← Chapters

အခန်း ၆၄

Vol. 7 Ch. 64

အခန်း ၆၄

Vol. 7 Ch. 64

အခန်း (၆၄) နောက်ထပ် အစွဲအလမ်းကြီးသူတစ်ဦး။

ငွေနှင်းအရုဏ်ဦးနဂါးဖြူ၏ အစစ်မှန် ရုပ်သွင်မှာ ဤသည်ပင်လော။ နဂါးသားတော်များ မည်မျှပင် များပြားပါစေ၊ ၎င်း၏ရှေ့တွင်မူ သာမန်ဝိညာဉ်သတ္တဝါများထက် မပိုတော့ပေ။

ယင်ယောင်ဝူ၊ ချန်လိန်လော့နှင့် ကျူးမင်လန်ကို စိန်ခေါ်ရန် စိတ်အားထက်သန်နေကြ သော အခြားကျောင်းသားများမှာမူ ကျောက်ရုပ်များကဲ့သို့ ငြိမ်သက်သွားကြပြီး၊ သေမင်း နှင့် သီသီလေး လွဲချော်သွားသကဲ့သို့ သူတို့၏ ဝိညာဉ်များမှာ ထိတ်လန့်ခြောက်ခြားကာ ပြန့်လွင့်ကုန်ကြ၏။

ကြယ်တာရာများ ကျဆင်းလာသည့် ထိုခဏတွင် သူတို့၏ ဝိညာဉ်များမှာ တုန်ရီသွားကြပြီး၊ သူတို့၏ နဂါးအဖော်များ ခံစားနေရသော သေခြင်းတရား၏ ကြောက်မက်ဖွယ် အငွေ့ အသက်များသည် ပိုင်ရှင်များထံသို့ပါ ကူးစက် ခံစားလိုက်ရသည်။

ဘာကြောင့် သူ့ကို သွားစိန်ခေါ်မိတာလဲ……

ဤမျှ အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ယောက်မှာ မည်သို့လျှင် ဝူထူနယ်မြေမှ လေလွင့်သူ တစ်ယောက် ဖြစ်နိုင်ပါမည်နည်း။ သူသည် နဂါးတံခါးကို ဖြတ်ကျော်လာသည့် ဤဂျူနီယာ နဂါးထိန်းဆရာများထက် အဆင့်ပေါင်းများစွာ ပိုမိုမြင့်မားနေသည်မှာ ထင်ရှားနေသည်။

ယင်ယောင်ဝူ၏ ချောမောသော မျက်နှာမှာ ဝါးရွက်ဖြင့် အကြိမ်ကြိမ် ရိုက်ပုတ်ခံရသကဲ့သို့ အစိမ်းနှင့် အနီရောင်များ ပြောင်းလဲလျက် ရှိ၏။ ချန်လိန်လော့မှာမူ အသံပင် မထွက်ရဲ တော့ချေ။

သူတို့ဘေးတွင် ဝိညာဉ်ပဋိညာဉ် ပြတ်တောက်သွားသည့် တန်ပြန်ရိုက်ခတ်မူ ဒဏ်ကို ခံနေရသည့်ကျောင်းသားမှာမူ အော်ဟစ်နေဆဲဖြစ်ပြီး၊ ထိုအော်သံတစ်ချက်စီတိုင်းက ဝိညာဉ်ပဋိညာဉ် ပြတ်တောက်ခြင်းဘေးမှ သီသီလေး လွတ်မြောက်လာကြသော ကျောင်းသားများ၏ ဝိညာဉ်ကို ထပ်မံ ရိုက်ခတ်နေသည်။

ခုခံနိုင်စွမ်းမရှိဘဲ အနိုင်ကျင့်ခံရရုံသာမက၊ ယခုကဲ့သို့ စက်ဆုပ်ရွံရှာဖွယ် နည်းလမ်းများကို သုံးပြီးမှ အရှုံးပေးလိုက်ရခြင်းအတွက် အခြားကျောင်းသားများ၏ အထင်မြင်သေးခြင်းကို ပါ ခံနေရရှာသည်။ ပို၍အရေးကြီးသည်မှာ ကျူးမင်လန်သည် ငွေနှင်းအရုဏ်ဦးနဂါးဖြူကို တားဆီးပေးလိုက်ခြင်းဖြင့် ဤပြဿနာ ရှာသူများကို အသက်ချမ်းသာပေးလိုက်ခြင်းပင် ဖြစ်သည်။

