အခန်း ၃၇
Vol. 4 Ch. 37
37 01
အပိုင်း (၃၇) ပထမဦးဆုံးလူသတ်မှု
လူမိုက်များက ရှုရှင်းတို့နှင့် နီးသော ဝင်ပေါက်မှတဆင့် ရပ်ကွက်ထဲသို့ ဝင်ရောက်ခဲ့ကြခြင်းဖြစ်သည်။ ဤနေရာကလည်း ယဲ့ယွီအန်းနေသော တိုက်ခန်းနှင့်အလွန်ဝေးကွာလေသည်။
သို့သော် ကမ္ဘာကပ်ဘေးတွင် နှစ်ပေါင်းများစွာ ရုန်းကန်နေခဲ့သော ယဲ့ယွီအန်းက အလွန်သတိကြီးသည်။ သေနတ်ပစ်သံကို အလွန်အမင်းအထိမခံ ဖြစ်၏။ ထို့ကြောင့် သူမကိုယ်သူမ သေချာပြင်ဆင်ပြီးသည်နှင့် လက်နက်ကို ယူကာ ထွက်လာခဲ့လေသည်။
ယန်မော့နှင့် ရှုရှင်းတို့က လူမိုက်များ၏ သဲလွန်စကို ရှာတွေ့သောအခါ သူတို့ဟာ အဆောက်အဦးကြီးတစ်ခုလုံးကို အပြောင်သိမ်းနေကြခြင်း ဖြစ်သည်။ အဆောက်အဦး၏ တံခါးနားတွင်လည်း လတ်လတ်ဆတ်ဆတ် သေထားသော အလောင်းများကိုလည်း ကြုံသလို ပစ်ထုတ်ထားကြောင်း မြင်ရသည်။ ထိုထဲတွင် ကြည့်ကောင်းငယ်ရွယ်သောမိန်းကလေး နှစ်ယောက်သုံးယောက်ခန့်ကိုမူ ကြိုးနှင့်ချည်၍ ကားပေါ်သို့ ပစ်တင်လိုက်သည်။
အခြားတစ်ဖက်ခြမ်းတွင် လူဆယ်ယောက်ကျော်ရှိသည်။ သူတို့က ဗန်ကား သုံးစီး ရပ်ထားခြင်းဖြစ်ပြီး လူငါးယောက်ကလည်း ထိုကားကို ဝိုင်းကာ သေနတ်အပြည့် ကိုင်ဆောင်၍ သတိအပြည့်နှင့်စောင့်ကြည့် နေကြသည်။ ကျန်သော သူများက ထိုရပ်ကွက်ထဲမှ အမျိုးသမီးများနှင့် ပစ္စည်းများကို အပြောင်သိမ်းနေခြင်း ဖြစ်သည်။
“တစ်ခုခု ကောင်းတာများရှိလို့ ပြန်ယူသွားနိုင်မလားတော့မသိဘူး။ အိမ်က အဲဒီ အမှိုက်တွေက ကစားရတာ ပျင်းစရာ ကောင်းနေပြီ”
“ဟီးဟီး ဒီသုံးယောက်က အဲဒီလောက်ထိ ကြည့်မကောင်းရင်တောင်မှ ငယ်တယ်လေ ဆိုတော့ ကြက်ပေါက်လေးတွေပဲ ရှိသေးတာ။ ကြက်ပေါက်လေးတွေက ပိုပြီး ပျော်စရာ ကောင်းလိမ့်မယ်”
“ဟားဟား ဟားဟား မင်းက ဒီလိုမှန်း ငါ မထင်ထားဘူး”
ထိုအမျိုးသားများက ယခုလေးတင် ခေါ်လာကာစ မိန်းကလေး သုံးယောက်ကို ဆာလောင်တပ်မက်သော အကြည့်မျိုးနှင့်ကြည့်ပြီး ရွံစရာကောင်းသော စကားများကို ပြောနေကြသည်။ ကောင်မလေးသုံးယောက်ကို အလွန်ထိတ်လန့်သွားစေပြီး မျက်နှာများက ဖြူဆုပ်ကုန်သည်။ သူတို့ သုံးယောက်က အတူ ကွေးနေကြကာ တည်ရှိမှုကို ချုံ့နိုင်အောင် ကြိုးစားသည်။
