← Chapters

အခန်း ၆၃

Vol. 7 Ch. 63

အခန်း ၆၃

Vol. 7 Ch. 63

အခန်း (၆၃) အဖြူလေး၊ မိုးပြာနဂါး၏ ဆန်းကြယ်မှော်ပညာရပ်များ။

"ဘုန်း….."

ဖယောင်းနဂါး၏ အဆိပ်ပြင်းသော ကိုက်ဖောက်မှုမှာ အလွန်လျင်မြန်ပြင်းထန်လှသော် လည်း ကျူးမင်လန်၏ သံချပ်ကာအရိပ်ပေါ်သို့ ကျရောက်သွားသည့်အခါ ဖယောင်းနဂါး၏ ရှေ့သွားကြီးများမှာ ကျိုးပဲ့သွားတော့သည်။ သို့သော် သံချပ်ကာ၏ အကာအကွယ်အောက် တွင် ကျူးမင်လန်မှာမူ တစ်စုံတစ်ရာ ထိခိုက်မှုမရှိဘဲ လွတ်မြောက်သွားခဲ့သည်။

ဤအချိန်တွင် ဒေါသတကြီး ဖြစ်နေသည့် ငွေလဲ့စိမ်းရောင် သံချပ်ကာဝတ်ဆင်ထားသော မိုးပြာနဂါးနက်သည် လုံးဝ လှည့်ပတ်လိုက်ပြီ ဖြစ်သည်။ သူက ခန္ဓာကိုယ်ကို အပြည့်အဝ ကွေးညွတ်လိုက်ပြီး ဦးခေါင်းကို မြေပြင်နှင့် နီးကပ်အောင်ထားကာ ၎င်း၏ လေးလံသော ငွေလဲ့စိမ်းရောင် နဂါးဦးချိုများဖြင့် ကျူပင်များကြားထဲသို့ ပစ်လဲကျသွားသည့် ဖယောင်း နဂါးကို ချိန်ရွယ်လိုက်သည်။

"အို့…. ဟိုး……"

ဒေါသထွက်နေသော နဂါးကြီးသည် ၎င်း၏ ကြမ်းတမ်းသော ခွန်အားကို အသုံးပြု၍ ကျူပင်များကို ထိုးဖောက်သွားရာ လမ်းကြောင်းတစ်ခု ဖြစ်ပေါ်သွားပြီး မြေကြီးထဲတွင် နက်ရှိုင်းစွာ မြုပ်ဝင်နေသော ကျောက်တုံးများပင်လျှင် နဂါးဦးချို၏ ထိုးဖောက်မှုကြောင့် အပိုင်းပိုင်း ကွဲထွက်သွားတော့သည်။

ပါးစပ်တစ်ပြင်လုံး သွေးများဖြင့် စိုရွှဲနေသော ဖယောင်းနဂါးသည် ၎င်း၏ ပိန်သွယ်သော အမြီးကို အသည်းအသန် လှုပ်ခါကာ ထွက်ပြေးရန် ကြိုးစားနေသည်။

သို့သော် ငွေပြာရောင်ရိုင်းစိုင်းနဂါးသံချပ်ကာကို ဝတ်ဆင်ထားသော မိုးပြာနဂါးနက်သည် ၎င်း၏ လမ်းကြောင်းတွင် ရှိသမျှ အရာအားလုံးကို ရက်စက်စွာ ထိုးဖောက် ကျော်ဖြတ်သွား သည်။ အောက်ရှိ ကျောက်သားပြင်များမှာ ရေမြှုပ်အလား ပျော့ညံ့နေခဲ့ပြီး ထွက်ပြေးရန် အချိန်မမီတော့သည့် ဖယောင်းနဂါးမှာ နဂါးဦးချိုနှင့် တိုက်မိသွားတော့သည်။

ငွေပြာရောင်နဂါးဦးချိုမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ထက်ရှနေပြီး ဖယောင်းနဂါး၏ ရင်ဘတ်ကို တိုက်ရိုက် ထိုးဖောက်သွားသည်။

