မဟာအဂ္ဂဗုဒ္ဓ၊ မကျင့်ကြံလိုခြင်
Vol. 13 Ch. 171
အခန်း (၁၇၁) မဟာအဂ္ဂဗုဒ္ဓ၊ မကျင့်ကြံလိုခြင်း
ဂျိရှင်းရှန်ဟာ အတန်ကြာ ဒေါသထွက်သွားပြီးမှ လာရင်းကိစ္စကို စပြောပါတယ်။
“ငါ မင်းဆီကို လာတာက နတ်ဆိုးနယ်မြေကို အတူသွားချင်လို့ပဲ၊ မြေခွေးနက် နတ်ဆိုးဧကရာဇ် အခုလို အချိန်တိုအတွင်း အင်အားကြီးလာတာ နတ်ဆိုးနယ်မြေကြောင့်ပဲ၊ နတ်ဆိုးနယ်မြေက သေမျိုးကမ္ဘာဆိုပေမဲ့ နတ်ဆိုးတွေ အုပ်ချုပ်တာ၊ မင်းနဲ့ငါ အတူပေါင်းလိုက်ရင် နတ်ဆိုးနယ်မြေက နတ်ဆိုးတွေကို မျိုးတုံးပစ်နိုင်တယ်၊ အဲဒီအချိန်ကျရင် နတ်ဆိုးနယ်မြေက ရင်းမြစ်တွေအကုန်လုံးကို ငါတို့နှစ်ယောက် ပိုင်ပြီ၊ ဒီဟာက ငါ့ကိုအိပ်မက်ပေးတဲ့ အမတနတ်ဘုရားရဲ့ တောင်းဆိုချက်ပဲ၊ ကောင်းကင်ရုံးတော်နဲ့ နတ်ဆိုးတွေက ကမ္ဘာမကျေတဲ့ရန်သူတွေ” ဂျိရှင်းရှန်က အသံနှိမ့်ပြီး ပြောလိုက်ပါတယ်။
ရန်စန်းနဲ့ တာအိုသခင်ကျွယ်ရန် အကြောင်းသိပြီးနောက် ဂျိရှင်းရှန်ဟာ ကောင်းကင်ရုံးတော်က စပြီးတော့ သံသယဝင်လာပါပြီ။
ဟန်ကျွယ်က ခေါင်းခါပြီး ပြောလိုက်ပါတယ် “မင်းဘာသာသွား၊ ငါက စွမ်အားကြီးလွန်းနေပြီ၊ ငါ တစ်ချက်လှုပ်ရှားရင် မင်း ဘာမှလုပ်စရာရှိတော့မှာ မဟုတ်ဘူး”
“....”
ဂျိရှင်းရှန်ဟာ အစော်ကားခံလိုက်ရသလို ခံစားလိုက်ရပါတယ်။ ဒါပေမဲ့ ပြီးခဲ့တိုက်ပွဲကို ပြန်တွေးမိပြီး ဟန်ကျွယ်စကားက လုံးဝမှန်ကန်ကြောင်း ဝန်ခံရမှာပါ။ သူတို့နှစ်ယောက်ရဲ့ စွမ်းအား ကွာခြားချက်က ပင်လယ်ပြင်ရဲ့ ဟိုဘက်ကမ်းနဲ့ သည်ဘက်ကမ်းလို ဝေးကွာတာပါ။
ဟန်ကျွယ်က သတိပေးလိုက်ပါတယ် “ဂရုစိုက်နော်၊ အထက်ဘုံမှာလည်း နတ်ဆိုးအင်အားစုတွေ ရှိတယ်၊ မင်းတောင် ကောင်းကင်ရုံးတော်က အမတတွေရဲ့ ညွှန်ကြားမှုကို လက်ခံရရှိတယ်ဆိုရင် နတ်ဆိုးနယ်မြေကလည်း အထက်ဘုံက နတ်ဆိုးတွေရဲ့ ညွှန်ကြားမှုနဲ့ ပြင်ဆင်မှုတွေ ရှိနိုင်တယ်၊ နယ်ရုပ်အနေနဲ့ မင်း သတိလွှတ်လို့ မဖြစ်ဘူး”
‘နယ်ရုပ်’ ဆိုတဲ့ စကားလုံးက ဂျိရှင်းရှန်ရဲ့ နှလုံးသားကို တဆစ်ဆစ် နာကျင်သွားစေပါတယ်။ ဒါပေမဲ့လည်း သေသေချာချာ တွေးကြည့်တဲ့အခါ သံသယဝင်စရာ ကောင်းနေတာကို တွေ့လိုက်ရပါတယ်။ ဂျိရှင်းရှန်ဟာ အိပ်မက်ထဲက အမတနတ်ဘုရားကို သူတို့ သေမျိုးကမ္ဘာကို ဘာမှမလုပ်ဖို့ ကောင်းကင်ရုံးတော်ကို တောင်းဆိုပေးခိုင်းခဲ့ပါတယ်။