ယန်မော့တို့က မည်သည့် ခံစားချက်မှ မပြသကြချေ။ ယန်မော့နှင့် မူချီမိုင်ကဲ့သို့ မီးခိုးရောင်နှင့် အနက်ရောင်လောကထဲတွင်ကျင်လည်ခဲ့ကြပြီး ထိတွေ့ခဲ့ဖူးသော သူမျိုးကို မဆိုထားဘိ မိသားစုကြီးမှ ကြွယ်ဝသော သခင်လေးအဖြစ် မွေးဖွားလာသော ပုရှန်းဝမ်ကပင် အမှောင်ဘက်ခြမ်းများကို မြင်ဖူးသည်။
ရှုရှင်းကသာ ထိုအမှောင်ဘက်ခြမ်းကို မမြင်ဖူးသူ ဖြစ်သည်။
သူမကလည်း အရာအားလုံးအတွက် ကိုယ့်ကိုယ်ကိုယ် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်သည်။
ဒါဟာ ကမ္ဘာ့အဆုံးသတ်ကာလ၏ အစောပိုင်း ရက်များသာ ဖြစ်သည်။ လောက၏အမျိုးသမီးများကို ရက်စက်မှုက စတင်ပြသနေလေသည်။
အမျိုးသမီးအများစုက အင်အားချင်းယှဉ်သော် ခွန်အားချင်းယှဉ်သော် အမျိုးသားများထက် သိသိသာသာ အားနည်းသည်။ အမျိုးသားများထံမှ ဖိနှိပ်မှုကို ရင်ဆိုင်ရသောအခါ သူတို့၏ တွန်းလှန်နိုင်စွမ်းရည်က သုညနီးပါးဖြစ်သည်။ ထို့အပြင် အသက်အရွယ်ကြီးသော သူများ ကလေးများကလည်း ကပ်လိုက်လာသည်။ ထိုသို့ဖြင့် အခုလို ပစ်မှတ်ထားရလွယ်သည်။
ကံကောင်းသော သူများကမူ အနိုင်ကျင့်ခံရပြီးနောက် သူတို့၏ သဘာဝ စွမ်းအင်က နိုးထလာလေသည်။ ထိုသို့ဖြင့် အနိုင်ကျင့်ခံရမှုက လွတ်မြောက်နိုင်သည်။
ကံဆိုးရှာသော သူများကမူ ကမ္ဘာကပ်ဘေးကာလ၏ အစောပိုင်းတွင်ပင် မရှင်သန်နိုင်ကြဘဲ သဘာဝလွန်စွမ်းအားများ နိုးထမည့် အခွင့်အရေးကိုပင် မရရှိခဲ့ဘဲ အဆုံးသတ်သွားရသည်။ ထိုသို့ဖြင့် ကလဲ့စားချေနိုင်စွမ်းရည် မရှိတော့ပါပေ။
ယေဘုယျအားဖြင့် ပတ်ဝန်ကျင်လောကကြီးက ထိုသို့သာ ဖြစ်သည်။ လောကကို မပြောင်းလဲနိုင်ပေ။ ကိုယ့်ကိုယ်ကိုယ်သာ ပြောင်းလဲရုံသာ ရှိတော့ပေမည်။ မမျှတမှုများကို တွန်းလှန်ရန် ကိုယ့်ကိုယ်ကိုယ် အားပေးပြီး ကံကြမ္မာကို အံတု ရင်ဆိုင်တိုက်ခိုက်ရန် စွမ်းအားများကို ရယူ တိုက်ခိုက်ရတော့ပေမည်။
