ကျွန်တော်တို့ဆိုင်ရဲ့ အထူးဟင်းလျာ ပုဇွန်ဝက်နှလုံးဟင်းလျာပါ
Vol. 6-10 Ch. 127
အခန်း (၁၂၇) : ကျွန်တော်တို့ဆိုင်ရဲ့ အထူးဟင်းလျာ ပုဇွန်ဝက်နှလုံးဟင်းလျာပါ
ကြက်စွပ်ပြုတ်၏ ရနံ့က သီးသန့်ခန်းတစ်ခုလုံးကို တက်ကြွစေသော စွမ်းအင်များဖြင့် ပြည့်နှက်သွားစေသည်။
ကြက်စွပ်ပြုတ် တစ်ပန်းကန် သောက်ပြီးသွားသည့်အခါ ရှန်ထျန်းလည်း မောပန်းနေတာ အတော်လေး သက်သာသွားသည်။
ဘေးမှာရပ်နေသော စီမံခန့်ခွဲသူက မေးလိုက်သည်
“ သခင်လေးရှန် ကျွန်တော်တို့ဆိုင်ရဲ့ မီးတောက်ဝိညာဉ် ကြက်စွပ်ပြုတ်ရဲ့ အရသာ ဘယ်လိုနေလဲခင်ဗျာ”
မီးတောက်ဝိညာဉ် ကြက်စွပ်ပြုတ်၏ ဓာတ်က မီးဓာတ် ဖြစ်သည်။ ထိုအရာကို တန့်ရှန်း၊ လင်ဇီးစသည့် ဆေးဖက်ဝင်အပင်များနှင့်အတူ ချက်ပြုတ်လိုက်သည့်အခါ စားသုံးသူ၏ ယန်ဓာတ်ကို လွန်ကဲစွာ အာဟာရဖြည့်ပေးနိုင်ပြီး လန်းဆန်းစေနိုင်သည်။
ရှန်ထျန်းက ပြုံးကာ ပြောလိုက်သည်
“ မဆိုးပါဘူး။ ဒါပေမဲ့ ကြက်စွပ်ပြုတ် သောက်လိုက်ရုံနဲ့တင် ဗိုက်မပြည့်ဘူးလေ။ တခြားဟင်းလျာတွေ သွားပြီး ပြင်ဆင်လာခဲ့ပါဦး”
စီမံခန့်ခွဲသူက အမြန်ခေါင်းညိတ်ပြကာ ဟင်းလျာများချက်ပြုတ်ဖို့အတွက် စားဖိုဆောင်ကို မှာကြားလိုက်သည်။
ကြက်စွပ်ပြုတ်ကို မြိန်ရေယှက်ရေ စားသုံးနေသော ရှန်ထျန်းကို ကျောက်ဟောင် စိုက်ကြည့်ကာ တံတွေးမျိုချရင်း ပြောလိုက်သည်
“ ညီအစ်ကိုရှန်…ကြက်စွပ်ပြုတ်က ကျုပ်အတွက် မဟုတ်ဘူးလား”
ရှန်ထျန်းက ခေါင်းယမ်းပြကာ ပြုံးရင်း ပြောလိုက်သည်
“ ညီအစ်ကိုကျောက် နားလည်မှု လွဲနေပြီ ထင်တယ်။ ဒါက မီးတောက်ဝိညာဉ် ကြက်စွပ်ပြုတ်လေ။ ညီအစ်ကို လိုအပ်နေတာက စိတ်ဝိညာဉ်အတွက် ကြက်စွတ်ပြုတ်လေ”
ရှန်ထျန်းက ကြက်စွတ်ပြုတ် ပန်းကန်ကို ချထားကာ ရုတ်တရက် ကျောက်ဟောင်ကို တောက်လောင်နေသော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်
“ ညီအစ်ကိုကျောက်… အတွေ့အကြုံရှိတဲ့သူ တစ်ယောက်အနေနဲ့ အကြံပေးထားလိုက်မယ်။ အဲဒါက မင်းအတွက် တကယ် အကျိုးထူးစေလိမ့်မယ်”
ရှန်ထျန်း၏ တည်ကြည်သော မျက်နှာထားကြောင့် ကျောက်ဟောင်လည်း အလေးအနက်ထားကာ ပြောလိုက်သည်
“ ကျုပ် သေချာနားထောင်နေပါတယ်”
ရှန်ထျန်းက ညာဘက်လက်ညှိုး တစ်ချောင်းထောင်ကာ ပြောလိုက်သည်
