ကဗျာစပ်ခြင်း… ကျောက်ဟောင်
Vol. 6-10 Ch. 128
အခန်း (၁၂၈) : ကဗျာစပ်ခြင်း… ကျောက်ဟောင်
“ အဟွတ်…ဟွတ်…ခင်ဗျားတို့ဆိုင်က ပုဇွန်ဝက်နှလုံးဟင်းလျာက တကယ်ကို ကောင်းတာပဲ”
ရှန်ထျန်းက ကျောက်ဟောင်ကို အားနာသည့်အတွက် ပုဇွန်ကို တူဖြင့်ညှပ်လိုက်ပြီး တခြားဘက်သို့ အကြည့်လွှဲထားလိုက်သည်။
အဆုံးမဲ့ ဝိညာဉ်ဥယျာဉ်မှာတုန်းက မိန်းကလေးတွေ အများကြီး ငါ့နောက်လိုက်နေတာဆိုတော့ ကျောက်ဟောင် ပြောနေတဲ့ မင်းသမီးက ဘယ်သူမှန်းလဲ မသိဘူး။
သူ စေ့စပ်ထားတာ ဖျက်သိမ်းခံရတဲ့အကြောင်းအရင်းထဲက တစ်ခုက ငါ့ကြောင့်မှန်းသာ အစကတည်းသိရင် သူ့အပေါ် ဒီလောက် ကောင်းမပေးခဲ့ပါဘူး
သူ အနာဂတ်မှာ တကယ် တိုးတက်အောင်မြင်သွားရင် ဘယ်လိုလုပ်မလဲ။ သူက ငါ့ကို အငြိုးထားပြီးတော့ ပြဿနာရှာရင်း ရုပ်ဆိုးအောင်ပါ လုပ်ပစ်မှာများလား
ရှန်ထျန်း တွေးတောရင်း ခေါင်းကိုက်လာရသည်။
အဲလိုထူးဆန်းတဲ့အရာတွေကြောင့် ငါ ဘာမှလည်း မလုပ်ပဲနဲ့ အမြဲခံနေရတာ ...
ကျောက်ဟောင်က ရှန်ထျန်းကို အငြိုးအတေးဖြင့် ကြည့်ကာ ပြောလိုက်သည်
“ ညီအစ်ကိုရှန်… ရှန်အောင်းထျန်းဆိုတဲ့သူကို သိလား”
ရှန်ထျန်းက ခေါင်းယမ်းပြကာ ပြောလိုက်သည်
“ ဘယ်က ရှန်အောင်းထျန်းလဲ။ သူ့နာမည်ကို မကြားဖူးပါဘူး”
ကျောက်ဟောင်က ပြန်ပြောလိုက်သည်
“ ညီအစ်ကိုရှန်က ကျုပ်ကို ကောင်းကောင်း ဆက်ဆံပေးတယ်ဆိုတာကို သိပါတယ်။ ကျုပ်ရဲ့ ကိုယ်ပိုင်ယုံကြည်ချက်ကို မဖျက်ဆီးလိုက်ချင်တာလဲ သိပါတယ်။
ကျုပ်အပေါ် ကြင်ကြင်နာနာ ဆက်ဆံပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ အစ်ကိုရှန် မင်းသမီး ရွှယ်ဝူရှား ပြောနေတဲ့ ချောမောတဲ့ အမျိုးသားက ညီအစ်ကိုရှန်ဆိုရင်တော့ ကျုပ် နောက်ဆုတ်လိုက်ပါတော့မယ်။
ညီအစ်ကိုရှန်ရဲ့ ရုပ်ရည်က ကျုပ်ထက် ပိုပြီး ချောမောရုံတင် မကသေးပဲ အခက်အခဲတွေကိုလည်း သေချာဖြေရှင်းတတ်တယ်လေ။ ကျုပ်သာ မင်းသမီးလေး ရွှယ်ဝူရှားဆိုရင်လည်း ညီအစ်ကိုရှန်နဲ့ တွေ့ပြီးရင် တခြားသူတွေကို လက်ထပ်ချင်မှာ မဟုတ်တော့ဘူး”