ကိုယ်ကျင့်တရားနှင့် စိတ်ဓာတ်ပိုင်းတွင် ကွာခြားချက်မှာ ထင်ရှားလှသည်။

စိန်ခေါ်သူများထဲတွင် ယင်ယောင်ဝူနှင့် ချန်လိန်လော့တို့၏ တိုက်တွန်းမှုကြောင့် ပါဝင်လာ သူများစွာရှိပြီး၊ ယခုမူ သူတို့မှာ အလွန်ပင် ရှက်ရွံ့နေကြသည်။

"အကယ်ဒမီတွေကြားက ပဋိပက္ခဆိုတာ လူငယ်သဘာဝ အရှိန်အဟုန်တစ်ခုပါ၊ ကျူးမင်လန်အနေနဲ့ အမှားအမှန်ကို ခွဲခြားနိုင်တဲ့အတွက် ငါ အရမ်းကို စိတ်သက်သာရာ ရပါတယ်" အသံတစ်ခုမှာ ရွှံ့နွံကျင်းထဲမှ ထွက်ပေါ်လာသည်။

ကျူးမင်လန် လန့်သွားပြီး လှည့်ကြည့်လိုက်ရာ အနီးအနားရှိ ရွှံ့နွံများနှင့် သဲများထဲမှ လူတစ်ယောက် ထွက်လာသည်ကို တွေ့လိုက်ရ၏။ သူ့မျက်နှာမှာ ရွှံ့များဖြင့် ပေကျံနေပြီး သပ်ရပ်သော အဝတ်အစားများမှာလည်း ရှုပ်ပွနေသည်။ သူ့ဘေးတွင် ထိတ်လန့်တကြား တုန်ရီနေသော နဂါးတစ်ပိုင်း ပျံသန်းနိုင်သောငှက်သာ မရှိပါက ကျူးမင်လန်တစ်ယောက် သူ့ကို မှတ်မိမည် မဟုတ်ပေ။

"နည်းပြဆရာ ပိုင်ယီရှူ၊ ကျွန်တော့်ရဲ့ ရိုင်းစိုင်းမှုအတွက် တောင်းပန်ပါတယ်" ကျူးမင်လန် က နည်းပြဆရာကို တောင်းပန်စကား ဆိုသည်။

"မင်းက သူတို့နဲ့ မတူဘူး။ သူတို့အသက်ကို နှုတ်ယူနိုင်တဲ့ စွမ်းအားရှိလျက်နဲ့ အမှားအမှန် ကို ခွဲခြားနိုင်တယ်။ နည်းပြတစ်ယောက်အနေနဲ့ လီချွမ်းနဂါးထိန်းအကယ်ဒမီမှာ မင်းလို ကျောင်းသားမျိုး ရှိတဲ့အတွက် အရမ်းကို ကျေနပ်မိတယ်... အဟွတ် အဟွတ်၊ မင်း တားဆီးလိုက်တာ ကောင်းပါတယ်၊ မဟုတ်ရင် ငါ့လည်း ပစ္စည်းသိမ်းပြီး အကယ်ဒမီကနေ ထွက်သွားရတော့မှာ" ပိုင်ယီရှူက အမူအရာ ခပ်တည်တည်ဖြင့် ပြောလိုက်သော်လည်း နောက်ဆုံးစကားကြောင့် ကျူးမင်လန်မှာ ရယ်မောမိတော့သည်။