“ အရင်ဆုံး ရှုံးနိမ့်မှုဆိုတာ ကြောက်စရာ မဟုတ်ဘူးလို့ ပြောချင်တယ်။ တကယ် ကြောက်စရာကောင်းတာက ရှုံးနိမ့်မှုရဲ့ အနိုင်ယူခြင်းကို ခံလိုက်ရမှာကိုပဲ”
ရှန်ထျန်း၏ တောက်လောင်နေသော အကြည့်ကြောင့် ကျောက်ဟောင်လည်း သူ့အဖေပြောပြထားသော ရှန်ထျန်း အကြောင်းတွေကို ပြန်လည်စဉ်းစားမိသွားသည်။
ငယ်ငယ်ကတည်းက ဖျားနာခဲ့ပြီး ဘေးပတ်ဝန်းကျင်ရှိသူများအတွက် ကံဆိုးမှုကို ယူဆောင်လာတဲ့သူမလို့ တစ်ယောက်တည်းနေဖို့ ကံကြမ္မာပါလာခဲ့တယ်တဲ့။ ချီဖောက်ပြန်ခြင်းကိုလည်း နေ့တိုင်းခံစားရခဲ့တော့ ဆေးကုသဆောင်ရဲ့ဖောက်သည်တောင် ဖြစ်နေပြီ
ဒါပေမဲ့ ရှန်ထျန်းက ကျင့်ကြံတာကို လက်မလျှော့ခဲ့ဘူးလေ။ ဒါကြောင့် ငါ ချီဖောက်ပြန်တာ တစ်ခါလောက်ပဲ ဖြစ်ဖူးတာက သူနဲ့ နှိုင်းယှဉ်စရာတောင် မဟုတ်ဘူးပဲ
ရှန်ထျန်းက ညာဘက်လက်ခလယ်ကို ထပ်ထောင်ရင်း ပြောလိုက်သည်
“ ဒုတိယအချက်အနေနဲ့ မင်း အကောင်းဆုံးဖြစ်အောင် မကြိုးစားရသေးဘူးလေ။ မင်းရဲ့ ကံကြမ္မာ မပြောင်းလဲနိုင်တော့ဘူးဆိုတာကို မင်း ဘယ်လိုလုပ်ပြီးတော့ သိလဲ”
ငါ့ရဲ့ ကံကြမ္ဘာကို ပြောင်းလဲရမယ်တဲ့လား
ကျောက်ဟောင် တွေးကြည့်ရင်း ကြက်သီးမွေးညင်းများပင် ထသွားသည်။
ဟုတ်တယ်…
ငါ့ရဲ့ စွမ်းအင်ဗဟိုချက်ပဲ ပျက်စီးသွားတာလေ…ငါ သေသွားတာမှ မဟုတ်တာ။ စွမ်းအင်ဗဟိုချက် ပျက်စီးသွားလို့ ကျင့်ကြံဆင့် ပျောက်ဆုံးသွားတာဆိုရင်တော့ စွမ်းအင်ဗဟိုချက် နဂိုအတိုင်းပြန်ဖြစ်လာအောင် လုပ်နိုင်မဲ့နည်းလမ်းကို ရှာပြီးတော့ ထပ်ပြီး ကျင့်ကြံရမယ်
တကယ်ကို ဘာနည်းလမ်းမှ မရှိတော့တဲ့အခါကျရင်တော့ နတ်ဘုရား ကိုယ်ထည်မာကျင့်စဉ် လမ်းကြောင်းကို လိုက်ဖို့အတွက် နည်းလမ်းတွေ စဉ်းစားမယ်။ သန်မာလာဖို့အတွက် အကောင်းဆုံးကြိုးစားမယ်
ညီအစ်ကိုရှန်တောင်မှ ဒီလောက်ထိ စိတ်ဒုက္ခတွေရောက်ပြီးတာတောင် သူ့ကံကြမ္မာကို ပြောင်းလဲနိုင်ခဲ့သေးတာပဲ။ ငါလည်း အကောင်းဆုံး ကြိုးစားကြည့်သင့်တယ် မဟုတ်လား
ရှန်ထျန်းက ညာဘက်လက်သူကြွယ်ကိုထောင်ကာ ပြောလိုက်သည်
“ တတိယအချက်အနေနဲ့ အခု မင်းသမီးလေးနဲ့ လက်ထပ်မဲ့ ပွဲကလည်း ပျက်သွားတော့ အရှက်ရ သိမ်ငယ်နေရတယ်လေ။ အနာဂတ်ကျရင် မင်း ကြီးပွားတိုးတက်လာရင် လက်စားပြန်ချေနိုင်လိမ့်မယ်”
