အခန်း ၇
Vol. 1 Ch. 7
7 01
အပိုင်း (၇) ရွှေပေါင်လုံးဆီကို ပစ်ဝင်
ရှုလျန်ကျွင်း၏ မိသားစု လာသွားသောကြောင့် ရှုရှင်းကလည်း နောက်တစ်နေရာသို့ ပြောင်းရန် ဆုံးဖြတ်ချက် ခိုင်မာသွားသည်။
ငြိမ်ချမ်းသော ဘဝအတွက် အချိန်အများကြီး ကျန်သေးသည်။ ထိုလူများကသာ သူမကို နေ့တိုင်းလိုလို လာရောက် နှောက်ယှက်နေမည်ဆိုပါက သေအောင် ဒေါသထွက်နေရပေလိမ့်မည်။
ထိုသုံးယောက် ထွက်သွားပြီးသည်နှင့် ရှုရှင်းကလည်း နဂိုက သူမကို အိမ်များ ကူရောင်းခိုင်းထားသော အေ့ဂျင့်ကို ဖုန်းဆက်ခေါ်လိုက်ပြီးနောက် တက္ကသိုလ် A နားမှ လုံခြုံရေးပိုကောင်းသော နေရာတစ်ခုကို ရှာခိုင်းကာ အိမ်ငှားခိုင်းလိုက်သည်။
ရှုရှင်းက သူတို့၏ဧည့်သည်ကြီး ဖြစ်သောကြောင့် ထိုအေဂျင်စီကလည်း အလွန်အမင်း ကြိုးစားအားထုတ်ပေးပြီး အကောင်းဆုံးသော အိမ်သုံးလုံးကို ညွှန်ပေးလာသည်။ နာရီဝက်အတွင်းတွင်ပင် ရွေးချယ်ရန် ပို့ပေးလာသည်။
“ဒီ ဥယျာဉ်က…ငါမှတ်မိတာသာ မှန်မယ်ဆိုရင် ရွှေပေါင်လုံးကလည်း အဲ့ဒီနားမှာ နေတာထင်တယ် ဆိုတော့ ဒါပေါ့”
ရှုရှင်းက အိမ်ကို အတည်ပြုပြီး တစ်ဖက်သူဆီသို့ ပို့လိုက်သည်။ သူတို့ကလည်း တိုက်ခန်းကို သွားကြည့်မည့် အချိန်ကို ညှိလိုက်ကြပြီး မနက်ဖြန် မနက်ဟု သတ်မှတ်လိုက်ကြသည်။ နောက်တစ်နေ့ မနက်တွင် အိမ်ကို ကြည့်ပြီးသည်နှင့် ထိုညနေတွင် ပြောင်းနေရန် ရည်ရွယ်ထားသည်။
ထိုစံအိမ်ကြီးထဲမှ ရှိသမျှ ပစ္စည်းများကလည်း နေရာလပ် နယ်မြေထဲသို့ တိုက်ရိုက်ထည့်လိုက်သည်။ မြေပြင်မှ တိုင်များကို ချွတ်ယူသွားရန် ခက်ခဲသောကြောင့်သာ မဟုတ်ပါက တိုင်များကိုပါ မချန်ထားရစ်ခဲ့ချင်ပေ။
ထိုအိမ်က မူလခန္ဓာကိုယ်ပိုင်နှင့် မိဘများ၏ မှတ်ဉာဏ်အပြည့်ဖြစ်သည်။ ရှုရှင်းကလည်း ထိုအိမ်ကို ရောင်းချမည့် နေရာထဲသို့ မထည့်ထားလိုပေ။ အထိန်းအမှတ်နေရာ တစ်ခုအဖြစ် ထိန်းသိမ်းထားလိုသည်။ သို့ရာတွင် ကမ္ဘာ့အဆုံးသတ်သို့ ရောက်ရှိလာသောအခါ ထိုအိမ်က သေချာပေါက် အကောင်းအတိုင်း ကျန်ရစ်မည် မဟုတ်ပေ။
ရှုရှင်းက နောက်တစ်နေ့ မနက်စောစောထပြီး လှလှဖြစ်အောင် ပြင်ဆင်လိုက်သည်။ ပြောလို့မရဘူးလေ… မတော်တဆ အိမ်သွားကြည့်ရင်းနဲ့ ယန်မော့နဲ့ တွေ့နိုင်တာပဲ။
ဆိုတော့ ပထမဦးဆုံး ထင်မြင်ချက် ကောင်းအောင် လုပ်ရမယ်။