ဒါပေမဲ့ အမတနတ်ဘုရားက ဒီကိစ္စဟာ ကောင်းကင်ဧကရာဇ်ရဲ့ ဆုံးဖြတ်ချက် ဖြစ်တာကြောင့် ဝင်စွက်ဖက်လို့ မရဘူးဆိုပြီး ပြန်ဖြေခဲ့ပါတယ်။
အခုကြည့်ရတာ ဂျိရှင်းရှန်တစ်ယောက် ကစားခံခဲ့ရပုံပါပဲ။
ဂျိရှင်းရှန်ဟာ ပိုတွေးလေ ပိုဖြစ်နိုင်လေ ခံစားရလေပါပဲ။
“ဒါ့အပြင် တစ်ခြားကိစ္စ ရှိသေးလား” ဟန်ကျွယ်က မေးလိုက်ပါတယ်။ ဂျိရှင်းရှန်က ပြန်ဖြေပါတယ် “ငါတို့စံအိမ်သခင်က မင်းကို ဒုစံအိမ်သခင်လုပ်ဖို့ ဖိတ်ခေါ်လိုက်တယ်၊ ဘယ်လိုသဘောရလဲ”
ဟန်ကျွယ်က ခေါင်းခါလိုက်ပါတယ်။
ဂျိရှင်းရှန်ဟာ စိတ်ပျက်သွားပါတယ်။
ငါးမိနစ်အကြာမှာတော့...။
ဂျိရှင်းရှန်လည်း ထွက်ခွာသွားပြီး ဟန်ကျွယ်လည်း ဝီရိယတောင်ကို ပြန်လာပါတယ်။
ယွီဂျင်ဂိုဏ်းတော်ကြီးကတော့ ရုတ်ရုတ်သဲသဲ ဖြစ်နေတုန်းပါပဲ။ ခုနတုန်းက တိုက်ပွဲဟာ အလွန်စိတ်လှုပ်ရှားဖို့ ကောင်းတာကြောင့် ဂိုဏ်းတပည့်တွေဟာ မငြိမ်သက်နိုင်ကြသေးပါဘူး။
ဟန်ကျွယ်ဟာ ရန်ထျန်တုန်းနဲ့ တစ်ခြားသူတွေကို လျစ်လျူရှုပြီး ကျင့်ကြံခြင်းလိုဏ်ဂူထဲ ပြန်ဝင်သွားပါတယ်။
ဟန်ကျွယ်ဟာ စတွေးလိုက်ပါတယ်။
‘ငါက ပြန်လည်မွေးဖွားခြင်း မြေအမတ အလယ်အဆင့် ရောက်နေတာတောင် မဟာညီညွှတ်မှု မြေအမတ နောက်ဆုံးအဆင့်ရှိတဲ့ ရန်စန်းကို တစ်ချက်တည်း မသတ်နိုင်ဘူး’
‘ဒါက ပြဿနာကြီးပဲ’
‘ဓားတာအိုအပြင် ငါ့ရဲ့ ဝိညာဉ်စွမ်းအားကိုလည်း ဒီထက်စွမ်းအောင် လုပ်ရမယ်’
ဟန်ကျွယ်ဟာ ကျင့်ကြံရင်း တွေးတောလိုက်ပါတယ်။
ဒီလိုနဲ့ ၇ နှစ်ဟာ လျင်မြန်စွာ ကုန်ဆုံးသွားပြီး ဟန်ကျွယ် ကျင့်ကြံအားထုတ်နေစဉ်မှာပဲ စာကြောင်းတစ်ကြောင်း သူ့ရှေ့မှာ ပေါ်လာပါတယ်။
[စိတ်ဝိညာဉ် သိုင်းနတ်ဘုရားသည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်လေးပွင့်။
ဟန်ကျွယ်ဟာ မှင်သက်သွားပါတယ်။
‘သူက အရင်တုန်းက မျက်နှာသာပေးမှု ရှိနေတာ မဟုတ်ဘူးလား၊ ဘယ်လိုလုပ်ပြီး မုန်းတီးမှုကို ပြောင်းသွားရတာလဲ’
ဟန်ကျွယ်ဟာ စိတ်ဝိညာဉ် သိုင်းနတ်ဘုရားရဲ့ သတင်းအချက်အလက်ကို ချက်ချင်းပဲ စစ်ဆေးလိုက်ပါတယ်။