ငွေနှင်းအရုဏ်ဦးနဂါးဖြူ၏ ဆန်းကြယ်မှော်ပညာရပ်မှာ ဤမျှအစွမ်းထက်လိမ့်မည်ဟု နည်းပြဆရာ ပိုင်ယီရှူပင် ထင်ထားခဲ့ပုံမပေါ်ချေ။ သူကိုယ်တိုင်ပင် နဂါးကို ခေါ်ထုတ်၍ ဝင်ရောက်တားဆီးရန် အချိန်မမီခဲ့သလို၊ အကယ်၍ ခေါ်ထုတ်လိုက်လျှင်ပင် ထိုနေရာတွင် စုရုံးနေသည့် နဂါးသားတော်များ၏ အသက်ကို ကယ်တင်နိုင်ဖို့ မသေချာပေ။

"တရားမျှတစွာ ဆုံးဖြတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် နည်းပြဆရာ" ကျူးမင်လန် က ယဉ်ကျေးစွာ ပြောသည်။

မြစ်ကို ဖြတ်ကျော်ပြီးနောက် ကျူးမင်လန်က ပျက်စီးသွားသော မြစ်ကြောင်းကို ငေးကြည့် လိုက်၏။ ကံကောင်းစွာဖြင့် ဤလောက၏ သဘာဝတရားမှာ လျင်မြန်စွာ ပြန်လည် သက်ဝင်တတ်သဖြင့်သာ တော်တော့သည်။ မဟုတ်လျှင်မူ အဖြူလေး၏ မိုးပြာနဂါး ဆန်းကြယ်မှော်ပညာရပ်ကြောင့် ဤမြစ်လက်တက်မှာ လုံးဝ ပျက်စီးသွားပေလိမ့်မည်။

"ကျေးဇူးတင်ပါတယ် ကျောင်းသား ကျူးမင်လန်၊ ကရုဏာသက်ပေးတဲ့အတွက်" သတိ ပြန်ဝင်လာသော စိန်ခေါ်သူ အချို့က ခေါင်းငုံ့၍ တောင်းပန်ကြသည်။

"ယဉ်ကျေးမှုနဲ့ အသိဉာဏ် မရှိတော့ အရင်ဆုံး ရိုက်နှက်ခံလိုက်ရတာပေါ့၊ အရင်က မင်းတို့ ဘာတွေတွေးနေတာလဲ၊ ကိုယ့်ကိုယ်ပိုင် ဆုံးဖြတ်ချက်မချနိုင်ဘဲ သူများတိုက်တွန်းတာနဲ့ အသက်စတေးဖို့ ဝန်မလေးတဲ့ မဟာနဂါးထိန်းတွေရေ……..၊ စစ်မြေပြင်မှာဆိုရင် မင်းတို့ သေပြီပဲ" ပိုင်ယီရှူက မည်သို့မျှ မျက်နှာမလိုက်ဘဲ ဆူပူလိုက်သည်။

"နည်းပြဆရာ ပြောတာ မှန်ပါတယ်၊ နည်းပြဆရာ ပြောတာ မှန်ပါတယ်" ထိုကျောင်းသား များက ခေါင်းပင် မမော့ရဲဘဲ ကျူးမင်လန်ကို တောင်းပန်နေကြသည်။

"ကျွန်တော့်ဇနီးရဲ့ ဂုဏ်သတင်းအပေါ် မင်းတို့အနေနဲ့ စိုးရိမ်ပေးစရာ မလိုပါဘူး" ကျူးမင်လန်က ပြောသည်။

"ဟုတ်ကဲ့၊ ဟုတ်ကဲ့ပါ၊ ကျွန်တော်တို့က ဧကရီဘုရင်မကို လေးစားလွန်းလို့ လုပ်မိတာပါ၊ တခြား ဘာမှ မဟုတ်ပါဘူး" သူတို့က အလျင်အမြန် ပြန်ပြောကြသည်။

"အစ်ကိုကျူးက ဒီခေတ်ရဲ့ ထူးချွန်သူပါ၊ ဧကရီဘုရင်မနဲ့လည်း အလွန်လိုက်ဖက်ပါတယ်" ကြမ်းကြုတ်သော စာကလေးနဂါးပိုင်ရှင်က ချက်ချင်းပင် မြှောက်ပင့်လိုက်သည်။

