← Chapters

ဒီမှာ ဒူးထောက်နေ ... လုံးဝ မလှုပ်နဲ့

Vol. 6-10 Ch. 130

ဒီမှာ ဒူးထောက်နေ ... လုံးဝ မလှုပ်နဲ့

Vol. 6-10 Ch. 130

အခန်း (၁၃၀) : ဒီမှာ ဒူးထောက်နေ ... လုံးဝ မလှုပ်နဲ့

ကောင်းကင်တာအိုရဲ့ တန်ပြန်တုံ့ပြန်မှုကို လက်ခံပြီးတော့ အန္တရာယ်ကို အံတုရင်း ငါ့အတွက် မျှော်လင့်ချက် ရှိလာအောင် လုပ်ပေးတာလား

ကျောက်ဟောင်က ရှန်ထျန်း၏ တည်တည်ကြည်ကြည် လေးလေးနက်နက် မျက်နှာထားကြောင့် အရမ်းစိတ်လှုပ်ရှားနေသည်။

သူ ချီဖောက်ပြန်မှုကြောင့် ကျင့်ကြံဆင့်ကို ဆုံးရှုံးလိုက်ကတည်းက ဘယ်သူမှ သူ့အပေါ် ဒီလောက် စစ်မှန်ပြီး ကိုယ်ကျိုးမငဲ့ ဆက်ဆံပေးတာမျိုး မကြုံဖူးပေ။

ကျောက်ဟောင်က နက္ခတ်ပညာရပ်ကို ကျင့်ကြံဖူးခြင်း မရှိသော်လည်း တစ်စုံတစ်ယောက်က အနာဂတ်ကို ကြိုမြင်ပါက ကောင်းကင်ဘုံကို ဆန့်ကျင့်လိုက်ခြင်းနှင့် အတူတူဖြစ်ကြောင်း သူ ကြားထားဖူး၏။ နက္ခတ်ပညာရပ်ထဲမှာ အနိမ့်ဆုံးဖြစ်သည့် ‘သတ္တုရိုင်းတုံး ရှာဖွေအကဲဖြတ်ခြင်း’  ပညာရပ်ပင် ကောင်းကင်တာအို၏ မနာလိုမှုကို ဆောင်ကျဉ်းပေးသည်။

ဝိညာဉ်သတ္တုရိုင်းတုံးများနှင့် ဝိညာဉ်ကျောက်တွင်းများ၏ မြေအနေအထားကို ထိုးဖောက်မြင်နိုင်ရုံနှင့်ပင် တန်ပြန်သက်ရောက်မှုကို ခံစားနေရပြီလေ။

သက်ရှိလူတစ်ယောက်ရဲ့ ကံကြမ္မာကို ခိုးကြည့်တယ်ဆိုရင် ဘယ်လောက်တောင် နာကျင်လိုက်ရမလဲ…

ပုံမှန်ဆိုရင် ချစ်ရတဲ့သူ၊ အရင်းနှီးဆုံးမိတ်ဆွေ၊ ညီအစ်ကိုတွေ မဟုတ်ရင် ဘယ်သူကများ တာဝန်သိစိတ်ကြောင့်သပ်သပ်ဖြင့် ကောင်းကင်တာအိုရဲ့တန်ပြန်သက်ရောက်မှုကို  သည်းခံပြီးတော့ ကံကြမ္မာပြောင်းလဲအောင် ကူညီပေးမှာလဲ

ထိုအတွေးကြောင့် ကျောက်ဟောင် မျက်ရည်ဝဲလာမိသည်

“ ညီအစ်ကိုရှန် ကျုပ်မှာ ဒီပျက်စီးယိုယွင်းနေတဲ့ ခန္ဓာကိုယ်တစ်ခုပဲ ရှိပါတယ်။ ကောင်းကင်ကို ဆန့်ကျင်ပြီးတော့ ကျုပ်ရဲ့ ကံကြမ္မာကို ပြောင်းလဲအောင် ကူညီပေးဖို့အထိ  ဘယ်လိုလုပ်ပြီးတော့ ညီအစ်ကိုအတွက် ထိုက်တန်ပါ့မလဲ”

