အခန်း ၃၉
Vol. 4 Ch. 39
39 01
အပိုင်း (၃၉) လက်နက်တိုက်
နှစ်လတည်းနှင့်တင် မြို့တော် A မှ ခိုလှုံရေးစင်တာသို့ သွားရောက်နေထိုင်သူ အရေအတွက်က ခုနှစ်သောင်းသို့ရောက်သွားသည်။ ဒုက္ခသည်ကို ဝင်ဆံ့သော ပမာဏကို များစွာကျော်လွန်နေပြီ ဖြစ်သည်။ ထို့ကြောင့် ထိုနေရာက လူအလွန်အုံနေသည်။ သို့တိုင်အောင် ဒုက္ခသည် အသစ်များက နေ့တိုင်းလိုလို ရောက်ရှိလာသေးသည်။
ထို့ကြောင့် ရိုးရှင်းစွာ ပြင်ဆင်ထားသော ကြီးမားသည့် ခေါက်ကုတင်ကြီးများက ပုံမှန်အားဖြင့် လူအယောက်တစ်ရာခန့်သာ ဝင်ဆန့်ခဲ့ရာမှ ယခုမူ တစ်ထောင်ထက်ပင် မနည်းအုံနေသည်။
ဝန်ထမ်းများက နေ့စဉ်စားစရာများကို ဝေပေးရန် လမ်းကြောင်းကလွဲပြီး အခြားသော နေရာ မရှိတော့ပါပေ။
အစပိုင်းတွင်မူ ထိုခိုလှုံရေးစင်တာတွင် လူနည်းသည်။ ထို့ကြောင့် တစ်နေ့လျှင် သုံးနပ်စားရန်အတွက် ပြဿနာမရှိပေ။ သို့သော် လူအရေအတွက်က မြောက်များလာသည်နှင့်အမျှ ဝေပေးသော စားစရာများ၏အရေအတွက်ကလည်း နည်းပါးသထက် နည်းပါးလာသည်။ ယခုအခါ လူတစ်ယောက်လျှင် နေ့တိုင်းလိုလို ရရှိနိုင်သမျှက ပေါင်မုန့်တစ်ထုပ် သို့မဟုတ် ဘီစကစ် အိတ်ကြီး တစ်အိတ်နှင့် ရေသန့်ဗူးတစ်ပုလင်းသာ ရှိတော့သည်။ အိမ်တစ်အိမ်ထဲတွင် လူထောင်ကျော် နေထိုင်နေရသောကြောင့် အမျိုးမျိုးသော လူများက ရောနှောနေသေးသည်။ အစိုးရက ခွဲဝေပေးသော စားစရာများကလည်း လူကို ငတ်မသေရုံသာ ထောက်ပံ့ပေးနိုင်ခြင်း ဖြစ်သည်။ သူတို့၏ ဗိုက်အပြည့် စားရန်ကမူ မတွေးတောသင့်ပေ။
သူတို့၏ ဗိုက်ကို အပြည့်ဖြည့်ရန် စားစရာများ ဖြည့်ရန် အလို့ငှာ လူအများက ပို၍သာ ကြိုတင်ဖန်တီးလာကြ၏။ အချို့သော သူများကလည်း အခြားသော သူများအိပ်နေသည့်အချိန်တွင် ထိုသူများ ဖွက်ထားသည့် စားစရာများကို လုကြသည်။ သို့မဟုတ်လျှင်လည်း အားနည်းသူများထံမှ စားစရာများကို လုရန် ကြိုးစားကြသည်။
ထိုကိစ္စက ဝန်ထမ်းများသို့ တင်ပြလိုက်လျှင် ကိစ္စအကြီးကြီးဖြစ်သည်။ သို့ရာတွင် နှစ်ဖက်လုံးကလည်း ကိုယ်ပိုင်ထင်မြင်ချက်ရှိနေလေရာ မည်သူကမှလည်း သက်သေကို ရှာမတွေ့ကြသည့်အခါ ထိုကိစ္စများက ဒီအတိုင်း ပြီးဆုံးသွားကြသည်က များသည်။
