အခန်း ၁၉
Vol. 2 Ch. 19
19 01
အပိုင်း (၁၉) အန္တရာယ် စတင်မှု
တံခါးဘဲလ်က မြည်လာသောအခါ ရှုရှင်းက အမျိုးသားဝတ်စုံကို လဲဝတ်ပြီး ထွက်လာပြီးကာစ ဖြစ်သည်။ မူချီမိုင်က သူမအား လေ့ကျင့်ရေးခန်းထဲတွင် အသင့်စောင့်နေပြီး ဒီနေ့၏ တိုက်ပွဲလေ့ကျင့်မှုကို စတင်ရန် ပြင်နေသည်။
တံခါးဘဲလ်မှ စနစ်က မီးပျက်သွားပြီး ရက်အနည်းငယ်အထိ ခံသေးသည်။ ထို့ကြောင့် တံခါးဘဲလ်သံကို ကြားသည်နှင့် မူချီမိုင်က လေ့ကျင့်ရေးခန်းထဲက ထွက်လာပြီး အလှေကားပေါ်မှ ဆင်းလာသော ရှုရှင်းကို တစ်ချက် ကြည့်သည်။ သူတို့နှစ်ယောက်လုံး၏ မျက်လုံးထဲတွင် သတိများကို မြင်နိုင်သည်။
ယန်မော့နှင့် ပုရှန်းဝမ်တို့ ထွက်သွားပြီးသည်မှာ သိပ်မကြာသေးခင် တစ်စုံတစ်ယောက်က တက်လာပြီး တံခါးဘဲလ် လာတီးသောကြောင့် အများကြီး တွေးမိစေသည်။
ရှုရှင်းနှင့် မူချီမိုင်တို့က တံခါးဘဲလ်မှ ဗီဒီယိုကို ဖွင့်လိုက်သောအခါ အပြင်ဘက်မှ အမျိုးသားတစ်ယောက်ကို မြင်ရသည်။ သူတို့သည် တံခါးကို အပြေးအလွား မဖွင့်သေးပေ။ ရှုရှင်းကလည်း ဧည့်ခန်းထဲမှ ကွန်ပျူတာနားသို့ ခပ်မြန်မြန် သွားလိုက်ပြီးနောက် စောင့်ကြည့်ကင်မရာကို သွားဖွင့်လိုက်သည်။ ထိုအခါ တံခါးဘဲလ်၏ အကွယ်တစ်နေရာတွင် ပုန်းနေသော အမျိုးသား တစ်ယောက်ကို မြင်ရသည်။
မူချီမိုင်သည် ဒီနေရာကို ပြောင်းလာပြီးကတည်းက အပြင်သို့ ထွက်ခဲသည်။ သူသည် ပုံမှန်အားဖြင့် ညသန်းခေါင် သို့မဟုတ် မနက်အစောပိုင်းတွင်သာ သွားသွားလာလာ လုပ်တတ်သည်။ ထို့ကြောင့် ဒီအိမ်ယာမှ လူများကလည်း ဒီနေရာတွင် အမျိုးသားနှစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်တည်းသာ နေထိုင်သည်ဟု သိထားသည်။ နောက်ထပ် လေးယောက်မြောက်လူ ရှိမှန်းကိုပင် နားမလည်ထားကြပါပေ။
တံခါးအပြင်ဘက်မှ အမျိုးသားနှစ်ယောက်ကလည်း အခန်းထဲမှအမျိုးသားနှစ်ယောက် အပြင်ထွက်သွားသောကြောင့် အမျိုးသမီးတစ်ယောက်တည်းသာ ကျန်မည်ဟု ထင်ထားသည်။ ထို့ကြောင့် အခွင့်အရေးဟု ယူဆလိုက်ပုံရသည်။ သူမကို ထွက်လာအောင် မြှားခေါ်ထုတ်နိုင်သမျှ အရွယ်ရောက်ပြီးသား အမျိုးသားကြီးနှစ်ယောက်အနေဖြင့် အမျိုးသမီး တစ်ယောက်တည်းကိုမူ အသာလေး ခေါ်သွား၍ ရသည်။