ရှန်ထျန်း ပြုံးကာ ပြောလိုက်သည်

“ ရပါတယ် … ကျွန်တော်တို့ စကားပြောရတာ အရမ်းအဆင်ပြေပါတယ်။ ညီအစ်ကိုကျောက်က သာမန်… သာမန်လူမဟုတ်ဘူးလို့ ကျွန်တော် မြင်နေရတယ်။

ညီအစ်ကိုကျော်ရဲ့ နဖူးပေါ်မှာ အသက်ဓာတ် ပြည့်ဝနေပြီးတော့ အစောင့်အရှောက်တွေက ညီအစ်ကိုကို ကာကွယ်ပေးနေတာကို မြင်ရတယ်။ ညီအစ်ကိုက အနာဂတ်မှာ ပြိုင်ဘက်ကင်း ပါရမီရှင်တွေထဲက တစ်ယောက် သေချာပေါက် ဖြစ်လာနိုင်တယ်။ ပြီးတော့ ရာထူးဂုဏ်ပုဒ်ကလည်း တိုင်းတာလို့ မရအောင် အရမ်းမြင့်မားလာလိမ့်မယ်။

အခု ကျင့်ကြံဆင့် ဆုံးရှုံးလိုက်ရတယ်ဆိုတာက ဆုတ်ယုတ်မှုထဲက တစ်ခုဖြစ်ပြီးတော့ အဲဒါကို ကျော်လွှားနိုင်တာနဲ့ ထိပ်ဆုံးအထိ မြင့်တက်သွားမှာ သေချာတယ်”

ရှန်ထျန်းက ကျောက်ဟောင်ကို ဆွဲကာ ပြောလိုက်သည်

“ ညီအစ်ကိုကျောက် ကံကြမ္မာအပြောင်းအလဲ ဖြစ်မဲ့နေရာကို ကျွန်တော် တွက်ချက်ပြီးပြီ နောက်ကလိုက်ခဲ့”

ရှန်ထျန်းက ကျောက်ဟောင်ကို ဆွဲကာ မြူခိုးမြို့တော်၏ အရှေ့ဘက်သို့ ဦးတည်သွားနေသည့်အတွက် ကျန်းယွင်ရှီး၏ အပြုံးတို့ ဖြည်းဖြည်းချင်း အေးစက်သွားသည်။

ချင်ယွင်တိ၏ အကြည့်ထဲမှာ လေးစားမှုဖြင့် ပြည့်နှက်နေသည်။

ဂိုဏ်းတူအစ်ကိုက ယင်ယန်ဆန့်ကျင်ဘက် တာအိုမှာတင် ကျွမ်းကျင်တာ မဟုတ်ဘဲ နက္ခတ်ပညာမှာပါ ကျွမ်းကျင်နေမယ်လို့ ထင်မထားဘူး

ဂိုဏ်းတူအစ်ကိုကတော့ ဂိုဏ်းတူအစ်ကိုပါပဲ။ တကယ်ကို အံ့ဩဖို့ကောင်းတဲ့ အရည်းအချင်းပဲ။ သူက ငါတို့ဂိုဏ်းကို ကြီးပွားတိုးတက်လာအောင် လုပ်ပေးနိုင်မယ်လို့ ဂိုဏ်းချုပ် စဉ်းစားတာကလည်း မဆန်းပါဘူး

ချင်ကောင်းက စိတ်သက်သာရရသွားသော သက်ပြင်းချလိုက်သည်။

အရှင့်သားမှာ အခုထိ တာအိုလက်တွဲဖော် မရှိသေးဘူးဆိုပေမဲ့လည်း သူ့ကို ကြည့်ရတာ ကျောက်ဟောင်နဲ့ အရမ်းရင်းနှီးနေသလိုလို … ဒါလည်း ကောင်းတော့ ကောင်းပါတယ်လေ

ကွေ့ကုန်းကုန်းကတော့ တစ်ခုခုကို စဉ်းစားနေပြီး ရုတ်တရက် နားလည်သွားပုံရသည်။

အရှင့်သားရဲ့ အခုအပြုအမူက ထူးဆန်းတာလည်း အဆန်းတော့ မဟုတ်ပါဘူး။ တော်ဝင်စာကြည့်တိုက်ထဲမှာ ဟရူးဂါနတ်ဆိုးကျမ်းကို ရှာတွေ့ခဲ့ပြီးတော့ ဝိညာဉ်သတ္တုရိုင်းတုံးတွေကိုတောင် ဖောက်ထွင်းမြင်နိုင်တယ်။ ဒါကြောင့် အရှင့်သားက ပြိုင်ဖက်ကင်း နက္ခတ်ပညာရပ်ကို ကျင့်ကြံခဲ့တာပဲ