မူလ ခန္ဓာကိုယ်ပိုင်ရှင်၏ လှပသော ခန္ဓာကိုယ်ပုံစံက သူမနှင့် တစ်ထေရာတည်းနီးပါး တူညီလေသည်။ သို့သော် ညာဖက်မျက်လုံးအောက်တွင် မျက်ရည်ခံ မှည့်လေးကမူ ချွင်းချက် ဖြစ်သည်။ မူလ ခန္ဓာကိုယ်ပိုင်ရှင်တွင် ထိုကဲ့သို့သော မှည့်မရှိပေ။ ထို့ကြောင့် ပို၍ အပြစ်ကင်းစင်ပုံ ပေါက်သည်။
သူမတွင် နူးညံ့ပြီး လှပကာ ချိုမြိန်သော မိန်းမငယ်လေး ပုံသဏ္ဍာန်ရှိကာ ချစ်စရာကောင်းသော ပါးချိုင့်လေးနှစ်ဖက်ကလည်း ပြုံးရယ်လိုက်တိင်း ပေါ်လာတတ်သောကြောင့် ပို၍ပင် ချိုမြိန်သည်။ သူမကသာ ဆိုးနွဲ့မည်ဆိုပါက ထိုချိုမြိန်မှု အတွင်းသို့ ဆွဲချနိုင်သည်။
သူမ၏ ရုပ်ရည်နှင့် မိသားစုမှ လူကြီးများ၏ အလိုလိုက်မှုများကြောင့် ရှုရှင်းဟာ ဒုက္ခရောက်ချိန်တိုင်းလိုလို သို့မဟုတ် အမှားလုပ်မိချိန်တိုင်းလိုလို ချွဲခြင်းအားဖြင့် ကျော်လွှားနိုင်သောကြောင့် ဖြစ်သည်။ ထိုသို့ဖြင့် ကောင်းကောင်းချွဲတတ်သည့် အကျင့်မျိုးကို ရလာသည်။
အဝတ်အစားကလည်း ပေါ့ပါးကာ အလျှင်းသင့်ပြီး လှပစေကြောင်း သေချာစေပြီးနောက် ကြီးမားသော နေကာဦးထုပ်ကြီးကို ခေါင်းတွင် ဆောင်းကာ ထွက်လာခဲ့လိုက်သည်။
အေဂျင်စီမှ ဝန်ထမ်းကလည်း သူမကို ထိုရပ်ကွက်၏ထိပ်တွင် စောင့်နေပြီးသား ဖြစ်သည်။ ရှုရှင်းက ရှောင်လီ၏ အနောက်မှ လိုက်ကာ အိမ်ယာထဲသို့ ဝင်သည်။ လမ်းတစ်လျှောက်တွင်လည်း ရှောင်လီက ထိုအိမ်ယာထဲမှ အကြောင်းအရာများအားလုံးအား ရှုရှင်းကို ရှင်းပြနေခဲ့၏။
7 02
ရှုရှင်း၏ ယဉ်ကျေးသော ပြန်ဖြေမှုများက ရှောင်လီအား လေးစားစိတ်ပင် တိုးလာစေခဲ့သေးသည်။ သူသည် ဂရုတစိုက် နားထောင်ခံရသလို ခံစားရ၏။ ရှောင်လီက ပို၍သာ တက်ကြွသွားသည်။ သူက အိမ်ကို မိတ်ဆက်ပေးပြီးမှသာ သူ တောက်လျောက်ပြောနေသော စကားလုံးများကို ရပ်တန့်နိုင်တော့သည်။ သို့သော် သူသည် အာခြောက်နေသလို ခံစားနေရသည်။
အေဂျင်စီက စီစဉ်ပေးထားသော ထိုအိမ်က အိပ်ခန်းနှစ်ခန်း ဧည့်ခန်းတစ်ခန်းတွဲ ဖြစ်ပြီး အိမ်သုံးပစ္စည်းများ အကုန် အပြည့်အစုံပါကာ ချက်ချင်း ပြောင်းနေ၍ ရသည်။
ရှုရှင်းကလည်း နေရာတွင်ပင် ရှောင်လီနှင့် တစ်ခါတည်း လက်မှတ်ရေးထိုးလိုက်ပြီး တစ်နှစ်စာ ငှားရမ်းခကို ပေးချေ၍ သော့ကို ရလိုက်သည်။