ကျောက်ဟောင်၏ တုံ့ပြန်မှုကြောင့် ရှန်ထျန်း အံ့ဩသွားသည်။
ဒီကောင်လေးက ဒီလောက်ထိတောင် စဉ်းစားဆင်ခြင်တတ်တာလား
အသက်၈နှစ် အရွယ် စိတ်ခံစားမှုသာ ရှိတဲ့ အဓိက ဇာတ်ကောင်အနေနဲ့ ကျောက်ဟောင်က စဉ်းစားဆင်ခြင်နိုင်စွမ်း မရှိဘဲ ခေါင်းမာသင့်တာ မဟုတ်ဘူးလား
ငါ့ရဲ့ ရုပ်ရည်ကြောင့် သူ စေ့စပ်ထားတာ ဖျက်သိမ်းခံရပြီးတော့ လက်ထပ်ပွဲ မလုပ်လိုက်ရတာကို သူ သိသွားတာတောင် ငါ့ကို ရန်သူလို့ မမြင်ဘူးတဲ့လား
ညီအစ်ကိုကျောက် အခုလိုမျိုး အရမ်းတည်ငြိမ်နေတာက မင်းရဲ့ အကျင့် မဟုတ်ဘူးလေ
သံသယစိတ်များသော ရှန်ထျန်းက မေးလိုက်သည်
“ ညီအစ်ကိုကျောက် တကယ်ပဲ စိတ်မတိုဘူးလား”
ကျောက်ဟောင်က အသက်ပြင်းပြင်း ရှူသွင်းကာ တည်ငြိမ်စွာ ပြောလိုက်သည်
“ဒါက မိန်းကလေးတစ်ယောက် ပြောတဲ့ စကားပဲလေ … ကျုပ်က အစကတည်းက လူကြီးချင်းသဘောတူတဲ့ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး ဘာမှမခံစားရပါဘူး။ ကျုပ် စိတ်တိုသွားတယ်ဆိုတာကလည်း စေ့စပ်ထားတာကို ဖျက်ပြီးတော့ အထင်မြင်သေးလို့ပါ။
ညီအစ်ကိုရှန် ပြောတော့ အရည်အချင်းရှိတဲ့ ပါရမီရှင်တစ်ယောက်အနေနဲ့ ပြင်းပြတဲ့ ရည်မှန်းချက်ရှိရမဲ့အပြင် သဘောထားလည်း ကြီးရမယ်ဆို။ ကျုပ်က သဘောထား သေးသိမ်တဲ့သူတစ်ယောက် မဟုတ်ဘူး”
ကျောက်ဟောင်၏ မျက်နှာချောင်ကျနေသော်လည်း မျက်လုံးတွေကတော့ ရှင်းလင်းတောက်ပနေဆဲ ဖြစ်၏။
ထို့ကြောင့် ရှန်ထျန်းလည်း စိတ်အေးသွားနိုင်သည်။ သူက ကျောက်ဟောင်၏ ပုခုံးကို ပုတ်လိုက်ပြီး ပုဇွန်ဝက်နှလုံးဟင်းလျာ တစ်ပန်းကန် ပေးလိုက်ပြီး ပြောသည်
“ ညီအစ်ကို ကျောက်က အရွယ်ရောက်လာပြီပဲ။ ဒါဆိုရင် ကျွန်တော်လည်း ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်တော့မယ်။ ကျွန်တော်က ရှန်အောင်းထျန်းဆိုတာ ဟုတ်ပါတယ်”
