြစ်သည်။
ထိုလူက ချက်ချင်းပင် ပြောလာခဲ့သည်။
“ကျွန်တော့်မှာ ရေရှိတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို လောင်စာဆီ ရောင်းပေးပါ သူဌေး။ ကျွန်တော် ဒီမှာ တူးဖော်ရရှိတဲ့ ရေတွေကို ဘယ်တော့မှ ထပ်ပြီး သိုလှောင်မထားတော့ပါဘူး။”
ထိုလူသည် အုပ်စုထဲတွင် သီးသန့်အရောင်းအဝယ်တစ်ခုကို ချက်ချင်း စတင်လိုက်သည်။
“ ရေ ၁၅၃ ကီလိုဂရမ် - အခမဲ့လဲလှယ်ခြင်း။ သတ်မှတ်ထားသော လက်ခံသူ - ယီရန်ပင်း။”
တစ်ဖက်လူ လဲလှယ်ပေးလိုက်သော ရေပမာဏကို မြင်လိုက်ရသောအခါ ရှောင်းယီ ခဏကြာအောင် အံ့အားသင့်သွားခဲ့သည်။
ဒီလူက သူ့လက်ထဲမှာ ရေတွေ ဒီလောက်အများကြီးတောင် သိုလှောင်ထားခဲ့တာပဲ။
တစ်ဖက်လူက အလကားပေးနေခြင်း ဖြစ်သောကြောင့် ရှောင်းယီသည်လည်စ သဘာဝအတိုင်းပင် လက်လွှတ်ခံမည်မဟုတ်ပေ။ သူသည် အရောင်းအဝယ်ကို ချက်ချင်း အတည်ပြုလိုက်သည်။
ရှောင်းယီသည် စက်နှစ်လုံးကို အသုံးပြု၍ လောင်စာဆီများကို ပြန်လည်ဖြည့်တင်းပြီးနောက် ထိုလောင်စာဆီများကို တစ်ဖက်လူထံ ပြန်လည်ရောင်းချပေးလိုက်သည်။ တစ်ဖက်လူဘက်မှ ကုန်ကြမ်းပစ္စည်းများ ပံ့ပိုးပေးခဲ့ခြင်းကြောင့် ရှောင်းယီသည် ကုန်ကြမ်းဖိုးကို နုတ်ပယ်ပေးခဲ့ပြီး အရောင်းအဝယ် ပြုလုပ်ပေးခဲ့ခြင်း ဖြစ်သည်။
“သူဌေးက ကုန်ကြမ်းပစ္စည်းတွေရဲ့ တန်ဖိုးကိုပါ ထည့်တွက်ပေးခဲ့တာပဲ။ တကယ် ကျေးဇူးအများကြီး တင်ပါတယ် သူဌေး။”
အရောင်းအဝယ်ဈေးနှုန်းသည် ပုံမှန်ပေါက်ဈေးထက် အနည်းငယ် သက်သာနေသည်ကို မြင်လိုက်ရသောအခါ ထိုလူမှာ ချက်ချင်းပင် သဘောပေါက်သွားခဲ့သည်။
ထိုလူ ပြောလိုက်သည်ကို မြင်ရသောအခါ လူတိုင်း၏ စိတ်ထဲတွင် ယီရန်ပင်းကို ဈေးနှုန်းအတိအကျ သတ်မှတ်ထားပြီး ရိုးသားဖြောင့်မတ်စွာ ရောင်းဝယ်ဖောက်ကားတတ်သော ကုန်သည်တစ်ဦးအဖြစ် မှတ်ချက်ပြုလိုက်ကြတော့သည်။