အခန်း ၂၉
Vol. 3 Ch. 29
29 01
အပိုင်း (၂၉)
လွန်ကဲလွန်းသော အအေး၏ ရောက်ရှိလာမှု
သူ၏နဖူးမှ အေးစက်သော ချွေးတစ်စက်က စီးကျလာပြီးလည်တိုင်ပေါ်သို့ ကျသည်။ ဖေးကျွင်းက တံတွေးကို ပြင်းပြင်းထန်ထန် မျိုချ၏။ သူ၏ ကို့ရို့ကားယား အမူအရာက အနည်းငယ်ပင် မလှုပ်သွားခဲ့ချေ။ သူသည်လည်း ယဲ့ယွီအန်းက လက်ကိုတစ်ချက် ခါယမ်းလိုက်သည်နှင့် သူ၏အသက်က ဆုံးရှုံးရမည်ကို ကြောက်သည်။
“နှစ်ဆယ့်ငါးလွှာမှာ ထပ်မပေါ်လာနဲ့။ နင်သာ အဲဒီလိုထပ်ရောက်လာခဲ့မယ်ဆိုရင်တော့ ဒီဓားက နင့်ရဲ့လည်မျိုကို တိုက်ရိုက် ခွဲထိုးပစ်လိုက်မယ်။ သွေးတွေက နင့်ရဲ့ တစ်ကိုယ်လုံးကို စိုရွဲသွားလိမ့်မယ်။ အဲဒီလိုနဲ့ နင် အဆုံးသတ်သွားမှာပဲ ဒီလို အခြေအနေမျိုးကို တွေ့ကြုံခံစားကြည့်ချင်ရင်တော့ လွတ်လွတ်လပ်လပ် လာလို့ ရတယ်”
အေးစက်သောဓားက အမျိုးသား၏ လည်ပင်းကို ကွက်တိချိန်ထားသည်။ တစ်ကိုယ်လုံးခဲနေသလို ခံစားချက်ကလည်း တဖြည်းဖြည်း ပြေလျော့လာသည့်တိုင်အောင် ထိုဓားထိပ်က အရေပြားကို လာထိသည့် ခံစားချက်ကမူ ပို၍သာ သိသာထင်ရှားလာသည်။ အနည်းငယ်လေး ထိလိုက်ရုံနှင့်တင် သွေးများက စီတန်း၍ ထွက်ပေါ်လာသည်။ ယဲ့ယွီအန်း၏ အေးစက်သောအသံက သူ၏ လည်ပင်းမှ နည်းနည်း ခပ်စူးစူးနာကျင်မှုနှင့် ပေါင်းစပ်သွားပြီးနောက်တွင် ဖေးကျွင်းက မတွန်းလှန်နိုင်တော့ချေ။ သူသည် ခေါင်းကိုလည်း မလှုပ်ရဲပေ။ ဓားက ပိုဝင်လာမည်ကို ကြောက်သည်။ ထို့ကြောင့် မျက်တောင်ကို တဖြတ်ဖြတ်ခတ်ပြီး နားလည်ကြောင်း ပြောရသည်။
“ထွက်သွား”
ယဲ့ယွီအန်းက ဓားကို ပြန်ရုတ်လိုက်ပြီး နှစ်ဆယ့်ငါးလွှာမှ အပြေးအလွှားဆင်းသွားကြသော လူများကို ကြည့်ကာ အိမ်ထဲသို့ ပြန်ဝင်လိုက်သည်။
ထိုသို့ဖြင့် အဆောက်အဦးထဲတွင် နေထိုင်သော သူများက သူမကို မခြိမ်းခြောက်နိုင်ပေ။ ထိုလူများက ဒီအတိုင်း စိတ်ရှုပ်စရာသာ ကောင်းသည်။
နှစ်ဆယ့်ငါးလွှာပေါ်မှ လှေကားတံခါးက ပျက်စီးသွားသည်။ ထို့ကြောင့် လှေကားတွင်နေသော တစ်စုံတစ်ယောက်ကတော့ဖြင့် ရှိနေပေလိမ့်မည်။ သူတို့သည် ဒီလျှောက်လမ်းတွင်မူ လာရောက်နေ၍ မရချေ။ သူမကလည်း သူမ၏ ဒီလျှောက်လမ်းကို အမျိုးမျိုးသော အမှိုက်များနှင့် မပြည့်ချင်ပေ။ သို့သော် သူမက အနာဂတ်တွင် အပြင်သို့တစ်ယောက်တည်း ထွက်သွားခဲ့သော် အခြားသောသူများ ရှာတွေ့သွားမည့်အချက်ကလည်း ရှိနိုင်သေးသည်။