ဝုန်း…
မင်းသမီးလေးနဲ့ လက်ထပ်ပွဲပျက်သွားလို့ အရှက်ရသိမ်ငယ်နေရပေမဲ့ အနာဂတ်ကျရင် ငါ ကြီးပွားတိုးတက်လာတဲ့အခါ လက်စားပြန်ချေရမယ်
ထိုစကားတစ်ခွန်းက ကျောက်ဟောင်၏ နှလုံးသားထဲသို့ လျှပ်စီးတစ်ခုလိုမျိုး စီးဝင်သွားသည်။ ထိုစကားက အမှန်တကယ်လို မခံစားရသလို ရှက်လည်းရှက်ဖို့ကောင်းပေမဲ့ စိတ်လှုပ်ရှားပြီး သွေးတွေပါ ဆူပွက်လာသလို ခံစားနေရသည်။ ထိုစကားက သူ့အတွက် အံဝင်ခွင်ကျဖြစ်ပြီး သူ့ကံကြမ္မာကို တိုက်ထုတ်ကာ စိတ်သစ်လူသစ်ဖြစ်လာဖို့အတွက် အားအင်ပေးသော စစ်သီချင်းတစ်ပုဒ်လိုမျိုး ခံစားလာရစေသည်။
ထိုအခိုက်အတန့်တွင် ကျောက်ဟောင်က ရှန်ထျန်းကို ကြည့်ရင်း တစ်သက်လုံး ရင်းနှီးလာခဲ့သော သူငယ်ချင်းတစ်ယောက်လိုမျိုး ခံစားလာရသည်။
ပေါ်ယာနဲ့ ကျီချီလို့ခေါ်တဲ့ တောင်တန်းနဲ့ စီးဆင်းတဲ့ ရေလိုမျိုး…သူတို့နှစ်ယောက်ကလည်း အဲလိုမျိုး တည်ရှိမှုမျိုးပဲ ...
သူက ရှန်ထျန်းကို စိတ်အားထက်သန်သော အကြည့်ဖြင့် ကြည့်ရင်း ပြောလိုက်သည်
“ ကျုပ် သဘောတူတယ်။ ညီအစ်ကိုရှန် ပြောတာတွေက အရမ်းကို အဓိပ္ပာယ်ရှိလွန်းတယ်”
ကျန်းယွင်ရှီးက လျစ်လျူရှုခံထားရသလို ခံစားနေရသည့်အတွက် ကျောက်ဟောင်ကို အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။
ကျောက်ဟောင်က လေထုထဲမှ အန္တရာယ်အငွေ့အသက်ကို အာရုံမခံနိုင်ဘဲ ရှန်ထျန်းကို စိုက်ကြည့်ကာ ပြောလိုက်သည်
“ ညီအစ်ကိုရှန်က ကျုပ်နဲ့ ပြောရဆိုရ အဆင်ပြေတယ်လို့ ခံစားရတယ်။ ညီအစ်ကိုရှန်… ကျုပ်ာ်နဲ့ သွေးသောက်ညီအစ်ကို မလုပ်ချင်ဘူးလားဟင်”
အဟွတ်…ဟွတ်…
ရှန်ထျန်း ကြက်စွပ်ပြုတ်သီးပြီး ကျောက်ဟောင်၏ မျက်နှာပေါ်သို့ ထွေးထုတ်မိတော့မလိုပင် ဖြစ်သွားသည်
“ သွေးသောက် ညီအစ်ကိုတွေတဲ့လား”
မင်း ငါ့ကို လာနောက်နေတာလား။ မင်းရဲ့ ခေါင်းပေါ်မှာရှိတဲ့ ရောင်ဝါစက်ဝန်းက ဒီလောက်ထိ ထူးဆန်းနေတဲ့ဟာကို…..အနက်တစ်ဝက် ရွှေတစ်ဝက်နဲ့ အရမ်းကို ရှုပ်ထွေးတယ်။ အဲဒါက ဘာကို ဆိုလိုချင်တယ်ဆိုတာ ဘယ်သူသိမှာလဲ။
ကံဆိုးမှုတွေ လျော့နည်းလာပြီး ကံကောင်းမှုတွေ မြင့်တက်လာတယ် လို့ မှတ်ယူရမှာလား ဒါမှမဟုတ် မင်းရဲ့ ဘေးကသူတွေဆီကို ကံဆိုးမှုတွေ ယူဆောင်လာပြီးတော့ သေစေတာလည်း ဖြစ်နိုင်တာပဲ ...