မည်သို့ပင်ဆိုစေ ထိုကဲ့သို့သော စင်တာမျိုးတွင် ဝန်ထမ်းအရေအတွက်က အကန့်အသတ်နှင့် ဖြစ်သည်။ စီမံခန့်ခွဲရမည့် လူများကလည်း များပြားသည်။ ထို့ကြောင့် ရှုပ်ထွေးမှုများက တစ်ချိန်လုံးလိုလို ဖြစ်နေတတ်သည်။ မည်သည့်အချိန်တွင် မည်သည့်ကိစ္စဖြစ်မည် မည်သည့်အချိန်တွင် မည်သည့်ကိစ္စဖြစ်မည်ဖြစ်ကြောင်း မသိနိုင်ပေ။ ထို့ကြောင့် အများစုကမူ မမြင်ချင်ယောင်သာ ဆောင်ကြရတော့သည်။ သို့မဟုတ်ပါက သူတို့၏အမျိုးမျိုးသော အရေးမပါသည့် ကိစ္စများကို ကိုင်တွယ်ဖြေရှင်းနေရုံဖြင့် အားလပ်တော့မည် မဟုတ်ပေ။
ခိုလှုံရေးစင်တာ၏ အခန်းထောင့်တစ်နေရာတွင်
“ဟန်ရွှီကော ဒီနေရာက နေထွက်သွားပြီး ရပ်ကွက်ကိုပဲ ပြန်ရအောင်> ငါ ဒီလို ဘဝမျိုးမှာ ဆက်မနေနိုင်တော့ဘူး”
ဝမ်ယာယွန်က တုဟန်ရွှီ၏ လက်မောင်းကို ဖက်ထားရင်း အထွန့်တက်သည်။
“ငါတို့ပြန်လို့ မရဘူး။ ငါတို့ ပြန်သွားခဲ့ရင် သေချာပေါက်သေမှာ။ အဲဒီအရူးမ ယဲ့ယွီအန်းက ရပ်ကွက်ထဲမှ ဘယ်လိုလုပ်လဲ မသိဘူးလား။ ငါတို့ကို သူမကို ပြဿနာရှာတော့ အဲ့ဒီလူတွေကို စေလွှတ်ထားတာကို သူမသိသွားပြီး ဒီလောက် လူတွေ အများကြီးကတောင် သူမကို ဘာမှ မလုပ်နိုင်ဘူး။ ဆိုတော့ အဲဒီကို ပြန်သွားတာက ထောင်ချောက်ထဲကို ခုန်ဝင်သွားတာနဲ့ ဘာခြားတော့မှာလဲ”
တုဟန်ရွီ၏ မျက်နှာက ဖြူစုတ်နေသည်။ သူမကမျက်လုံး ပြူးကျယ်စွာ အော်သည်။
တုဟန်ရွှီ၏ စကားကို ကြားသော် ဝမ်ယာယွန်ကလည်း ထိုနေ့ကို ပြန်တွေးမိကာ လန့်သွားသည်။ သူမ၏ နှုတ်ခမ်းကလည်း တဆတ်ဆတ် တုန်သွားပြီးနောက် ခေါင်းပြန်ငုံ့သွားသည်။
ယခင်က သူတို့သည် ရပ်ကွက်ထဲမှ အဆောက်အဦးခေါင်းဆောင်တစ်ယောက်ကို ဖြောင့်ဖျ၍ ထိုခွေးမ ယဲ့ယွီအန်းကို ကိုင်တွယ်ချင်ခဲ့သည်။ သူတို့သည်လည်း ယဲ့ယွီအန်း၏ အခြေအနေက မည်သို့ ဆိုးရွားသွားသည်အား ကိုယ်ပိုင် မျက်လုံးဖြင့် မြင်ချင်ခဲ့ကြသည်။ ထို့ကြောင့် ထောင့်တစ်နေရာကို ရှာကာ ယဲ့ယွီအန်းကို ဝိုင်းထားသော လူတစ်အုပ်ကို စောင့်ကြည့်ခဲ့ကြလေသည်။
39 02