“ကျွတ်”
သူမက တွေးလေလေ ပို၍စိတ်ရှုပ်လေလေ ဖြစ်လာသည်။ လူသတ်ချင်စိတ်က ထွက်ပေါ်လာပြန်သည်။
ယဲ့ယွီအန်းက နေရာလပ်နယ်မြေထဲမှ ပစ္စည်းများကို ထုတ်ကာ ခပ်မြန်မြန် ချက်ပြုတ်စားသောက်ပြီး ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် ထိန်းရသည်။
မိုးမုန်တိုင်းကပ်ဘေး အဆုံးသတ်မည့်ကာလက တဖြည်းဖြည်း နီးကပ်လာသည်။ ဒီသုံးလအတွင်းတွင် လူမှုအဆင့်အတန်းနှင့် နေထိုင်မှု ပုံစံမျိုးက လုံးဝပြိုလဲကျကာ လှုပ်ခါနေပြီးသား ဖြစ်သည်။ အစိုးရဘက်မှ ထောက်ပံ့မှုများကလည်း အနိမ့်ဆုံးအဆင့်သို့ ထိုးကျသွားပြီးသား ဖြစ်၏။ ရပ်ကွက်ထဲမှ အဆောက်အဦးများ၏ ဝရုန်းသုန်းကား အခြေအနေက အတော်လေးကို ဆိုးလာသည်။ သို့သော် ရှုရှင်းတို့နေသော အဆောက်အဦးကမူ ချွင်းချက်ဖြစ်ပြီး အတော်လေးကို တိတ်ဆိတ်လေသည်။
ဒီသုံးလအတောအတွင်းတွင် ယန်မော့နှင့်မူချီမိုင်တို့၏ ငရဲဆန်သော လေ့ကျင့်မှုများကြောင့် ရှုရှင်းနှင့်ပုရှန်းဝမ်တို့၏ တိုးတက်မှုများက ထင်ရှားလာသည်။ အရှိန်မမြန်သော်လည်း လျှင်မြန်သေး၏။ သူတို့၏ ခန္ဓာကိုယ်ပေါ်မှ သိသာထင်ရှားသော အဆီပို တစ်ခုကိုမှ မမြင်ရတော့ချေ။ သူတို့၏ ရုပ်ရည်များကမူ အများကြီး ပြောင်းလဲသွားသည်။ သို့သော် ပို၍ တက်ကြွလာပုံရသည်။
မိုးမုန်တိုင်းက သိသိသာသာ နည်းပါးသွားသည်။ လူအများကလည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားရန် မျှော်လင့်နေကြ၏။ ရှုရှင်းတို့က လှေကားအောက်ဖက်သို့ မဆင်းသည့်တိုင်အောင် လူများ၏ကျယ်လောင်ကာ စိတ်လှုပ်ရှားနေသော အသံများကတဆင့် အခြေအနေကို နားလည်နိုင်သည်။
29 02
မျှော်လင့်ထားသည့်အတိုင်းပင် မိုးမုန်တိုင်းက သုံးရက်ခန့် ကြာပြီးနောက် ညနေပိုင်းတွင် အဆုံးသတ်သွားသည်။ မိုးမုန်းတိုင်းက ရပ်တန့်သွားသောအခါ နေရာအမျိုးမျိုးမှ လူများကလည်း အော်ဟစ်အားပေးသံများကို ထုတ်လွှတ်ကြသည်။ ကပ်ဘေးကို ကျော်လွှားနိုင်ခဲ့သည့်အတွက် အောင်ပွဲခံကြ၏။ သူတို့၏ဘဝက ပုံမှန်အတိုင်း ပြန်ဖြစ်တော့မည်ဟု ထင်နေကြသည်။
