အခန်း ၁၃
Vol. 2 Ch. 13
13 01
အပိုင်း (၁၃) ပြန်လည် မွေးဖွားခြင်း
မေလကုန် မြို့တော် A
တစ်ခုသော တက္ကသိုလ်မှ အမျိုးသမီး အိပ်ဆောင်တွင် အိပ်ယာပေါ်တွင် နှစ်ခြိုက်စွာ အိပ်မောကျနေသော ကောင်မလေးက ရုတ်တရက် ဆိုသလို မျက်မှောင်ကို တင်းတင်းကြပ်ကြပ် ကြုတ်ပြီး မျက်နှာပေါ်တွင် နာကျင်သော အမူအရာမျိုးက ပေါ်လာသည်။ စက္ကန့်အနည်းငယ်ခန်း ကြာပြီးနောက် သူမ၏ နဖူးမှ ချွေးစေးများက တောက်လျှောက်စီးကျလာသည်။ သူမက အလွန်အမင်း ကြောက်စရာကောင်းသော တစ်စုံတစ်ရာကို အိပ်မက် မက်နေသကဲ့သို့ ခန္ဓာကိုယ်ကလည်း မသက်မသာ ဖြစ်စွာ တွန့်လိမ်သွားပြီး ခုခံသည့် အမူအရာ အပြည့်ကို လုပ်သည်။
ထိုကောင်မလေးက မျက်လုံးက မှိတ်ထားရာမှ ရုတ်တရက် ဖွင့်လိုက်ပြီးနောက် ဆက်ကနဲ ထထိုင်သည်။ သူမက လတ်ဆတ်သော လေများကို ရှိုက်သွင်းလိုက်၏။ မျက်လုံးထဲမှ ကြမ်းတမ်းမှုနှင့် ရူးသွပ်မှုများကပင် မပျောက်ကွယ်သွားသေးချေ။
ကမ္ဘာကပ်ဘေးကာလတွင် သုံးနှစ်ခန့် နေထိုင်ခဲ့ပြီးနောက် သူမ၏ ခန္ဓာကိုယ်က အသိစိတ်ရှိသည့် အခိုက်အတန့်တွင်ပင် ပတ်ဝန်းကျင်ကို သတိအပြည့် စောင့်ကြည့်သော အမူအရာမျိုး ဖြစ်သွားသည်။ ကြွက်သားများက ရုတ်တရက် တင်းကြပ်သွားပြီးနောက်တွင် ပတ်ဝန်းကျင် တစ်ခုလုံးကို သတိအပြည့်ကပ်ကာ လိုက်ကြည့်သည်။
ရင်းနှီးသော်လည်း မရင်းနှီးသလို အိပ်ဆောင်ပုံစံကို မြင်လိုက်သလို လုံခြုံသော သက်ရှိဝန်းကျင်၏ ဆူညံမှုကိုလည်း ကြားလိုက်ရသည်။ အရာအားလုံးက ယဲ့ယွီအန်း၏ တောင့်တင်းနေသော သွေးကြောများအပေါ် သက်ရောက်လာသည်။ ထို့နောက် ခေါင်းအုံးဘေးမှ ဖုန်းက မြည်လာမှသာ မယုံနိုင်သော အချက်ကို နားလည်လိုက်ရသည်။
သူမဟာ ပြန်လည် မွေးဖွားလာသည်။
သူမ၏ အကောင်းဆုံး သူငယ်ချင်းနှင့် ချစ်သူကောင်လေးက ဇွန်ဘီအုပ်ထဲသို့ သူမကို တွန်းချပြီးနောက် ကမ္ဘာကပ်ဘေးအဆုံးသတ် ကာလမတိုင်ခင်သို့ ပြန်လည် မွေးဖွားလာခဲ့သည်။
ဆဲလ်ဖုန်းက မြည်လာသည်။ ပိုင်ရှင် မဖြေသေးသမျှ ဆက်မည်နေမည့် ပုံပေါ်သည်။