ရှောင်လီကို ပို့ဆောင်ပြီးနောက် ရှုရှင်းက ချက်ချင်းဆိုသလို အိမ်တော်ထိန်းကို ဆက်သွယ်ပြီး အိမ်ကို သန့်ရှင်းရန် ကူညီခိုင်းထားသည်။ ထို့နောက် သူမသည်လည်း နောက်ထပ် လိုအပ်မည့် ပစ္စည်းများကို သွားဝယ်ပြီးနောက် ပြန်လာချိန်တွင် တစ်ခါတည်း ခရီးဆောင်အိတ်ပါ သယ်ဆောင်လာရန် ဆုံးဖြတ်ထားသည်။
အလုပ်များသော တစ်နေ့တာ ပြီးဆုံးပြီးနောက် သူမသည်လည်း ထိုအိမ်ယာထဲမှ ရွှေပေါင်လုံးနှင့် ပက်ပင်းတိုးရန် မျှော်လင့် စောင့်စားနေသည်။ သို့သော် ကံဆိုးစွာဖြင့် ဝတ္ထုထဲမှ မင်းသားနှင့် မင်းသမီး ပက်ပင်းတိုးကာ ဝင်တိုက်မိသည်ဆိုသော ကိစ္စမျိုးက သူမတွင် ဖြစ်မလာခဲ့ချေ။
ယန်မော့နှင့် တွေ့ရန် အခွင့်အရေး မရှိကတည်းက ရှုရှင်းကလည်း အိမ်တွင်သာ နေလိုက်ပြီး အပြင်စာသာ မှာစားလိုက်သည်။ လာပို့သောအခါ သူမ၏ ဖုန်းနှင့်ပင် ပိုက်ဆံပေးရှင်းလိုက်သည်။ ထို့နောက် ဒီနေ့ ဟိုသွားဒီသွားလုပ်ကာ အင်အားများကုန်ခမ်းပြီး ပင်ပန်းနေသောကြောင့် သူမ၏ အင်အားများ ပြန်ဖြည့်ရန် အလို့ငှာ ကယ်လိုရီမြင့်သော စားစရာကိုသာ စားရန် ဆုံးဖြတ်ထားလေသည်။
ရှုရှင်းကသာ သူမ တမင်တကာ လောဘကြီးပြီး စားသောက်ချင်စိတ်များတယ်ဆိုတာ ဘယ်တော့မှ ဝန်ခံမှာ မဟုတ်ဘူး။
(KFC)မှ မဟာကြီးမားသော မိသားစုကြက်ကြော်ပုံး ဆယ်ပုံးနှင့် အဆာပြေမုန့်ဗူးဆယ်ဗူးကို မှာလိုက်သည်။
တစ်နပ်တည်းနဲ့တော့ အများကြီး မစားနိုင်ဘူးပေါ့… နေရာလပ် နယ်မြေထဲမှာ ထည့်ထားရမယ်။
နေရာလပ် နယ်မြေထဲတွင်လည်း အသင့်ချက်ပြီးသား စားစရာများကို ထိန်းထားနိုင်သော နေရာက ရှိပြီးသား ဖြစ်သည်။ ထို့အပြင် ကမ္ဘာ့အဆုံးသတ်ကာလမျိုးတွင် ချက်ပြုတ်ရန် အဆင်မပြေပါချေ။ ပြင်းထန်သော ရနံ့က လူအများ၏ အာရုံကို ဆွဲဆောင်နိုင်သည်။ ထို့ကြောင့် ချက်ပြီးသား စားစရာများကိုသာ ထည့်ထားသင့်လောက်သည်။
သူမ မျက်စိကျနေသော စူပါမားကတ်ကိုသာ ဝယ်ထားပြီးပါက သူမသည်လည်း ထိုငှားထားသော မန်နေဂျာအား စူပါမားကတ်၏ နာမည်အောက်တွင် ကြီးမားသော စင်အမြောက်အများအော်ဒါမှာရန် စီစဉ်ထားပြီးသားဖြစ်သည်။
ယခုအခါ နေရာလပ်နယ်မြေမှ ပစ္စည်းများအားလုံးကို သပ်သပ်ရပ်ရပ် နေရာချထားသည်။ ရှုရှင်းသည်လည်း သူမ၏ နေရာလပ်နယ်မြေကို ကဏ္ဍများ ခွဲထားသည်။ စူပါမားကတ်တွင်ကဲ့သို့ မည်သည့်နေရာတွင် မည်သည့် အရာရှိသည်ဟုပင် ခွဲထားသည်။ ထိုအခါမှသာ လိုချင်သည့် အရာကို ခပ်မြန်မြန် ရှာနိုင်မည် ဖြစ်သည်။