အဝေးတစ်နေရာတွင် ကျောင်းသားအချို့ စုရုံးနေကြပြီး မျက်နှာများမှာ အုံ့မှိုင်းညှိုနေ၏။ သူတို့က ကျူးမင်လန်ကို စိုက်ကြည့်ရင်း အနိုင်ကျင့်ခံလိုက်ရသည့် ဖယောင်းနဂါးပိုင်ရှင်ကို ကြည့်လိုက်သည်။

"ကျွန်တော်တို့ရဲ့ စိန်ခေါ်ပွဲကို လာမယ့်လမှာ ပြင်ဆင်ထားတယ်၊ ကျွန်တော်တို့ အုပ်စုထဲမှာ နဂါးစစ်သူကြီးအဆင့်ကျွမ်းကျင်သူ ရှိသေးလား" နားရွက်ကြီးကြီး ကျောင်းသားတစ်ဦးက ပြောသည်။

စုပေါင်းစိန်ခေါ်သူ အရေအတွက်မှာ (၇၀)၊ (၈၀) ခန့်ရှိသော်လည်း၊ ယခုတစ်ကြိမ်တွင် (၂၀) ခန့်သာ ပါဝင်ခဲ့သည်။ သူတို့အားလုံးမှာ ယင်ယောင်ဝူ၏ အုပ်စုမှဖြစ်ပြီး၊ ဧကရီဘုရင်မကို ထောက်ခံသူ အများအပြားပါဝင်ကာ အများစုမှာ အမျိုးသားများ ဖြစ်ကြသည်။ သူတို့အနေ ဖြင့် ကျူးမင်လန်တစ်ယောက် ဤကဲ့သို့ အောင်မြင်နေသည်ကို လက်ခံနိုင်မည် မဟုတ်ပေ။

သူတို့၏ အကြည့်များမှာ အရပ်ရှည်ရှည် လူငယ်တစ်ဦးပေါ်သို့ ကျရောက်သွားသည်။ သူတို့ ထဲတွင် ထိုလူမှာ အစွမ်းထက်ဆုံးဖြစ်သည်။ ကျူးမင်လန်၏ စွမ်းအားကို မြင်တွေ့လိုက်ရ ပြီးနောက် သူတို့အနေဖြင့် နည်းဗျူဟာအသစ်တစ်ခုကို စဉ်းစားရန် လိုအပ်နေသည်။

အရပ်ရှည်ရှည် လူငယ်မှာမူ တုန်လှုပ်ချောက်ချားနေသော အခြားသူများနှင့် မတူဘဲ တည်ငြိမ်နေသည်။

"ရွပ်…… ရွပ်…… ရွပ်……."

ရုတ်တရက် တရွပ်ရွပ် မြည်သံများ ထွက်ပေါ်လာသည်။ တည်ငြိမ်နေသော ထိုကျောင်း သားမှာ လက်ထဲတွင်ရှိသည့် အရာတစ်ခုခုကို အားဖြင့် ဆွဲဖြဲနေပြီး စက္ကန့်ပိုင်းအတွင်းမှာပင် အပိုင်းပိုင်း ဖြစ်သွားတော့သည်။

ထိုလုပ်ရပ်ကြောင့် ပတ်ဝန်းကျင်ရှိ ကျောင်းသားများမှာ အံ့အားသင့်သွားကြတော့သည်။

"ဘာစိန်ခေါ်မှုလဲ…၊ နောက်လမှာ ငါတို့ အမဲလိုက်ဖို့ သဘောတူထားတာ မေ့သွားပြီလား" အရပ်ရှည်ရှည် လူငယ်က တည်ငြိမ်စွာ ပြောလိုက်သည်။

လူတိုင်းမှာ မေးရိုးများပင် ပြုတ်ကျမတတ် ဖြစ်သွားကြ၏။ သို့သော်လည်း သူတို့ ပြန်တွေး လိုက်သောအခါ ကျုံရှန်ရှီသည် အခြားသူများထက် သာလွန်သည့် ကျောင်းသားဖြစ်ဘ ကြောင်း သဘောပေါက်သွားကြသည်။

"ဟုတ်တယ်၊ ဟုတ်တယ်၊ ငါတို့ အမဲလိုက်ဖို့ ပြောထားတာပဲလေ။"

