အခန်း ၆၂
Vol. 7 Ch. 62
အခန်း (၆၂) ငွေပြာရောင် ရိုင်းစိုင်းနဂါးသံချပ်ကာ
မျက်စိကျိမ်းစရာကောင်းသော သဲမုန်တိုင်းများ ပြန်လည် ငြိမ်သက်သွားသော်လည်း မြစ်ကမ်းပါးပြင်ပေါ်တွင် ပြင်းထန်သော လေပြင်းများ တိုက်ခတ်လာသည်။ ထိုလေပြင်း ကြောင့် 'ကြမ်းကြုတ်သော စာကလေးနဂါး' နှင့် 'သွေးတောင်ပံနဂါး' တို့မှာ ကောင်းကင် ယံတွင် တည်ငြိမ်စွာ ပျံသန်းရန်ပင် ရုန်းကန်နေရတော့သည်။
"ဂျိန်း…….."
မိုးပြာနဂါးနက်က မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ရာ မြေပြင်မှာ အက်ကွဲသွားရသည်။ ထိုမြေအက်ကွဲကြောင်းထဲတွင် ပိတ်မိနေသော အစွယ်ရှည်ကျားနဂါး မှာ အခြားသော နဂါးရိုင်းများ၏ ရက်စက်စွာ ကိုက်ဖြတ်ခြင်းကို ခံလိုက်ရသည့်အလား အသားစများ စုတ်ပြဲထွက်ကာ သွေးသံရဲရဲ ဖြစ်သွားခဲ့သည်။
ဝိညာဉ်ပဋိညာဉ် အလင်းတန်းတစ်ခု ချက်ချင်း ပေါ်လာပြီးနောက် အစွယ်ရှည်ကျားနဂါး သည် ယခင်က ၎င်း၏ မောက်မာမှု၊ ရိုင်းစိုင်းမှုများ ပျောက်ကွယ်သွားကာ အမြီးကုပ်၍ ထွက်ပြေးသွားသော ခွေးတစ်ကောင်သကဲ့သို့ ၎င်း၏ပိုင်ရှင်ထံသို့ အမြန် ပြန်ဝင်သွားတော့ သည်။
ငွေနှင်းအရုဏ်ဦးနဂါးဖြူသည် ၎င်း၏ သွက်လက်သော ခြေလက်များကို အသုံးပြုကာ တောအုပ်ထဲရှိ သမင်တစ်ကောင်အလား လှပစွာ လှုပ်ရှားနေပြီး၊ ကုန်းမြေပေါ်တွင်မူ တောအုပ်များမှ ကျားသစ်တစ်ကောင်အလား လျင်မြန်လှပေသည်။ ၎င်း၏ အတောင်ပံများ မှာ လိုက်လျောညီထွေရှိသော ဒိုင်းများအဖြစ် ပြောင်းလဲသွားပြီး၊ ရှေ့လက်သည်းများနှင့် အမြီးမှာမူ အသက်ကို နုတ်ယူနိုင်သည့် လက်နက်များ ဖြစ်လာသည်။
မိုးပြာနဂါးနက်၏ ဧရာမခန္ဓာကိုယ်ကြီးက ဝေးလံသောနေရာမှ လာသည့် မှော်ပညာများ နှင့် ဆန်းကြယ်မှော်ပညာရပ်များကို ကာကွယ်ပေးထားသဖြင့် ငွေနှင်းအရုဏ်ဦးနဂါးဖြူ၏ အနီးကပ်တိုက်ခိုက်မှုမှာ ပို၍ပင် အားကောင်းလာခဲ့သည်။ ၎င်း၏ လက်သည်းများဖြင့် ကုတ်ဖြဲလိုက်သော အသားစများနှင့် သံချပ်ကာအစအနများမှာ လေထဲသို့ လွင့်စဉ်သွားပြီး၊ ၎င်း၏ အမြီးစူးဖြင့် အထိုးခံရသော နဂါးသားတော်အဆင့် အားလုံးမှာ ပြန်လည် မထနိုင် တော့ပေ။ မည်မျှပင် ထူထဲသော နဂါးအကြေးခွံများ ဖြစ်စေကာမူ ၎င်း၏ ကြိမ်လုံးအလား အမြီးရိုက်ချက်ကို မခုခံနိုင်ခဲ့ပေ။