ထိုသို့ဖြစ်သော်လည်း မိုးပြာနဂါးနက်သည် ၎င်း၏ ရက်စက်သော တိုက်ခိုက်မှုကို ရပ်တန့် မသွားခဲ့ပေ။ ရင်ဘတ်ပေါက်သွားသော ဖယောင်းနဂါးကို နဂါးဦးချိုတွင် စိုက်ထည့်ထား လျက် နဂါးခေါင်းပေါ်တွင် ချိတ်ဆွဲထားကာ မြေပြင်ပေါ်သို့ အကြိမ်ကြိမ် ပွတ်တိုက် လှိမ့်ပစ် လိုက်သည်။

အကြေးခွံများ ပြဲထွက်ကာ အသားစများ ဆုတ်ပြဲသွားပြီး ရင်ဘတ်ရှိ ဒဏ်ရာမှာလည်း ကြောက်မက်ဖွယ်ကောင်းအောင် ကြီးမားသွားသည်။ ယခုလေးကပင် ရန်လိုပြီး ခန့်ညားလှ သည့် ဖယောင်းနဂါးမှာ ယခုမူ သွေးသံရဲရဲနှင့် အပိုင်းပိုင်း အစစဖြစ်နေသည့် ခန္ဓာကိုယ် တစ်ခုသာ ဖြစ်သွားခဲ့ရသည်။ နဂါးသားတော် အထွတ်အထိပ်အဆင့်ရှိ နဂါးတစ်ကောင် သည် မိမိထက်နိမ့်ကျသော နဂါးတစ်ကောင်၏ ရက်စက်စွာ သတ်ဖြတ်ခြင်းကို ခံလိုက်ရ ခြင်းပင် ဖြစ်သည်။

မြစ်ကမ်းပါးရှိ စစ်မြေပြင်အပြင်ဘက်တွင် ရပ်ကြည့်နေကြသော ကျောင်းသားများအားလုံး မှာ ထိတ်လန့်တကြားဖြင့် မျက်လုံးများ ပြူးကျယ်သွားကြသည်။

မိုးပြာနဂါးနက်သည် ဖယောင်းနဂါးကို အသက်ရှင်ခွင့်ပေးရန် လုံးဝ စိတ်ကူးမရှိဘဲ ရွှံ့နွံ များနှင့် အပျက်အစီးများကြားမှ သွေးသံရဲရဲဖြစ်နေသော ဖယောင်နဂါးကို ဆွဲထုတ်လိုက် သည်။ ထို့နောက် အားလုံး၏ မျက်စိရှေ့မှာပင် ဖယောင်းနဂါး၏ လည်ပင်းနှင့် အမြီးကို ကိုင်ဆွဲလိုက်သည်။

"ဗြိ……."

ပြင်းထန်သော ဆုတ်ဖြဲသံတစ်ချက်နှင့်အတူ ဖယောင်းနဂါးမှာ နှစ်ပိုင်းဖြစ်သွားပြီး သွေးနှင့် အသားစများ ပန်းထွက်ကုန်၏။ အတွင်းအင်္ဂါများမှာလည်း ပြဲထွက်သွားသော ဒဏ်ရာမှ လျှောကျလာပြီး မြင်ကွင်းမှာ ကြောက်မက်ဖွယ်ကောင်းအောင် သွေးစက်များဖြင့် ရွှဲနစ် သွားတော့သည်။

အမြီးပိုင်းကို ပစ်လိုက်ပြီးနောက် မိုးပြာနဂါးနက်သည် ၎င်း၏ ဒေါသကို မထိန်းချုပ်နိုင် တော့ပေ။ ၎င်းသည် ပါးစပ်ကိုဟပြီး ဖယောင်းနဂါး၏ ခေါင်းကို ရက်စက်စွာ ကိုက်ဖြတ် လိုက်ကာ ချွန်ထက်သော အနက်ရောင် အစွယ်များကြားတွင် ဝါးစားလိုက်သည်။

"နည်းပြဆရာ ပိုင်ယီရှူ၊ ဘာကြောင့် ခင်ဗျားက... အား……" ခရမ်းရောင်နက်ရောင် ဝတ်စုံနှင့် ကျောင်းသားမှာ အကူအညီတောင်းရန် ပြင်ဆင်နေစဉ်မှာပင် သူ၏ နဂါးခေါင်းမှာ အကိုက်ခံလိုက်ရပြီး ဒေါသထွက်နေသည့် မိုးပြာနဂါးနက်၏ ဝမ်းဗိုက်ထဲသို့ တစ်စပ်တည်း ဝါးမြိုခြင်း ခံလိုက်ရသည်။