ကျောက်ဟောင်က ရှန်ထျန်းကို စိုက်ကြည့်ရင်း အကြည့်ထဲမှာ အငြိုးအတေးတို့ ကိန်းအောင်းလာသည်
“ ဒါဆို အဲဒါ တကယ်ပဲ ညီအစ်ကိုပေါ့”
ရှန်ထျန်းက ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်
“ စောစောက စိတ်မတိုဘူးလို့ ပြောခဲ့တယ် မဟုတ်လား။ ညီအစ်ကိုကျောက် ဒီလိုလုပ်မယ်ဆိုရင် ယောက်ျားစစ်စစ်လို့ မခေါ်ထိုက်တော့ဘူးနော်”
ငါ အခုဒေါသထွက်ရင် ငါ့ကို ယောက်ျားစစ်စစ်လို့တောင် သတ်မှတ်လို့မရတော့ဘူးတဲ့လား
ကျောက်ဟောင်၏ မျက်လုံးတွေ နီရဲလာကာ မျက်ရည်များပင် ဝဲနေသည်။
သေစမ်း…ညီအစ်ကိုရှန်… ခင်ဗျားက ကျွန်တော်ကို ဒီလို လှောင်ရယ်မှုမျိုးနဲ့ ကြုံတွေ့ရအောင် လုပ်တယ်။ မင်းသမီးလေးက လက်ညှိုးထိုးပြီးတော့ ရုပ်ဆိုးတယ်လို့ ပြောဆိုသွားတယ်။ အခုတော့ ခင်ဗျားကပါ ကျွန်တော်က ယောက်ျားစစ်စစ် မဟုတ်ဘူးလို့ ပြောနေတယ်ပေါ့လေ… ဒါတော့ အရမ်းလွန်သွားပြီ
ကျောက်ဟောင်ကို ပိုပြီးတော့ စိတ်မကောင်းဖြစ်သွားစေသည်က သူသာ တကယ် စိတ်တိုမိသွားပါက ယောက်ျားအစစ်ဟု မခံယူနိုင်ကြောင်းကို သတိရသွားသောကြောင့် ဖြစ်သည်။
ဟင်း… မတရားခံလိုက်ရသလို ခံစားရပေမဲ့လည်း မပြောတော့ပါဘူးလေ
ကျောက်ဟောင်လည်း ခေါင်းငုံ့ကာ ပုဇွန်ဝက်နှလုံးဟင်းလျာကိုသာ တစ်လုတ်ပြီး တစ်လုတ် စားနေတော့သည်။
ဘေးမှာရပ်နေသော ကျန်းယွင်ရှီးက မိုးကြိုးမျက်နှာဖုံးကို တပ်ဆင်ထားသည့်အတွက် သူမ၏ မျက်နှာထားကို မမြင်ရပေ။ သို့သော် သူမ၏ ပုခုံးတွေ လှုပ်နေတာကြောင့် ရယ်ချင်နေတာကို ထိန်းထားရမှန်း သိသာနေသည်။
ထိုအခိုက်အတန့်တွင် ကျောက်ဟောင် ပိုပြီးတော့ စိတ်မကောင်းဖြစ်လာရသည်
“ ညီအစ်ကိုရှန်က သတ္တုရိုင်းတုံးတွေကို ရှာဖွေအကဲဖြတ်တဲ့နေရာမှာ ကျွမ်းကျင်တယ်လို့ ကြားထားတယ်”
ရှန်ထျန်းက ခေါင်းညိတ်ပြကာ ပြောလိုက်သည်