သို့သော် ယဲ့ယွီအန်က လုံးဝခြားနားသော လူတစ်ယောက် ဖြစ်သွားမည်ဟု မည်သူကမှ မထင်ထားခဲ့ပေ။ သူမသည် ယခင်က သူတို့၏ ထင်မြင်ချက်ထဲမှ အားနည်းပြီး ကူကယ်ရာမဲ့နေသော ကောင်မလေးမျိုး မဟုတ်တော့ပေ။ သူမ၏ အမူအရာက အေးစက်သည်။ လှုပ်ရှားမှုများကလည်း ဖြတ်လတ်၏။ ထိုလူများက ဓားတစ်ချက်ယမ်းရုံဖြင့် လဲကျကုန်သည်။ နွေးထွေးသော သွေးများက သူမ၏ မျက်နှာကို စင်သည်။ သို့သော် အမူအရာကမူ မပြောင်းလဲသွားခဲ့ပါချေ။
တုဟန်ရွှီနှင့်ဝမ်ယာယွန်တို့သည် ထိုဖြစ်စဉ် တစ်ခုလုံးကို မျက်မြင်တွေ့ကြုံခဲ့ရသည်။ သူတို့ဟာ အမှောင်ထဲတွင် နေပြီး ရေခဲဂူထဲသို့ ကျနေသလို ခံစားခဲ့ရသည်။ အပူချိန်က သုညအောက်လေးဆယ်ဒီဂရီ နီးပါးဖြစ်နေပြီး သူတို့က ချွေးပြိုက်ပြိုက်ကျနေသည်။
ယဲ့ယွီအန်းက သူတို့ကိုပြဿနာရှာမည်ကို ကြောက်ရွံ့သောကြောင့် တုဟန်ရွှီနှင့် ဝမ်ယာယွန်တို့ နှစ်ယောက်လုံးလုံး ပစ္စည်းများကိုပင် ပြန်လည်မထုပ်ပိုးရဲတော့ဘဲ ရပ်ကွက်ထဲမှ ထွက်ကာ ခိုလိုရေးစင်တာသို့ အပြေးလာခဲ့ခြင်း ဖြစ်သည်။
ဝမ်ယာယွန်၏စကားက တုဟန်ရွှီ၏ အထိမခံနိုင်သော သွေးကြောများကို လှုပ်ခတ်လိုက်သလို ဖြစ်သွားသည်။ ငယ်စဉ်ကတည်းက ကောင်းမွန်သော ပတ်ဝန်းကျင်တွင်သာ နေထိုင်ခဲ့ပြီး ယခုလိုမျိုး ခက်ခဲမှုဒဏ်ကို မခံစားခဲ့သော သူက ပို၍သာတောင့်မခံနိုင်အောင် ဖြစ်လာသည်။ သူသည် ယခုအခါ လုံလောက်သော စားစရာများကိုလည်း မရတော့ပါချေ။ အမျိုးမျိုးသော အနံ့ရှိသော အခန်းထဲတွင်သာ နေနေရသည်။ ထို့အပြင် အမျိုးမျိုးသော လူပေါင်းများစွာနှင့်အတူ ကြီးမားသော ကုတင်ကြီးတွင် တိုးကာ အိပ်ရသည်။ အိပ်ချိန်အတောအတွင်းတွင်လည်းကလေးငိုသံ ရန်ဖြစ်သံကဲ့သို့ အနိမ်အမြင့် အတက်အကျ သံများကိုလည်း ကြားရသည်။ ညဘက်တွင်လည်း ဟောက်သံ အံကြိတ်သံ အိပ်နေရင်း စကားပြောသံ အမျိုးမျိုးတို့ဖြင့် သည်းခံကာအိပ်ရသည်။
နှစ်လနီးပါးခန့် ကြာသွားသည်။ သူ၏ နားက တစ်ချိန်မှ မငြိမ်းချမ်းခဲ့ပေ။ ထိုအရာများအားလုံးက တုဟန်ရွှီ၏ သွေးကြောများကို ဆက်တိုက်ဆိုသလို လှုံ့ဆော်နေခဲ့သည်။ ဝမ်ယာယွန်၏ ယခုစကားက နောက်ဆုံးသော သွေးကြောမျှင်ကို ဖြတ်တောက်လိုက်သလို ဖြစ်သွားသည်။ ထို့ကြောင့် တုဟန်ရွှီ၏ ဖိနှိပ်ထားသော ခံစားချက်များကိုလည်း လွှတ်ထွက်လာစေသည်။
“ဟန်ရွှီကော ငါ တောင်းပန်ပါတယ်၊ ငါ သေချာ မစဉ်းစားဘဲ ပြောလိုက်မိတာ”