ထိုအချိန်တွင် သူတို့က အိမ်ထဲမှ မည်သည့်အရာကိုမဆို ယူနိုင်သည်။ ပစ္စည်းများကို ယူရုံ မကျေနပ်လျှင်လည်း ရှုရှင်းက လှပသောကြောင့် တစ်စုံတစ်ရာကိုလည်း လုပ်နိုင်လောက်သေးသည်။
တံခါးက တစ်ဆင့် သူတို့၏အကြံအစည်ကို ရှုရှင်းက တန်းသိလိုက်သည်။ အပြင်ဘက်မှ လူနှစ်ယောက်ကမူ သူတို့၏ အကြံအစည်က ပေါ်သွားကြောင်း မသိလောက်သေးပေ။ တံခါးကို မည်သူကမှ မဖွင့်ပေးသည့်အခါ တံခါးကို ဆက်တိုက်ခေါက်သည်။ တံခါးမဖွင့်မချင်း လက်လျော့မည့် ပုံသဏ္ဍာန် မရှိပေ။
ရှုရှင်းက နားလည်သောအရာကိုမူ မူချီမိုင်ကလည်း နားလည်သည်။ သူသည် ယခုလို မီးခိုးရောင် နေရာတွင် ကျင်လည်နေခဲ့သူ ဖြစ်သည်။ ထို့ကြောင့် ပို၍ပင် မြန်မြန် ဆန်ဆန် နားလည်သေး၏။ သူ၏မျက်နှာက ရုတ်တရပ် မဲမှောင်သွားသည်။ သူသည် ရှုရှင်းကို နောက်သို့ ဆုတ်နေရန် လက်ဖြင့် အမူအရာပြပြီး တံခါးကို သွားဖွင့်သည်။ (မီးခိုးရောင်နေရာဆိုတာက ပုံမှန်အားဖြင့် တရားဥပဒေနဲ့ တရားမဝင်မှုကြား ဒါမှမဟုတ် အဖြူနဲ့ အမည်းကြားက ဝေဝါးတဲ့ နယ်ပယ်တစ်ခုကို ပြောတာပါ)
အပြင်ဘက်မှလူကလည်း ယောက်ျားတစ်ယောက် လာဖွင့်မည်ဟု မထင်ထားမိပေ။ ထို့ကြောင့် သူသည် ယိုင်နဲ့သွားပြီး လဲကျလုနီးပါးပင် ဖြစ်သွားသည်။
“မင်း သောက်…”
ဖန်းခန်းက ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် ထိန်းလိုက်သည်။ တံခါးက အချိန်တန်ကြာအောင် ခေါက်နေပြီး နောက်ဆုံးတော့ ပွင့်သွားသည်။ သူသည်လည်း လဲကျလုနီးပါး ဖြစ်သွားသောကြောင့် ရှက်သွားသည်။ ထို့ကြောင့် သူ၏ မျက်နှာကို ထိန်းရန် စိုးရိမ်စိတ်များသွားပြီး မျက်နှာကို မော့မကြည့်ဘဲ ဆဲရန် ပြင်လိုက်သည်။
“ဘာလို့ တံခါးခေါက်တာလဲ”
မူချီမိုင်က ကြမ်းတမ်းသော မျက်နှာထားမျိုးနှင့်ဖြစ်ကာ သူ၏ မျက်ခုံးဘယ်ဘက် အောက်ခြမ်းနားတွင်လည်း အမာရွတ်ရှည်ကြီး ရှိသည်။ ထို့ကြောင့် အလွယ်တကူ ရှုပ်၍မရသော လူမျိုးရုပ်ပေါက်စေသည်။ သူ၏ အရှိန်အဝါကလည်း လူအများအား ဝေးဝေးနေစေ၏။
19 02
ထိုအမျိုးသားက ရုတ်တရပ် နင်သွားသလို ခံစားရပြီး ခေါင်းကို မော့ကာ ကြည့်လိုက်သောအခါ အံ့ဩသွားလေသည်။
သူသည်လည်း မူချီမိုင်၏ မဲမှောင်သော မျက်နှာကြောင့် လန့်သွားပြီး အနောက်သို့ ခြေလှမ်းအနည်းငယ်ခန့် ဆုတ်လိုက်သည်။ သူသည် အလိုလျောက်ပင် ကွယ်နေသော နေရာမှသူကို လှမ်းကြည့်လိုက်သည်။ ထိုအခါ ထိုနေရာတွင် မည်သူမှ မရှိတော့ကြောင့် မြင်ရသည်။