ယဲ့ယွီအန်းကလည်း အသိပြန်ဝင်သွားပြီးနောက် ဖုန်းဖန်သားပြင်ပေါ်မှ နာမည်ကို မြင်လိုက်သည်။ သူမက ပြင်းထန်သော မုန်းတီးမှုများကို ခံစားလိုက်ရ၏။ နှလုံးသားထဲမှ လိမ့်တက်လာသော ခံစားချက်များကို မနည်းထိန်းချုပ်နေရသည်။ ထို့နောက် အသက်ပြင်းပြင်းရှူသည်။ ခံစားချက်များကို မနည်းတည်ငြိမ်အောင် ထိန်းလိုက်ပြီးနောက် ဖုန်းကို ကောက်ကိုင်ကာ အနားနား ကပ်သည်။
“ဟယ်လို”
“မင်းဘာလုပ်နေတာလဲ ဖုန်းကို ဖြေဖို့ ဘာလို့ ဒီလောက်ထိ ကြာနေတာလဲ ငါ မင်းကို ကူပြီး လုပ်ခိုင်းထားတဲ့ အဓိက အတန်းအတွက် အိမ်စာလုပ်လို့ ပြီးသွားပြီလား မနက်ဖြန်ဆို ပေးရမှာနော်”
ဖုန်းဝင်သွားသည်နှင့် တုဟန်ရွှီ၏ စွပ်စွဲသော အသံက ထင်းထွက်လာသည်။ သူက သဘာဝ ကျကျပင် ရမ်းကားသည်။
“ပြင်ရမယ့် နေရာတွေ ရှိနေသေးတယ်။ ငါ အတန်းမစခင် နင့်ကို ပေးမယ်လေ”
ရင်းနှီးကျွမ်းဝင်သော အသံကို ထပ်ကြားရသည်နှင့် ယဲ့ယွီအန်း၏ ခန္ဓာကိုယ်က မသက်မသာ ဖြစ်လာပြီး အန်ချင်လာသည်။ တစ်ချိန်တည်းတွင်ပင် သူမဟာ ပြန်လည် မွေးဖွားလာသည် ဆိုသော အချက်ကို လက်ခံလိုက်ရသည်။ ထို့အပြင် ဒီလိုအချိန်မျိုးတွင် တုဟန်ရွှီက သူမကို လုပ်ခိုင်းထားသော အိမ်စာ အကြောင်းကိုလည်း မှတ်မိသည်။ ဒါဟာ ရူပဗေဒ အတန်းအတွက် ဖြစ်သည်။
ဟား..ဒါပေမဲ့ ဒီတစ်ခေါက်တော့ ဒီကောင် ကံမကောင်းတော့ဘူး။ ငါပြန်လည် မွေးဖွားပြီးတဲ့နောက်မှာ ပေးတဲ့ ပထမဦးဆုံး လက်ဆောင်လို့ သဘောထားလိုက်ပေါ့။
“ကောင်းပြီ ဒါဆိုရင်လည်း ဆက်ဆက် ပို့ဖို့ သတိရအုံး။ ငါ အဲဒီဟာကို ရင်းနှီးအောင် အရင်ကြိုလုပ်ရအုံးမှာ”
တုဟန်ရွှီကလည်း ယဲယွီအန်းပြောသော ထူးထူးခြားခြား သတိထားမနေချေ။ ခပ်အေးအေးသာ သတိပေးလိုက်ပြီးနောက် ဖုန်းပြန်ချသွားသည်။ မိုဘိုင်းဖုန်းကို လက်ထဲတွင် တင်းတင်းကြပ်ကြပ် ကိုင်ထားသည့် ယဲ့ယွီအန်း၏ မျက်လုံးထဲတွင် ရက်စက်ရန်လိုစိတ်များက ထင်းထွက်နေလေသည်။
13 02