ဝမ်ယာယွန်ကလည်း သနားစဖွယ်ကောင်းသော ပုံသဏ္ဍာန်မျိုးဖြင့် မျက်လုံးထဲမှ အမုန်းတရားများကို ဖုံးကွယ်ရန် ခေါင်းငုံ့ကာ ပြောလိုက်သည်။ သူ့မိသားစုကသာ သူတို့ကို လာရှာသည့်အချိန်တွင် လိုက်သွားချင်ခဲ့သောကြောင့် မဟုတ်ပါက ဒီနေရာတွင် သိမ်ငယ်ခံနေရန် မလိုအပ်ပါပေ။
“ခဏလောက် စိတ်ရှည်လိုက်အုံး။ အပြင်ဘက်မှာ လူကယ်ဖို့ထွက်သွားတဲ့ စစ်သားတွေကို မေးထားတယ်။ သူတို့ကသာ ငါ့ရဲ့မိသားစုကို ဆက်သွယ်ပေးနိုင်ရင် ငါတို့ ဒီနေရာက ထွက်သွားပြီး ကောင်းမွန်တဲ့ ဘဝမှာ နေလို့ရပြီ”
တုဟန်ရွှီ၏ စိတ်အခြေအနေက အလွန်ဆိုးနေသည်။ သူသည်လည်း ဝမ်ယာယွန်ကို နှစ်သိမ့်နေသည့်တိုင်အောင် ကိုယ့်ကိုယ်ကိုယ် ပြောနေသည်လား မသေချာပါပေ။
“အင်း ငါ ဟန်ရွှီကောကို ယုံတယ်”
ဝမ်ယာယွန်က သူ၏လေသံထဲမှ စိတ်မရှည်မှုကို မကြားသလိုပင် ပြောလိုက်သည်။သူမက တုဟန်ရွှီ၏ လက်မောင်းကို မှီလိုက်ပြီး သူမ၏နှလုံးသား စိတ်ဝိဉာဉ်ဖြင့် သူ့ကို မှီခိုနေသကဲ့သို့ ပြုမူလေရာ တုဟန်ရွှီ၏ နည်းနည်း စိုးရိမ်စိတ်များနေသော နှလုံးသားကို နှစ်သိမ့်ပေးသွားလေသည်။
ထိုအချိန်တွင် ယခုလို အခြေအနေမျိုးတွင်ပင် သူ၏ နောက်သို့ စိတ်ရင်းဖြင့် လိုက်သော အမျိုးသမီးက ရှိနေသေးသည်။ ထို့ကြောင့် သူ၏ဆွဲဆောင်မှုကို သက်သေပြရန် လုံလောက်သည်။
ရပ်ကွက်ထဲမှ လူအများစုက စင်တာမှ ပြန်ရောက်လာကြချိန်တွင် ရှုရှင်းကလည်း ထိုလူများ၏ အခြေအနေကို အဝေးကြည့်မှန်ပြောင်းကတဆင့် အကဲခတ်ကြည့်သည်။ သူတို့၏ နွမ်းနယ်ပင်ပန်းနေသောပုံစံအရ ထိုစင်တာက အခြေအနေ မကောင်းမွန်လောက်ပါပေ။
39 03
ရှုရှင်းသည်လည်း စင်တာမှ လူများ၏ ပုံစံကို တွေးကြည့်၍ ရသည်။ မူလဝတ္ထုထဲတွင်လည်း အနည်းငယ် ဖော်ပြခဲ့ဖူး၏။ နောက်ပိုင်းကာလကမူ လွန်ကဲလွန်းသော အပူကာလ ဖြစ်သည်။ ဒီတစ်ကြိမ်တွင်မူ ယန်မော့၏ သတိပေးချက်ကို ကျေးဇူးတင်ရပေမည်။ အာဏာပိုင်များက ကြိုတင်ပြင်ဆင်ထားခဲ့သည်။ ထို့ကြောင့် စင်တာများကို ပို၍စောစွာ တည်ဆောက်ထားခဲ့သည်။
အချိန်ကလည်း ကြိုစောသွားသည်။ ဆိုလိုသည်မှာ ပို၍များပြားသော လူများကို ရှင်သန်မည်ဖြစ်ပြီး အခြေအနေ ပိုကောင်းလောက်သည်။ လူပိုများသောအခါ အရင်းအမြစ်က အကန့်အသတ်နှင့် ဖြစ်သွားပြန်၏။ ထို့ကြောင့် အကန့်အသတ်နှင့်ရှိနေသော အရင်းအမြစ်ကြောင့် အခြေအနေက ပိုဆိုးနိုင်သည်။