ဇာတ်လမ်းအစမှာ စေ့စပ်ထားတာ ပျက်သွားတဲ့ သူရဲကောင်းတွေက များသောအားဖြင့် တိုးတက်အောင် လုပ်တဲ့လမ်းကြောင်းမှာ အတိုက်အခိုက်တွေ များတတ်တယ်။ အရမ်းကို အန္တရာယ်များတယ်ဆိုတာ အသိသာကြီးပဲ
ကျောက်ဟောင်ရဲ့ အဖေဖြစ်တဲ့ ကောင်းကင်လောင်ကျွမ်း မြို့စားတောင် ကမ္ဘာဦးတိုက်ပွဲနယ်မြေထဲမှာ ပျောက်သွားသေးတာပဲ။ ကျောက်ဟောင်က သူ့ရဲ့ သွေးသောက်ညီအစ်ကိုဆီကို ကံဆိုးမှုတွေ ယူဆောင်လာရင် ဘယ်လိုလုပ်မလဲ
သူတို့ မိတ်ဆွေတွေဖြစ်လာနိုင်ပေမဲ့ သွေးသောက်ညီအစ်ကိုတော့ ဖြစ်မလာနိုင်ကြောင်း ရှန်ထျန်း တိတ်တိတ်လေး ဆုံးဖြတ်ချက်ချလိုက်သည်။
ကျောက်ဟောင်ကလည်း ပြောင်းလဲလွယ်သော လူ့သဘာဝကို သဘောပေါက်ထားသည့်အတွက် ရှန်ထျန်း၏ မျက်နှာထားကို ကြည့်လိုက်ရုံဖြင့် သတိထားမိသည်။ ထို့ကြောင့် သူ့ကိုယ်သူ လှောင်ရယ်ကာ ပြောလိုက်သည်
“ ညီအစ်ကိုရှန် စိတ်မရှိပါနဲ့နော်။ မမေးခင် သေချာမစဉ်းစားလိုက်ရဘူး။ ကျုပ်ရဲ့ အခုလက်ရှိ အခြေအနေနဲ့ဆိုရင် ညီအစ်ကိုနဲ့ သွေးသောက်ညီအစ်ကို ဖြစ်လာဖို့အတွက် မထိုက်တန်ပါဘူး”
ရှန်ထျန်း ကူကယ်ရာမဲ့စွာဖြင့် အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။
ဒါက … ဒါက အဓိက ဇာတ်ကောင်က တခြားသူတွေ အထင်မြင်သေးတာကို ခံခဲ့ရတဲ့ ဇာတ်ကွက် မဟုတ်လား
ပုံမှန် ဇာတ်လမ်းအတိုင်းဆိုရင် အဓိက ဇာတ်ကောင်က တခြားသူတွေ လှောင်ပြောင်အထင်သေးတာကို ခံခဲ့ရပြီးတော့ နောက်ပိုင်းချ ဇာတ်ကွက်ကျ သေချာပေါက် ပြောင်းပြန်ဖြစ်သွားတတ်တာလေ
သေစမ်း…ကျောက်ဟောင်က ဒီကိစ္စနဲ့ပတ်သက်ပြီး ငါ့ကို လက်စားမချေလောက်ပါဘူးနော် ဟုတ်တယ်မလား
ရုတ်တရက် ရှန်ထျန်း အကြံတစ်ခု ရသွားသည်။
သူ လှောင်ရယ်ရင်း ပြောလိုက်သည်
“ ညီအစ်ကိုဆီမှာ အဲလိုအတွေးမျိုးရှိနေရင်တော့ ညီအစ်ကိုက တကယ် မထိုက်တန်တဲ့သူ တစ်ယောက်ဖြစ်နေဦးမှာပဲ”