အခုက တုဟန်ရွှီကို ရင်ဆိုင်ရမယ့် အချိန်မဟုတ်သေးဘူး။ လူမှုအသိုင်းအဝိုင်းက ကမောက်ကမ ဖြစ်သွားမှ ကိုင်တွယ်ရင်လည်း မနောက်ကျသေးဘူး အခုလုပ်ရမယ့် အရင်ဦးဆုံး ကိစ္စက တစ်လပြီးရင် ရောက်လာတော့မယ့် ကမ္ဘာ့အဆုံးသတ်ပဲ။
ယဲ့ယွီအန်းက အိပ်ယာထဲမှ ထွက်ပြီးနောက် ပစ္စည်းများကို သိမ်းကာ အဆောင် တံခါးထဲမှ ပြေးထွက်လိုက်သည်။
…
ရှုရှင်းနှင့် ယန်မော့တို့က ပြည်ပမှ လက်နက်ပူ နောက်ဆုံး တစ်သုတ်ကို ရရှိပြီး လေယျာဉ်ကို စီးကာ ထွက်လာခဲ့ချိန်တွင် သူတို့တွင် သန်းငါးဆယ်သာ ကျန်တော့သည်။
(လက်နက်အေး ဆိုသည်မှာ လူ၏အင်အား သို့မဟုတ် စက်မှုအားဖြင့် တိုက်ခိုက်ရသော လက်နက်များကို ခေါ်ခြင်းဖြစ်သည်။ ဥပမာ-ဓား၊ လှံ၊လေး၊ မြှား၊ နံပါတ်တုတ်
လက်နက်ပူ ဆိုသည်မှာ ယမ်းမှုန့် သို့မဟုတ် လောင်စာတစ်ခုခု၏ ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော အပူနှင့် ဖိအားကို အသုံးပြု၍ ကျည်ဆန်များကို ပစ်လွှတ်သော လက်နက်များကို ခေါ်ခြင်းဖြစ်သည်။ ဥပမာ သေနတ်၊အမြောက်၊ လက်ပစ်ဗုံး)
ပိုက်ဆံအများစုက ထိုလက်နက်များပေါ်တွင် အသုံးပြုထားခြင်း ဖြစ်သည်။ ရှစ်ဘီလီယံနီးပါး ကုန်သွားသည်။ လက်နက် ပူများအပြင် လက်နက် အေးများကိုလည်း အထူးတလည်း လုပ်ခိုင်းထားရသည်။ ထို့ကြောင့် ပိုက်ဆံ အများကြီး ကုန်ကျခြင်း ဖြစ်သည်။
ရုပ်ဝတ္ထုပစ္စည်းလက်နက်များကမူ ကမ္ဘာကပ်ဘေးကာလမှ ဇွန်ဘီများကို တိုက်ခိုက်ရာတွင် သေချာပေါက် ခွဲထုတ်ထား၍ မရသော အရာမျိုး ဖြစ်သည်။ နောက်ပိုင်းအဆင့်တွင် သဘာဝလွန်စွမ်းအားများ နိုးထသောလူများ ရှိသော်လည်း သဘာဝလွန်စွမ်းအား သီးသန့်ကို မှီခိုနေ၍ မရေချေ။ သဘာဝလွန်စွမ်းအားများက သုံး၍ ရသည်။ သို့သော် သုံးကုန်သွားတတ်သေး၏။
လက်နက်ပူများ လက်နက်အေးများကမူ ခွဲထုတ်ထား၍ မရပေ။ ကမ္ဘာအဆုံးသတ်ကာလတွင်လည်း အသက်ကို ကယ်တင်နိုင်မည့် နည်းလမ်းအများကြီးရှိနေသည့် ကိစ္စများနှင့် ပက်သက်ပြီး မည်သူကမှ အထွန့်တက်နေမည် မဟုတ်ပေ။
ပြည်တွင်းတွင် လက်နက်ထိန်းချုပ်မှုများကြောင့်လည်း လဲလှယ်ဝယ်ယူရန် ခက်သေးသည်။ သတိမထားမိပါက ပစ်မှတ်ထားခံရနိုင်သေး၏။ သီးသန့် စစ်ဆေးမှုများကလည်း ပို၍သာ တင်းကြပ်သေးလေရာ ဒုက္ခရောက်နိုင်သည်။