အမျိုးသားတစ်ယောက်က တစ်ယောက်တည်း ထွက်လာသည်။ ထိပ်ဆုံးမှ ယန်မော့ကလည်း အမူအရာတစ်ခုပြသည်။ မူချီမိုင်ကလည်း နားလည်သွားပြီး ခန္ဓာကိုယ်ကို ကျုံ့ကာ ထိုအမျိုးသားနောက်သို့ ကပ်လိုက်သွားသည်။
37 02
သုံးမိနစ်ခန့်ပင် မကြာသေးခင် မူချီမိုင်က နဂိုနေရာသို့ ပြန်ရောက်လာသည်။ ထွက်သွားသော အမျိုးသားကို ရှင်းလင်းပြီးသွားလေပြီ။
ထို့နောက် လေးယောက်ကျန်သည်။ တစ်ယောက်တစ်ချက်စီ သပ်သပ်ရပ်ရပ် ရှင်းလင်းလိုက်ကြသည်။
သေနတ်က အသံပိတ်ဖြစ်သည်။ ထို့ကြောင့်အတွင်းမှ ပစ္စည်းများကို သိမ်းကြုံးယူနေသော လူများက မသိသွားပါပေ။
ရှုရှင်းက သူမ၏ ခပ်ကျယ်ကျယ်အင်္ကျီလက်ကို အကာအဖြစ် သုံးခြင်းအားဖြင့် သူမ၏ တုန်နေသော လက်ကို ဝှက်ထားသည်။ သူမက ပထမဦးဆုံးအကြိမ် အသက်တစ်သက်ကို အဆုံးသတ်ဖူးခြင်း ဖြစ်သည်။ ထို့ကြောင့် မြင်ရသလောက် မတည်ငြိမ်နေပါချေ။
သေနတ်ကိုင်ထားသော တုန်ယင်နေသောလက်ကို နောက်ထပ် ခြောက်သွေ့ကာ နွေးထွေးသောလက်တစ်စုံက လာကိုင်သည်။ မော့ကြည့်လိုက်သောအခါ နက်ရှိုင်းသော မျက်ဝန်းတစ်စုံနှင့်တိုးသည်။
ထိုမျက်ဝန်းထဲမှ ပူပန်မှုနှင့် ညင်သာမှုများက ရှုရှင်း၏ကူကယ်ရာမဲ့မှုနှင့် စိတ်ရှုပ်ထွေးမှုများအားလုံးကို ချော့မြူပေးလိုက်သည်။ သူမ၏ နှလုံးသားကလည်း နွေးထွေးသော စမ်းရေဖြင့် စိမ်လိုက်ရသလိုမျိုး ခံစားလိုက်ရ၏။ အေးစက်ကာ တောင့်တင်းနေသော လက်ချောင်းများကလည်း အသိစိတ်ပြန်ရလာသည်။
စက္ကန့်အနည်းငယ်တည်းနှင့်တင် ယန်မော့က ရှုရှင်းအား ကြောက်စရာကောင်းသည့် ခွန်အားများ အပြည့်ပေးလိုက်သည်။
ရှုရှင်း၏ နှုတ်ခမ်းထောင့်က ကော့တက်သွားပြီး ချော့မြူခံရသလိုမျိုး ပြုံးသည်။ သူမက အဆင်ပြေကြောင်း ပြန်ပြောပြ၏။ ယန်မော့ကလည်း သူ၏မျက်လုံးဖြင့် ရှုရှင်းကို သေချာကြည့်ပြီး အဆင်ပြေကြောင်းအား ထပ်ခါတလဲလဲ အတည်ပြုပြီးမှသာ နောက်ထပ် စီစဉ်စရာရှိသည့် အရာများကို ထပ်မံပြီး စီစဉ်ပေးလေသည်။
******