မူချီမိုင် ပေါ်လာချိန်ကတည်းက ထိုနေရာမှ လူက ထွက်သွားခဲ့ပြီ ဖြစ်သည်။
ဖန်းခန်း၏ခြေထောက်များက ကြောက်ရွံ့မှုဖြင့် တုန်နေသည်။ သူက အကျည်းတန်လွန်းသော အပြုံးကို ကောက်ဆွဲ၍ ပြောသည်။
“မ…မဟုတ် မဟုတ်ပါဘူး။ မင်း…မင်းတို့ ဈေးအတူ သွားဝယ်ချင်လားလို့ လာမေးတာ”
“မလိုဘူး။ အခု ဒီက ထွက်သွား။ လှည့်ကွက်လေးတွေကို သိမ်းထားတာ ကောင်းမယ်ထင်တယ်နော်။ မင်း နောက်တစ်ခေါက်ဆိုရင်တော့ မင်းနဲ့ မင်းရဲ့အဲဒီအပေါင်းအဖော် လွယ်မှာ မဟုတ်ဘူး”
မူချီမိုင်က ရှေ့သို့ တိုးလိုက်ပြီး ဖန်းခန်း၏ အင်္ကျီကော်လံကို ဆောင့်ဆွဲ၍ လေပေါ်သို့ မြောက်တက်အောင် မတင်လိုက်သည်။ ထို့နောက် သူ၏မျက်လုံးထဲမှ ကြမ်းတမ်းရန်လိုသော အကြည့်မျိုးကိုလည်း ဖုံးကွယ်ထားခဲ့ခြင်း မရှိပေ။ ထို့ကြောင့် တစ်ဖက်သူကလည်း ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ ထို့ကြောင့် အလွယ်တကူ ရန်စ၍ မရမှန်းလည်း သိသွားသည်။ သူသည်လည်း အမှန်တကယ် ရန်မစရဲတော့ပါပေ။ မူချီမိုင်က တစ်ဖက်သူကို ကြမ်းပြင်ပေါ်သို့ ကောက်ပစ်လိုက်သည်။ မူချီမိုင်၏ အကြည့်အောက်တွင်ပင် ဖန်းခန်းက နှစ်ဆယ့်လေးလွှာမှ လေးဘက်ထောက်ကာ ပြေးဆင်းသွားရသည်။
ဖန်းခန်းသည် သူ၏ နေထိုင်ရာ အထပ်သို့ ပြန်ရောက်သွားပြီး သူ့ကို ချန်ထားရစ်ခဲ့ကာ ထွက်ပြေးသွားခဲ့သည့် ရှုန်းကျန်းရန်ကို တွေ့လိုက်ရသည်။ သူသည် တစ်ဖက်သူပင် ရိုက်နှက်ရန် အင်အားပင် မရှိတော့ပေ။ လက်နှင့် ခြေထောက်များက အင်အားများ ကုန်ခမ်းနေပြီ ဖြစ်သည်။ သူဟာ နှစ်ဆယ့်လေ့လွှာမှ မည်သို့မည်ပုံ ဆင်းလာမှန်း မသိတော့ပါပေ။
အင်အားချင်းကွာခြားချက်က မူချီမိုင်ဟာ အလွန်အမင်း အင်အားကြီးမားကြောင်း နားလည်သွားစေသည်။
ပုံမှန်လူမျိုးကလည်း ထိုကဲ့သို့သော ရန်လိုမှုမျိုးကို မပိုင်ဆိုင်ထားတတ်ပေ။ ထို့အပြင် သူတို့ကိုလည်း ပစ်မှတ်ထားရန် မလွယ်ကူခဲ့ချေ။
သူတို့သည် ဒီတစ်ခေါက် အဆောက်အဦးထဲမှ အကြမ်းတမ်းဆုံးသောပစ်မှတ်ကြီးကို ရွေးမိသွားသည်။ သူတို့သည် အတော်လေး အခြေအနေဆိုးမည့် အနေအထားမျိုးပင် ကြုံမိသွားလေသည်။
