← Chapters

အခန်း ၂၆

Vol. 3 Ch. 26

အခန်း ၂၆

Vol. 3 Ch. 26

26 01

အပိုင်း (၂၆) လွှတ်ထားလိုက်

ယန်မော့အနေဖြင့် အပြင်ဘက်မှ ထိုလိုလူများ၏ တုံးအသော အပြုအမူများကို လျစ်လျူရှုရန်ခက်သည်။ သူသည် မူချီမိုင်ရှိရာဘက်သို့ ခေါင်းအသာ စောင်းလိုက်သည်။

မူချီမိုင်က ယန်မော့နှင့်အတူ ရှိလာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။ သူတို့နှစ်ယောက်ကလည်း အချင်းချင်း နားလည်မှုမျိုး ရရှိနေပြီးသားဖြစ်သည်။ ထို့ကြောင့် သူသည် လက်ကို ဆန့်ထုတ်၍ လက်ထဲမှ ခလုတ်တစ်ခုကို နှိပ်လိုက်သည်။ အရှေ့မှ သံမဏိ ဂိတ်တံခါးက ချက်ချင်းဆိုသလို ဗို့အားမြင့်သော လျှပ်စီးကြောင့်ဖြင့် ဆက်သွယ်ထားသည်။ ခလုတ်ကို ဖွင့်လိုက်သည်နှင့် တံခါးပေါ်တွင်ပင် လျှပ်စီးက ဖြတ်ကနဲ လက်သွားလေသည်။

ထိုသို့ဖြင့် ဖြတ်တောက်သည့်စက်ကို ကိုင်တွယ်အသုံးပြုနေသော တင်းပေါ်ကလည်း သေအောင်ကြောက်သွားပြီး စက်ကို မြေပြင်ပေါ်သို့ လွှတ်ချလိုက်ကာ ခြေလှမ်းအကျယ်ကြီး ဆုတ်သည်။

သူသည် ဒီည နှစ်ဆယ့်လေးလွှာသို့ တက်ရောက်မည်ဟု ဆုံးဖြတ်ထားပြီးချိန်ကတည်းက ဆိုးရွားသော တစ်စုံတစ်ရာက ဖြစ်ပျက်တော့မည့် ပြင်းထန်သော ထင်မြင်ချက်ကို ခံစားနေရသည်။ အပေါ်သို့ တက်လာပြီးနောက် သူ၏သွေးကြောများကလည်း တင်းကြပ်နေခဲ့သည်။ ပတ်ဝန်းကျင်မှ လှုပ်ရှားမှု အနည်းငယ်ကပင် သူ့ကို သတိအပြည့် ကပ်စေနိုင်သည်။

တင်းပေါ်သည်လည်း အရှေ့မှ လူက ခေါင်းအနည်းငယ် စောင်းလိုက်သည်အား သေချာမြင်လိုက်သည်။ ထိုအချိန်ကတည်းက သူ၏ နှလုံးသားထဲမှ အချက်ပေးသံက မြည်ဟီးလာပြီဖြစ်သည်။ သူသည် ဖြတ်တောက်သည့် စက်ကို အလိုလျောက်ပင်ယူကာ တံခါးနားမှ ထွက်ခွာလာခဲ့ပြီးသားဖြစ်သည်။ ထို့နောက် တစ်ခဏတွင်ပင် တံခါးက လျှပ်စီးလက်လာကြောင်း မြင်ရသည်။ ဖြတ်တောက်သည့်စက်ကိုလည်း သူက ချက်ချင်းလွှတ်ထုတ်လိုက်၏။ သူဟာ ကပ်ဘေးမှ လွှတ်မြောက်လာခဲ့သလို ခံစားရသည်။

သူကသာ တစ်ချိန်လုံး သတိအပြည့် ကပ်ထားခဲ့ပြီး ထွက်ခွာခဲ့သောကြောင့်သာ မဟုတ်လျှင် ယခုအခါ မြေပြင်တွင် အေးစက်တောင့်တင်းနေလောက်လေပြီ။

ဗို့အားမြင့်သော လျှပ်စီးဖြင့် ဓာတ်လိုက်သွားခဲ့သော် သတိလစ်ရုံ ကိစ္စမဟုတ်တော့ချေ၊ ယခု ဗို့အားများက အသက်ကိုပင် ဆုံးရှုံးစေနိုင်သည်။

သူ့အခန်းဖော်နှင့် နေထိုင်လာသည်မှာ အချိန်တန်ကြာပြီဖြစ်သည့်အလျောက် သူ၏အခန်းဖော်က မည်သို့သော အကျင့်စရိုက်မျိုး ရှိမှန်းလည်း သိသည်။ တစ်စုံတစ်ရာကသာ အမှန်တကယ် ဖြစ်ပျက်လာခဲ့သော် သူ့ကို မည်သူကမှ ဂရုစိုက်တော့မည် မဟုတ်ဘဲ လွတ်အောင် ထွက်ပြေးသွားကြပေလိမ့်မည်။

