← Chapters

အခန်း ၂၁

Vol. 3 Ch. 21

အခန်း ၂၁

Vol. 3 Ch. 21

21 01

အပိုင်း (၂၁) အစိုးရ ကယ်ဆယ်မှု

သုံးရက်ခန့်ကြာပြီးနောက် အာဏာပိုင်များကလည်း မိုးမုန်တိုင်းကျပြီးနောက် ပထမဦးဆုံး သတိပေးချက်ကို စတင်ကာ ထုတ်ပြန်လာသည်။ စစ်ဖက်ဆိုင်ရာ အဖွဲ့ဝင်များက ရှာဖွေ ကယ်ဆယ်ရေး လှေများဖြင့် မြို့ပြင် မြို့တွင်း နေရာများသို့ သွားမည်ဟု ကြေညာချက် ထုတ်ပြန်လာသည် ။

“နေထိုင်သူများအားလုံး အစိုးရ ဒီရပ်ကွက်ရဲ့ကယ်ဆယ်ရေး စင်တာမှာ မနက်ရှစ်နာရီ အချိန်ဆိုရင် ကယ်ဆယ်ရေးပစ္စည်းတွေကို ခွဲဝေပေးမယ့်ကိစ္စကို အားလုံးပဲ မှတ်သားထားကြပါ။ မိမိတို့ရဲ့မှတ်ပုံတင်ကတ်နဲ့အတူ အသီးသီးသော ပစ္စည်းများကို လာရောက်ယူဆောင်နိုင်ပါတယ်။ သူများကိုယ်စား ယူပေးလို့ မရပါဘူး”

ကယ်ဆယ်ရေး သတိပေးချက် ခရာသံကြီးက ရပ်ကွက်ထဲတွင် သုံးကြိမ်တိုင်တိုင် မြည်ဟီးသွားသည်။ လူတိုင်းက ထိုစကားကို ကြားပြီး အံ့ဩသွားသည်။ အားလုံးက မျှော်လင့်ချက်ကို မြင်နိုင်သည်။ နိုင်ငံအကူအညီနှင့်ဆိုလျှင် အခြေအနေက ထင်သလောက် မဆိုးရွားတော့ပါပေ။

အတွင်းပုံပြင်ကို သိသောသူများကသာ စိတ်အမြင့်အတက်အကျကို မခံစားရသူများဖြစ်သည်။ မိုးမုန်တိုင်းကြောင့် ရေလွှမ်းမိုးခြင်းက သဘာဝကပ်ဘေးဖြစ်သည်။ နိုင်ငံတစ်ခွင်လုံးအနှံ့ ရိက္ခာသိုလှောင်ထားသော နေရာများမှ ပစ္စည်းများကို သိမ်းယူရန်လည်း လိုအပ်ပြန်သည်။ ထို့ကြောင့် လာရောက်ကယ်ဆယ်ပေးနိုင်သော လူအရေအတွက်ကလည်း အကန့်အသတ်နှင့် ဖြစ်ပေလိမ့်မည်။

ပို၍ဆိုးသည်မှာ မည်မျှကြာအောင် ဆက်လက် ဖြန့်ဖြူးပေးနိုင်မည်မှန်း မသေချာပါပေ။

ရှုရှင်းကိုယ်တိုင်ကလည်း မှတ်မိသေးသည်။ စာအုပ်ထဲတွင် ဆိုလျှင် နိုင်ငံက ရိက္ခာကို သုံးကြိမ်သာ ဝေပေးနိုင်ခဲ့သည်။ ဒီတစ်ခေါက် သူတို့၏ သတိပေးချက်ကတဆင့် ထိုရိက္ခာကို မည်မျှကြာအောင် ဖြန့်ဝေပေးမည်မှန်း မသေချာပါပေ။

သို့သော် ကိစ္စများကို အများကြီး တွေးနေ၍လည်း မရပါပေ။ ထို့ကြောင့် ရှုရှင်းကလည်း ထိုအတွေးများအားလုံးကို ဘေးသို့ ပစ်ပယ်ထားလိုက်ပြီး ဒီနေ့၏ လေ့ကျင့်ရမည့် အရာများကိုသာ အာရုံစိုက်သည်။

ထိုနေ့တွင် ယန်မော့နှင့်အဖွဲ့က အပြင်ဘက်သို့ ထွက်ကာ အချက်အလက်များကို သွားရောက်စုဆောင်းခဲ့ပြီးနောက် လက်ရှိအခြေအနေ၏ခွဲခြမ်းစိတ်ဖြာမှုကို နားလည်လာသည်။ ထို့ကြောင့် ရှုရှင်းနှင့် ပုရှန်းဝမ်တို့အတွက် လေ့ကျင့်ပေးမည့် အစီအစဉ်များကိုလည်း ချိန်ညှိလိုက်၏။ ထိုဖြစ်စဉ်တစ်ခုလုံးက ယခင်ကထက် ပိုမြန်ဆန်လာသည်။ သိပ်သည်းအားကမူ ပို၍သာ တိုးလာသည်။

ညစာစားချိန်အတောအတွင်းတွင် သူတို့က ရိက္ခာသွားယူရမည့်ကိစ္စကို ဆွေးနွေးလိုက်ကြသည်။ လေးယောက်လုံး အတူသွားရန် ဆုံးဖြတ်လိုက်ကြသည်။

နောက်တစ်နေ့ မနက်အစောပိုင်းတွင် မနက်စာစားပြီးသည်နှင့် သူတို့ လေးယောက်လုံးက ကိုယ့်ကိုယ်ကိုယ် သေချာထုပ်ပိုးကာ အပြင်သို့ ထွက်လာသည်။