နဂါးသေဆုံးသွားသည်နှင့် ထိုကျောင်းသားမှာ ဝိညာဉ်ပဋိညာဉ် ပြတ်တောက်သွားသည့် တန်ပြန်ဒဏ်ရာကို အဆိပ်ဆူးများဖြင့် အထိုးခံရသည့်အလား ခံစားလိုက်ရ၏။ ထိုနာကျင် မှုမှာ ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုထက်ပင် ပိုမိုပြင်းထန်သည်။

သူ၏ မျက်နှာမှာ ချုံ့မဲ့သွားပြီး ကြွက်သားများမှာလည်း တဆတ်ဆတ် တုန်ခါနေကာ ဝေဒနာကြောင့် အော်ဟစ်လိုက်ရသည်။ သူသည် မြေပြင်ပေါ်သို့ လဲကျသွားပြီး အရှင် လတ်လတ် ဝါးမြိုခံလိုက်ရသကဲ့သို့ အသည်းအသန် ရုန်းကန်နေရတော့သည်။

"ဒါက မင်းကိုယ်တိုင် ရှာကြံပြီး လုပ်ခဲ့တာပဲ၊ အခုတော့ မင်း အသက်ရှင်ဖို့ မဖြစ်နိုင်တော့ ဘူး" ပိုင်ယီရှူက ထိုကျောင်းသားကို အေးစက်စက် ပြောလိုက်သည်။

မျက်စိမကန်းသူတိုင်း ဖယောင်းနဂါး၏ ရိုင်းစိုင်းလှသည့် အပြုအမူကို မြင်တွေ့နိုင်ပါသည်။

အကယ်ဒမီ ပြိုင်ပွဲဖြစ်သောကြောင့် နဂါးထိန်းများကို တိုက်ရိုက် တိုက်ခိုက်ခြင်းကို လုံးဝ တားမြစ်ထားသည်။ ဖယောင်းနဂါးသည် မိုးပြာနဂါးနက်ကို တိုက်ရိုက် တိုက်ခိုက်နိုင်သော် လည်း ကျူးမင်လန်ကို ပစ်မှတ်ထားခဲ့ပြီး ထိုရက်စက်သော ကိုက်ဖြတ်မှုမှာ အသေသတ်ရန် ရည်ရွယ်ချက် ရှိနေသည်မှာ ထင်ရှားနေသည်။

ပိုင်ယီရှူသည် မိုးပြာနဂါးနက်ကို ဖယောင်းနဂါး၏ ခေါင်းကို ဝါးမြိုခြင်းမှ တားဆီးနိုင်သော် လည်း သူက မတားဆီးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

သူတို့သည် သုံးနှစ်အရွယ် ကလေးများ မဟုတ်ကြပေ။ မိမိလုပ်ရပ်အတွက် မိမိကိုယ်တိုင် တာဝန်ယူရမည်သာ ဖြစ်သည်။

“ယို့…….”

ရုတ်တရက် အသံတစ်သံက လေထုကို ထိုးဖောက်၍ ကျယ်လောင်စွာ ဟိန်းထွက်လာ သည်။ မြစ်ကမ်းပါး စစ်မြေပြင်တွင် ဝိုင်းပတ်ခံထားရသော ငွေနှင်းအရုဏ်ဦးနဂါးဖြူသည် မည်သူမျှ သတိမထားမိလိုက်သည့် အချိန်မှာပင် ကောင်းကင်ယံသို့ ပျံတက်သွားခဲ့သည်။

၎င်း၏ မြင့်မြတ်သော အမွေးအတောင်များနှင့် နူးညံ့သည့် တောင်ပံများမှာ အပြည့်အဝ ဖြန့်ကျက်လိုက်သည်နှင့် တစ်ပြိုင်နက် ရုတ်တရက် ဆီးနှင်းမုန်တိုင်းကြီး ကျရောက်လာပြီး အေးစက်လှသော လေပြင်းများမှာ အရိုးထဲအထိ စိမ့်ဝင်သွားစေသည်။ ကျယ်ပြောလှသော လွင်ပြင်တစ်ခုလုံးမှာ မည်သည့်အချိန်ကတည်းက စတင်နေမှန်း မသိတော့ဘဲ မှောင်မိုက် နေသော ဆီးနှင်းမုန်တိုင်းများဖြင့် ဖုံးအုပ်သွားပြီး နေ့ခင်းအချိန်ဖြစ်သော်လည်း နေရောင် ခြည်ပင် ထိုးမပေါက်တော့ပေ။