ထိုအိမ်ယာသို့ ပြောင်းရွေ့ကတည်းက သူမသည် ထိုအိမ်ယာပတ်ဝန်းကျင်တွင် လမ်းပတ်လျှောက်တတ်သည်။ ထိုအခါမှသာ သူမသည် ယန်မော့နှင့် မတော်တဆ တိုက်တိုက်ဆိုင်ဆိုင် ဝင်တိုးရန် မျှော်လင့်ထားသည်။ သို့သော် တစ်ခါမှ မအောင်မြင်ခဲ့ပါပေ။
ကြာလာသောအခါ ရှုရှင်းကလည်း လက်လျော့လိုက်သည်။ နောက်ပိုင်းတွင် မိတ်ကပ်ကို မလိမ်းတော့ပဲ ရပ်ကွက်ထဲမှ အသင့်သုံး ပစ္စည်းများ ရောင်းချသည့်ဆိုင်သို့ ပစ္စည်းဝယ်ရန် ညအိပ်ဝတ်စုံဖြင့် သွားချိန်တွင် သူမ အိပ်မက်မက် ရသော ရွှေပေါင်လုံးပေါ်သို့ လဲကျသွားသည်။
ဟုတ်တယ် လဲကျတာ။
7 03
အကြောင်းမူကား ရှုရှင်းက ဖုန်းသုံးကစားရင်း လမ်းလျှောက်ကာ ခုန်ပေါက်သွားခြင်း ဖြစ်ပြီး သူမ၏ တိုက်အောက်ထပ် လှေကားနားသို့ လျှောက်လာကြောင်းကို သတိမထားမိခဲ့ပေ။ ထိုသို့ဖြင့် လှေကားထစ်တွင် ချော်သွားခဲ့ရာမှ သူမ၏ အရှေ့မှ လှေကားကို တက်ရန် ပြင်နေသော ယန်မော့ကို အထိတ်တလန့် လှမ်းဆွဲလိုက်သည်။ ထိုသို့ဖြင့် နှစ်ယောက်လုံးကို တစ်ချိန်တည်းတွင်ပင် တံခါးနားသို့ ဘုတ်ကနဲ လဲကျသွားသည်။
“အင်း…”
ရှုရှင်း၏ အဖိခံထားရသော ယန်မော့၏ ကျောက လှေကားထစ်နှင့် ရိုက်မိသွားပြီး နာကျင်သွားသော အသံကပင် ထွက်လာသည်။
“အာ…တောင်းပန်ပါတယ် တောင်းပန်ပါတယ်။ မရည်ရွယ်ပါဘူး အဆင်ပြေရဲ့လား”
သူမက ပြဿနာရှာမိကြောင်း သိလိုက်သည်နှင့် ရှုရှင်းကလည်း ခပ်မြန်မြန် တောင်းပန်သည်။ သို့သော် ခေါင်းကို မမော့လာခဲ့သေးပေ။
တစ်ဖက်သူ၏ နာကျင်သော ငြီးသံကို ကြားမှ မြေပြင်ပေါ်မှ ခပ်မြန်မြန် ထ၍ ကိုယ်ကို ထူပေးလိုက်သည်။
ပရိတ်သတ်ဖြစ်နေသော ရှုရှင်းကလည်း တစ်ဖက်သူ၏ မျက်နှာကို မြင်လိုက်ပြီးနောက် နေရာတွင်ပင် တောင့်ခဲသွားသည်။ သူမက ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်ဘဲ နာမည်ကို ခေါ်လိုက်သည်။
“ယန်…ယန်မော့”
“မင်းက ငါ့ကို သိတာလား”
ယန်မော့က မြေပြင်မှ ချက်ချင်း ထရပ်ပြီး သူ့ကို ထူပေးရန် ကြိုးစားနေသေးသော ရှုရှင်းကို ကြည့်သည်။
ရှုရှင်း၏ ပုံစံကို ရှင်းရှင်းလင်းလင်း မြင်ရပြီးနောက် ယန်မော့၏ မျက်နှာက နည်းနည်း မဲမှောင်သွားသည်။ သို့သော် ချက်ချင်း ပုံမှန် ပြန်ဖြစ်သွားသည်။