ရှန်ထျန်းက ပြတင်းပေါက်ဘက်သို့ မျက်နှာမူကာ မြူခိုးမြို့တော်၏ မြင်ကွင်းကို ရှုစားရင်း ပြောလိုက်သည်
“ ညီအစ်ကိုကျောက်ကို တကယ် စိတ်ပျက်သွားပြီ”
စိတ်အားထက်သန်မှုအပြည့်ပါဝင်သော အေးစက်သည့် အသံဖြင့် ထပ်ပြောလိုက်သည်
“ ညီအစ်ကိုဆီမှာ အခက်အခဲတွေအားလုံးကို ကျော်ဖြတ်ပြီးတော့ တိုးတက်နိုင်ဖို့အတွက် ရည်မှန်းချက်တွေ ရှိရမယ်။ ပါရမီရှင် တစ်ယောက်က ဘယ်တော့မှ မတိမ်ကောဘူးတဲ့။ အခွင့်အရေးတစ်ခုလေးပဲ ရလိုက်တာနဲ့ အောင်မြင်သွားတာမျိုးလည်း ဖြစ်နိုင်တယ် ဆိုတဲ့ စကားလိုမျိုးပဲပေါ့။ မင်းကိုယ်မင်းတောင် အထင်သေးနေမယ်ဆိုရင် ဘယ်သူကများ မင်းကို အထင်ကြီးတော့မှာလဲ။
ညီအစ်ကိုကျောက် တကယ့်ပါရမီရှင်တစ်ယောက် သူ့ကို တခြားသူတွေ ဘယ်လိုမြင်လဲဆိုတာကို ဂရုစိုက်ဖို့ မလိုသလို တခြားသူတွေ ဘယ်လိုစဉ်းစားမလဲဆိုတာကိုလည်း စိတ်ပူစရာမလိုဘူး။
ကမ္ဘာပေါ်ကလူတိုင်း ငါ့ကို လှောင်ပြောင်အထင်သေးနေမယ်ဆိုရင်တောင် ငါ့စိတ်က သံမဏိလိုမျိုး ခိုင်မာတယ်ဆိုပြီးတော့ တွေးထားရမယ်။
အမြဲတမ်း ဆုံးဖြတ်ချက်ပြတ်သားပြီးတော့ စိတ်အားထက်သန်မှုအပြည့်ဖြစ်နေရမယ်။ ဒါဆိုရင် သူတို့ကိုလည်း အံ့အားသင့်သွားအောင် လုပ်နိုင်လိမ့်မယ်”
ရှန်ထျန်း၏ စကားလုံးများက ကျောက်ဟောင်၏ အကြည့်ကို ပိုမိုစူးရှလာစေသည်။
“ ညီအစ်ကိုရှန် ပြောတာမှန်တယ်….ကျုပ် ကိုယ့်ဘာသာ ရှက်သင့်တယ်။
အခက်အခဲတွေ အများကြီးကျော်ဖြတ်ပြီးတော့ ညီအစ်ကိုရှန်ရဲ့ နှလုံးသားက သံမဏိလိုမျိုး သန်မာပြီးတော့ ခန္ဓာကိုယ်က မီးလိုမျိုး စိတ်အားထက်သန်မှုအပြည့်ရှိတယ်။ ဒါပေမဲ့ ကျုပ်ကတော့ ဒီလိုမျိုး အားလျော့နေတယ်ဆိုတော့ တကယ်ကို မရင့်ကျက်သေးဘဲ ကလေးဆန်တာပဲ။
ညီအစ်ကိုရှန် ပြောတာတွေကို နားထောင်ရတာ နှစ်ပေါင်း၁၀၀ ကျင့်ကြံတာထက် ပိုကောင်းတယ်။ ညီအစ်ကိုရှန်ရဲ့ လေးနက်တဲ့ အကြံဉာဏ်ကို စိတ်ထဲမှာ အမြဲတမ်း မှတ်ထားပါ့မယ်”