တောက်ပသော လမင်းကြီးကို ဝန်းရံထားသည့် ကြယ်တာရာများကဲ့သို့ပင် ငွေနှင်း အရုဏ် ဦးနဂါးဖြူသည် မြစ်ရေပြင်အထက် ကောင်းကင်ယံတွင် ဝဲပျံနေ၏။ ၎င်း၏ တစ်ကိုယ်တော် ပုံရိပ်နှင့် သန့်စင်သော တောက်ပမှုတို့က အေးစက်ပြီး ခမ်းနားသည့် ဖိအားတစ်ရပ်ကို ဖြစ်ပေါ်စေသဖြင့် မြေပြင်ပေါ်ရှိ နဂါးများမှာ ထိန်းမနိုင်သိမ်းမရ တုန်လှုပ်ချောက်ချားလာ ကာ မရေမရာသော စိုးရိမ်ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားတော့သည်။

"ယူး……."

ထပ်မံ၍ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ရာ မှောင်မိုက်နေသည့် ကောင်းကင်ယံမှ ငွေရောင် တောက်ပသော ကြယ်ကြွေများမှာ မိုးရေစက်များအလား ကျဆင်းလာပြီး၊ ၎င်းတို့ မှာ အလွန်လျင်မြန်လွန်းသဖြင့် ကောင်းကင်ကို ထိုးဖောက်သွားသည့် အဖြူရောင် လျှပ်စီး တန်းများကဲ့သို့ပင် ဖြစ်နေပြီး အဆုံးမရှိသော ကောင်းကင်ပြင်ကြီးတွင် မီးလျှံတန်းရှည်ကြီး များကို ချန်ရစ်ထားကာ အလွန်တရာ လှပဆန်းကြယ်သည့် ပုံရိပ်များကို ဖန်တီးလိုက်လေ သည်။

"နေ့ခင်းဘက်ကြယ်ကြွေတာလား……."

ညအချိန်တွင် ကြယ်ကြွေခြင်းမှာ အလွန်လှပသော မြင်ကွင်းတစ်ခုဖြစ်ပြီး ခဏတာမျှသာ ဖြစ်သော်လည်း လူတို့၏ နှလုံးသားတွင် နက်ရှိုင်းစွာ စွဲထင်ကျန်ရစ်တတ်သည်။ ယခုမူ နေ့လယ်အချိန်ဖြစ်နေပြီး ကမ္ဘာမြေမှာ မှောင်မိုက်နေသော်လည်း ကောင်းကင်တွင် ကြယ် ကြွေများကို မြင်တွေ့ရခြင်းမှာ မဖြစ်နိုင်သော အရာတစ်ခု ဖြစ်သည်။

သို့သော်လည်း ငွေနှင်းအရုဏ်ဦးနဂါးဖြူ၏ ဝန်းကျင်မှ ကြယ်တာရာများမှာ ပိုမိုများပြား လာပြီး ကောင်းကင်ယံမှ မြေပြင်သို့ တိုက်ရိုက် သို့မဟုတ် လျှောစောင်းပုံစံဖြင့် အရှိန်ဟုန် ပြင်းစွာ ထိုးဆင်းလာကြသည်မှာ ကြည့်ရှုသူတို့၏ မျက်စိကိုပင် ကျိန်းစပ်သွားစေသည်။

"ဘုန်း ဘုန်း ဘုန်း ဘုန်း ဘုန်း"

ကြယ်များမှာ မြေပြင်ပေါ်သို့ ကျရောက်ပေါက်ကွဲသွားသည်။ ဤနေ့ခင်းဘက် ကြယ်ကြွေ များမှာ အလွန်တရာ ခမ်းနားလှပသော်လည်း တစ်ဖက်မူ ကောင်းကင်ဘုံ၏ ပြစ်ဒဏ် သို့မဟုတ် နတ်ဆိုးတစ်ပါး၏ ဖျက်ဆီးမှုကဲ့သို့သော အဆုံးမဲ့ ဖျက်စီးခြင်း အငွေ့အသက်များ ကို ဆောင်ယူလာသည်။

