← Chapters

အခန်း ၁၇

Vol. 2 Ch. 17

အခန်း ၁၇

Vol. 2 Ch. 17

17 01

အပိုင်း (၁၇) အိမ်ယာမှ မီးပြတ်တောက်မှု

ထိုညတွင် မိုးမုန်တိုင်းက ပို၍သာ သည်းထန်သေးသည်။ လျှပ်စီးများလက်သည်။ မိုးများ ခြိမ်းသည်။ ညစာစားပြီးနောက် အခန်းထဲမှ မီးများက ရုတ်ချည်းပိတ်သွားသည်။ လေသာဆောင် ပြတင်းပေါက်ကတဆင့် အပြင်ဘက်၏ ပိန်းပိတ်အောင် မဲမှောင်နေမှုကို မြင်နိုင်သည်။

လရောင်လည်း မရှိသလို မည်သည့်အလင်းမှလည်း မရှိပါပေ။ ထိုအခိုက်အတန့်တွင် တစ်လောကလုံးက အဆုံးအစမဲ့သော အမှောင်ထဲသို့ ကျရောက်သွားသည်နှင့်တူသည်။

ရုတ်တရပ် အမှောင်လောကကို လျှပ်စီးက ဖြတ်လက်လာသောအခါ အေးစက်သော အလင်းတစ်ခုတည်းကပင် လူတိုင်း၏မျက်နှာပေါ်သို့ ဖြာကျပြီး နှလုံးသားထဲကပင် အေးစိမ့်သွားစေသည်။

မီးအား ပြတ်တောက်မှုက လူတိုင်းအတွက် ညီတူမျှတူ ဖြစ်ပွားခြင်း ဖြစ်သည်။ ရှုရှင်းက မိုဘိုင်းဖုန်းက ဓာတ်မီးကို ဖွင့်လိုက်ပြီး ချက်ချင်း ထရပ်ကာ ဧည့်ခန်းလေသာဆောင်မှ လိုက်ကာများအားလုံးကို ဆွဲချသည်။

ယန်မော့တို့ကလည်း သိုလှောင်ခန်းထဲသို့သွားကာ မီးစက်များကို သွားထုတ်ယူလာကြသည်။ လိုက်ကာများအားလုံးကို အကုန်ပိတ်ပြီး လုံသွားစေမှန်း သေချာသည်နှင့် မီးကို ဖွင့်လိုက်ကြသည်။

သို့သော် မီးပြန်ရချိန်တွင်မူ မည်သူကမှ မစားချင်ကြတော့ပေ။ သူတို့ကလည်း သူတို့ စားလက်စကို ခပ်မြန်မြန် အဆုံးသတ်လိုက်ကြပြီး အခန်းအသီးသီးသို့ဝင်ကာ နားကြသည်။

ရှုရှင်းက ကုတင်ပေါ်တွင် မျက်လုံးဖွင့်ပြီး လဲနေသည်။ သူမက ခေါင်းအထက်မှ မျက်နှာကျက်ကို ကြည့်ပြီး အိပ်ချင်စိတ်ပင် မရှိပေ။ မီးပျက်တောက်သွားခြင်းက သူမ မျှော်လင့်ထားသော အခြေအနေထဲတွင် ပါဝင်ထားပြီးသား ဖြစ်သည်။ နဂိုကမူ လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက မီးပျက်သွားမည်ဟု ထင်ထားသည်။ သို့သော် သူမတို့ အိမ်ယာက ယခုအချိန်အထိ ခံမည်ဟု မထင်ထားပါပေ။

သူမတို့၏ ရပ်ကွက်က အသစ်စက်စက် တည်ဆောက်ထားခြင်း ဖြစ်သောကြောင့် ပစ္စည်းများက အသစ်စက်စက် ဖြစ်သောကြောင့် ဆားကစ်လိုင်းများက ပိုကောင်းနေခြင်း ဖြစ်လောက်သည်။ အခြားသော ဆားကစ်အဟောင်းများကဆိုလျှင် မီးပျက်သွားပြီးသည်မှာ ကြာပြီ ဖြစ်သည်။