[စိတ်ဝိညာဉ် သိုင်းနတ်ဘုရား: မဟာညီညွှတ်မှု ကောင်းကင်အမတ ထိပ်ဆုံးအဆင့်၊ စတုတ္ထအဆင့် ကောင်းကင်စစ်သူကြီး။ သင်သည် သူ့လက်အောက်ငယ်သား ရန်စန်းအား သတ်ဖြတ်ခဲ့သောကြောင့် သိုင်းနတ်ဘုရားသည် သင့်အား မုန်းတီသွားပါပြီ။ ကောင်းကင်ရုံးတော်မှ သေမျိုးကမ္ဘာကို ရှင်းလင်းသောအခါ သိုင်းနတ်ဘုရားသည် သင့်အား ကျိန်းသေပေါက် သင်ခန်းစာပေးလိမ့်မည်။ လက်ရှိ မုန်းတီးမှု:ကြယ်လေးပွင့်။]
‘ဪ... ဒီလိုကိုး’
မဟာညီညွှတ်မှု ကောင်းကင်အမတ ထိပ်ဆုံးအဆင့်။ အထင်ကြီးလောက်စရာပါ။
ဟန်ကျွယ်ဟာ ကြီးမားတဲ့ဖိအားတစ်ခုကို ခံစားလိုက်ရပါတယ်။ ဟန်ကျွယ်ဟာ ဖိအားကို ဖြေဖျောက်ဖို့အတွက် ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူလိုက်ပြီး စိတ်ဝိညာဉ် သိုင်းနတ်ဘုရားကို ကျိန်စာတိုက်ပါတယ်။
အချိန်ဟာ လျင်မြန်စွာ ကုန်ဆုံးသွားတာကြောင့် မျက်တောင်တစ်ခတ်အတွင်း အနှစ် ၂၀ ကျော်သွားပါတယ်။
ဟန်ကျွယ်လည်း ပြန်လည်းမွေးဖွားခြင်း မြေအမတ နောက်ဆုံးအဆင့်နဲ့ တော်တော်လေး နီးကပ်လာပါပြီ။ ဒီနေ့မှာတော့ ဟန်ကျွယ်ရှေ့မှာ စာကြောင်းတစ်ကြောင်း ပေါ်လာပါတယ်။
[ကံတရား အထောက်အပံ့ရှိသူအား ရှာဖွေတွေ့ရှိထားသည်။ မူလဇစ်မြစ်အား စုံစမ်းစစ်ဆေးနေသည်။]
‘အား... နှစ်တွေ ဒီလောက်ကြာမှာပဲ နောက်ထပ် ကံတရား အထောက်အပံ့ရှိတဲ့လူ ပေါ်လာတော့တယ်’
စိတ်ဝင်စားသွားတဲ့ ဟန်ကျွယ်ဟာ ချက်ချင်းပဲ စစ်ဆေးလိုက်ပါတယ်။
[ချူရှီရန်:ချီသန့်စင်ခြင်း အဋ္ဌမအဆင့်၊ အမတကမ္ဘာရှိ မဟာအဂ္ဂဗုဒ္ဓ ပြန်လည်ဝင်စားသူ ဖြစ်သည်။ သေမျိုးကမ္ဘာ၏ ဒုက္ခအား တွေ့ကြုံခံစားရန်အတွက် မဟာအဂ္ဂဗုဒ္ဓသည် သေမျိုးကမ္ဘာတွင် ပြန်လည်ဝင်စားခြင်းတည်း။ ဗုဒ္ဓ၏ ကြီးမားသော ကံတရား အထောက်အပံ့ကြောင့် ချူရှီရှန်သည် အလွန်တရာ အရည်အချင်းရှိပြီး သူ့ကံတရား အထောက်အပံ့သည် မိုးမြေသားတော်ထက် မနိမ့်ကျပေ။ ချူရှီရန်သည် တာအိုဘုံကျောင်းတွင် ကြီးပြင်းလာသဖြင့် သနားကြင်နာတက်သော နှလုံးသားရှိပြီး မကောင်းမှုအား စက်ဆုပ်ရွံ့ရှာ၏။ သူသည် ကျင့်ကြံခြင်းကို စိတ်မဝင်စားဘဲ သေမျိုးခန္ဓာအား အသုံးပြု၍ လူများအား အသိဉာဏ်ပေး လမ်းပြလိုသည်။ သူသည် အိပ်မက်ထဲရှိ ဗုဒ္ဓ၏ လမ်းညွှန်ချက်အရ ယွီဂျင်ဂိုဏ်းတော်ကြီးဆီသို့ ရောက်လာခဲ့သည်။ သူ၏ မူလရည်ရွယ်ချက်မှာ မဟာကရုဏာတာအိုအား ကျင့်ကြံခြင်းဂိုဏ်းထဲ၌ ပြန့်ပွားအောင် ဆောင်ရွက်လိုခြင်းတည်း။]