"ဒီထက် အရေးကြီးတာ ဘာမှ မရှိပါဘူး၊ ငါတို့ အစီအစဉ်ကို အနှောင့်အယှက်ဖြစ်ခံလို့ မရဘူး၊ အဟွတ် အဟွတ်။"

မြင့်မြတ်သော လူငယ်လေးအချို့မှာ အလျင်အမြန် ခေါင်းညိတ်လိုက်ကြသည်။ သူတို့၏ ဖိနပ်များဖြင့် စိန်ခေါ်စာ အပိုင်းအစများကို ရွှံ့နွံထဲသို့ နင်းချေလိုက်ပြီး သဲလွန်စအားလုံးကို ဖျောက်ဖျက်ပစ်လိုက်ကြသည်။

ထိုအချိန်တွင် ကျူးမင်လန်နှင့် သူ၏ လုပ်ဖော်ကိုင်ဖက် ကျောင်းသားများမှာ ထိုနေရာကို ဖြတ်သန်းလာကြသည်။ ထိုအုပ်စုမှာလည်း လာကြည့်နေသည့် သူများကဲ့သို့ပင် စာနာမှု အပြည့်ရှိသော မျက်နှာအမူအရာများ ပြုလုပ်လိုက်ကြပြီး၊ ယခုလေးကပင် လက်မှတ်ရေး ထိုးတုန်းက ကြုံးဝါးခဲ့သည့် ဟန်ပန်များကို လုံးဝ မေ့ပစ်လိုက်ကြသည်။

အောင်ပွဲနှင့်အတူ ပြန်လာခဲ့ခြင်း ဖြစ်သည်။ ကျူးမင်လန်သည် လုပ်ဖော်ကိုင်ဖက် ကျောင်းသားများ၏ အံ့အားသင့်သည့် အကြည့်များကို ကြည့်ရင်း၊ နောက်ပိုင်းတွင် သူသည် တိမ်တိုက်များကဲ့သို့ လွတ်လပ်ပေါ့ပါးစွာ နေထိုင်ဖို့ မလွယ်တော့ကြောင်း ရိပ်မိလိုက်၏။ ဤသည်မှာ ကံကြမ္မာ၏ အတက်အကျပင် ဖြစ်ပေလိမ့်မည်။

စိတ်လှုပ်ရှားဖို့တော့ ကောင်းပါသည်။

ယောက်ျားကောင်းတစ်ယောက်ဆိုသည်မှာ ဤသို့ပင် ဖြစ်ရမည်။ အခြေအနေဆိုးဝါးသည့် အခါ၌ အိုမင်းနေသော ခွေးအိုကြီးကဲ့သို့ တည်ငြိမ်အေးဆေးစွာ နေထိုင်တတ်ရမည် ဖြစ်ပြီး၊ စွမ်းအားကြီးမားလာသည့်အခါ၌မူ မောက်မာခန့်ညားသော ကောင်းကင်နဂါးကဲ့သို့ ရိုင်းစိုင်း ပြင်းထန်ရမည်။

"ငါသည် ငါပင် ဖြစ်၏။ ထူးခြားဆန်းပြားသော ဘဝခရီး၏ မီးရှူးမီးပန်းများကဲ့သို့ တောက်ပနေဆဲပင်"

"အဟွတ် အဟွတ်၊ အားလုံးပဲ ဒီမှာပဲ လမ်းခွဲကြရအောင်။ ကျွန်တော့်မှာ လုပ်စရာလေး နည်းနည်းရှိသေးလို့ပါ။ ကျွန်တော်ကျူးမင်လန်ကို လာရောက်အားပေးတဲ့အတွက် အစ်မတို့ညီမတို့နဲ့ အတန်းဖော်တွေအားလုံးကို ကျေးဇူးတင်ပါတယ်။ လူတွေ ကျွန်တော့်ကို ပိုမို အသိအမှတ်ပြုလာအောင် ကျွန်တော် ကြိုးစားသွားပါမယ်။ ကောလာဟလတွေကို လည်း ရှင်းပေးဖို့ ကူညီကြပါဦး၊ ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်" ကျူးမင်လန် က သူ၏ လုံလောက် သင့်တော်သော ယဉ်ကျေးသိမ်မွေ့သည့် ဟန်ပန်ဖြင့် ကျောင်းသား များကို အရိုအသေပေးလိုက်သည်။