အချိန်အတန်ကြာတွင် မိုးပြာနဂါးနက်နှင့် ငွေနှင်းအရုဏ်ဦးနဂါးဖြူတို့၏ စည်းချက်ကျကျ ပူးပေါင်း တိုက်ခိုက်မှုအောက်တွင် ရန်သူနဂါးများမှာ ဘာမှမတတ်နိုင်ဘဲ အထိနာနေကြရ သည်။
"သူတို့ကို ခွဲထုတ်လိုက်ကြ၊ အဲ့ဒီမိုးပြာနဂါးနက်ကိုပဲ ဝိုင်းတိုက်" ယင်ယောင်ဝူသည် ပတ်ဝန်းကျင်ရှိ ကျောင်းသားများကို အမိန့်ပေးလိုက်သည်။
ငွေနှင်းအရုဏ်ဦးနဂါးဖြူသည် ကောင်းကင်မှနေ၍ ပြင်းထန်သော ရေခဲနှင့် လေစွမ်းရည် မှော်ပညာများကို ထုတ်လွှတ်နိုင်သလို၊ မြေပြင်ပေါ်တွင်လည်း ကျားသစ်တစ်ကောင်ကဲ့သို့ လျင်မြန်သွက်လက်၏။ ၎င်း၏ ရေခဲအမွေးအတောင် သံချပ်ကာကြောင့် လက်သည်းနီ ခြေမြန်နဂါးကဲ့သို့သော ချုံခိုတိုက်ခိုက်သူများပင် အားနည်းချက်ကို ရှာမတွေ့နိုင်ဘဲ ဖြစ်နေ သည်။
ဤသည်မှာ ငွေနှင်းအရုဏ်ဦးနဂါးဖြူကို အတိုင်းအတာတစ်ခုအထိ ဖိနှိပ်ထားပြီး၊ ၎င်းအား ကျယ်ပြန့်သော ရေခဲမှော်ပညာကို အသုံးပြုခွင့် မပေးထားသောကြောင့်သာ ဖြစ်သေး သည်။ အကယ်၍သာ ၎င်းအား အချိန်ပေးပြီး မှော်ပညာကို ရွတ်ဆိုခွင့်ပြုလိုက်ပါက သူတို့ ၏ နဂါးသားတော် အများအပြားမှာ ပို၍ပင် သေကြေပျက်စီးသွားလိမ့်မည်။
ထို့ကြောင့် ယင်ယောင်ဝူက သူ့ဗျူဟာကို ပြောင်းလဲလိုက်သည်။
ငွေနှင်းအရုဏ်ဦးနဂါးဖြူကို အနိုင်ယူရန် မလွယ်ကူသဖြင့် မိုးပြာနဂါးနက်နှင့် ကျူးမင်လန် ကိုသာ ပစ်မှတ်ထားရန် ဆုံးဖြတ်လိုက်သည်။
ကျူးမင်လန်သည် ဤမျှအန္တရာယ်များသည့် နေရာတွင် ကိုယ်တိုင်ဝင်ရောက်နေခြင်းမှာ အလွန်ပင် မိုက်မဲရာကျသည်။ ထို့ကြောင့် နဂါးများ တိုက်ခိုက်နေစဉ်အတွင်း ကျူးမင်လန် ကို မတော်တဆ ထိခိုက်မိသွားလျှင်လည်း သူတို့ကို အပြစ်တင်၍ မရနိုင်ပေ။
"ငါ ငွေနှင်းအရုဏ်ဦးနဂါးဖြူကို အာရုံလွှဲထားပေးမယ်၊ မင်းတို့ မြန်မြန်လှုပ်ရှားကြ၊ နည်းပြ ဆရာ သတိမထားမိအောင်လဲ ဂရုစိုက်ကြ" ထိုအချိန်တွင် ဖယောင်းနဂါးပိုင်ရှင် ကျောင်းသားက တိုးတိုးလေး ပြောလိုက်သည်။
ငွေနှင်းအရုဏ်ဦးနဂါးဖြူကဲ့သို့ 'နဂါးစစ်သူကြီး' အဆင့် သတ္တဝါမျိုး ရှိနေသဖြင့် သူတို့ အနိုင်ရရန် အခွင့်အရေးမှာ နည်းပါးလွန်းသော်လည်း ဤတိုက်ပွဲ၏ ရည်ရွယ်ချက်မှာ အနိုင်ရရန်မဟုတ်ဘဲ ကျူးမင်လန်ကို အသေသတ်ရန် ဖြစ်သည်။