အဲဒါကို ဘယ်သူဆီကနေ သင်ယူခဲ့လဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး….ဟင်း… ပြိုင်ဘက်ကင်း စွမ်းအားပိုင်ဆိုင်ထားတဲ့ ပညာရှင်က ကိုယ်လုပ်တော်လန်ရဲ့ နန်းဆောင်ထဲမှာ ပုန်းကွယ်နေတာများလား

ဒါဆိုရင် အရှင့်သားကို တစ်ချိန်လုံး ကာကွယ်ပေးနေတဲ့ ပညာရှင် တစ်ယောက်ယောက် ရှိနေတာများလား။ သူ ချီဖောက်ပြန်ခြင်း ၈၈ ခါတောင် ဖြတ်ကျော်နိုင်ခဲ့တာလည်း မဆန်းပါဘူးလေ။ အဲဒီဆန်းကြယ်တဲ့ ဆရာကြီးက သူ့ကို ကာကွယ်ပေးနေတာဆိုတော့ အရှင့်သားက အနာဂတ်မှာလည်း ဘေးကင်းမှာ သေချာတယ်

ကိုယ်လုပ်တော်လန်သာသိရင် သူမ သေချာပေါက် ပျော်သွားမှာပဲ …

သူတို့က အတွေးတွေ များနေပေမဲ့ ရှန်ထျန်း၏ အတွေးကား ရိုးရှင်းလှသည်။ သူ မြင်လိုက်ရသော မြင်ကွင်းမှ ကျောက်ဟောင်၏ ကံအပြောင်းအလဲ အခွင့်အရေးကို ခွဲဝေမျှယူမည်ဟူသော အတွေးသာ ရှိ၏။

ကံအပြောင်းအလဲ အခွင့်အရေး၏ မြင်ကွင်းထဲတွင် ကျောက်ဟောင်က မြူခိုးမြို့တော်၏ အရှေ့ဘက်ခြမ်းရှိ တောင်ပေါ်တွင် သူ၏ သေဆုံးသွားပြီဖြစ်သော မိခင်ကို ကန်တော့နေသည့် မြင်ကွင်းကို ရှန်ထျန်း မြင်ခဲ့သည်။ ထို ရလဒ်အနေနှင့် မီးတောက်ဥက္ကာခဲ ထိမှန်ခြင်းကို ခံလိုက်ရခြင်း ဖြစ်သည်။

အခြေတည်အဆင့်သို့ ရောက်ရှိသွားပြီးနောက် ရှန်ထျန်း နတ်ဘုရားအသိစိတ် အသုံးပြုလာနိုင်သည်။ ထို့ကြောင့် သူ့မှတ်ဉာဏ်က မကျင့်ကြံသောသူတွေထက် အဆပေါင်းများစွာ ပိုကောင်းပြီး အသေးစိတ်ကို ရှင်းလင်းစွာ မှတ်မိနိုင်ခြင်း ဖြစ်သည်။

မြင်ခဲ့ရသော မြင်ကွင်းကြောင့် သူတို့ မြူခိုးမြို့တော်၏ အရှေ့ဘက်ခြမ်းသို့ ရောက်ရှိနေကြောင်း သိလိုက်ရပြီး သိပ်မကြာခင်မှာပဲ နေရာအတိအကျကို ရှာတွေ့သွားသည်။

သူတို့ တောင်ကြားထဲသို့ လမ်းလျှောက်ဝင်သွားသည့်အချိန် ကျောက်ဟောင်က အသက်ပြင်းပြင်း ရှူသွင်းရင်း မေးလိုက်သည်

“ ညီအစ်ကိုရှန် … ကျုပ်ရဲ့အမေကို ဒီမှာ မြှုပ်ထားမှန်း ဘယ်လိုလုပ်သိလဲဟင်”