ကောလာဟလများ၏ အရင်းအမြစ်ကို ရှာဖွေရန် အချိန်အနည်းငယ် လိုအပ်သေးသော် လည်း၊ ဤနည်းလမ်းကို သုံးခြင်းဖြင့် သူကိုယ်တိုင်နှင့် လီယွင်ဇီအပေါ် ပစ်မှတ်ထားသည့် အဆိုးမြင် သဘောထားများကို ထိန်းချုပ်ကာ ဘိုးဘေးနဂါး မြို့တော်တွင် ပိုမိုခိုင်မာသော နေရာတစ်ခု ရရှိနိုင်မည် ဖြစ်သည်။

"စိတ်မပူပါနဲ့၊ စိတ်မပူပါနဲ့။ ဘိုးဘေးနဂါးမြို့တော် နယ်နိမိတ်အတွင်းက အဖြစ်ပျက်တွေကို ငါတို့ မထိန်းချုပ်နိုင်ပေမဲ့၊ အကယ်ဒမီထဲမှာ မင်းနဲ့ ဧကရီဘုရင်မတို့အကြောင်း မဟုတ်မ မှန် ရေးသားထားတဲ့ အဲ့ဒီလို ပုံပြင်စာအုပ်မျိုးတွေကို ဘယ်သူပဲ ဖြန့်ဝေဖြန့်ဝေ, အဲ့ဒီ ကောလာဟလ ဖြန့်သူတွေကို ငါတို့ သေချာပေါက် ရိုက်ပေးပါ့မယ်" ယဉ်ကျေးသိမ်မွေ့ သော စီနီယာ အစ်မတစ်ဦးက ပြောသည်။

"ကျေးဇူးတင်ပါ... အယ်…..၊ ဘာပုံပြင်စာအုပ်တွေလဲ…" ကျူးမင်လန်က ကျေးဇူးတင် စကားဆိုရန် ပြင်လိုက်စဉ်မှာပင် နားမလည်နိုင်သည့် အသွင်ဖြင့် မျက်ခုံးပင့်လိုက်မိသည်။

ယဉ်ကျေးသိမ်မွေ့သော ထိုစီနီယာအစ်မ၏ မျက်နှာမှာ ရဲတက်သွားပြီး အကြောင်းအရာကို အလျင်အမြန် ပြောင်းလိုက်သည်။

ကံကောင်းစွာဖြင့် ကျူးမင်လန်မှာ ထိုကဲ့သို့သော အရာများကို အသေးစိတ် လိုက်စူးစမ်း တတ်သူ မဟုတ်သဖြင့် ဤကိစ္စမှာ ငြိမ်သက်သွားသည်။ အဓိကအားဖြင့် အတွင်းစိတ် သန့်ရှင်းဖြူစင်လွန်းသည့် ကျူးမင်လန်မှာ ထိုစီနီယာအစ်မ သုံးနှုန်းလိုက်သော စကားလုံး ၏ အဓိပ္ပာယ်ကို နားမလည်ခဲ့ခြင်း ဖြစ်သည်။

အားလုံး လူစုကွဲသွားကြသော်လည်း၊ နဂါးတိုက်ပွဲအကြောင်းမှာ အကယ်ဒမီအတွင်းနှင့် အပြင်သို့ လျင်မြန်စွာ ပျံ့နှံ့သွားပေလိမ့်မည်။ ဆိုလိုသည်မှာ မုန်တိုင်း၏ ဗဟိုချက်တွင် ရှိနေသည့် ကျူးမင်လန်မှာ လုပ်ဖော်ကိုင်ဖက် ကျောင်းသားများ၏ အာရုံစိုက်မှုကို မကြာမီ ခံရတော့မည် ဖြစ်သည်။