ဆယ့်ရှစ်လွှာအထိ တက်နေခဲ့သော ရေကလည်း လျှင်မြန်စွာ ပြန်ကျသည်။ နေ့တဝက်တည်းနှင့်တင် ဆယ်လွှာသို့ ပြန်ကျသွားသည်။ လူအများကလည်း သူတို့ ပိုင်ဆိုင်မှုများကို ပြန်လည် ထုပ်သိမ်းနေပြီး အချိန်မရွေးအိမ်သို့ ပြန်ရန် ပြင်ဆင်နေကြ၏။
ရှုရှင်းသည်လည်း မိုးရပ်သွားသည်နှင့် လွန်ကဲလွန်းသော အအေးက ရောက်ရှိလာတော့မည်မှန်း သိထားသည်။ ထို့ကြောင့် နောက်ပိုင်း ရောက်လာမည့် အအေးကို ရင်ဆိုင်နိုင်ရန် အလို့ငှာ နေရာလပ်နယ်မြေမှ အအေးဓာတ်အား ကာကွယ်မည့် ပစ္စည်းများကို ထုတ်ထားလိုက်သည်။ သူမက မီးဖိုအပါအဝင် သိပ်သည်းသောအလွန်ထူလွန်းသည့် စောင်ကြီးများအလွန်ထူသော မွေ့ရာခင်းများ၊ မွေ့ရာများ၊ အနွေးထည်များ၊ အပူပေးအိတ်များ စသဖြင့်အားလုံးကို ထုတ်ထားလေသည်။
ထိုသို့ဖြင့် တစ်ခန်းလုံးကို ပြင်ဆင်ပြီးမှသာ ရပ်တန့်သွားခဲ့သည်။ ရှုရှင်းက ထိုပစ္စည်းများကို ထုတ်ယူပြီးနောက် ယန်မော့ကလည်း ပုရှန်းဝမ်နှင့် မူချီမိုင်တို့အား အပေါ်ထပ်သို့ တက်၍ ပစ္စည်းများကို ရွေ့စေသည်။ သူတို့လေးယောက်လုံးက ထိုတစ်ညနေလုံးနှင့် နောက်ထပ် ညတဝက်ခန့် အချိန်သုံးပြီးမှသာ ပြင်ဆင်မှုများအားလုံးကို လုပ်ပြီးသွားလေသည်။
အကြီးဆုံးသောမီးဖိုကြီးကိုဧည့်ခန်းထဲတွင် တပ်ထားသည်။ ဒီနည်းအားဖြင့် ကြမ်းပြင်အပူပေးစနစ်ကတဆင့် တစ်အိမ်လုံးကို အပူပေးနိုင်မည် ဖြစ်သည်။ အငွေ့မထွက်သောမီးဖိုက ပြောင်မြောက်သောအပူ ထုတ်လုပ်နိုင်စွမ်းရည် ရှိသည့်အလျောက် သူတို့ အိပ်စက်ရာ အခန်းထဲတွင် တပ်ဆင်ထားနိုင်သည်။ အလွန်ထူလွန်သော မွေ့ရာ လေးထပ်၊ ငါးထပ်ခန့်ကိုလည်း အိပ်ယာပေါ်တွင် တင်ထား၏။ ထို့နောက် အလွန်ထူသော ဂွမ်းကပ် လေးထပ်ခန့်ကိုလည်း ထပ်ခင်းထားသေးသည်။ ထို့နောက် အလွန်ထူသော စောင်သုံးထည်၊လေးထည်ခန့်ကိုလည်း အသီးသီးပြင်ဆင်ထားကာ အိပ်စက်နေရင်း အေးပြီး မခဲသွားစေရန်အလို့ငှာ ပြင်ဆင်ထားကြသည်။
ကြမ်းပြင်ပေါ်တွင်လည်း အလွန်ထူထဲသော ကောဇောကို ခင်းထားပြီးသား ဖြစ်သည်။ တံခါးလက်ကိုင်နေရာများကိုပင် အကာအကွယ် အပြည့်ပေးနိုင်သော လက်ကိုင်မျိုးကို တပ်ထားသည်။
ရေအဆင့်က တစ်ရက်တည်းနှင့်ကို ကျသွားသည်။ ထိုနေ့ရက်က နတ်ဘုရားက လူသားမျိုးနွယ်ကိုပေးသည့် နောက်ဆုံးသော အသက်ရှူချိန်ဖြစ်လောက်သည်။ အချိန်က ပြည့်သွားသည်နှင့် လွန်ကဲလွန်းသော အအေးနှင့် ပို၍ရက်စက်သော ဒဏ်ကို ခံစားကြရတော့ပေမည်။