ကျူးမင်လန်သာ နည်းပြဆရာ ပိုင်ယီရှူ အနီးတွင် နေခဲ့မည်ဆိုလျှင် သူတို့အနေဖြင့် အခွင့်အရေးရရန် အမှန်ပင် ခက်ခဲလိမ့်မည်။
သို့သော် ယခုမူ ကျူးမင်လန်သည် ငွေနှင်းအရုဏ်ဦးနဂါးဖြူကို ဝိုင်းရံထားခြင်းမှ လွတ်မြောက်စေရန်အတွက် နဂါးတိုက်ပွဲအတွင်းသို့ ကိုယ်တိုင် ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။
အဆုံးတွင် ကျူးမင်လန်သည် အဆင့်မြင့် နဂါးထိန်းတစ်ဦး မဟုတ်ပါဘဲလျက် နဂါးတိုက်ပွဲ အတွင်း ကိုယ်တိုင်ပါဝင်နေပါက ထိခိုက်မှုမရှိဘဲ သူ့ကိုယ်သူ လွတ်မြောက်နိုင်မည် မဟုတ် ပေ။
ဖယောင်းနဂါးသည် မြွေတစ်ကောင်အလား တိုးဝင်လှုပ်ရှားနေပြီး မြစ်ကမ်းပါးရှိ ကျူပင် များကြားတွင် ပုန်းအောင်းနေသည်။ ၎င်း၏ အစွမ်းထက်သော ရှေ့လက်များမှာ ကင်းမြီး ကောက်လက်အမြီးအလား လေထဲတွင် လှုပ်ရှားနေပြီး ကြောက်မက်ဖွယ်ကောင်းသော ဓားခုတ်သံကဲ့သို့ အသံများကို ထုတ်လွှတ်နေသည်။
၎င်း၏ အကြေးခွံများမှာ အရောင်ပြောင်းလဲနိုင်စွမ်းရှိပြီး ယခုလေးတင် ရွှေရောင်တောက်ပ နေခဲ့သော်လည်း ယခုမူ ကျူပင်များကြားတွင် ပုန်းအောင်းနေသဖြင့် ကျူရိုးများနှင့် ခွဲခြားမ ရအောင်ပင် အရောင်ဖျောက်ထားလိုက်သည်။ ၎င်းက မလှုပ်မယှက် ပုန်းအောင်းနေပြီး ကျူပင်များအနီး ဖြတ်သန်းသွားမည့် မည်သူ့ကိုမဆို ချောင်းမြောင်းရန် အသင့်ပြင်ထား သည်။ ၎င်းမှာ ပုန်းအောင်းနေသည့် ကြောက်မက်ဖွယ်ကောင်းသော နဂါးတစ်ကောင်ပင် ဖြစ်၏။
ကျူပင်များ၏ အကာအကွယ်နှင့် အရောင်ပြောင်းလဲနိုင်သည့် စွမ်းရည်ကို အသုံးပြုကာ ဖယောင်းနဂါးသည် နဂါးငါးကောင်နှင့် အဓိက တိုက်ခိုက်နေသည့် ငွေနှင်းအရုဏ်ဦး နဂါးဖြူ အနီးသို့ ချဉ်းကပ်လာခဲ့သည်။
ထိုအချိန်တွင် ဧရာမအနက်ရောင် အရိပ်တစ်ခုက ဖယောင်းနဂါးထံသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်နေရသည်။ ထိုနဂါးအုပ်စုကြားမှာပင် အထင်းသားဖြစ်နေသည့် အနက်ရောင် ကြေးခွံနဂါးမှာ မိုးပြာနဂါးနက်ပင် ဖြစ်သည်။
ဖယောင်းနဂါး၏ ရှုထောင့်မှ ကြည့်လျှင် မိုးပြာနဂါးနက်က သူ့ကို ကျောပေးထားသည့် အတွက် ၎င်း၏ကျောပြင်ပေါ်မှာ စီးနင်းနေသည့် ကျူးမင်လန်ကို ထင်ထင်ရှားရှား မြင်နေ သည်။