အဆုံးတွင် နဂါးထိန်း ကျောင်းသားတစ်ဦးအနေဖြင့် နဂါးစစ်သူကြီးအဆင့် မိုးပြာနဂါးကို ပိုင်ဆိုင်ထားခြင်းမှာ အလွန်ရှားပါးလှသည်။ ထို့ပြင် "ကျူးမင်လန်" ဟူသော နာမည်မှာ ထိုကောလာဟလများကြောင့် ဘိုးဘေးနဂါးမြို့တော် အတွင်း ပိုမို ပျံ့နှံ့သွားပေလိမ့်မည်။

ကျူးမင်လန်သည် ကျောင်းသားများ ထွက်ခွာသွားသည်ကို စောင့်ကြည့်လိုက်ပြီးနောက် ကျောင်းထဲသို့ ပြန်ဝင်သည့်ပုံစံ ပြုလုပ်လိုက်သည်။ အမှန်တကယ်တွင်မူ သူသည် သူ၏ တိုက်ခိုက်မှုကြောင့် ဝိညာဉ်ပြင်းထန်စွာ ဒဏ်ရာရသွားသည့် လူတစ်ယောက်နောက်ကို ခိုးကြောင်ခိုးဝှက် လိုက်သွားခြင်း ဖြစ်သည်။

ထိုလူမှာ ဖယောင်းနဂါး၏ ပိုင်ရှင်ဖြစ်သည်။

ကျူးမင်လန်မှာ ထိုလူကို လုံးဝ မသိသလို၊ အဆက်အသွယ်လည်း မရှိဖူးပေ။ ဤလူက သူ့အား အဘယ်ကြောင့် ဤမျှထိ သတ်ဖြတ်လိုစိတ် ပြင်းထန်နေရသလဲဆိုသည်ကို ကျူးမင်လန် နားလည်ချင်နေသည်။

ဟုတ်ပါသည်၊ ဂုဏ်သရေရှိ လူကြီးလူကောင်းများ ဖြစ်ကြသော ယင်ယောင်ဝူနှင့် ချန်လိန်လော့တို့မှာ ပါးစပ်သရမ်းကြသော်လည်း၊ သူတို့၏ အဓိက ရည်မှန်းချက်မှာ သူ့ကို ဘိုးဘေးနဂါး မြို့တော်မှ နှင်ထုတ်ရန်သာ ဖြစ်သည်။ သူ့ကို အသေသတ်လိုသည့် အစစ်အမှန် ပုဂ္ဂိုလ်မှာမူ ဤလူပင် ဖြစ်သည်။

သူ့နောက်သို့ အစဉ်တစိုက် လိုက်ပါရင်း ကျူးမင်လန်တစ်ယောက် မိမိကိုယ်ကို ဖုံးကွယ်နိုင် စွမ်းမှာလည်း တိုးတက်လာခဲ့သည်။ အတိတ်က သူ့ကို ခြိမ်းခြောက်မှုဟု ယူဆသူများ နောက်သို့ လိုက်ပါခဲ့ရသည့် အတွေ့အကြုံများကြောင့် ဖြစ်သည်။ အကြောင်းမှာ ထိုစဉ်က သူ့ကို မနာလိုသူများစွာ ရှိနေခဲ့သောကြောင့်ပင်။

ကျူးမင်လန်သည် ထိုလူကို ကုသရေးခန်းမသို့ ပို့ဆောင်ပြီးနောက်တွင် ထိုလူသည် အချိန် အကြာကြီး အနားမယူဘဲ ခန္ဓာကိုယ်မှာ လေးလံနေသော်လည်း စိတ်မရှည်စွာဖြင့် အကယ်ဒမီမှ ထွက်ခွာသွားသည်ကို မြင်တွေ့လိုက်ရ၏။

ကျူးမင်လန်သည် အသေးစိတ် စုံစမ်းမေးမြန်းကြည့်ရာ ထိုလူ၏အမည်မှာ လဲ့ဖေးမင် ဖြစ်ကြောင်း သိရ၏။ သူသည် နောက်ခံအင်အား ကြီးကြီးမားမား မရှိသည့် သာမန် နဂါးထိန်းတစ်ယောက်ဖြစ်ပြီး အကယ်ဒမီတွင် အချိန်အကြာကြီး မနေဘဲ အပြင်ဘက်တွင် သာ ကိုယ့်ကိုယ်ကိုယ် အမြဲတစေ လေ့ကျင့်နေသူ ဖြစ်သည်။

