← Chapters

အခန်း ၆၆

Vol. 7 Ch. 66

အခန်း ၆၆

Vol. 7 Ch. 66

အခန်း (၆၆) နတ်ဘုရား သူတော်စင်နဂါးစိမ်း။

"ငါတို့မျိုးနွယ်စုထဲက တစ်ယောက်ယောက်သာ မင်းကိုတွေ့သွားရင် မင်းရဲ့ ဒီလုပ်ရပ် အတွက် တာဝန်ယူပေးဖို့ ဆင့်ခေါ်ခံရလိမ့်မယ်" နန်လင်းရှာက အေးစက်စက် လေသံဖြင့် ပြောသည်။

"ကျွန်တော်လား" ကျူးမင်လန်မှာ လုံးဝ နားမလည်နိုင် ဖြစ်သွားသည်။

နဂါးတစ်ကောင်ကို တာဝန်ယူခြင်းက နန်မျိုးနွယ်စုနှင့် ဘာများ ပတ်သက်နေသနည်း။

"တောအုပ်နဂါးမျိုးနွယ်စုဟာ ရှေးဟောင်း နတ်ဘုရားသစ်ပင် သူတော်စင်ဝိညာဉ်ကနေ ဆင်းသက်လာတာပဲ။ တောအုပ်ဧရာမနဂါးနဲ့ မျိုးပွားပြီးနောက်ပိုင်း ငါတို့မျိုးနွယ်စု ပေါ်ပေါက်လာခဲ့တာ။ တောအုပ်နဂါးမျိုးနွယ်စုထဲမှာ ရှေးဟောင်း နတ်ဘုရားသစ်ပင် သူတော်စင်ဝိညာဉ်ရဲ့ သွေးမျိုးဆက်ကို လက်ခံရရှိသူ အလွန်နည်းပါးပြီး သူတို့အားလုံးနီး ပါးက ဧရာမနဂါးကြီးတွေ ဖြစ်ကြတယ်။ ဒါပေမဲ့ တစ်ကောင်သာ ကြီးပြင်းလာခဲ့ရင် အဲဒီ နတ်ဘုရားသူတော်စင်နဂါးစိမ်းက တောအုပ်နဂါးမျိုးနွယ်စုရဲ့ ခေါင်းဆောင် ဖြစ်လာလိမ့် မယ်။ ဒါပေမယ့်... ဒါပေမယ့်လည်း..." နန်လင်းရှာက စိတ်မကောင်းစွာ ဆိုသည်။

နတ်ဘုရား သူတော်စင်နဂါးစိမ်း၊ နာမည်ကိုက ၎င်း၏ ထူးခြားမှုကို ဖော်ပြနေပေသည်။

သွေးသွင်းပြီးနောက် နဂါးပေါက်လေး၏ သွေးများမှာ အပြာရောင် ပြောင်းသွားခဲ့ပြီး ၎င်း၏ ပုပ်ပွနေသော အသားအရေမှာလည်း ဝိညာဉ်သစ်ပင်၏ အခေါက်များအဖြစ် ပြောင်းလဲ သွားခြင်းမှာ မဆန်းတော့ပေ။ အသက်ရှိ သတ္တဝါတစ်ကောင်၏ ပုံစံဖြစ်သည့် မျက်လုံး၊ ပါးစပ်နှင့် နှာခေါင်းသာ မပါလျှင် ကျူးမင်လန်မှာ ဤနဂါးလေးကို အမှန်တကယ် သစ်သား နဂါးတစ်ကောင် ဖြစ်သွားပြီဟု ထင်မိလောက်သည်။

သူသည် အခြားရတနာတစ်ခုကို ရှာဖွေတွေ့ရှိလိုက်သည့် နဂါးထိန်း တစ်ယောက် ဖြစ်ပေ သည်။ သို့သော် နန်လင်းရှာက အဘယ်ကြောင့် ထိုသို့ စိတ်မကောင်း ဖြစ်ရသည့်ကြောင်း ကို ထပ်ခါတလဲလဲ ပြောနေရသနည်း…..။

"မင်း ဘာကို စိတ်မကောင်းဖြစ်ရတာလဲ" ကျူးမင်လန်က မေးမြန်းလိုက်သည်။ သူ၏ ရင်ထဲ၌မူ ပျော်ရွှင်မှုများမှာ ထိန်းမရအောင် ဖြစ်နေသည်။