ရှန်ထျန်းက ပြုံးကာ လက်ယမ်းပြရင်း ပြောလိုက်သည်
“ အဲလောက်ထိ လုပ်ဖို့မလိုအပ်ပါဘူး ညီအစ်ကိုကျောက်။ ညီအစ်ကိုရဲ့ ကျင့်ကြံဆင့် ဆုံးရှုံးမှု ပြဿနာကို ဖြေရှင်းဖို့က မခက်ခဲပါဘူး”
ထိုအခိုက်အတန့်တွင် ကျောက်ဟောင် တစ်ကိုယ်လုံး တုန်လှုပ်သွားရသည်
“ ညီအစ်ကိုရှန်က ဘာကို ဆိုလိုချင်တာလဲ”
ရှန်ထျန်းက ပြုံးပြကာ ပြောလိုက်သည်
“ အရှင်းဆုံးပြောရမယ်ဆိုရင် ကျွန်တော်က နက္ခတ်ပညာကို ကျင့်ကြံခဲ့တာ။ ညီအစ်ကိုကျောက်ရဲ့ မျက်နှာသွင်ပြင်အရ ကံဆိုးမှုတွေက ကံကောင်းမှုအဖြစ် စတင်ပြောင်းလဲလာနေပြီ။ ကံကြမ္မာကို ပြောင်းလဲဖို့အခွင့်အရေးက မျက်စိရှေ့မှာပဲ ရှိလိမ့်မယ်ထင်တယ်”
ကျောက်ဟောင်က အံ့အားသင့် ထိတ်လန့်စွာဖြင့် မေးလိုက်သည်
“ ညီအစ်ကိုရှန် ပြောတာအမှန်ပဲဆိုရင် ကျုပ်ရဲ့ ကံကြမ္မာကို ဘယ်လိုပြောင်းလဲရမလဲဆိုတာကို သိခွင့်ရှိမလားဟင်”
“ ဒါကတော့ လျှို့ဝှက်ချက်။ ညီအစ်ကိုကျောက်အနေနဲ့ အလောတကြီး လုပ်ဖို့မလိုပါဘူး။ ကြက်စွပ်ပြုတ်ကို အရင်သောက်လိုက်ပါဦး” ရှန်ထျန်းက ကျောက်ဟောင်ကို ပြုံးပြရင်း ကြက်စွပ်ပြုတ်တစ်ပန်းကန် ပေးလိုက်သည်။
ကျောက်ဟောင်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်
“ ညီအစ်ကိုရှန် တကယ်သိတယ်ဆိုရင် ကျုပ်ကို ပြောပြပေးဖို့အတွက် အလေးအနက် တောင်းဆိုပါတယ်။ ကျုပ် ကျင့်ကြံဆင့်တွေ အားလုံးဆုံးရှုံးလိုက်ရကတည်းက လူတွေက ရွံရှာမုန်းတီးသွားကြတာ။ ကျုပ် အဲဒီလိုဘဝမျိုးနဲ့ တစ်ရက်လေးတောင် ဆက်ပြီးမနေချင်တော့ဘူး။
ကျုပ်ရဲ့ ကျင့်ကြံဆင့်ကို ပြန်ရအောင် လုပ်ပြီးတော့ အလုခံလိုက်ရတဲ့ မိသားစုပိုင်ပစ္စည်းတွေကို ပြန်ပြီး ယူရမယ်။ ကမ္ဘာဦးတိုက်ပွဲနယ်မြေကိုသွားပြီးတော့ အဖေကို ရှာဖို့အတွက် ပိုပြီးတော့ သန်မာလာချင်တယ်။