“ အမှန်အတိုင်း ပြောရမယ်ဆိုရင် ကျွန်တော်က အထွတ်အထိပ်ရှင်ဖူတဲဆီကနေ အမွေရထားပြီးတော့ ဖူတဲတာအိုကျမ်းကို သင်ယူထားတယ်။ သတ္တုရိုင်းတုံးတွေ ရှာဖွေအကဲဖြတ်တာက အဲဒီပညာရပ်ရဲ့ တစ်စိတ်တစ်ပိုင်းပဲ ရှိပါသေးတယ်။ ကျွန်တော် တကယ် ကျွမ်းကျင်တာက ရုပ်လက္ခာဏာဖတ် ပညာရပ်နဲ့ နက္ခတ်ပညာရပ်ပဲ”
ရှန်ထျန်းက ကျောက်ဟောင်၏ နဖူးကို စိုက်ကြည့်ရင်း ပြောလိုက်သည်
“ ညီအစ်ကိုကျောက် မစိုးရိမ်ပါနဲ့။ အခု ကြုံတွေ့နေရတဲ့ အခက်အခဲတွေက မကောင်းတဲ့အရာ မဟုတ်ပါဘူး”
ကျောက်ဟောင်က အံ့အားသင့်စွာဖြင့် မေးလိုက်သည်
“ညီအစ်ကိုရှန် ကျုပ်ကို အကြံပေးပါဦး။ ကျုပ် ကြုံတွေ့နေရတဲ့ အခက်အခဲတွေက ကောင်းတဲ့အရာတွေ ဖြစ်နိုင်လို့လား”
ရှန်ထျန်းက ခေါင်းညိတ်ပြကာ ပြောလိုက်သည်
“ ကောင်းကင်ဘုံက ကြီးမြတ်တဲ့သူဆီမှာ ကြီးမြတ်တဲ့တာဝန်ကို ပေးအပ်ဖို့ လုပ်တဲ့အချိန် သူ့ဝိညာဉ်ကို ပျက်ပြားစေပြီးတော့ ကြွက်သားနဲ့ အရိုးတွေကို မောပန်းစေတဲ့အပြင် ဆာလောင်မှုနဲ့ ဆင်းရဲမှုကိုလည်း ကြုံတွေ့ရအောင် လုပ်လိမ့်မယ်။ မိဘနှစ်ပါးလုံးကတည်း သေချာပေါက် သေဆုံးရလိမ့်မယ်…”
ကျောက်ဟောင်က ပြန်မေးလိုက်သည်
“ ဘယ်လိုကြီး …”
သူ တွေးတောနေသည့်အရာကို မတော်တဆ ထုတ်ပြောမိသွားသည့်အတွက် ရှန်ထျန်း မြန်မြန် ပြန်ရှင်းပြလိုက်သည်
“ မှားပြောမိတာ။ စွမ်းအားတစ်ချို့က ငါ့ကို တားဆီးနေတယ် ထင်တယ်။ ဒါက သတိပေးတာ ဖြစ်လိမ့်မယ်။
လူတစ်ယောက်က အဆိုးဆုံးအခြေအနေထိ မရောက်နိုင်သလို စကားတွေကိုလည်း အကုန်ထုတ်ပြောလို့ မရနိုင်ဘူး။ မှန်ကန်တဲ့အချိန် မဟုတ်ရင် မလိမ်ရဲဘူး။ လိမ်လိုက်ရင် သေချာပေါက် ကံဆိုးလိမ့်မယ်”
ကျောက်ဟောင်က ရှန်ထျန်း အလေးအနက်ဖြစ်နေပုံကို ကြည့်ကာ အတွေးထဲ နစ်မြောပြီးနောက် ပြောလိုက်သည်
“ ညီအစ်ကိုရှန် ပြောတာ တကယ်ကို အဓိပ္ပာယ်ရှိတယ်”
မိဘနှစ်ပါးလုံးသေရမယ် ဆိုတဲ့ စကားကလွဲရင် ကျန်တဲ့စကားတွေက အကျိုးအကြောင်း ဆီလျော်တယ် ...