ထိုကိစ္စပြီးနောက် ရှုရှင်းသည် ပို၍ပင် ပြင်းပြင်းထန်ထန် လေ့ကျင့်သည်။ ယခင်ကထက်ပင် အာရုံစိုက်လာသည်။ သူမသည် ရုတ်တရပ်ဆိုသလိုပင် ငြိမ်းချမ်းသောခေတ်မှ အတွေးများကို မပြောင်းနေမိကြောင်း နားလည်လာသည်။ သူမက ကမ္ဘာအဆုံးသတ်ကာလကို ရင်ဆိုင်ရန်အတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားနိုင်သော်လည်း ကမ္ဘာအဆုံးသတ်ကာလထဲသို့ သူမကိုယ်သူမ အမှန်တကယ် မဆွဲသွင်းနိုင်မိသေးချေ။
သူမသည် ဝတ္ထုထဲမှ ကမ္ဘာကပ်ဘေးဆိုက်ရောက်မည့် ကာလထဲသို့ ရောက်ရှိလာသည်။ သူမကိုယ်သူမ အပြင်လူဟု သတ်မှတ်နေခဲ့သည်။ သူမကိုယ်သူမ ပွဲကြည်ပရိသတ်ဟု သတ်မှတ်ထားသည်။ သူမ ရိက္ခာများ ဝယ်သည်။ အိမ်ကို ပြန်သည်။ ယန်မော့ကို ဖျားယောင်းနိုင်ခဲ့သည်။ သို့သော် သူမ၏ စိတ်အခြေအနက ထင်သလောက် မပြောင်းလဲသွားခဲ့ချေ။
ဒီလောကဟာ အစစ်အမှန် ဖြစ်ကြောင်း နားလည်စေခဲ့သူက ယန်မော့ဖြစ်သည်။ သူမက ဒီလောကနှင့် အမှန်တကယ် ဆက်နွယ်လာစေသည်။ သို့ရာတွင် ထိုအမျိုးသား နှစ်ယောက်ရောက်ရှိလာခဲ့သည့်အခါမှသာ သူမသည် ကပ်ဘေးကို အမှန်တကယ် ခံစားမိလိုက်သည်။ ဒါဟာ အစစ်အမှန်ဖြစ်ကြောင်း စာအုပ်တင်မဟုတ်ကြောင်း နားလည်လိုက်သည်။ သူမဟာ ဒီလောကထဲတွင် ရှင်သန်နေသည်။ အသက်လည်း ရှိသည်။ နာကျင်နိုင်သည်။ ထိခိုက်နိုင်သည်။ သွေးထွက်နိုင်သည်။ သေနိုင်သည်။ ထိုသို့ဖြင့် အဆုံးသတ်ကာလ၏ ရက်စက်မှုနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်ရတော့ပေမည်။ သူမက ယန်မော့၏ ကာကွယ်မှုကို ရိက္ခာများ အပြည့်ရှိနေရုံဖြင့် မလုံလောက်သေးပေ။ သူမကိုယ်တိုင်ကလည်း သန်မာရန် လိုအပ်သည်။ ထိုအခါမှသာ ကမ္ဘာကပ်ဘေးတွင် အမှန်တကယ် ရှင်သန်နိုင်မည် ဖြစ်သည်။
19 03
ရှုရှင်းကလည်း ဝတ္ထုများရုပ်ရှင်များ၊ တီဗီဒရမ်မာများမှ ကမ္ဘာကပ်ဘေးကာလ၏ အခြေအနေတိုင်းကို နားလည်ထားသည်။ ထို့အပြင် သူမဟာ ကမ္ဘာကပ်ဘေးကာလမှ ပြန်လည်မွေးဖွားလာခဲ့သည့် မူလဝတ္ထုထဲမှ ယဲ့ယွီအန်းလည်း မဟုတ်ချေ။ သူမသည် ယဲ့ယွီအန်းကဲ့သို့ ကမ္ဘာကပ်ဘေးကာလမှ လူ့သဘောသဘာဝကို ကောင်းကောင်းနားလည်ထားသော ဆိုးယုတ်သောတည်ရှိမှု မဖြစ်သေးချေ။ ထို့ကြောင့် ယဲ့ယွီအန်းက ကမ္ဘာကပ်ဘေးကာလမှ အတွေ့အကြုံများဖြင့် ပိုင်ဆိုင်ထားပြီးသော သေစေနိုင်သော စွမ်းရည်မျိုးကိုလည်း မပိုင်ဆိုင်သေးပါပေ။