ထိုတံခါးက ကျိုင်ရှင်းယွမ်၏အဆောင်မှ သူများအားလုံးကို တုံ့ဆိုင်းသွားစေသည်။ သူသည်လည်း ရှေ့သို့ ထပ်တက်ရမည်ကို ကြောက်နေကြသည်။ လူတိုင်းကလည်း ထိုလျှပ်စီး၏ အန္တရာယ်ကို သိကြသည်။ ထို့ကြောင့် မည်သူကမှ အသက်ကို အလောင်းအစား မပြုဝံ့ကြပေ။

သို့သော် ဒီအတိုင်းထွက်သွားရန်လည်း ဆန္ဒမရှိကြသေးပေ။

ကျိုင်ရှင်းယွန်နှင့် အဖွဲ့ကလည်း လှေကားနားတွင် တစ်နေကြသည်။ ရှေ့တက်ရမလား လက်ဗလာနှင့် ပြန်ရမလား မသေချာတော့ပေ။ ယန်မော့ကလည်း သူတို့ကို ရွေးချယ်ခွင့်ပေးလိမ့်မည် မဟုတ်ပေ။ ထိုသူများက သူ၏တံခါးနားမှ ဖြတ်သွားချိန်ကို စောင့်နေပြီးနောက် လျှပ်စစ်ကို ပြန်ပိတ်သည်။ ထို့နောက် ပုရှန်းဝမ်၊ မူချီမိုင်တို့နှင့်အတူ အပြင်ဘက်သို့ ထွက်သည်။

ကျဉ်းမြောင်းသော ထိုလှေကားတွင် သန်မာသောအမျိုးသား သုံးယောက်ကြောင့် ပို၍သာ ကြပ်ညှပ်သွားလေသည်။

ယန်မော့တို့က သူတို့ဘာသာ ထွက်လာကြောင်းမြင်သောအခါ ကျိုင်ရှင်းယွမ်က ရယ်သည်။

“ညီအစ်ကိုတို့ လာ ရှေ့တက် သူတို့ကို အရောင်အသွေး နည်းနည်းပြရအောင်”

အမျိုးသားငါးယောက်လုံးက လက်ထဲတွင် ဘေ့စ်ဘောရိုက်တံများကို ကိုင်ဆောင်လာကြသည်။ အချို့သော သူများကလည်း သံမဏိတုတ်နှင့် အခြားသော ချွန်ထက်သည့်အရာကို သယ်ဆောင်လာကြသည်။ သူတို့က တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ရှေ့သို့ အတူပြေးတက်သည်။

26 02

ယန်မော့တို့သုံးယောက်ကလည်း အချိန်ဖြုန်းမနေတော့ဘဲ ရှေ့သို့ ချက်ချင်း ပြေးတက်သွားကြ၏။ သူတို့၏ ဓားများကို ဆွဲထုတ်သွားကြသည်။ ကျိုင်ရှင်းယွမ်နှင့် အခြားသော လေးယောက်က ချက်ချင်းဆိုသလိုပင် မြေပြင်ပေါ်သို့ ကန်ကျောက်ခံရပြီး နာကျင်မှု အပြည့်နှင့် လိမ့်နေရလေသည်။

ကျိုင်ရှင်းယွမ်နှင့်အဖွဲ့က စနစ်တကျ လေ့ကျင့်မှုကို ခံယူထားသူများ မဟုတ်ချေ။ သူတို့သည် ယခင်က အောင်မြင်ခဲ့သည်မှာလည်း သူတို့၏ ငယ်ရွယ်မှု အင်အားနှင့် သတ္တိမျိုးကြောင့်သာ ဖြစ်သည်။

သူတို့၏လှုပ်ရှားမှုများက အစီအစဉ်တကျ မရှိပေ။ ရှုပ်ထွေးနေပြီး တစ်ချက်ကြည့်လိုက်ရုံဖြင့် အားနည်းသော နေရာများ၊ အားနည်းချက်များကို တန်းမြင်လိုက်ရသည်။

ယန်မော့တို့ကသာ မတိုက်ခိုက်လျှင်ပင် နည်းနည်းပါးပါးလှုပ်ရှားရုံဖြင့် ထိုလူများက သေဆုံးသွားလောက်သည်။

သူတို့သည် ကျိုင်ရှင်းယွမ်တို့ကို ဆိုးဆိုးရွားရွားရိုက်နှက်ပြီးမှသာ လွှတ်ပေးလိုက်သည်။