သည်းထန်သော မိုးက ကြာရှည်စွာ ရွာသွန်းပြီးနောက် ဇူလိုင်၏ ရာသီဥတုကလည်း နွေရာသီအလား မခံစားရစေတော့ချေ။ လေထုကလည်း လေမော်လီကျူးများ ပြည့်နှက်နေပြီး နေရာတိုင်းက စိုစွတ်သောရနံ့များ ပြည့်နှက်နေသည်။ ထို့ကြောင့် လူတိုင်းက အလွန်အမင်း မသက်မသာ ဖြစ်နေကြလေသည်။

အိမ်တွင်ဆိုလျှင် အငွေ့ပျံစက်ကို ဖွင့်ထား၍ရသည်။ ထို့ကြောင့် မည်သည့်အရာကိုမှ ထူးထူးခြားခြား မခံစားရချေ။ သို့သော် အပြင်သို့ ထွက်လိုက်သည်နှင့် အေးစက်ကာ ထိုင်းမှိုင်းသော လေထုကလည်း အရိုးထဲသို့ တိုက်ရိုက်ဝင်ရောက်လာသည်။ ဘောင်းဘီရှည်နှင့် အင်္ကျီလက်ရှည်ကို ဝတ်ထားသည့်တိုင်အောင် မတွန်းလှန်နိုင်ဘဲ တုန်ယင်သွားသည်။

ယန်မော့က ရှုရှင်း၏ အခြေအနေကို အမြဲတစေ စောင့်ကြည့်နေသူ ဖြစ်သည်။ ထို့ကြောင့် ရှုရှင်း၏ခန္ဓာကိုယ်လေးက တုန်သွားကြောင်း မြင်လိုက်သည်နှင့် တစ်ဖက်သူကို ပွေ့ဖက်ကာ ရင်ခွင်ထဲ ဆွဲသွင်းသည်။

“ငါ မင်းကို နောက်တစ်ထပ် ထပ်ဝတ်ခိုင်းသားပဲ။ မင်းမှ စကားနားမထောင်တာ အခုကြည့် အေးပြီမလား”

21 02

သူဟာ သူမကို ဆူပူနေသော်လည်း ပို၍သာ တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်ပြီး သူ၏ခန္ဓာကိုယ်ဖြင့် လေအေးများအား ကာပေးထားလိုက်သည်။

ရှုရှင်းကလည်း သူမ၏ ချစ်သူကောင်လေးထဲမှ ဖခင် အိုကြီးကဲ့သို့ ဗျစ်တောက် ဗျစ်တောက် ပြောစကားများကို ကျင့်သား ရနေခဲ့ပြီးသား ဖြစ်သည်။ သူမသည် ယန်မော့၏နောက်မှ လိုက်ကာ ရင်ခွင်ထဲတွင်သာ သွားပုန်းပြီး ချွဲနေလေသည်။

ယန်မော့ကလည်း ကူကယ်ရာမဲ့သလိုသာ သက်ပြင်းချလိုက်ပြီး သူ့ကံကြမ္မာကို သူ လက်ခံလိုက်ပြီး တစ်ဖက်သူကိုသာ တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားလိုက်ကာ ဦးတည်ရာနေရာသို့ မရောက်မချင်း မလွတ်ပေးတော့ပေ။

သူတို့ရပ်ကွက်၏ အရေးပေါ် ကယ်ဆယ်ရေး စင်တာက အတော်လေး မြင့်သောနေရာတွင် တည်ဆောက်ထားခြင်း ဖြစ်သည်။ ရေကပင် မတက်လာသေးပါပေ။ ထို့ကြောင့် မတ်တပ်ရပ်၍ ရသေးသည်။ အပြင်ဘက်မှ နေရာကျယ်ကြီးတွင်လည်း လူများက အုံနေပြီ ဖြစ်သည်။ လည်တမော့မော့နှင့် ပစ္စည်းများခွဲဝေပေးသော နေရာကို လှမ်းကြည့်နေကြသည်။ မည်သည့်အရာကို ခွဲဝေပေးနေမှန်း သိချင်နေကြသည်။

ပြဿနာများ မဖြစ်စေရန် အလို့ငှာ သေနတ်များနှင့် စစ်သား အဖွဲ့လေး တစ်ဖွဲ့ကလည်း ပစ္စည်းဖြန့်ဝေသည့် နေရာအသီးသီးတွင် စောင့်ကြပ်နေကြသည်။ ပြဿနာရှာသူတစ်ယောက်ကို ရှာတွေ့သည်နှင့် တုံ့ဆိုင်းမနေဘဲ ပစ်လောက်သည်။

တစ်စုံတစ်ယောက်က လုရဲလျှင် စစ်သားများကလည်း ဒီအတိုင်းထိုင်ပြီး‌ စောင့်ကြည့်နေလိမ့်မည် မဟုတ်ပေ။ ယခုလိုအခြေအနေမျိုးတွင် ရိက္ခာများကို သိမ်းကြုံးယူရဲသူများရှိပါက အားလုံးကို ကိုင်တွယ်ပေးပေလိမ့်မည်။

ရှုရှင်းတို့က အသင်း၏အဆုံးနားတွင် အစီအစဉ်တကျ တန်းစီနေကြသည်။ မူချီမိုင်နှင့် ယန်မော့တို့ကမူ အရှေ့အနောက်နှင့် အသီးသီးညှပ်ကာ နေကြ၏။ ထိုသို့ဖြင့် ရှုရှင်းနှင့် ပုရှန်းဝမ်ကို အလယ်တွင် ထားပေးထားသည်။ ဒီနည်းအားဖြင့် အရေးပေါ် အခြေအနေ ဖြစ်လာခဲ့သော် နှစ်ယောက်လုံး၏လုံခြုံမှုကို အာမခံပေးနိုင်မည် ဖြစ်သည်။

******

All Chapters