သူမ လုပ်နိုင်သမျှက လေ့ကျင့်မှုများကို ဆက်တိုက်လုပ်ရန်၊ သူမကိုယ်သူမ တဖြည်းဖြည်းချင်း သန်မာအောင်လုပ်ရန်၊ ယန်မော့နှင့် အခြားသော သူများကို မဆွဲထားမိအောင် လုပ်ရန်၊ ဝန်ထုပ် ဝန်ပိုးမဖြစ်စေရန်သာ ဂရုစိုက်ရမည် ဖြစ်သည်။
ယန်မော့နှင့် အဖွဲ့က ထိုအိမ်ယာသို့ လုံလုံခြုံခြုံ ပြန်လာသည်။ ကျန်းစုန့်တို့အဖွဲ့က တစ်ဆယ်ရာခိုင်နှုန်းကို ပေးချေသွားပြီး ကျန်သော ပစ္စည်းများကိုယူကာ ခပ်မြန်မြန်ထွက်သွားသည်။ လူအုပ်၏အကြည့်ကို အတတ်နိုင်ဆုံး ရှောင်ရှားသည်။
ကျန်းစုန့်တို့၏အသင်းက လုံလုံခြုံခြုံ ပြန်သွားကြောင်း မြင်သောအခါ အခြားသော သူများကလည်း စိတ်မအေးနိုင်ကြတော့ချေ။ ယန်မော့နှင့် ပုရှန်းဝမ်တို့က စကားပြောရလွယ်သည်ဟုထင်ပြီး အမျိုးသားတစ်ယောက်က ပစ္စည်းကို ငှားကြသည်။ ထိုသို့ဖြင့် သူတို့နှစ်ယောက်ကို ဝိုင်းလိုက်ကြသည်။
သူတို့ အိမ်က ထွက်လာသည်မှာ ငါးနာရီ ကျော်ကျော်ကြာသည်။ ယန်မော့ကလည်း အိမ်မှ အခြေအနေကို နည်းနည်း စိုးရိမ်နေခြင်း ဖြစ်သည်။ ထို့ကြောင့် အပြင်ဘက်တွင် အကြာကြီး မနေလိုတော့ပေ။ ထိုအခြေအနေများးက သူ့ကို စိတ်တိုလာစေသည်။ သူဟာ ကျောကုန်းတွင် လွယ်ထားသော ထန်ဓားကို ဆွဲထုတ်လိုက်သောအခါ ဆူညံနေသော လူအုပ်က ချက်ချင်း တိတ်သွားသည်။
ဓားသွားတွင် အေးစက်သောအလင်းက ရောင်ပြန်ဟပ်သည်။ ယန်မော့ကို ဝိုင်းနေသော လူများကလည်း ချက်ချင်းဆိုသလို တန့်ကာ လူစုခွဲသွားကြပြီး ထိုနေရာက ဟင်းလင်းပြင်ကြီး ဖြစ်သွားသည်။ သူတို့က ယန်မော့၏လက်ထဲမှ ဓားရှည်ကိုသာ ကြောက်လန့်တကြား ကြည့်နေကြသည်။ သူတို့သာ စကားတစ်ခွန်းထပ်ပြောလျှင် ထိုဓားက အောက်သို့ ပြုတ်ကျလာလောက်သည်ဟု တွေးမိကြသည်။
ထိုသို့ဖြင့် ယန်မော့နှင့် ပုရှန်းဝမ်တို့က ရာဘာလှေနှင့် ပစ္စည်းများကို သယ်ကာ အပေါ်ဖက်သို့ တက်သွားသည်အား ကူကယ်ရာမဲ့စွာ ကြည့်နေကြလေသည်။
ရှုရှင်းကမူ တရေးအိပ်နေခြင်း ဖြစ်သည်။ သူမက ပစ္စည်းများကို ကြမ်းပြင်ပေါ်သို့ အသာအယာချပြီးသည်နှင့် အခန်းထဲသို့ ဝင်လိုက်သည်။ ယန်မော့သည် အဝတ်အစား ဘာညာပင် မလဲနိုင်တော့ဘဲ အပေါ်ထပ်သို့ တန်းတက်သွားကာ ရှုရှင်းက ထိုနေရာတွင် ရှိနေသေးကြောင်း ကိုယ်တိုင်ကိုယ်ကျ အတည်ပြုရန် ကြိုးစားသည်။
******