‘မဟာအဂ္ဂဗုဒ္ဓ ပြန်ဝင်စားတာလား’ ဟန်ကျွယ်ဟာ ပါးစပ်အဟောင်းသား ဖြစ်သွားပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ချူရှီရန် ယွီဂျင်ဂိုဏ်းတော်ကြီးဆီကို လာတာက အိပ်မက်ထဲက ဗုဒ္ဓရဲ့ လမ်းညွှန်မှုကြောင့်ဆိုတာကို သွားတွေ့ပါတယ်။
‘ဒါက ဘာအဓိပ္ပာယ်လဲ၊ အမတကမ္ဘာမှာရှိတဲ့ ဗုဒ္ဓတွေက သူ့ကို သတိထားမိတယ်ပေါ့၊ သူတို့က ငါ့ဆီကို သူလျှို လွှတ်ချင်တာလား၊ ဒါမှမဟုတ်ရင် ဗုဒ္ဓဂိုဏ်းက ရွှင်ချန်အန်းအတွက် ရောက်လာတာလား’
ဟန်ကျွယ်ဟာ အရမ်းသတိကြီးသူမို့ ချူရှီရန်ကို လက်မခံဖို့ ဆုံးဖြတ်ပြီး မမြင်ချင်ယောင် ဆောင်နေလိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ မျက်လုံးမှိတ်ပြီး ဆက်လက်ကျင့်ကြံပါတယ်။
ယွီဂျင်ဂိုဏ်းတော်ကြီး ကောင်းကင်မိုးကြိုးတောင်ထိပ်။
ခန်းမထဲမှာ ကောင်းကင်မိုးကြိုးတောင်ထိပ်ရဲ့ တောင်ထိပ်အကြီးအကဲဟာ လူတစ်ယောက်ကို မျက်မှောင်ကြုတ်ပြီး ကြည့်နေပါတယ်။ ဒီလူက တစ်ခြားသူ မဟုတ်ပါဘူး။ မဟာအဂ္ဂဗုဒ္ဓ ပြန်ဝင်စားတဲ့ ချူရှီရန်ပါ။
ချူရှီရန်ဟာ တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး ငယ်ရွယ် ချောမောတဲ့မျက်နှာရှိပါတယ်။ မျက်နှာဟာလည်း အကောင်းမြင်တဲ့ မျက်နှာရှိပြီး ပြုံးနေပါတယ်။
တောင်ထိပ်အကြီးအကဲက ကူကယ်ရာမဲ့တဲ့လေသံနဲ့ ပြောလိုက်ပါတယ် “မင်း ဂိုဏ်းထဲကိုရောက်တာ ငါးနှစ်ရှိပြီ၊ ဘာလို့ အခြေခံအဆင့်ကို မရောက်သေးတာလဲ၊ မင်း အရည်အချင်းနဲ့ဆိုရင် ဒီလိုမဖြစ်သင့်ဘူး၊ မင်း ဘာတွေလုပ်နေတာလဲ”
လက်ရှိ ယွီဂျင်ဂိုဏ်းတော်ကြီးဟာ ရွှေဓာတ်လုံးအဆင့်ကိုရောက်မှပဲ အတွင်းစည်းထဲကို ဝင်ခွင့်ရှိပါတယ်။ ဒါပေမဲ့ တောင်ထိပ်အကြီးအကဲဟာ ချူရှီရန်ကို ခြွင်းချက်အနေနဲ့ ကောင်းကင်မိုးကြိုးတောင်ထိပ်ဆီ ခေါ်လာတာကြောင့် ကောင်းကင်မိုးကြိုးတောင်ထိပ်က တပည့်တွေရဲ့ ပြစ်တင်ပြောဆိုခြင်းကို ခံခဲ့ရပါတယ်။