အခွင့်အရေးကို အရယူနိုင်သောသူများက အပြင်သို့ထွက်ကာ စားစရာရှာကြလျှင် လွန်ကဲသောအအေး၏ အစောပိုင်းအဆင့်တွင် အခြေအနေ ကောင်းနိုင်သေးသည်။ သို့သော် ထိုလူများက အခွင့်အရေးကို အမိမဖမ်းကြပေ။
လူများက မိုးမုန်တိုင်းပြီးဆုံးသွားသည့်အတွက် ပျော်ရွှင်မှုအတွက် မွေ့လျော်နေကြပြီး သူတို့၏ရှင်သန်မှုအတွက် အောင်ပွဲခံနေကြကာ ပို၍ကြီးမားသော အန္တရာယ်ကြီးက ချဉ်းကပ်လာနေကြောင်း မသိသေးပေ။ ညသန်းခေါင်တွင် အပူချိန်က ရုတ်တရပ် ထိုးကျသည်။ အိမ်ထဲမှ အပူပေးစက်များကို ဖွင့်ထားပြီးသားဖြစ်ပြီး ကြမ်းပြင် အပူပေးစနစ်ကလည်း နွေးထွေးမှုကို ဆက်တိုက်ပေးနေပြီးသား ဖြစ်သည်။
ထို့ကြောင့် ရှုရှင်းသည် ပြတင်းပေါက်နားတွင် စောင်ခြုံရင်း သုညအထက် 20℃မှ သုညအောက်ဖက်သို့ ချက်ချင်းထိုးကျသွားသော သာမိုမီတာကို ကိုင်ထားကာ ကြည့်နေသည်။ အရှိန်နှုန်းက မြန်ဆန်လွန်လေသည်။
ထိုအပူချိန်က ဆက်တိုက်ကျနေသည်။ ဒီညတွင် လူပေါင်းများစွာက တိတ်ဆိတ်စွာ အိပ်ပျော်နေရင်း ခဲသေသွားနိုင်မှန်း မသိသေးပေ။
သူမ၏ ခြေထောက်အောက်မှ ပြတင်းပေါက်က မိုးများ စိုစွတ်နေသေးသည်။ သို့သော် ယခုအခါ ဖြူဖွေးသော နှင်းတစ်လွှာ စိုင်းလာသည်။ ရှုရှင်းကမူ ထိုပြတင်းပေါက်ကို ကြည့်လိုစိတ်မရှိပါပေ။ ဒီအတိုင်း လိုက်ကာကိုသာ ဆွဲချလိုက်ပြီး တစ်ဖက်သို့ ပြန်လှည့်ကာ အိပ်ယာထဲတွင် ပြန်လဲနေလိုက်သည်။
29 03
ဒီလောက၏ ဖွံ့ဖြိုးတိုးတက်မှုကို ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။ သူမသည်လည်း ဒီလောကမှ ရှင်သန်မှုကို အမှန်တကယ် ကျင့်သားမရနိုင်သေးပေ။ သူမသည် ဒီလောကတွင် တစ်ယောက်တည်း ရှင်သန်ရန်လည်း ခက်သည်။ သူမက အခြားသောသူများကိုလည်း အကူအညီ မပေးနိုင်ပေ။ ယခုလို ပြင်းထန်လွန်းသော ကပ်ဘေးကို ရင်ဆိုင်ရသည့်အခါ နဂိုက အာဏာကြီးများ အရင်းအမြစ် အပြည့်ကို ပိုင်ဆိုင်ထားသော အာဏာပိုင်များ၏ လုပ်နိုင်စွမ်းအားကပင် အကန့်အသတ်နှင့် ဖြစ်သည်။
နောက်တစ်နေ့မနက်ခင်းတွင် လူတိုင်းက နိုးထလာသောအခါ အပူချိန်က ကြောက်စရာ ကောင်းလောက်အောင် ထိုးကျနေကြောင်းကို ရှာတွေ့လိုက်ကြသည်။ သူတို့သည် တုန်ယင်သွားကြပြီးနောက် စောင်များဖြင့် ပတ်လိုက်သည်။ သို့သော် တစ်ဖက်သို့ လှည့်လိုက်သောအခါ နံဘေးတွင် ရှိနေသော သူများက ခဲတောင့်ပြီး အသက်မရှူတော့ကြောင်း မြင်ရမည် ဖြစ်သည်။