ရှေးအခါကတည်းက မသေမျိုးအဖြစ် တက်လှမ်းရာ၌ အောင်မြင်သော ကျင့်ကြံသူများအားလုံးသည် ကြီးမားသော အခက်အခဲများကို ဖြတ်ကျော်ခဲ့ရသည်။
ကျောက်ဟောင် သေမျိုးလောက၏ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုတို့ကို တွေ့ကြုံရသည့်အပြင် လူသားတို့၏ စိတ်အပြောင်းအလဲ မြန်မှုကိုပါ သိလိုက်ရသည့်အတွက် သူ၏ တာအိုနှလုံးသားလည်း အရည်အသွေး ပြောင်းလဲသွားခဲ့ရသည်။ ရှန်ထျန်း ပြောခဲ့သော အားပေးစကားနှင့် ပေါင်းစပ်လိုက်သည့်အခါ သူ၏ တာအိုကို ပိုမိုတိုးတက်လာအောင် လုပ်ဖို့အတွက် ကျောက်ဟောင် ဆုံးဖြတ်ချက် ချထားလိုက်သည်။
တာအိုနှလုံးသား တိုးတက်မှုက ခန္ဓာကိုယ်ကြံ့ခိုင်မှုထက် ပိုမိုအရေးကြီးသည်။ ဝိညာဉ်ကျောက်တုံးများနှင့်လည်း အစားထိုး၍ မရနိုင်ပေ။
ကျင့်ကြံရေးအဆင့်တွင် ကနဦးဝိညာဉ်အဆင့်နှင့် ဝိညာဉ်အသွင်ပြောင်းအဆင့်သို့ ရောက်ရှိရန်အတွက် ရွှေအမြုတေအဆင့်သို့ ရောက်ပြီးသည်နှင့် တာအိုနှလုံးသားကိုသာ အားကိုးကြသည်။
အခု ညီအစ်ကိုရှန်ပြောတဲ့ စကားအရဆိုရင် ကောင်းကင်ဘုံက ငါ့ကို ကြီးမားတဲ့ အခွင့်အရေးပေးတော့မယ်ဆိုတဲ့ သဘောပေါ့။ ဒါဆို ငါ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ အကုန်လုံးက ကောင်းကင်ဘုံရဲ့ စမ်းသပ်မှုတွေပေါ့လေ
ကျောက်ဟောင် စိတ်လှုပ်ရှားပြီး သွေးတွေပါ ဆူပွက်လာသလို ခံစားနေရသည်။
ငါက ကောင်းကင်ဘုံကနေ ကောင်းချီးပေးခံထားရတဲ့သူလား
ကျောက်ဟောင်က စည်းရုံးသိမ်းသွင်းရတာ လွယ်သည့်သူဖြစ်သည့်အတွက် ရှန်ထျန်းလည်း စိတ်အေးသွားသည်။
“ ဟုတ်ပြီလေ ဒါဆိုလည်း ကျွန်တော်နဲ့ ညီအစ်ကိုကျောက်က ဒီနေရာမှာတွေ့တော့ ကျွန်တော်တို့က ကံစပ်ပုံရတယ်။ ညီအစ်ကိုကျောက်သာ အားရင် ဒီရက်ပိုင်းလောက် ခရီးအတူတူ ထွက်လို့ရမလားဟင်။ အချိန်ကျရင် ညီအစ်ကိုကျောက်ကို ဂုဏ်သိက္ခာ အဖတ်ပြန်ဆယ်နိုင်အောင် ကူညီနိုင်ပါတယ်”
ကျောက်ဟောင် ထိုစကားကို ကြားပြီး မျက်ရည်ပင်ဝဲလာမိသည်။
“ ညီအစ်ကိုရှန် ... ကျုပ်တော့ အရမ်းစိတ်လှုပ်ရှားတာပဲ။ ဒီလိုအခြေအနေမျိုးမှာ ကဗျာတစ်ပုဒ်လောက်တော့ ရွတ်သင့်တာ။ အရင်ဆုံး ခြေလှမ်းခုနစ်လှမ်းလောက် လှမ်းခွင့်ပေးပါဦး။ ရပြီ ... ကောင်းကင်ဘုံက ကံဆိုးမှု ရောက်လာတယ်။ မင်းသမီးလေးက စေ့စပ်တာကို ဖျက်သွားတယ်။ ဒုတိယအကြိမ် ကံကြမ္မာပြောင်းလဲဖို့ အခွင့်အရေးပေးတဲ့ ညီအစ်ကိုရှန် ရှိနေလို့ ကျေးဇူးတင်မိတယ်။ ကျွန်တော် စကားပြောတာပြီးပြီ” ကျောက်ဟောင်က အံ့ဖွယ်မူးယစ် သေရည်ကို ယူကာ သောက်ရင်း ပြောလိုက်သည်။