ထိုသို့ဖြင့်လျှပ်စစ်မီးပျက်တောက်မှုက ကောင်းမွန်သောလက္ခဏာ မဟုတ်ပါပေ။ ထိုသို့ဖြင့်စောင့်ကြည့်ရေးစနစ်များက အသုံးမဝင်သောကြောင့် အင်တာနက်နှင့် အခြားသော အချက်ပြမှုစနစ်များက သိပ်မကြာခင် ပြတ်တောက်မည့် အဓိပ္ပာယ်ဖြစ်သည်။ ထိုသို့ဖြင့် တစ်လောကလုံးနှင့် အဆက်အသွယ် ပြတ်ရတော့ပေမည်။

နှလုံးသားထဲမှ ဆိုးယုတ်မှုက ထိုကဲ့သို့ လှုံ့ဆော်မှုကို တောင့်မခံနိုင်ကြချေ။ ချုပ်ထိန်းမှု မရှိတော့သောအခါ နှလုံးသားထဲတွင် အကျဉ်းကျနေသော သားရဲကောင်များက လှောင်အိမ်ကို ချိုးဖောက်ပြီး အချိန်မရွေး ထွက်လာနိုင်သည်။

မီးပျက်သည့် ပထမတစ်ရက်တွင် လူတိုင်း၏ဆဲလ်ဖုန်းများက အားရှိသေးသည်။ မကြာခဏဆိုသလို ထိုအဖွဲ့အသီးသီးတွင် အမျိုးမျိုးသော စာများကို မြင်နိုင်သေးသည်။

သို့ရာတွင် တစ်စုံတစ်ယောက်က အပြင်သို့ ထွက်သွားပြီး သူတို့ ရပ်ကွက်နားတွင်ဖွင့်သော စူပါမားကတ်ကြီးသို့ သွားရန် ပြောလာချိန်တွင်မူ အားလုံးက လှုပ်ရှားလာကြသည်။

အဆောက်အဦး C 1501 : ငါတို့ အိမ်ယာနားက အဲဒီ စူပါမားကတ်ကြီးက ဖွင့်နေတုန်းပဲ။ လိုအပ်တာရှိရင် အဲ့ဒီကို ပစ္စည်းသွားဝယ်သင့်တယ်။ ဒါပေမဲ့ လက်ငင်းပိုက်ဆံပေးရမှာ ဓာတ်ပုံ ဓာတ်ပုံ ဓာတ်ပုံ

အဆောက်အဦး E 801 : ညီအစ်ကို ငါမင်းကို တန်ကြေးရဲ့ သုံးဆပေးမယ်လေ မင်းဝယ်လာခဲ့ပေးပါလား

အဆောက်အဦး A 2001 : ငါ ဆယ်ဆပေးမယ် ညီအစ်ကို ငါ့အတွက် ဝယ်လာခဲ့ပေး

17 02

အဆောက်အဦး F 701 : အပြင်က အခု အခြေအနေ ဘယ်လိုရှိလဲ တစ်ယောက်ယောက်များ ကူညီပေးနိုင်လား @အဆောက်အဦး E 1501 …

အဆောက်အဦး D 2201 : စူပါမားကတ်ထဲမှာ ပစ္စည်းအများကြီး ကျန်သေးတယ်လား ငါအခု သွားဝယ်လို့ ရသေးတယ်လား။

အဆောက်အဦး C 1501 : လူတွေတော့ အများကြီးပဲ တစ်ခုခု လိုအပ်တာ ရှိရင် မြန်မြန်သွား နောက်ကျသွားရင်တော့ ဘာမှ မရှိတော့ဘူး

အခန်း1501 : အဆောက်အဦး C က လူတိုင်းကို လျစ်လျူရှုသွားပြီး ဘယ်သောအခါမှ ပြန်မပေါ်လာတော့ပေ။