ရှန်ထျန်းက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်

“ ညီအစ်ကိုကျောက်ရဲ့ ဓာတ်က မီးဓာတ်လေ ကြီးပွားတိုးတက်ဖို့အတွက် သစ်သားဓာတ်ရဲ့ သက်ဝင်လှုပ်ရှားမှုကို လိုအပ်တယ်။ ဒီကောင်းချီးပေးခံထားရတဲ့ မြေမှာ ညီအစ်ကိုကျောက်နဲ့ ဖြတ်တောက်လို့မရတဲ့ သွေးသားရှိတယ်ဆိုတာကို ကျွန်တော် ကြိုတင်သိမြင်ပြီးပြီ။ အဲဒါကပဲ ညီအစ်ကိုကျောက်ကို အခက်အခဲတွေကနေ ကျော်လွှားနိုင်ပြီးတော့ တိုးတက်လာအောင် လုပ်ပေးလိမ့်မယ်”

တောင်ကြားထဲသို့ တည်ငြိမ်စွာ လမ်းလျှောက်ဝင်သွားပြီးနောက် ရှန်ထျန်းက ရောင်စုံပန်းများနှင့် ပြည့်နှက်နေသော အုတ်ဂူတစ်ခုရှေ့တွင် မတ်တပ်ရပ်လိုက်သည်။ ထိုနေရာက ကျောက်ဟောင်၏ အမေ အနားယူရာနေရာ ဖြစ်၏။

ကျောက်ဟောင်က အုတ်ဂူရှေ့တွင် ဒူးထောက်ချရင်း ပြောလိုက်သည်

“ အမေက သစ်သားဓမ္မကျင့်စဉ်မှာ ကျွမ်းကျင်တယ်လေ။ သူမက သဘာဝတရားကို ချစ်မြတ်နိုးတော့ သူမ သက်ရှိထင်ရှားရှိတုန်းက သူမ သေတဲ့အခါ ဒီနေရာမှာ မြှုပ်နှံပေးပါလို့ တောင်းဆိုခဲ့တာ။

အမေ ကျွန်တော်က အမေ မျှော်လင့်ထားတဲ့အတိုင်း မနေနိုင်ခဲ့တဲ့ သားသမီး မပီသတဲ့သူပါ။ ကျွန်တော် ပြောတာသာ ကြားမယ်ဆိုရင် ကျွန်တော်ရဲ့ ကျင့်ကြံဆင့်ကို ပြန်လည်ကောင်းမွန်လာအောင် ကောင်းချီးပေးဖို့ မျှော်လင့်ပါတယ်”

ရှန်ထျန်းက ကျောက်ဟောင်၏ ပုခုံးကို ပုတ်လိုက်ရင်း ပြောလိုက်သည်

“ ညီအစ်ကိုကျောက် ကောင်းကင်တာအိုက ကံကြမ္မာကို အဆုံးအဖြတ်ပေးပေမဲ့ မျှော်လင့်ချက်တော့ ရှိပါသေးတယ်။ ညီအစ်ကိုရဲ့ ကံကြမ္မာကို ပြောင်းလဲနိုင်မဲ့ အခွင့်အရေးက ဒီတောင်ကြားမှာပဲ ရှိတယ်။

ညီအစ်ကိုသာ သုံးရက်နဲ့သုံးည မအိပ်ဘဲ မိခင်ဖြစ်သူရဲ့ အုတ်ဂူကို ဝတ်ပြုနေမယ်ဆိုရင် အဲဒီသုံးရက်အတွင်း အခွင့်အရေးက ကောင်းကင်ပေါ်ကနေ ကျလာလိမ့်မယ်။ ဒါဆို အခက်အခဲတွေကို ကျော်လွှားနိုင်လိမ့်မယ်”

ကျောက်ဟောင်၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်နေသည်

“ အခွင့်အရေးမရှိဘူးဆိုရင်တောင် အမေရဲ့ အုတ်ဂူကို ဝတ်ပြုရမှာက ကျွန်တော် သေချာပေါက် လုပ်ရမဲ့အရာပါ။

ဒါပေမဲ့ ညီအစ်ကိုရှန် ပြောတာက သိပ်ပြီးတော့ ယုံချင်စရာ မကောင်းဘူး။ ဒီမှာ သုံးရက်နဲ့သုံးည ဒူးထောက်နေရုံနဲ့ ကောင်းကင်ပေါ်က အခွင့်အရေးကျလာပြီးတော့ ကျင့်ကြံဆင့်ကို ပြန်လည်ကောင်းမွန်လာစေမှာလား”