"သူတို့ ငါ့ဖယောင်းနဂါးကို သတိမထားမိကြဘူး။ မင်းတို့အားလုံး ငွေနှင်းအရုဏ်ဦးနဂါးဖြူ ကိုသာ ထိန်းထားလိုက်၊ ငါ ကျူးမင်လန်ကို အသေသတ်လိုက်မယ်" ဖယောင်းနဂါး ပိုင်ရှင် က ရုတ်တရက် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ခရမ်းရောင်နက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်ဝန်းများက နက်ရှိုင်းကာ ပါးရိုးကား ကား ထိုလူမှာ ကျူးမင်လန် အပေါ် နက်ရှိုင်းသော အငြိုးအတေးများ ရှိနေသည့်အလား ထင်ရသည်။ ဤအခွင့်အရေးကောင်းကို လက်လွတ်မခံဘဲ သူ့ရင်ထဲတွင် တရကြမ်း တိုးဝင် လာနေသော စိတ်လှုပ်ရှားမှုကို မနည်းထိန်းချုပ်နေရသည်။
"ကောင်းပြီ၊ သူ့ကို ရှင်းပစ်လိုက်" ယင်ယောင်ဝူက ဆိုသည်။
အခြားသူများနှင့် တိုင်ပင်ပြီးနောက် နဂါးသားတော်များ အားလုံးမှာ ငွေနှင်းအရုဏ်ဦး နဂါးဖြူကို ဝိုင်းဝန်း တိုက်ခိုက်ကြတော့သည်။ ငွေနှင်းအရုဏ်ဦးနဂါးဖြူကို ထိန်းချုပ်ခြင်း နှင့် အနိုင်ယူခြင်းမှာ မတူညီပေ။ သူတို့အနေဖြင့် အနိုင်မယူနိုင်လျှင်ပင် ရှေးဟောင်းနဂါး များနှင့် ဧရာမနဂါး အမြောက်အမြားကို အသုံးပြု၍ ငွေနှင်းအရုဏ်ဦးနဂါးဖြူကို အလုပ် ရှုပ်သွားစေရန် လုပ်ဆောင်နိုင်ပေသည်။ (ဤနေရာ၌ နဂါးသားတော်အဆင့်နဂါးလို့ မသုံးနှုန်းဘဲ နဂါးသားတော်လို့ပဲ သုံးနှုန်းပါမည်။)
"မင်း တစ်ယောက်တည်း ရပါ့မလား" ချန်လိန်လော့က စိုးရိမ်တကြီး မေးလိုက်သည်။
"ငါ့ဖယောင်းနဂါးက 'နဂါးစစ်သူကြီး' အဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာ၊ အထွက်အထိပ်အဆင့်မှာ ရှိနေပြီး" ခရမ်းရောင်နက်ရောင် ဝတ်စုံနှင့် ကျောင်းသားက ပြောသည်။
"အဲ့ဒီ မိုးပြာနဂါးနက်က အဆင့်မြင့် နဂါးသားတော်အဆင့်ပဲ ရှိသေးတာ၊ အတော်ပဲ၊ အတော်ပဲ" ယင်ယောင်ဝူ၏ မျက်လုံးများမှာ အရောင်တောက်သွားခဲ့သည်။
အဆင့်နိမ့်အဆင့်နှင့် အဆင့်မြင့်အဆင့်…….