ထိုသို့ဖြင့် ယူကြုံးမရဖြစ်သည့် အော်ဟစ်သံများကလည်း အဆောက်အဦးများအနှံ့ ပြန့်နှံ့၍ ထွက်လာသည်။ သူတို့အားလုံးသည်လည်း သူတို့၏ ချစ်ရသောသူများက သူတို အိပ်စက်နေချိန်တွင် ခဲသေသွားကြကြောင်းကို နိုးလာချိန်တွင် တွေ့သွားကြသည်။ ယခင် တစ်ရက်ကတင် သူတို့သည်လည်း မိုးမုန်းတိုင်းက အဆုံးသတ်သွားသည့်အတွက် ပျော်ရွှင်နေကြသေးသည်။ နောက်တစ်ရက်တွင်မူ သူတို့ကို ပို၍ကြောက်စရာ ကောင်းသောအရာများက စောင့်ကြိုနေကြသေးသည်။ တစ်ညပြီးနောက် အကုန်မကျသေးသော ရေက တိုက်ရိုက်ခဲသွားသည်။ ဘေးဘီကို ကြည့်မည်ဆိုပါက ဖြူဖွေးနေသည်ကိုသာ မြင်ရမည် ဖြစ်သည်။ နှင်းနှင့် ရေခဲလောကကြီးနှင့်ပင် တူ၏။ နှေးကွေးစွာ တုန့်ပြန်နိုင်သောသူများကလည်း သေသူများကပင် ကမ္ဘာ့အဆုံးသတ်ကာလကြီး ဖြစ်လောက်မည်ဟု ခံစားလာကြရသည်။ ထိုသို့ဖြင့် သေဆုံးသွားသောသူများကြောင့် ဝမ်းနည်းမှု မျှော်လင့်ချက်ကင်းမဲ့မှုများက သူတို့၏စိတ်ပိုင်းဆိုင်ရာ တောင့်ခံနိုင်စွမ်းအားကို ထိခိုက်နိုင်သည်။ ပို၍ရက်စက်သော လောကကြီးကို လက်မခံနိုင်အောင် ဖြစ်လာကြသည်။
မိုးမုန်တိုင်းကာလအတွင်း ပြစ်မှုများကို ကျူးလွန်ခဲ့သော လူတစ်အုပ်ကမူ မတူညီသော အတွေးမျိုးနှင့် ဖြစ်သည်။
သည်းထန်သောမိုးက ရပ်တန့်သွားသည်။ သူတို့ကဲ့သို့သော ဒုက္ခအများကြီး လုပ်ထားသော သူများကလည်း အကျဉ်းထောင်ထဲသို့ ပစ်ထည့်ခံရမည်ကို အစိုးရိမ်ဆုံးဖြစ်ပြီး တစ်နေ့လုံး ကြောက်လန့်နေခဲ့ရသည်။
ယခုလိုမျိုး လွန်ကဲလွန်းသော အအေးရောက်ရှိလာမှုကမူ သူတို့ကို စိတ်အေးစေသည်။ ထို့အပြင် အင်တာနက်ပေါ်တွင် ပြောသည့်အတိုင်း သူတို့က ကမ္ဘာ့အဆုံးသတ်ကာလဟုပင် ယုံကြည်သွားကြသည်။ ထိုသို့ဆိုလျှင် သူတို့၏ ဆိုးရွားသော လုပ်ရပ်များကို လာရောက်ပြီး စာရင်း ရှင်းကြတော့မည် မဟုတ်ပေ။ သူတို့သည် ချုပ်ထိန်းမှု မရှိဘဲ နေနိုင်သည်။ ထိုသို့ဖြင့် နှစ်ထောင်ပေါင်းများစွာ အချိန်ယူကာ တည်ဆောက်ထားခဲ့ရသည့် အစီအစဉ်တကျ လည်ပတ်နေသော လူနေထိုင်မှု စနစ်ကြီးကလည်း အအေးကြောင့်နှင့် လုံးဝ အဆုံးသတ်သွားလေသည်။
******