သူတို့သည် သင့်တော်သော စီစဉ်မှုများကို လုပ်ရန် အချိန်အများကြီး မကျန်ရစ်တော့ပေ။ ထို့ကြောင့် ပြည်ပတွင်သာ တိုက်ရိုက်ဝယ်ယူလိုက်ခြင်းက အသင့်တော်ဆုံးနှင့် အလုံခြုံဆုံး နည်းလမ်းဖြစ်လေသည်။
တစ်လတည်းနှင့်တင် ယန်မော့က သူနှင့် ပိုင်ရှောင်းဝမ်တို့ ထိန်းချုပ်ထားသော လက်နက် အရောင်းအဝယ်လုပ်သော သူများထဲမှ လက်နက်ပူများအားလုံးကို မှာယူရရှိနိုင်ခဲ့သည့်အပြင် သူတို့ ထုတ်ပေးနိုင်သော အသင့်ရှိပစ္စည်းမျာကိုလည်း ယူသည်။
ကံကောင်းသည်မှာ ထိုလက်နက် ရောင်းဝယ်သူများအားလုံးက ပြိုင်ဘက်များ ဖြစ်နေသည်။ သို့မဟုတ်ပါက ယန်မော့က တိုတောင်းသော ကာလအတွင်း လက်နက်ပူများကို အလုံးအရင်းဖြင့် ဝယ်ယူကြောင်းသိသွားကြမည် ဆိုလျှင် အိပ်နိုင်တော့မည့် မဟုတ်ပေ။
ယန်မော့နှင့် ရှုရှင်းတို့နောက်သို့ ခိုးလိုက်ခိုင်းပြီး သူတို့ဟာ ထိုပစ္စည်းများကို မည်သည့် နေရာသို့ တင်ပို့ကြောင်း စောင့်ကြည့်ထားပြီး လုယက်ချင်သောမရိုးသားသော လူများလည်း ရှိသေးသည်။
ဒါပေမဲ့ ယန်မော့က ဘယ်သူလဲ ။
သူသည်လည်း ငယ်စဉ်ကတည်းက ထိုကဲ့သို့သော လှည့်ကွက်များအတွင်း ကြီးပြင်းလာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူ၏ လူများကို စီစဉ်ထားပြီး ထိုလူများကို မောင်းထုတ်ခိုင်းလိုက်ပြီးနောက် ရှုရှင်းကို ခေါ်ကာ ပစ္စည်းများကို သိမ်းပြီးနောက် ထွက်လာခဲ့ကြသည်။
နေရာလပ်နယ်မြေကဲ့သို့ လှည့်စားနိုင်သော နေရာအကြီးကြီး ရှိနေကတည်းက သူတို့၏ သဲလွန်စကို မည်သူကမှ မရှာနိုင်တော့ပေ။
ပစ္စည်းများကို လုံလုံခြုံခြုံရပြီးသည်အထိ စောင့်ပြီးမှသာ မရိုးသားသော ကောင်များကို ရင်ဆိုင်ဖြေရှင်းရပေမည်။
ဂိုဏ်းအချင်းချင်းစားသောက်သည့် အစစ်အမှန် မြင်ကွင်းများကို မြင်တွေ့ရပြီးနောက် ရှုရှင်းကလည်း သူဟာ အနက်ရောင် ဈေးကွက်ထဲသို့ တစ်ယောက်တည်း မဝင်ခဲ့မိသည်အား ကိုယ့်ကိုယ်ကိုယ် ကျေးဇူးတင်မိသွားသည်။