ရှန်ထျန်းက ခေါင်းယမ်းပြကာ ပြောလိုက်သည်

“ မဟုတ်ဘူးလေ။ သုံးရက်နဲ့သုံးည ဒူးထောက်နေရမှာ ပင်ပန်းတယ်လို့ ထင်ရင် မတ်တပ်ရပ်လို့လည်း အဆင်ပြေပါတယ်”

ကျောက်ဟောင်က ခေါင်းယမ်းပြကာ ပြောလိုက်သည်

“ ကျုပ် ဘယ်လိုလုပ်ပြီးတော့ အဲဒီလိုလုပ်နိုင်မှာလဲ။ ကျုပ်အမေရဲ့ ဝိညာဉ်က ကောင်းကင်ဘုံကနေ ကောင်းချီးပေးနေတာလေ။ ကျုပ် ဘယ်လိုလုပ်ပြီးတော့ မလေးမစား လုပ်ရဲပါ့မလဲ။

ကျုပ် ဒူးထောက်နေပါ့မယ်။ သုံးရက်နဲ့သုံးည သေချာပေါက် ဒူးထောက်မယ်။ ညီအစ်ကိုရှန် ကျုပ်ကို ထပ်ပြီးတော့ မဖျောင်းဖျပါနဲ့တော့။ ကျုပ်ရဲ့ သားသမီးဝတ္တရားကို ကျေပွန်ခွင့်ပြုပါ”

ကျောက်ဟောင်၏ ဆုံးဖြတ်ချက်ပြတ်သားမှုကြောင့် ရှန်ထျန်း ဆွံ့အသွားရသည်။

ဒီလိုအခြေအနေမှာ သူ ဘာတတ်နိုင်မှာလဲ

အခွင့်အရေးက လပြည့်နေညမှာ ရောက်လာမည်ဟု ရှန်ထျန်း မြင်ခဲ့သည့်အတွက် ၁၅ ရက်နေ့ဝန်းကျင်မှာ ဖြစ်ဖို့ အလားအလာ များသည်။

ဒီနေ့ ၁၄ရက်နေ့ ဖြစ်သည့်အတွက် ရှန်ထျန်း၏ ယူဆချက်အရ ကျောက်ဟောင်၏ ကံအပြောင်းအလဲ အခွင့်အရေးက ဒီသုံးရက်အတွင်း ကျရောက်နိုင်ချေ များသည်။

ရှန်ထျန်း မြင်တွေ့ရတဲ့ ကံအပြောင်းအလဲ အခွင့်အရေးတွေက လတ်တလောဖြစ်မဲ့ အရာတွေပဲဆိုတော့ နောက်လ၁၅ ရက်နေ့မှ ဖြစ်လာမဲ့ ကံအပြောင်းအလဲ အခွင့်အရေးကို ကြိုမြင်တာလည်း မဖြစ်နိုင်ဘူး

ကျောက်ဟောင်က ခိုင်မာသော ဆုံးဖြတ်ချက်ဖြင့် အုတ်ဂူရှေ့တွင် ဒူးထောက်နေပြီဖြစ်သည့်အတွက် ရှန်ထျန်းလည်း ရွေးချယ်စရာ မရှိတော့ပေ။

“ ညီအစ်ကိုကျောက် ဒီလောက်ထိ သားသမီး ပီသနေမှတော့ ကျွန်တော် ထပ်ပြီးတော့ မဖျောင်းဖျတော့ပါဘူး”

သူ၏ ခန်းမင်လက်စွပ်ထဲမှ ခေါင်းအုံးနှင့် ရိက္ခာခြောက်အထုပ်ကို ထုတ်ယူလိုက်သည်။

“ ညီအစ်ကိုကျောက် ဒီမှာပဲ ဒူးထောက်နေနော်။ တခြားနေရာတွေကို လျှောက်မသွားနဲ့။ ဒီရိက္ခာခြောက်နဲ့ ခေါင်းအုံးကို ညီအစ်ကိုအတွက် ထားပေးခဲ့မယ်။ ဇွဲလုံလရှိခြင်းက အောင်မြင်ခြင်းအတွက် သော့ချက်ဆိုတာ မမေ့နဲ့နော်။ ညီအစ်ကို လုပ်နိုင်မှာပါ”