အဲဒီတုန်းက တောင်ထိပ်အကြီးအကဲဟာ ချူရှီရန်ကို ကျင့်ကြံခြင်းလမ်းစဉ်ထဲ စတင်ပေးခဲ့တာပါ။ ချူရှီရန်ဟာ ခုနစ်ရက်အတွင်းမှာပဲ ဘာမှမတတ်တဲ့ အခြေအနေကနေ ချီသန့်စင်ခြင်း စတုတ္ထအဆင့်ကို ရောက်ရှိသွားပါတယ်။
ဒီလိုအရည်အချင်းမျိုးက လုံးဝကို မကြားဖူးတဲ့ အရည်အချင်းမျိုးပါ။
ဒီလိုအရည်အချင်းကြောင့်လည်း တောင်ထိပ်အကြီးအကဲဟာ ခြွင်းချက်အနေနဲ့ ချူရှီရန်ကို ကိုယ်ပိုင်တပည့်အဖြစ် လက်ခံခဲ့တာ ဖြစ်ပါတယ်။ တောင်ထိပ်အကြီးအကဲဟာ ဂိုဏ်းကို အံအားသင့်စေချင်ပေမဲ့ သူ့အတွက် အိပ်မက်ဆိုး ဖြစ်လာလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။
ဘာဖြစ်လို့လဲဆိုတော့ ချူရှီရန်က မကျင့်ကြံချင်လို့ပါပဲ။
သင် နားကြားမမှားပါဘူး။ ချူရှီရန်က ကျင့်ကြံမှုကို လုံးဝမနှစ်သက်ပါဘူး။
‘သေစမ်း... မင်းက မကျင့်ကြံချင်ရင် ဘာလို့ ငါ့ကို ဆရာသခင်အဖြစ် အသိအမှတ်ပြုသေးလဲ’
တောင်ထိပ်အကြီးအကဲဟာ ခေါင်းကိုက်သွားပါတယ်။ ချူရှီရန်ကို ကိုယ်ပိုင်တပည့်အဖြစ် အတင်းယူခဲ့တာက သူကိုယ်တိုင်ဆိုတာကို တောင်ထိပ်အကြီးအကဲ မေ့လျော့သွားပါပြီ။
ချူရှီရန်က အပြုံးနဲ့ ပြောလိုက်ပါတယ် “ဆရာသခင်... ကျွန်တော် ရည်မှန်းချက်ကို သိတယ်မလား၊ စိတ်ဝိညာဉ်စွမ်းအားက ငြိမ်းချမ်းရေးအတွက် အကြီးမားဆုံး အဟန့်အတားပဲ၊ အဲဒါကြောင့် ကျွန်တော် ကျင့်ကြံဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး”
‘ကျင့်ကြံဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး’
တောင်ထိပ်အကြီးအကဲဟာ ဒေါသကြောင့် သေလုနီး ဖြစ်သွားပါတယ်။
“ဟွန်း... ငါ မင်းကို ဝီရိယတောင်ဆီ တကယ်ပို့သင့်တယ်၊ နတ်သတ်အကြီးအကဲကပဲ မင်းစရိုက်ကို ပြောင်းလဲနိုင်လိမ့်မယ်” တောင်ထိပ်အကြီးအကဲဟာ နှာခေါင်းရှုံ့လိုက်ပါတယ်။
ချူရှီရန်ဟာ ယွီဂျင်ဂိုဏ်းတော်ကြီးဆီ ရောက်လာတာ အတော်ကြာပြီမို့ ဝီရိယတောင်ရဲ့ ဒဏ္ဍာရီတွေကို ကြားဖူးပါတယ်။ ချူရှီရန်ဟာ သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “ဆရာသခင်... နတ်သတ်အကြီးက ဘယ်လိုလူမျိုးလဲ”
ချူရှီရန်ဟာ နတ်သတ်အကြီးအကဲ အကြောင်းကို အရမ်းသိချင်နေပါတယ်။ ဂိုဏ်းတစ်ခုလုံးရဲ့ အစွမ်းထက်ဆုံးပုဂ္ဂိုလ်အနေနဲ့ နတ်သတ်အကြီးအကဲဟာ လူမြင်ကွင်းထဲ ပေါ်မလာပါဘူး။ အာဏာကိုလည်း မယူသလို ပြဿနာလည်း မရှာပါဘူး။ မိန်းမကိုလည်း မမက်မောဘဲ ယွီဂျင်ဂိုဏ်းတော်ကြီး ကပ်ဘေးကျမှပဲ တိုက်ခိုက်ပါတယ်။