“ငါ့နာမည်က ရှုရှင်းပါက ငါက A တက္ကသိုလ်က ကျောင်းသူလေ။ ဒီတော့ စီနီယာကို သိတာ မအံ့ဩပါဘူး အခု…အခု ဖြစ်တဲ့ ကိစ္စကို တကယ်တောင်းပန်ပါတယ်နော် စီနီယာ အဆင်ပြေတယ်မလား”
ထိုတိုတောင်းသော ကာလအတောအတွင်းတွင်ပင် ရှုရှင်းက စိတ်အခြေအနေကို ချက်ချင်း ချိန်ညှိလိုက်ပြီး မျက်လုံးကလည်း ပူပန်မှု အပြည့်ဖြင့် ကြည့်လိုက်သည်။
“ရပါတယ် ဘာမှ ဖြစ်တာမှ မဟုတ်တာ။ ဒါပေမဲ့ နောက်တစ်ခေါက်တော့ ဖုန်းကို ကြည့်ပြီး လမ်းမလျှောက်သင့်ဘူး။ ဒီအပြုအမူက အရမ်းအန္တရာယ်များတယ်”
ယန်မော့က သူ၏ လက်တစ်ဖက်ဖြင့် ရွှေကိုင်းမျက်မှန်ကို အသာတွန်းတင်လိုက်သည်။ သူဟာ အလွန်အမင်း ညင်သာသော လေသံမျိုးဖြင့် ယဉ်ယဉ်ကျေးကျေး စကားပြောလိုက်သော ပုံက နားထောင်ရသော သူကို အလွန်အမင်းပင် သက်တောင့်သက်သာ ရှိစေပြီး သူပြောသော စကားကို အလေးအနက် ယုံကြည်မိသွားစေသည်။
ယန်မော့၏ ရုပ်ရည်က အလွန်အမင်း ထူးချွန်ထွက်နေပြီးသား ဖြစ်သည်။ သူသည် ကော့တေးပါတီ ပွဲသို့ သွားခဲ့ချိန်က ဝတ်ဆင်ထားသော ဝတ်စုံပြည့်ကို ဝတ်ဆင်ထားသေးသည်။ သူက မျက်မှန်ကို အသာတွန်းတင်လိုက်သည့် လုပ်ဆောင်မှုမျိုးနှင့် ထပ်ပေါင်းထည့်လိုက်သော် ဆိုးသွမ်းသော ပုံသဏ္ဍာန်မျိုး ရှိနေသည့် လူကြီးလူကောင်း၏ နမူနာ ပုံစံမျိုး ဖြစ်နေသည်။
ရှုရှင်းကလည်း သူမသည် အဆုံးသတ်ပြီဟု ခံစားလိုက်ရသည်။ ထိုအခိုက်အတန့်တွင် သူမ၏ နှလုံးသားက မြှားနတ်မောင်ဟု ခေါ်သော ကိုယ်တုံးလုံး ကလေးလေး သေးသေးလေး ပစ်လိုက်သည့် မြှားဖြင့် တိုက်ရိုက်ထိမှန်သွားသည်။
အင်း…ဒီအမျိုးသားက X ကဏ္ဍမှာ အရမ်းတော်လောက်မယ့် အရှိန်အဝါတွေ အရမ်းထွက်နေပြီးတော့ ဘက်ပေါင်းစုံက ပြီးပြည့်စုံလွန်းတယ်။
သူက ထိန်းထိန်းသိမ်းသိမ်းနဲ့ ပြီးပြည့်စုံလွန်းတဲ့ အရှိန်အဝါကိုလည်း လွှတ်ထုတ်ထားသေးတယ်။ ဒါက…ဒါ… သူ ရှုရှင်းရဲ့ အကန့်အသတ်နဲ့ ရှိနေတဲ့ အကျိုးအကြောင်းသိစိတ်ကို စိန်ခေါ်နေတာ။
ယန်မော့ကလည်း ရှုရှင်း၏တုံ့ပြန်မှုကို တောက်လျှောက်ဆိုသလို တည်ငြိမ်စွာ ကြည့်နေပြီး ဘာကိုမှ သတိမထားမိသကဲ့သို့ပင် အေးဆေးနေသည်။ သူက ရှုရှင်းကိုပင် ကူညီကာ ကြမ်းပြင်အနှံ့ပြန့်ကျဲနေသော ပစ္စည်းများကို ကောက်ပေးပြီးနောက် သူမနှင့်အတူ ဓာတ်လှေကားထဲသို့ လိုက်ဝင်သည်။
******