သူမကဲ့သို့ သွေးမမြင်ဖူးသော သာမာန် လူတစ်ယောက် အနေဖြင့် မြေအောက်လောကတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သော သူများဟာ တစ်ချက် ကြည့်လိုက်ရုံဖြင့် သူမကို တန်းသိပေလိမ့်မည်။ ထိုမြေခွေးအိုကြီးများကလည်း မြေအောက်လောကတွင် ကျင်လည်နေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာပြီ ဖြစ်သည်။ သူတို့၏ အရှေ့တွင် လှည့်ကွက်သွားသုံးခဲ့ခြင်းက ကွမ်ကုန်း၏ အရှေ့တွင် ဓားထုတ် ယမ်းပြသည်နှင့် မခြားနားပါပေ။
13 03
ဝတ္ထုထဲမှ မင်းသမီးကသာ သူမ၏ အရှိန်အဝါက အလွန်အမင်း အင်အားကြီးမားပြီး အသက်ကို ကယ်တင်နိုင်သောကြောင့်သာ ထိုကဲ့သို့ သွားလာရဲခြင်း ဖြစ်သည်။ သူမကဲ့သို့ အရံအမြောက်စာ ဇာတ်ကောင်လေးကမူ ထိုကဲ့သို့သော အရှိန်အဝါ မရှိလေရာ တိုက်ရိုက်သေရုံသာ ရှိတော့ပေမည်။
ထိုအကြောင်းအရာများကို တွေးမိသော် ရှုရှင်းကလည်း သူမ၏ နံဘေးတွင် စာအုပ်ကို ခပ်အေးအေး ဖတ်နေသော သူကို တစ်ချက် ကြည့်လိုက်ပြီး တစ်ဖက်သူ၏ ပခုံးပေါ်သို့ ခေါင်းကိုမှီ၍ ထိုအမျိုးသား၏ ပေါင်ပေါ်သို့ လက်ကို တင်ကာ သူမ၏ လက်အောက်မှ တင်းကြပ်သော ကြွက်သားနှင့် ချောမွေ့သော လိုင်းကြောင်းများကို ခံစားကြည့်သည်။ ရှုရှင်းကပင် ဒီပေါင်လုံးကို ဖက်ခဲ့မိခြင်းက ဉာဏ်ရှိသော ဆုံးဖြတ်ချက်ဟု တွေးမိကာ သက်ပြင်းချလိုက်သည်။
သန်မာတဲ့ ပေါင်လုံးက အရမ်းကောင်းတယ်။
ရှုရှင်းက သူမ၏ ကိုယ်ပိုင်အတွေးထဲ နစ်မြုတ်နေချိန်တွင် သူမ၏ လက်က ယန်မော့၏ ခြေထောက်ကို မရိုးသားသော ပုံစံမျိုးဖြင့် ရှေ့ပြန်နောက်ပြန် ပွတ်နေခဲ့မိကြောင်း သတိမထားမိချေ။
လက်ဖဝါးအောက်မှ ကြွက်သားများက တဖြည်းဖြည်းတင်းကြပ်သွားပြီး အမျိုးသား၏ အကြည့်ကလည်း စာအုပ်ထဲမှ သူမဆီသို့ ရောက်လာကာ မဲမှောင်သော အလင်းက လက်လာသည်။
“ရှင်းပေါင် မင်း ကိုယ့်ကို ဒီလို ထပ်စနေမယ်ဆိုရင်တော့ လေယာဉ်ပေါ်ကနေ အကောင်းအတိုင်း ဆင်းနိုင်တော့မှာ မဟုတ်ဘူးနော်”