၊ ဤသည်တို့မှာ 'နဂါးတံခါး' ကို ဖြတ်ကျော် ပြီးသော သတ္တဝါအများစု ရပ်တည်နေကြသည့် နယ်ပယ်များ ဖြစ်သည်။ သို့သော် နောက် တစ်ကြိမ် အသွင်ပြောင်းလဲမူနှင့် ဆင့်ကဲဖြစ်စဉ်ကို ရင်ဆိုင်ရတော့မည့် သတ္တဝါတို့မှာမူ ၎င်းတို့နှင့် အဆင့်မြင့်အဆင့်ချင်း တူညီသော သတ္တဝါများထက် များစွာ ပိုမိုအားကောင်းကြ သည်။ ၎င်းတို့ကို 'အထွက်အထိပ်အဆင့်' ဟု ခေါ်ဆိုကြသည်။ (ဤနေရာတွင် အခြားစာ စဉ်များကဲ့သို့ အဆင့်နိမ့်အဆင့်၊ အလယ်လတ်အဆင့်၊ အဆင့်မြင့်အဆင့်၊ အထွက်အထိပ် အဆင့်ဟု အဆင့်လေးဆင့်မတွေ့ရဘဲ အဆင့်သုံးဆင့်သာ ပါသည့်အတွက် ပါသည့်အတိုင်း ပြန်ဆိုထားပါသည်။ အဆင့်သတ်မှတ်ချက်တွင် အလယ်လတ်အဆင့် မပါဝင်ပေ။)
ဤဖယောင်းနဂါးသည် ငွေနှင်းအရုဏ်ဦးနဂါးဖြူကို အတိုင်းအတာတစ်ခုအထိ ခြိမ်းခြောက်နိုင်သည်မှာ မဆန်းတော့ပေ။
အကယ်၍ ၎င်းသည် အထွက်အထိပ်အဆင့်တွငင် ရှိနေမည်ဆိုပါက မိုးပြာနဂါးနက်ကို သေချာပေါက် အနိုင်ယူနိုင်လိမ့်မည်။
ကျူပင်များမှာ အလွန်ထူထပ်နေပြီး ဖယောင်းနဂါး၏ အရောင်ပြောင်းလဲနိုင်သည့် စွမ်းရည် ကြောင့် မိုးပြာနဂါးနက်မှာ အလွန်နီးကပ်နေသော်လည်း ဤကြမ်းတမ်းသော နဂါးရှိနေ သည်ကို သတိမပြုမိသေးပေ။
နဂါးသားတော်များအားလုံးသည် ငွေနှင်းအရုဏ်ဦးနဂါးဖြူကို ဝိုင်းရံထားလိုက်ကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထိခိုက်ဒဏ်ရာ ရသွားပါစေ၊ ငွေနှင်းအရုဏ်ဦးနဂါးဖြူကို ဝိုင်းရံထားခြင်းမှ လွတ်မြောက်မသွားစေရဟု ခိုင်မာစွာ ဆုံးဖြတ်ထားကြသည်။ ထိုအခိုက်အတန့်တွင် ဖယောင်းနဂါးသည် နောက်ဆုံး၌ လှုပ်ရှားလိုက်တော့သည်။
တိုက်ခိုက်ခြင်းမပြုမီကပင် ဖယောင်းနဂါး၏ ခန္ဓာကိုယ်မှာ အနည်းငယ် ကွေးညွတ်ထားပြီး ဖြစ်သည်။ ၎င်းသည် တောအုပ်အတွင်း ပုန်းအောင်းနေသည့် အဆိပ်မြွေတစ်ကောင်အလား တိုက်ခိုက်သည့် အချိန်တွင် ခန္ဓာကိုယ်နှင့် လည်ပင်းကို ရုတ်တရက် အားပြင်းပြင်းဖြင့် ရှေ့သို့ တိုးဝင်လိုက်၏။ ထိုအမြန်နှုန်းမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး အေးစက်စက် လျင်မြန်သော မြားတစ်စင်းအလား ပစ်လွှတ်လိုက်ခြင်း ဖြစ်သည်။
မိုးပြာနဂါးနက်က ထိုအသံကို ကြားလိုက်ရပြီးနောက် နောက်ဆုံးတွင် တုံ့ပြန်လာခဲ့သည်။
အလျင်အမြန် လှည့်ကြည့်လိုက်သောအခါ မိုးပြာနဂါးနက်သည် ဤအန္တရာယ်များလှသော ဖယောင်းနဂါး၏ ပစ်မှတ်မှာ သူကိုယ်တိုင်ကို မဟုတ်ဘဲ ကျောပေါ်တွင် စီးနင်းလာသည့် သူ့သခင်ဖြစ်ကြောင်း ရိပ်မိသွားပြီး ချက်ချင်းပင် အမျက်ဒေါသ ထွက်ပေါ်လာတော့သည်...