ရှုရှင်းက အဖွဲ့ထဲမှ စာကို မြင်သောအခါ အခြားသုံးယောက်ကို ပြသည်။

“အဖွဲ့ထဲက တစ်ယောက်က ပြောနေတယ်။ ဒီနားက စူပါမားကတ်က ဖွင့်နေတုန်းပဲ ငါတို့သွားသင့်လား”

“ခဏနေမှ ရှန်းဝမ်နဲ့ ငါ သွားကြည့်လိုက်မယ်။ မင်းနဲ့ ချီမိုင်ကတော့ အိမ်မှာပဲနေ ဘယ်မှ မသွားနဲ့”

ယန်မော့က တစ်ခဏခန့် စဉ်းစားပြီးနောက် သတင်းကို သိရရန်အလို့ငှာ ပုရှန်းဝမ်နှင့်အတူ ထွက်သွားရန် ဆုံးဖြတ်လိုက်ကြသည်။

သူတို့သည် ယခင်က တိုင်းပြည်ခေါင်းဆောင်များထံသို့ လျှို့ဝှက်ကာ အကြောင်းကြားခြင်းများ ပြုလုပ်ခဲ့ကြသည်။ ထို့ကြောင့် အိမ်ထဲတွင် နေ့တိုင်းနေပြီး ဘာမှမသိဘဲ နေထိုင်ခြင်းထက် သတင်းရရှိရန် အလို့ငှာ အပြင်ထွက်သင့်လေသည်။

ပုရှန်းဝမ်က အရင်ဦးဆုံး သဘောတူသူ ဖြစ်သည်။ သူသည်လည်း ယခုလို နေရာသေးသေးထဲတွင် ရက်ပေါင်းများစွာ နေထိုင်ရလေရာ လွတ်လွတ်လပ်လပ် လှုပ်ရှားချင်လာသည်။ သူ၏ အကျင့်စရိုက်အရ အခုလို အိမ်တွင် အကြာကြီး နေရခြင်းက အတော်လေးကို ခက်ခဲသည်။ မူချီမိုင်ကမူ သူ၏ဆန့်ကျင်ဘက်ဖြစ်သည်။ သူဟာ တည်ငြိမ်သော အကျင့်စရိုက်ရှိသည်။ အလွန်လည်း တိတ်ဆိတ်သည်။

ယန်မော့ကလည်း သူတို့၏ အကျင့်စရိုက်ကို သိသောကြောင့်သာ ပုရှန်းဝမ်ကို ခေါ်သွားပြီး မူချီမိုင်ကို အိမ်တွင် ထားခဲ့မည်ဟု ဆုံးဖြတ်ခဲ့သည်။

ထိုအကြောင်းပြချက်အပြင် နောက်ထပ် အကြောင်းပြချက်လည်း ရှိသည်။ ဒါက ပုရှန်းဝမ်သည် သဘောကျဖွယ်ကောင်းသော မျက်နှာမျိုးရှိကာ စကားများတတ်လေသည်။ သူဟာ ဖော်ရွေသောကြောင့် မည်သည့်နေရာကို သွားသွား အတွင်းသတင်း အပြင်သတင်းကို ရအောင်စုံစမ်းနိုင်သူ ဖြစ်သည်။ ထို့အပြင် ရှုရှင်းနှင့်ပုရှန်းဝမ်တို့ နှစ်ယောက်လုံးက လဝက်ခန့်သာ လေ့ကျင့်ရသေးသည်။ အခြေခံစွမ်းရည်က အတော်လေးကို ဆိုးရွားနေသေးသည်။ သို့ရာတွင် နှစ်ယောက်လုံးကိုသာ အိမ်မှာ ထားခဲ့ပါက ပြဿနာ တစ်ခုခုဖြစ်လျှင် ဖြေရှင်းနိုင်တော့မည် မဟုတ်ပေ။ သူသည်လည်း အမှန်တကယ် စိုးရိမ်သည်။ ထို့ကြောင့် သူနှင့် မူချီမိုင်တို့ကသာ ခွဲပြီး လှုပ်ရှားရတော့ပေမည်။