ထိုစစ်သားများသည် အပြင်ဘက်မှ ဒုက္ခသည်များကို ကယ်တင်ရသည့်အပြင် ရိက္ခာများကိုလည်း ရှာနေရလောက်သည်။
“ရှင်းပေါင် မင်း ထုပ်ပိုးလို့ ပြီးပြီလား”
“ပြီးပြီ ပြီးပြီ လာပြီ လာပြီ”
ရှင်းပေါင်က ဆံပင်ကို သပ်သပ်ရပ်ရပ်ဖြစ်အောင် လုပ်ပြီးသည်နှင့် ဦးထုပ်ကို ကောက်စွပ်လိုက်ကာ ယန်မော့တို့၏ နောက်မှ လိုက်ကာ ယန်မော့တို့ကို လာတွေ့သည်။
ရပ်ကွက်ထဲသို့ ဖောက်ဝင်လာသော သူက သေနတ်ရှိနေသည်။ ထိုအခါ သူတို့ကို အကြံအသစ်ရသွားစေသည်။
သူတို့တွင်လည်း သေနတ်ရှိသည်။ ပြည်ပတွင် ဝယ်လာခဲ့သော အရာများမဟုတ်ချေ။ ထို့ကြောင့် မြို့တော် A မှ အမျိုုးမျိုးသော နေရာများရှိ ရဲဌာနများမှ ဖြစ်ပေလိမ့်မည်။
ရဲစခန်းများအားလုံးကလည်း သူတို့၏ ကိုယ်ပိုင်နယ်မြေများမှ လက်နက်တိုက်များ ရှိတတ်သည်။ ရဲအရာရှိများက ကိုင်ဆောင်ထားတတ်သည့်အရေအတွက်အရ လက်နက်တိုက်ထဲတွင်လည်း များများ ကျန်လောက်သေးလေသည်။
ရဲစခန်းက နေရာအနှံ့အပြားတွင် တည်ရှိသည်။ အတွင်းဘက်တွင်မူ ဖောက်ခွဲရေးပစ္စည်းက သိပ်မများလောက်သော်လည်း တဖြည်းဖြည်းချင်းစီ အချိန်ယူကာ စုဆောင်း၍ ရလေသည်။
ဒီတစ်ခေါက် သူတို့၏ ပြစ်မှတ်က မြို့တော် A မှ ကြီးမားသောလက်နက်တိုက်များ ဖြစ်သည်။
ကမ္ဘာအဆုံးသတ်ကာလ မတိုင်ခင်က မြို့တော် A ၏ အရေးပါပုံကို အထူးတလည် ရှင်းပြရန်ပင် မလိုအပ်ပေ။ လက်နက်တိုက်များထဲမှ လက်နက်များကလည်း နောက်ဆုံးပေါ် ပစ္စည်းများ ဖြစ်ပေလိမ့်မည်။
မိသားစု အကြောင်းပြချက်များကြောင့် ယန်မော့သည်လည်း လက်နက် တိုက်များ၏ တည်နေရာကို ကောင်းကောင်းသိနေ၏။ ထို့ကြောင့် ဒီနေ့ သူတို့၏ ပန်းတိုင်က သူတို့ရပ်ကွက်နှင့် အနီးဆုံးလည်းဖြစ် မြို့တော် A ၏ အကြီးမားဆုံးသော လက်နက်တိုက်လည်း ဖြစ်သော နေရာဖြစ်သည်။ ထိုအချိန်တွင်ပင် အခြားသော ဦးတည်ရာဘက်တစ်ခုမှ အထူးအင်အားစု တစ်စုကလည်း မြို့တော်A ထဲသို့ ဝင်ရောက်လာသည်။ သူတို့၏ ပစ်မှတ်ကလည်း မြို့တော် A မှ အကြီးမားဆုံးသောလက်နက်တိုက် ဖြစ်လေသည်။
******