"သူ့ရဲ့အငွေ့အသက်တွေ အလွန်အားနည်းနေတာကို ကျွန်မ ခံစားမိတယ်။ သူ မွေးဖွားပြီး ကြီးထွားစ အရေးကြီးတဲ့ အခိုက်တန့်မှာတင် ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပုံပဲ။ အနာဂတ် မှာ သူ့ရဲ့အမြင့်ဆုံးအဆင့်ကို ရောက်ရင်တောင် နတ်ဘုရား သူတော်စင်နဂါးစိမ်း' ရဲ့ စစ်မှန် တဲ့ စွမ်းရည်ကို ထုတ်ဖော်နိုင်ဖို့ ခက်ခဲလိမ့်မယ်" နန်လင်းရှာက ဆိုသည်။

"အဲဒီလိုလား..." ကျူးမင်လန်မှာ ခါးသီးစွာ ပြုံးလိုက်မိသည်။

နဂါးပေါက်စလေးမှာ တစ်သက်လုံး မသန်စွမ်းသော နဂါးတစ်ကောင် ဖြစ်နေတော့မည်။

အမှန်တကယ်တွင် ဆရာကြီးဝူကိုယ်တိုင်လည်း သူ့ကို ဤအကြောင်း ပြောပြခဲ့ဖူးသည်။ ထို့ကြောင့်ပင် ဝိညာဉ်ပဋိညာဉ်ကို ပေါ့ပေါ့ဆဆ သုံးစွဲမိသည့်အတွက် ကျူးမင်လန်ကို ပြင်းထန်စွာ ဆုံးမခဲ့ခြင်း ဖြစ်သည်။

ကံကောင်းသည်မှာ ပိန်နေသော ကုလားအုတ်သည် မြင်းထက် ပိုကြီးမြဲပင်။ မသန်စွမ်း သော နဂါးတစ်ကောင် ဖြစ်နေလျှင်ပင် စနစ်တကျ ပြုစုပျိုးထောင်ပေးပါက အခြားသော တောအုပ်နဂါးစိမ်းများထက် သာလွန်နေလိမ့်မည်။ တစ်နေ့နေ့တွင် ကံကြမ္မာ အလှည့် အပြောင်းတစ်ခုက ဝါးစိမ်းလေး၏ ငယ်ရွယ်စဉ် ဒဏ်ရာများကို ကုစားပေးနိုင်ကောင်းပါရဲ့။

ဝါးစိမ်းလေးမှာမူ သူတို့နှစ်ဦး၏ စကားပြောဆိုမှုကို စိတ်မဝင်စားဘဲ နန်မုသစ်စေးရည် ပုလင်းကို ခြေထောက်ဖြင့် ခက်ခက်ခဲခဲ ကိုင်ထားကာ နောက်ဆုံးကျန်ရှိသည့် အရည်ကို လျက်နေ၏။ ရုတ်တရက် ထိုပိန်ပါးသော ကိုယ်ခန္ဓာလေးမှာ ဟန်ချက်ပျက်ပြီး နောက်သို့ လဲကျသွားရာ ဝါးမှင်ပုလင်းအားလုံးကို တိုက်မိတော့မည့် အခြေအနေ ဖြစ်လာသည်။

ကျူးမင်လန်မှာ တားဆီးရန် အချိန်မရှိလိုက်ပေ။ နဂါးငယ်လေးက သူတစ်ပါး၏ တန်ဖိုးရှိ သော ရောင်စုံခြယ်ဆေးပုလင်းများကို မှောက်ချတော့မည့်ဆဲဆဲတွင် ဝါးမှင်ပုလင်းများ အတွင်းမှ မွှေးပျံ့သော မှင်အရည်များမှာ အသက်ဝင်လာသကဲ့သို့ လေထဲတွင် ပေါ်လွင်လာ သည်။

မှင်နက်၊ မှင်နီ၊ မှင်ခရမ်း၊ မှင်ပြာ၊ မှင်ပန်းရောင်တို့မှာ မီးအိမ်အလင်းရောင်အောက်တွင် ပိုးသားကဲ့သို့ နူးညံ့နေပြီး သူတို့ဘေးတွင် ရပ်နေသည့် သွယ်လျလှပသော မိန်းမပျိုလေး၏ ပတ်ပတ်လည်၌ ရစ်သိုင်းနေ၏။ အလေးချိန်ရှိသော မှင်အရည်များမှာ မှောက်ကျသွား သော်လည်း တစ်စက်မျှ ယိုဖိတ်ခြင်း မရှိပေ။ နန်လင်းရှာမှာ ထိုအရည်များအလယ်တွင် ရပ်တည်နေပြီး မြေပြင်သို့ ဆင်းသက်လာသော 'ပန်းချီနတ်သမီး' တစ်ပါးကဲ့သို့ပင် လှပနေ တော့သည်။

ဝါးစိမ်းလေးကတော့ ဗလာဖြစ်နေသော ဝါးပုလင်းတစ်လုံးကို တိုက်မိသွားပြီး ၎င်းတို့၏ တိုက်မိသံမှာ သာယာစွာ ထွက်ပေါ်လာသည်။

"တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်" ကျူးမင်လန်က သူ၏ အကြည့်ကို ပြန်ရုပ်သိမ်း လိုက်သည်။ သူက အလွန်အမင်း စွဲလမ်းစွာ ကြည့်မိ၍ တောင်းပန်ခြင်းလား၊ သို့မဟုတ် ဝါးစိမ်းလေးက သူမ၏ မှင်ပုလင်းကို မှောက်ချမိ၍ တောင်းပန်ခြင်းလား မသိတော့ဘဲ မြေပြင်ပေါ်ရှိ ပုလင်းများကို အမြန်ပင် ပြန်လည် စီရီလိုက်သည်။

နန်လင်းရှာက ဝါးပုလင်းများကို ကြည့်လိုက်ပြီးနောက် နွေဦးပိုးမျှင်များကဲ့သို့ မှင်အခိုး အငွေ့များကို ၎င်းတို့၏ ပုလင်းအသီးသီးအတွင်းသို့ ပြန်လည် ထည့်သွင်းလိုက်၏။ သူမ၏ ထူးခြားပြီး တောက်ပနေသော မျက်ဝန်းများမှာ ဖြည်းဖြည်းချင်း တည်ငြိမ်သွားပြန်သည်။

"ငါ ဒီမှာနေပြီး ပန်းချီလေ့ကျင့်စရာ ရှိသေးတယ်" နန်လင်းရှာက ဆိုသည်။

"ညဉ့်ကနက်ပြီး လေအေးတွေ တိုက်ခတ်နေပြီ၊ သခင်မလေး ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ" ကျူးမင်လန်က ယဉ်ကျေးစွာ ပြောပြီးနောက် စိတ်မကောင်း ဖြစ်နေဆဲဖြစ်သော ဝါးစိမ်းလေးကို ကောက်ချီကာ လှေကားဘက်သို့ လျှောက်သွားလိုက်သည်။

"အင်း" နန်လင်းရှာက အေးစက်စက် ပြန်ဖြေလိုက်ပြီး သူမ၏ အကြည့်များမှာ သူမရှေ့ရှိ ရှည်လျားသော ပန်းချီကားပေါ်တွင် မရှိတော့ပေ။

ကျူးမင်လန်မှာ လှေကားထိပ်သို့ ရောက်ကာ ဆင်းသွားတော့မည့် ဆဲဆဲတွင် တစ်စုံတစ်ခု ကို သတိရသွားဟန်ဖြင့် ပြန်လှည့်ကာ "ဒါနဲ့... လီယွင်ဇီ၊ ဒီနန်မုသစ်စေးရည်ကို ဘယ်က ရတာလဲ..."

"ငါက နန်လင်းရှာပါ။"

"ကျွန်တော့်ကို ခွင့်လွှတ်ပါ" ကျူးမင်လန်မှာ မိမိကိုယ်ကို စိတ်ထဲမှ အပြင်းအထန် ရိုက်လိုက်မိသည်။

အမှန်စင်စစ် ကျူးမင်လန်က နန်လင်းရှာသည် ပြဇာတ်တစ်ခုတွင် သရုပ်ဆောင်နေဆဲဟု ထင်မှတ်ခဲ့မိသည်။ ညဉ့်ဦးယံတွင် သူမကို တွေ့ရစဉ်ကပင် သူမ၏ အမူအရာမှာ တည်ငြိမ် ပြီး အေးစက်စက်ရှိကာ၊ သူတို့ အရင်ဆုံးတွေ့ဆုံခဲ့သည့် အချိန်က နန်လင်းရှာ၏ ပုံစံမှာ ဇွန်လ၏ မိုးရွာသွန်းမှုကဲ့သို့ပင် ခန့်မှန်းရခက်လှ၏...။

သို့သော် ယခုမူ သူမသည် ထိုအမူအရာများကို ဖယ်ရှားလိုက်ပြီ ဖြစ်သည်။ သူမမှာ နူးညံ့ သိမ်မွေ့ပြီး တည်ငြိမ်နေသော်လည်း အရိုးထဲစွဲနေသည့် မာနနှင့် အေးစက်မှုတို့မှာ သူမ၏ အရိုးအသားတွင် ကိန်းအောင်းနေသည်။

သူမမှာ လီယွင်ဇီနှင့် မတူတော့ချေ။ ကျူးမင်လန်မှာ ဤသည်မှာ သူမ၏ စစ်မှန်သော စိတ်သဘောထား ဖြစ်ကြောင်း ခံစားလိုက်ရသည်။