အပြင်ဘက်တွင် အန္တရာယ်ပိုများသည်။ အရေးပေါ်အခြေအနေ အများကြီးလည်း ရှိနိုင်သည်။ ထို့ကြောင့် ပုရှန်းဝမ်တို့ အပြင်ထွက်သွားသောအခါ မူချီမိုင်နှင့်ရှုရှင်းတို့က အိမ်တွင် နေခဲ့မည်ဖြစ်ပြီး ဒါဟာ အကောင်းဆုံးသော စီမံမှုမျိုး ဖြစ်သည်။

မိုးက နည်းနည်းပါးသွားချိန်တွင်ယန်မော့နှင့် ပုရှန်းဝမ်တို့က ရာဘာလှေကို ထုတ်လာကြသည်။ ရှုရှင်းက လေသာဆောင်တွင်နေပြီး အဝေးကြည့်မှန်ပြောင်းဖြင့် အပြင်ဘက်သို့ လှမ်းကြည့်သည်။ ရပ်ကွက်ထဲမှ အမျိုးမျိုးသော နည်းလမ်းများကို သုံးကာ သွားလာနေကြသော သူများကိုလည်း မြင်ရသည်။

အချို့သော သူများကမူ အိမ်တွင် ရှိသော ကြီးမားသည့် အဝတ်လျှော် ဇလုံကြီးကို သုံးပြီး မိုးကာအင်္ကျီများကို ဝတ်ကာ တက်ထိုင်ကြသည်။ အချို့သော သူများကမူ ရေသန့်ဗူးအလွတ်များကို တွဲထားပြီးနောက် ခန္ဓာကိုယ် အပေါ်ပိုင်ကိုပင် တွဲချည်ထားကာ သွားကြသည်။

အချို့သော သူများကမူ သူတို့၏လက်ဖြင့် လှော်ကြသည်။ အချို့သော သူများကလည်း ကျွမ်းကျင်ကြပြီး ရေထဲသို့ပင် တိုက်ရိုက် ဒိုင်ပင် ထိုးဆင်းကာ ရေကူးဝတ်စုံအပြည့်နှင့် ထွက်သွားကြသည်။

17 03

ရေထဲသို့ ကူးခတ်ရန် ရွေးချယ်ခြင်းကမူ အလွန်အမင်း အန္တရာယ်များသော အခြေအနေမျိုးဖြစ်သည်။ သည်းထန်သောမိုးက လဝက်နီးပါး ကြာနေခဲ့သည်။ မြို့ထဲမှ ရေများကလည်း အလွန်မြင့်နေ၏။ ယခင် သည်းထန်သောမိုး မရွာခင်က အပြင်ဘက်တွင် ချထားသော ပစ္စည်းအများစုက ရေစိုရွဲနေခဲ့ပြီးသားဖြစ်သည်။ မသိရသော အန္တရာယ်များပင် ရှိနိုင်သည်။ ထို့ကြောင့် ကံဆိုးခဲ့ပါက ထိခိုက်ဒဏ်ရာရရန် လွယ်သည်။ ရေထဲမှ ဒဏ်ရာများက ဘတ်တီးရီးယား အပြည့်ဖြစ်လေရာ ပိုးကူးစက်ခြင်း ယောင်ယမ်းခြင်းဖြစ်ရန် လွယ်ကူလေသည်။ ယခုလို ကာလမျိုးတွင် ဆေးဝယ်ရန် ခက်ခဲသည်။ ဆေးရုံများလည်း ပိတ်သွားပြီမှာ ကြာပြီဖြစ်သည်။ ထို့ကြောင့် အသက်အန္တရာယ်ပင် ထိခိုက်နိုင်လေသည်။

******

All Chapters