“ ဒီနေ့ နောက်ဆုံးအနေနဲ့ မူးအောင်သောက်ပြီးတော့ ခါးသီးမှုတွေ အကုန်လုံးကို သေရည်ထဲမှာ ထားခဲ့မယ်”
ထို့နောက် ကျောက်ဟောင်က ခွေးခြေခုံပေါ်သို့ ဘယ်ဖက်ခြေထောက်ကို တင်ထားကာ ခေါင်းလောက် အရွယ်အစားရှိသော သေရည်ခရားကို မော့ချလိုက်သည်။
အဲဒီအနေအထားနဲ့ အရှိန်အဝါ…
ရှန်ထျန်း စိတ်လှုပ်ရှားသွားရသည်။
သူက တရုတ်အရှေ့မြောက်ပိုင်းကနေ ပြောင်းလာတဲ့သူ မဖြစ်နိုင်လောက်ဘူးလား
ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် အနက်တစ်ဝက် ရွှေရောင်တစ်ဝက်ဖြစ်နေတဲ့ ပူးကောင် ရောင်ဝါစက်ဝန်းက တည်ငြိမ်နေတယ်ဆိုတော့ သူ့ကို ဦးစားပေးလိုက်ပါမယ်လေ
ကံအပြောင်းအလဲ အခွင့်အရေးက ကျောက်ဟောင်ရဲ့ ရောင်ဝါစက်ဝန်းထဲမှာ ပေါ်မလာသေးဘူး။ ဒါပေမဲ့လည်း အနှေးနဲ့ အမြန်ရောက်လာမှာပဲဆိုတော့ ပြဿနာ မရှိပါဘူး။ ကျောက်ဟောင်ကိုသာ ငါ့ဘေးမှာ ထားထားနိုင်ရင် ရှေ့လျှောက် သူ့ရဲ့ ကံအပြောင်းအလဲအခွင့်အရေး ပေါ်လာခဲ့ရင် ငါအနေနဲ့ အလကားမျှယူနိုင်ဖို့ အခွင့်အရေးအပြည့် ဖြစ်နေမှာပဲ
သေရည်တစ်ခရားလုံး သောက်ပြီးနောက်မှာတော့ ကျောက်ဟောင် ပြုံးကာ မျက်နှာတွေလည်း ထပ်ပြီး နီရဲလာသည်
“ ဟေး… မိန်းမလှလေး…”
သူ ထပ်ပြီးတော့ အမူးသမား ဖြစ်သွားပြန်ပြီ…သူ မူးရင် ယောက်ျားလား မိန်းမလားဆိုတာကို မခွဲခြားတတ်တော့ဘူး။ ရှန်ထျန်းကို စိုက်ကြည့်ပြီးတော့ တစ်ချိန်လုံး ‘နတ်သမီးလေး’လို့ပဲ ခေါ်နေတာ
ဒေါင်…
သေရည်ခရားဖြင့် ကျောက်ဟောင်၏ ခေါင်းကို ရိုက်ပစ်လိုက်သည်။ လူတစ်ယောက်ကို ရိုက်နှက်ဖို့အတွက် ခရားသုံးတာ ပထမဆုံးအကြိမ်ပင် ဖြစ်၏။
အပွင့်လင်းဆုံး ပြောရရင် သူ့ကို ခရားနဲ့ရိုက်လိုက်ရတဲ့ခံစားချက်က အတော်မိုက်တာပဲ
ပိုပြီးတော့ အရေးကြီးတာက ကျောက်ဟောင်က မူးသွားတာနဲ့ ယောက်ျားနဲ့ မိန်းမကို မခွဲခြားတတ်တော့တာမလို့ ရှန်ထျန်းက သူ့ကို မေ့ပျောက်ဆေးလုံး ကျွေးဖို့တောင် မလိုတော့ဘူး
ရှန်ထျန်းလည်း သူဌေးစုန့်၏ ပျော်ရွှင်မှုကို ဖြည်းဖြည်းချင်း နားလည်လာသည်။
တမင် လုပ်လို့ရတယ်၊ အပူအပင်မရှိဘူး၊ အရမ်းလည်း မိုက်တယ် ...