ဟုတ်သားပဲ…ပြီးတော့ မင်းသမီးလေး။ ကျုပ်ရဲ့ ကျင့်ကြံဆင့်ကို ဆုံးရှုံးသွားလို့ မကြိုက်တော့တာ သေချာပေမဲ့ တခြားအကြောင်းပြချက်တွေ လျှောက်ပေးနေတုန်းပဲ။ သူမ မီးတိုင်းပြည်ကို သွားတုန်းက အရမ်းချောတဲ့ အမျိုးသားတစ်ယောက်ကို တွေ့ခဲ့လို့ တခြားဘယ်သူ့ကိုမှ ထပ်ပြီး မချစ်နိုင်တော့တာတဲ့။
ကျုပ် မကျင့်ကြံနိုင်တာက အရေးမကြီးပါဘူးတဲ့လေ ... အဲဒီလူနဲ့ယှဉ်လိုက်ရင် ကျုပ်က အရမ်းရုပ်ဆိုးနေလို့တဲ့လေ။
ဒါက စော်ကားလိုက်တာပဲ။ စေ့စပ်ထားတာကို ဖျက်လိုက်ရုံတင်မကသေးဘူး။ ကျုပ်ကို အဲလိုမျိုး လှောင်ပြောင်သွားသေးတာ။ အဲလို အထင်မြင်သေး လှောင်ပြောင်တာမျိုးကိုတော့ လုံးဝ သည်းမခံနိုင်ဘူး”
ကျောက်ဟောင်၏ စကားကြောင့် သီးသန့်ခန်းထဲရှိသူများ မျက်စိပျက်မျက်နှာပျက် ဖြစ်လာကြသည်။
ကျန်းယွင်ရှီးက ရယ်ချင်တာကို ထိန်းချုပ်ထားသည့်ပုံစံဖြင့် မေးလိုက်သည်
“ သူမက အဲဒီလူကို မီးတိုင်းပြည်မှာ တွေ့ခဲ့တာ သေချာရဲ့လား”
ကျောက်ဟောင်က လှောင်ရယ်ကာ ပြောလိုက်သည်
“ သူမ ပြောတာကတော့ အဲဒီချောမောတဲ့သူကို မီးတိုင်းပြည်ရဲ့ အဆုံးမဲ့ဝိညာဉ်ဥယျာဉ်ထဲမှာ တွေ့ခဲ့တာတဲ့။ သူ့ကို အဆုံးမဲ့ဝိညာဉ်ဥယျာဉ် ရှန်အောင်းထျန်းလို့ ခေါ်တယ်ထင်တယ်။
တိုက်ဆိုင်လိုက်တာနော်။ အဲဒီလူနဲ့ နာမည်က ညီအစ်ကိုရှန်ရဲ့ နာမည်နဲ့တောင် အတော်လေး တူနေတယ်။ သူလည်း နက္ခတ်ပညာမှာ ကျွမ်းကျင်ပုံရတယ်”
နေပါဦး သေစမ်း
ကျောက်ဟောင်က ကြောင်အသွားသည့်ပုံစံဖြင့် ရှန်ထျန်းကို လှည့်ကြည့်လိုက်သည်။
ထိုအခိုက်အတန့်တွင် ကျောက်ဟောင် အရမ်းကြောက်ဖို့ကောင်းသော ခန့်မှန်းခြေ တစ်ခုကို သိလိုက်ရသည်။
တစ်ချိန်တည်းမှာပဲ သီးသန့်အခန်းတံခါးပွင့်လာကာ စီမံခန့်ခွဲသူက မွှေးကြိုင်သော ဟင်းပွဲများကို ကိုင်ပြီး ဝင်လာသည်။
“ သခင်လေးရှန်၊ နတ်မိမယ်လေးကျန်း အကြာကြီး စောင့်ခိုင်းလိုက်ရတဲ့အတွက် တောင်းပန်ပါတယ်နော်။ ဒါက ကျွန်တော်တို့ဆိုင်ရဲ့ အထူးဟင်းလျာ ပုဇွန်ဝက်နှလုံးဟင်းလျာပါ။ သုံးဆောင်ကြည့်ပါဦး”