သို့သော် မိုးပြာနဂါးနက်၏ လှုပ်ရှားမှုအရှိန်ဟုန်မှာ ဖယောင်းနဂါးနှင့် ယှဉ်ပါက မယှဉ်သာ ပေ။ ထိုနဂါး၏ ချွန်ထက်သော အစွယ်နှင့် လက်သည်းများမှာ ကျူးမင်လန်ကို ထိလုနီးပါး ဖြစ်နေပြီဟု ခံစားလိုက်ရသည်။
ကျူးမင်လန်က ဖယောင်းနဂါးကို စိုက်ကြည့်လိုက်၏။
ဖယောင်းနဂါးထံမှ ပြင်းထန်သော သတ်ဖြတ်လိုသည့် အငွေ့အသက်ကို သူ ခံစားလိုက်ရ သည်။ ထိုနဂါးသည် သူ့ကို အသေသတ်ရန် ရည်ရွယ်ချက်ရှိရှိဖြင့် တိုက်ခိုက်လာခြင်း ဖြစ်သည်။
ဤသည်မှာ အကယ်ဒမီများအကြား ယှဉ်ပြိုင်သည့် တိုက်ပွဲတစ်ခု မဟုတ်တော့သည်မှာ ထင်ရှားပေသည်။
"မင်းတို့က ငါ့ကို အဲ့ဒီလောက်တောင် သေစေချင်နေတာလား" ကျူးမင်လန်၏ အကြည့် များမှာ အေးစက်သွားသည်။
ကျူးမင်လန်သည် ရှောင်တိမ်းခြင်း မပြုပေ။ သူက သူ့လက်ဝါးကို ဆန့်ထုတ်လိုက်ရာ လက်ဝါးပေါ်တွင် ငွေလဲ့အစိမ်းရောင် အလင်းပုံစံများ ပေါ်လာသည်။ ထိုပုံစံများမှာ မျက်စိ ကျိန်းမတတ် တောက်ပနေပြီး အလင်းတန်းများမှာ တဖြည်းဖြည်း ခိုင်မာလာကာ ကျူးမင်လန်နှင့် မိုးပြာနဂါးနက်တို့၏ ရှေ့တွင် အစစ်မှန် သတ္တုများအလား အမှန်တကယ် ပေါ်လာတော့သည်။
သံချပ်ကာအရိပ်…..
ငွေလဲ့စိမ်းရောင် သံချပ်ကာတစ်ခုက ကျူးမင်လန်၏ ခန္ဓာကိုယ်ပေါ်တွင် ပေါ်လာခဲ့ပြီး တစ်ချိန်တည်းမှာပင် မိုးပြာနဂါးနက်၏ အနက်ရောင်အရေခွံမှာလည်း ကြီးမားသော ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသည်။ ကျူးမင်လန်၏ လက်ဝါးမှ ပျံ့နှံ့လာသော သံချပ်ကာ အလင်းတန်းမှာ လျှပ်စီးအရှိန်ဖြင့် မိုးပြာနဂါးနက်၏ အရေခွံတစ်ခုလုံးကို ဖုံးအုပ်သွားသည်။
နဂါးဦးချိုမှ စ၍ ဦးခေါင်းတိုင်အောင် ငွေလဲ့စိမ်းရောင် သံချပ်ကာများဖြင့် ဖုံးအုပ်လိုက်ပြီး၊ လည်ပင်းမှတစ်ဆင့် အမြီးဖျားအထိ ဆက်လက်ပျံ့နှံ့သွားသည်။ လှုပ်ရှားရန် လိုအပ်သည့် လက်သည်းနှင့် ခြေလက်များမှလွဲ၍ မိုးပြာနဂါးနက်သည် ဤသံချပ်ကာ အလင်းတန်းများ အောက်တွင် ပြန်လည်မွေးဖွားလာသကဲ့သို့ ဖြစ်သွားခဲ့ပြီး 'ငွေပြာရောင် ရိုင်းစိုင်းနဂါးသံချပ် ကာ' အဖြစ် ပြောင်းလဲသွားခဲ့လေသည်။
အနက်ရောင်အရေခွံမှာ ငွေလဲ့စိမ်းရောင် လေးလံသည့် သံချပ်ကာအဖြစ် ပြောင်းလဲသွား ပြီး တောက်ပသော သတ္တုအရောင်အသွေးနှင့်အတူ မိုးပြာနဂါးနက်၏ ကြမ်းကြုတ်သော အားမာန်ကို ပြီးပြည့်စုံစွာ ပေါင်းစပ်လိုက်၏။ ၎င်းထံမှ ထွက်ပေါ်လာသော အငွေ့အသက် မှာ နဂါးသားတော်များ အားလုံးနှင့် လုံးဝမတူတော့ဘဲ မောက်မာခန့်ညားသည့် ဂုဏ်ရောင် များ တောက်ပနေတော့သည်။