အဖြူရောင်မြစ်ကြီးသည် ရုတ်တရက် ပြိုကျသွားပြီး ရေများမှာလည်း အရပ်မျက်နှာ အသီးသီးသို့ ပြန့်ကျဲသွား၏။ အရှေ့ဘက်ရှိ မြစ်ကမ်းပါးမှာ ပိုမိုကျယ်ပြန့်သွားပြီး ကြယ်ကြွေများ၏ ပြင်းထန်သော ရိုက်ခတ်မှုကြောင့် မြေပြင်မှာ နိမ့်ဝင်သွားကာ ရွှံ့နွံများ ကြားတွင် ကြီးမားလှသော ချိုင့်ခွက်များ ဖြစ်ပေါ်လာတော့သည်။

နဂါးအုပ်စုမှာ ထိတ်လန့်သွားကြသည်။ ၎င်းတို့မှာ သာမန်ဝိညာဉ်သတ္တဝါများထက် သာလွန်သည့် အစစ်မှန်နဂါးများ ဖြစ်ကြသော်လည်း ရေကြီးခြင်း၊ ငလျင်လှုပ်ခြင်းများ ဖြစ်ပွားချိန်တွင် ထွက်ပြေးရုန်းကန်နေကြသည့် သားရဲတိရစ္ဆာန်များထက် မပိုတော့ပေ။ ကြယ်များမှာ ဆက်တိုက် ကျရောက်နေပြီး မြေပြင်ပေါ်သို့ တိုက်ရိုက် ထိမှန်သမျှမှာ ကြောက်မက်ဖွယ်ကောင်းသော ပျက်စီးခြင်းများကိုသာ ဆောင်ကြဉ်းလာတော့သည်။

"အဖြူလေး၊ ငါ အဆင်ပြေတယ်၊ သူတို့ကို အသက်ချမ်းသာပေးလိုက်ပါ" အဖြူလေး၏ ရင်ထဲတွင် တဟုန်ထိုး ကြွတက်လာသော သတ်ဖြတ်လိုသည့် အငွေ့အသက်ကို ခံစားမိလိုက်သည့် ကျူးမင်လန်က ချက်ချင်းပင် လှမ်းအော်၍ တားလိုက်လေသည်။

အဖြူလေးသည် ကျူးမင်လန် ယခင်က တစ်ခါမျှ မမြင်ဖူးခဲ့သည့် စွမ်းရည်မျိုးကို ထုတ်ဖော် ပြသနေသည်။ ဒေါသအမျက် တစ်ချက်ထွက်လိုက်သည်နှင့်ပင် ကောင်းကင်မှ ကြယ်တာ ရာများကိုပင် ကြွေကျလာစေနိုင်လောက်အောင် အစွမ်းထက်လှ၏။

အဖြူလေးသည် ငွေလမင်းမိုးပြာနဂါးတို့၏ အထွက်အထိပ် လျှို့ဝှက်ပညာရပ် ဖြစ်သော မိုးပြာနဂါး ဆန်းကြယ်မှော်ပညာရပ်ကို အသုံးပြုနေခြင်း ဖြစ်ပေသည်။

အဖြူလေးသည် ၎င်း၏ မိုးပြာနဂါး အစစ်မှန်စွမ်းရည်ကို နောက်ဆုံး၌ နိုးထလာနိုင်သည့် အတွက် ကျူးမင်လန် ဝမ်းသာမိသော်လည်း မိုးပြာနဂါး ဆန်းကြယ်မှော်ပညာရပ်၏ ဖျက်ဆီးနိုင်စွမ်းမှာ အလွန်ပင် ပြင်းထန်လွန်းနေသည်ကို သူ သိရှိထားသည်။ မြေပြင်ပေါ် တွင် ပြန့်ကျဲနေသော နဂါးသားတော်များထဲမှ အသက်ရှင်နိုင်မည့်သူ အနည်းငယ်သာ ရှိပေ လိမ့်မည်...