ရှန်ထျန်း လှည့်ထွက်သွားတော့ ကျောက်ဟောင်က ကျေးဇူးတင်သည့်မျက်နှာထားဖြင့် ကြည့်နေသည်။

ညီအစ်ကိုရှန်က  ကောင်းကင်တာအိုရဲ့ အန္တရာယ်ရှိတဲ့ တန်ပြန်သက်ရောက်မှုကို သည်းခံရင်း ငါ့ကို ကံကြမ္မာပြောင်းလဲအောင် ကူညီပေးရုံတင် မကသေးဘူး သူက အရမ်းလည်း စဉ်းစားဉာဏ်ရှိတယ်။ သူက အရမ်းချောမောပြီး ဂုဏ်ရှိသလို ကံကြမ္မာကို ဘယ်တော့မှ လက်လျှော့အရှုံးမပေးဘူး။ သူက တခြားသူတွေအတွက်လဲ တွေးပေးတတ်သေးတယ်…သူက အရမ်းကို ပြီးပြည့်စုံတာပဲ

ထိုအခိုက်အတန့်တွင် မင်းသမီးလေး ရွှယ်ဝူရှားက ရှန်ထျန်း၏ ရုပ်ရည်ကြောင့်သာ ချစ်ကျွမ်းဝင်ခဲ့ခြင်း မဟုတ်ကြောင်း ကျောက်ဟောင် နားလည်သွားသည်။

ညီအစ်ကိုရှန် အနိုင်ယူတာကို ခံပြီးတော့ ကျုပ် လုံးဝ အရှုံးပေးပါတယ်

ကျောက်ဟောင်၏ အတွေးတွေကို မသိသော ရှန်ထျန်းကတော့ အတော်လေး စိတ်ဒုက္ခရောက်နေသည်။

မတ်တပ်ရပ်လည်း အဆင်ပြေတယ်လို့ ပြောခဲ့ပေမဲ့ သူက ဒူးထောက်ပြီးတော့ပဲ နေမယ်တဲ့။ သူ့ကို ဖျောင်းဖျဖို့ အခွင့်အရေးတောင် မပေးဘူး

မိဘအပေါ်သိတတ်သည့်ပုံစံက ကြည့်လို့ကောင်းသော်လည်း ရှန်ထျန်းကတော့ ထပ်ပြီး လှည့်စားလိုက်ရပြန်ပြီဟု ခံစားနေသည်။

သူက ကျင့်ကြံဆင့်ကို ဆုံးရှုံးထားတယ်ဆိုပေမဲ့လည်း သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေခံအုတ်မြစ်က ရှိနေသေးတာပဲလေ။ သုံးရက်နဲ့သုံးည ဒူးထောက်ရုံလေးနဲ့တင် သူ့ကို မထိခိုက်စေလောက်ပါဘူး။ သူ ကျင့်ကြံဆင့်ကို ပြန်ရလာမှ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေဆီ ခေါ်သွားပြီးတော့ အကြွေးပြန်ဆပ်လိုက်မယ်

ထိုကဲ့သို့ တွေးတောပြီးနောက် ရှန်ထျန်းက ကျောက်ဟောင်ကို လွှတ်ထားလိုက်ပြီး ဖန်ချန်း၏ ကံအပြောင်းအလဲ အခွင့်အရေးကို စတင်ရှာဖွေတော့သည်။

ဖန်ချန်းရဲ့ခေါင်းပေါ်မှာ ရှန်ထျန်း တွေ့လိုက်ရတဲ့ ကြီးမားတဲ့ ကံအပြောင်းအလဲ အခွင့်အရေးက တောင်ကြားထဲက မြူခိုးထဲမှာ ရှိနေတာ

အခု နေ့လည်ဘက်ဆိုတော့ ဝိညာဉ်မြူခိုးတွေ သိပ်မရှိသေးဘူး

ရှန်ထျန်း အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။

အခု ကြီးမားတဲ့ ကံအပြောင်းအလဲ အခွင့်အရေးကို သွားယူရမဲ့အချိန်ပဲ

All Chapters