ထိုလူသည် ဘိုးဘေးနဂါး မြို့တော်၏ နံရံအတွင်းပိုင်းတွင် နေအိမ်တစ်လုံး ရှိသည်။ ကျူးမင်လန်သည် ထိုလူ၏ နေအိမ်သို့ လိုက်ပါသွားရာ သူတစ်ဦးတည်း နေထိုင်ကြောင်း တွေ့ရ၏။ အိမ်ဝင်းအတွင်း၌ ပေါင်းပင်များ ဖုံးလွှမ်းနေပြီး ပြုစုစောင့်ရှောက်သူ မရှိသ လောက်ပင်။ တစ်ညလုံး အပြင်ဘက်မှ စောင့်ကြည့်ခဲ့သော်လည်း သူသည် အခြားမည်သူ နှင့်မျှ အဆက်အသွယ် မလုပ်သည်ကို ကျူးမင်လန် တွေ့လိုက်ရသည်။

စိတ်ထဲတွင် ဖြစ်ပေါ်နေသော ဝေခွဲမရသည့် ခံစားချက်ကို မထိန်းနိုင်တော့သည့်အတွက် ကျူးမင်လန်သည် ထိုလူ၏ အိမ်ထဲသို့ ခိုးဝင်လိုက်သည်။

လဲ့ဖေးမင်မှာ နက်ရှိုင်းစွာ အိပ်ပျော်နေသည်။ သူ၏ ဝိညာဉ်မှာ ဒဏ်ရာရထားပြီး ခန္ဓာကိုယ် မှာလည်း အလွန်အမင်း အားနည်းနေသည်။ အခြား နဂါးအဖော် မရှိပါက သူသည် တစ်သက်လုံး နဂါးထိန်း တစ်ယောက် ဖြစ်လာနိုင်တော့မည် မဟုတ်ပေ။

သူ၏အိမ်အတွင်း ပတ်ကြည့်ပြီးနောက် ကျူးမင်လန်သည် နောက်ထပ် စုံစမ်းမှုများကို စွန့်လွှတ်လိုက်တော့သည်။

အမှန်တကယ်ပင် ထိုလူသည် လော့ရှောင်၏ အသုံးတော်ခံ တစ်ဦးဖြစ်နိုင်ခြေ ရှိသည်။ သူသည် နဂါးထိန်းအကယ်ဒမီနှင့် ဘိုးဘေးနဂါးမြို့တော်သို့ ချဉ်းကပ်ရန် မဖြစ်နိုင်သော ကြောင့် ကျူးမင်လန်၏ အနီးအနားတွင်သာ ပုန်းအောင်းကာ အခွင့်အရေးကို စောင့်ဆိုင်း နေခြင်း ဖြစ်ပေလိမ့်မည်။

ကျူးမင်လန်အနေဖြင့် လော့ရှောင်သည် သူ၏အိမ်ထဲတွင် ပုန်းအောင်းနေမည်ဟု မျှော်လင့် ခဲ့သော်လည်း သူတို့နှစ်ဦးကြားတွင် ဆက်သွယ်မှု မည်သို့မျှ မရှိခဲ့ပေ။

သို့သော် ကျူးမင်လန်ကို အမှန်တကယ် ထိတ်လန့်တုန်လှုပ်သွားစေသည့် အရာမှာ ဤအိမ် အတွင်းတွင် ရှိနေသည်။

အိမ်တစ်ခုလုံးမှာ လူတစ်ဦးတည်း၏ ပုံတူပန်းချီကားများဖြင့် ပြည့်နှက်နေ၏။ မှင်ဆေးရေး ပန်းချီများမှသည် အရောင်တင် ပန်းချီကားများအထိပင်…..၊ ထိုပုံတူပန်းချီကားများမှာ မြို့ကိုးမြို့စီတွင် စိုက်ထူထားသော ရုပ်တုများနှင့် တစ်ထပ်တည်း တူညီနေကြလေသည်..။

All Chapters