ဝရုန်းသုန်းကားအခြေအနေက စတင်ကာစဖြစ်သည်။ ယန်မော့ကလည်း မည်သူ့ကိုမှ စောစောစီးစီး မသတ်ချင်သေးပေ။ သူသည်လည်း မြင်သမျှလူတိုင်းကို သတ်ဖြတ်နေသော လူသတ်သမားမျိုးလည်း မဖြစ်ချင်ပါပေ။

သို့သော် သတ်ဖြတ်မှုများက စတင်သည်နှင့် ရပ်ကွက်ထဲမှ ရှင်သန်မှု စည်းမျဉ်းများက ပြန်လည်ရေးသားခံရပေလိမ့်မည်။ ထိုအခါ ထိန်းချုပ်၍ မရနိုင်တော့ပေ။

ယခုက ဝရုန်းသုန်းကား ဖြစ်နေပြီးသား ဖြစ်သော်လည်း လူအများစု၏ တွေးတောပုံကမူ ရိက္ခာများကို စုဆောင်းရုံသာ ဖြစ်သေးသည်။ မည်သူကမှ လူသတ်ရန် မစဉ်းစားထားကြသေးပါပေ။ သူတို့သည်လည်း သည်းထန်သောမိုးက ရပ်တန့်သွားသည်နှင့် အရင်အခြေအနေအတိုင်း ပြန်ဖြစ်မည်ဟု ထင်နေကြသည်။ ထို့ကြောင့် မည်သူကမှ လွန်ကဲစွာ မလှုပ်ဆောင်ရဲကြချေ။

သူတို့အားလုံးသည် အဆောက်အဦးတစ်ခုတည်းတွင် နေသည်။ ယန်မော့တို့ကလည်း ကျိုင်ရှင်းယွမ်တို့၏ လုပ်ရပ်များကို သိနေပြီးသားဖြစ်သည်။ သူတို့က ဒီအတိုင်း ငယ်ရွယ်ပြီး မိုက်ရူးရဲဆန်ကာ တီဗီဒရမ်မာများ၏ ပြင်းထန်သောလွှမ်းမိုးမှုကို ရရှိထားရုံသာ ဖြစ်သည်။ ထို့ကြောင့်သာ အခြားသောသူများ၏အိမ်သို့သွားကာ ရိက္ခာများကို စုစည်းရဲကြခြင်း ဖြစ်သည်။ သားရဲများထက် ဆိုးရွားသော လုပ်ရပ်များကိုလည်း မလုပ်ဖူးကြသေးပါပေ။ သတ်ဖြတ်ရလောက်အောင် ထိုက်တန်သည့် ပြစ်မှုမျိုးလည်း မကျူးလွန်ကြသေးဟု ပြောရပေမည်။

ရိက္ခာများကို လုယက်သောအခါ သူတို့သည် အခြားသောသူများအတွက် အနည်းငယ်တော့ဖြင့် ချန်ထားပေးခဲ့တတ်ကြသေးသည်။ ထို့ကြောင့် အကုန်လုယက်ခြင်းလည်း မဟုတ်သေးပြန်ပေ။ ထိုသုံးလွှာမှ သူတို့ လုယက်ခဲ့သော ကောင်မလေးကို ဆိုလျှင်လည်း သူတို့ဟာ ပစ္စည်းကိုသာ ယူကြသည်။ ကောင်မလေးကို ထိခိုက်အောင် မလုပ်ခဲ့ပါပေ။ ထို့အပြင် ကောင်မလေး စားသောက်ရန်အတွက်လည်း ပိုက်ဆံအနည်းငယ်ကို ချန်ထားပေးခဲ့ကြသည်။ သူတို့၏ အပြုအမူက လွန်ကဲလွန်းခြင်း မရှိသေးပေ။ ထို့အပြင် အခြားသော သူများအပေါ်တွင်လည်း အများကြီး မသက်ရောက်သေးပေ။ ထိုအတွက်ကြောင့်သာ ယန်မော့က သူတို့ကို ဒီနေ့ လွှတ်ပေးရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်သည်။

ဒီလို ရိုက်ခံရပြီးနောက် သူတို့သည် ပို၍ရိုးသားလာရန် မျှော်လင့်သည်။ ဒီနည်းအားဖြင့် သူတို့သည် နှစ်ဆယ့်လေးလွှာကို မျက်စိမကျရန် မျှော်လင့်သည်။ သူတို့ကသာ ထပ်မံလာရောက်ကာ ပြဿနာရှာချင်လျှင်မူ သူတို့၏ ကိုယ်ပိုင်အင်အားကို စဉ်းစားဆင်ခြင်ပြီး ထိုသို့ လုပ်နိုင်စွမ်းရည် ရှိမရှိ တွေးတောကြရပေမည်။

******

All Chapters