ချူရှီရန်အမြင်မှာ နတ်သတ်အကြီးကဲက သူတော်စင်ပါ။ ချူရှီရန်ဟာ နတ်သတ်အကြီးအကဲအကြောင်းကို နားလည်မယ်ဆိုရင် သူ့မဟာတာအိုကို ထိုးထွင်းနားလည်ရာမှာ ကူညီပေးလိမ့်မယ်လို့ ခံစားလိုက်ရပါတယ်။
“ငါက ဘယ်လိုလုပ်ပြီး သိမှာလဲ၊ ငါ ဂိုဏ်းထဲ ရောက်တာ ဒီလောက်ကြာပြီ၊ ဒါပေမဲ့ နတ်သတ်အကြီးအကဲကို တစ်ခါမှ မတွေ့ဖူးဘူး” တောင်ထိပ်အကြီးအကဲက နှာခေါင်းရှုံ့လိုက်ပါတယ်။
တောင်ထိပ်အကြီးအကဲရဲ့ စကားက အမှန်ပါ။ တောင်ထိပ်အကြီးအကဲ ယွီဂျင်ဂိုဏ်းတော်ကြီးထဲ ဝင်လာတာ နှစ်လေးငါးရာပဲ ရှိပါသေးတယ်။
ချူရှီရှန်က မေးလိုက်ပါတယ် “ဘာဖြစ်လို့ လောကကြီးက ထာဝရအသက်နောက်ကို လိုက်နေရတာလဲ၊ ထာဝရအသက်က တကယ်ကောင်းတာလား၊ လူတွေက သဘာဝကိုက ဆိုးသွမ်းကြတာ၊ လူတိုင်းသာ ထာဝရအသက်ရှည်နေရင် လောကကြီးက ဘယ်လိုလုပ်ပြီး တောင့်ခံနိုင်မှာလဲ”
ချူရှီရန်ရဲ့ မေးခွန်းကြောင့် တောင်ထိပ်အကြီးအကဲဟာ ခေါင်းကိုက်သွားပြီး ဒေါသတကြီး ပြန်ဖြေလိုက်ပါတယ် “လူတိုင်း ထာဝရအသက်ရှည်နိုင်တာ မဟုတ်ဘူး၊ ထာတရအသက်ဆိုတာ ဒဏ္ဍာရီတစ်ခုသာသာပဲ၊ လူတွေ ကျင့်ကြံအားထုတ်တာက ကောင်းကင်ကို ပြန်တိုက်ဖို့ပဲ”
“ကောင်းကင်က လောကကြီးကို မညှာမတာ ဆက်ဆံလို့လား”
“ထွက်သွားစမ်း”
“ဆရာသခင်... ကျွန်တော် အကြံတစ်ခု ပေးပါရစေ၊ မကျင့်ကြံတာတာ အကောင်းဆုံးပဲ၊ ဆရာသခင်နဲ့ ကျွန်တော် လောကငြိမ်းချမ်းရေးကို အတူတူ...”
“မင်း အခုထွက်မသွားရင်း ငါ မင်းကို ဂိုဏ်းထဲကနေ ထုတ်ပစ်မယ်”
“ကောင်းပါပြီ”
ချူရှီရန်ဟာ သက်ပြင်းချလိုက်ပြီး စိတ်ပျက်လက်ပျက်နဲ့ ထွက်ခွာသွားပါတယ်။
တောင်ထိပ်အကြီးအကဲဟာ ချူရှီရန်ရဲ့ အရည်အချင်းကို တကယ်ပဲ အားကျတာပါ။ မဟုတ်ရင် ချူရှီရန်ကို ဒီလောက်ထိ အလိုလိုက်ထားမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ချူရှီရန်ခေါင်းက တစ်ခုခုမှားနေတဲ့အတွက် ဝီရိယတောင်ဆီ ခဏပို့ထားရင် ကောင်းမယ်လို့ တောင်ထိပ်အကြီးအကဲ တွေးလိုက်ပါတယ်။
စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။