ထိုအမျိုးသား၏လေသံက သူ၏သည်းခံမှုကြောင့် ဩရှလာသည်။ ပူနွေးသောဝင်သက်ကလည်း ရှုရှင်း၏ အထိမခံဖြစ်သော နားပေါ်သို့ ပက်ဖြန်းလာသည်။
“အဟွတ်အဟွတ်…”
ရှုရှင်းက ရုတ်တရက် အသိဝင်သွားပြီး ခပ်မတ်မတ် ထထိုင်ကာ လက်ကိုလည်း ဘေးဘက်ခြမ်းသို့ပင် လိမ်လိမ်မာမာလေး တင်လိုက်သည်။ သူမဟာ အတန်းထဲမှ မူကြိုကျောင်းသူလေးကဲ့သို့ လိမ္မာ၏။
သူမဟာ အပေါ်ယံတွင် တည်ငြိမ်ချင်ဟန် ဆောင်နေသော်လည်း နားသံသီး နှစ်ခုကမူ နီရဲနေပြီ ဖြစ်သည်။ နီရဲလွန်းသဖြင့် သွေးများ ကျမတတ် ထင်ရသည်။
ယန်မော့က အားလုံးကို မြင်သည်။ သူ၏မျက်လုံးထဲတွင်လည်း အပြုံးက ဖြတ်ပြေးသွားသည်။
အာ…သူ့ရဲ့ကောင်မလေးက အရမ်းချစ်ဖို့ ကောင်းတယ်။
သူကလည်း ခံစားချက် ခုနှစ်မျိုးနှင့် စိတ်ဆန္ဒခြောက်မျိုးကို အမှုမထားသည့် ဘုန်းတော်ကြီး မဟုတ်ချေ။ သူ့အနေဖြင့် သူ၏နှလုံးသားထဲတွင် သူ သယ်ပွေ့သိမ်းထားရသော ရတနာလေးကို ရင်ဆိုင်ရသည့်အခါ မိုက်ရူးရဲဆန်ချင်စိတ် ရှိသည်။ ဒါကလည်း ပုံမှန်သာ ဖြစ်သည်။
အချိန်မှား နေရာမှား၍သာ မဟုတ်လျှင် သို့မဟုတ် ကိစ္စများက မြန်ဆန်စွာ ဖြစ်ပွားလာခဲ့ပြီး ရှုရှင်းကို မခြောက်မိစေလိုသောကြောင့်သာ မဟုတ်လျှင် ထိုသို့ စိတ်ရှုပ်စရာကောင်းသော မှင်စာမလေးအား ဒီအတိုင်းလွှတ်ပေးမည် မဟုတ်ပေ။
ရှုရှင်းကသာ ယန်မော့၏ အတွေးများကိုကြားနိုင်မည် ဆိုပါက တိတ်တဆိတ် ငြင်းပယ်ပေလိမ့်မည်။
ပြောရမည်ဆိုလျှင် သူမသည်လည်း စိတ်ထဲတွင် အကြိမ်သန်းရာကျော်မက မျှော်လင့်မိခဲ့သေးသည်။
သူမသည် ယန်မော့အဝတ်အစားလဲချိန်က သူ၏ ဝမ်းဗိုက်ကို မတော်တဆ မြင်ခဲ့ပြီးချိန်က စတင်ပြီး ထိချင်နေခြင်း ဖြစ်သည်။(စာစစ်_အစ်မကြီးရေ ရှိခိုးပါတယ်။ ပူဇော်ပါတယ် ဇမလည်း 6pack ကိုင်ချင်တယ်)
သူမသည်လည်း ချစ်သူကောင်လေး၏ ခန္ဓာကိုယ်ကို တောင့်တနေသည်မှာ ကြာပြီ ဖြစ်သည်။ သို့သော် ထုတ်ပြောရဲခြင်း မရှိပေ။ ဒါဟာ သူမ၏ တုံးအသော သဘာဝကို အလွယ်တကူ ထုတ်ဖော်မိနိုင်၏။ ထို့ကြောင့် ချစ်သူကောင်းလေး၏ အရှေ့တွင် သူမ၏ ပုံရိပ်ကိုသာ ထိန်းသိမ်းရန် ကြိုးစားနေရသည်။
******