ဖယောင်းနဂါးသည် မည်မျှပင် ရွံရှာဖွယ်ကောင်းသည် ဖြစ်စေ၊ ကျူးမင်လန်သည် ၎င်း၏ ဒေါသကို အခြား ပုံမှန်ယှဉ်ပြိုင်နေသည့် တိုက်ခိုက်သူများအပေါ်တွင် ပုံချရန် ရည်ရွယ်ချက် မရှိပေ။ ယခင်က သူ သွားမည်းကြီး အပေါ်တွင် ရှိနေစဉ်အခါက ထိုနဂါးများသည် သူ့ကို တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိသည်မှာ ထင်ရှားသည်။ သူတို့အားလုံးမှာ သူ၏ အိမ်မွေး နဂါးကိုသာ ပစ်မှတ်ထားခဲ့ကြခြင်း ဖြစ်သည်။

ကြယ်တာရာများစွာက လမင်းကို ဝန်းရံထားသည်။ ထိုလမင်းမှာ ငွေနှင်းအရုဏ်ဦးနဂါးဖြူ ဖြစ်ပြီး ကြယ်များမှာမူ ဖျက်စီးခြင်းစွမ်းအင်များ ဖြစ်ကြသည်။ ငွေလမင်းမိုးပြာနဂါး၏ ဆန်းကြယ်မှော်ပညာရပ်မှာ အခြေခံအားဖြင့်ပင် အလွန်ပြင်းထန်လွန်းသည်။ ထိုနဂါး သားတော်အဆင့်များကို မဆိုးထားနှင့်၊ 'နဂါးစစ်သူကြီး' အဆင့် သတ္တဝါများပင်လျှင် ကြေကွဲဖွယ်ကောင်းစွာ သေဆုံးသွားနိုင်ပေသည်။

အကယ်၍ ကျူးမင်လန်သာ အော်ဟစ် တားဆီးခြင်း မရှိပါက၊ ပိုမိုထူထပ်စွာ ကျဆင်းလာ မည့် ကြယ်တန်းများကြောင့် ချိုင့်ခွက်များအတွင်း လဲကျနေသော ဒဏ်ရာရထားသည့် နဂါး သားတော်များမှာ ရှောင်တိမ်းရန် အခွင့်အရေး လုံးဝရှိတော့မည် မဟုတ်ဘဲ အမှန်တကယ် ပင် အစုလိုက်အပြုံလိုက် အသတ်ခံရမည့် အခြေအနေ ဖြစ်လာပေမည်။

နေ့ခင်းကြယ်ကြွေများ၏ ရိုက်ခတ်မှုမှာ မျက်စိပသာဒ ဖြစ်စေသော်လည်း၊ ပြိုကျသွားသော မြစ်ပြင်နှင့် မမှတ်မိနိုင်အောင် ပျက်စီးသွားသော မြေပြင်မှာ လူတိုင်းကို အသက်ရှုမှားသည် အထိ ထိတ်လန့်တုန်လှုပ်စေခဲ့သည်။

ဤသည်မှာ နဂါးစစ်သူကြီး တစ်ကောင်၏ စွမ်းအားဖြစ်သည်။ ထိုမျှမက မိုးပြာနဂါး ဆန်းကြယ်မှော်ပညာရပ်ကို ပိုင်ဆိုင်ထားသည့် နဂါးစစ်သူကြီး တစ်ကောင်၏ စွမ်းအားပင် ဖြစ်ပေသည်။

ဟုန်ဟောက်၊ နန်ရီ၊ လီရှောင်ရင်နှင့် ကျူးမင်လန်၏ လုပ်ဖော်ကိုင်ဖက် အချို့တို့သည် ငွေနှင်းအရုဏ်ဦးနဂါးဖြူနှင့် ကျောင်းတော်ရှိ ကြီးထွားမှုအဆင့် သစ်တောစိမ်းနဂါးတို့ တိုက်ခိုက်ခဲ့သည်ကို မြင်ဖူးကြသည်။ ထိုစဉ်က ငွေနှင်းအရုဏ်ဦးနဂါးဖြူသည် ထူးခြားမှု အချို့ကို ပြသခဲ့သော်လည်း ယနေ့နှင့်တော့ လုံးဝ မတူပေ... ယနေ့တွင်မူ ၎င်းသည် အရာ အားလုံးထက် သာလွန်ထူးကဲသော အဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

All Chapters