နန်မုသစ်စေးရည်အကြောင်း ထပ်မေးရန် ရှက်ရွံ့သွားသဖြင့် ကျူးမင်လန်မှာ အစာဝလင် နေသော ဝါးစိမ်းလေးကို ပွေ့ချီကာ အမြန်ပင် ထွက်ခွာလာခဲ့သည်။

"နတ်ဘုရားတန်ခိုးနဲ့ လူသားစွမ်းအားတွေက တူမှမတူညီကြတာ၊ သူတို့နှစ်ယောက်ဟာ တစ်ယောက်တည်း မဖြစ်နိုင်ဘူး" ဝါးတောမှ ထွက်လာပြီးနောက် ကျူးမင်လန်က ကိုယ့်ကိုယ်ကိုယ် တိုးတိုးလေး ပြောလိုက်သည်။

အမှန်တကယ်ဆို ကျူးမင်လန်သည် သူ လီယွင်ဇီနှင့် တွေ့ဆုံခဲ့သည်ဟု ဆက်လက် ယူဆ ထားဆဲပင်။ သူ လီယွင်ဇီကို ပထမဆုံးအကြိမ် တွေ့ခဲ့စဉ်က သူမ ပြောခဲ့သော စကား အချို့မှာ သူ့ကို ဝေဝါးစေခဲ့သည်။ သူမတွင် စိတ်ဝေဒနာတစ်ခုခု ရှိနေသည်ဟုပင် ထင်မှတ်ခဲ့ဖူးသည်...။

ယခုမူ သူသည် အလွန်အကျွံ အတွေးလွန်နေခြင်းသာ ဖြစ်ပုံရသည်။

လီယွင်ဇီ၏ နတ်ဘုရားတန်ခိုးနှင့် လူသားစွမ်းအားတို့မှာ နန်လင်းရှာ ယခု ပြသသွားသည့် စွမ်းအားများနှင့် လုံးဝ ကွဲပြားခြားနားနေသည်။ လူတစ်ယောက်တည်းတွင် နတ်ဘုရား တန်ခိုး နှစ်မျိုးရှိရန် မဖြစ်နိုင်ပေ၊ နတ်ဘုရားတစ်ပါးမှာ နဂါးထိန်းတစ်ဦး မဖြစ်နိုင်သကဲ့သို့ ပင်။ လူတစ်ဦးတွင် ထိုစွမ်းရည်နှစ်မျိုးလုံး ရှိနေပါက တစ်မျိုးကို စွန့်လွှတ်ရမည် ဖြစ်သည်။

သို့သော်လည်း အသေးစိတ်ကို ပြန်လည်တွေးတောကြည့်ရာ နန်လင်းရှာနှင့် လီယွင်ဇီတို့ ၏ အမူအရာတွင် များစွာ ကွဲပြားမှုရှိနေသည်ကို ကျူးမင်လန် သတိပြုမိသည်။ နန်လင်းရှာ ၏ စကားလုံးများမှာ နူးညံ့သော်လည်း ပြတ်သားမှုရှိသည်။ လီယွင်ဇီ၏ လေသံမှာမူ အေးစက်ပြီး မည်သည့်အရာမျှ ဂရုမစိုက်သည့် ပုံစံမျိုးဖြစ်သည်။

သို့သော် ညဉ့်အချိန်က နန်လင်းရှာနှင့် နေ့အချိန်က နန်လင်းရှာမှာ လူနှစ်ယောက်ကဲ့သို့ပင် ကွဲပြားခြားနားနေသည်...။ ဤသည်မှာ ခန့်မှန်းရခက်သော ဇွန်လမိုးကဲ့သို့ပင် ဖြစ်ပေလိမ့် မည်။

ပထမဆုံးတွေ့ဆုံခြင်း အချစ်ဇာတ်လမ်းကို အတူတူ သရုပ်ဆောင်ကြမည်ဆိုသည့် သဘော တူညီချက်က ဘာဖြစ်သွားတာလဲ။ အခြားလူများ မရှိသည့် ညဉ့်ကောင်းကင်အောက်တွင် သူမက အဘယ်ကြောင့် ဤသို့ ပြုမူရသနည်း။ သူ့ကို နန်မုသစ်စေးရည် ရှာလို့ရမည့် နေရာကိုပင် မပြောပြခဲ့ပေ။

လွန်ခဲ့သော ရက်အနည်းငယ်က ကျူးမင်လန်သည် ဖန်နန်နန်ကို နန်မုသစ်စေးရည် ရှာပေး ရန် အကူအညီ တောင်းခဲ့ဖူးသည်။ ကောင်းမွန်သော အရည်အနှစ်များ ရှိသော်လည်း ဘိုးဘေးနဂါး မြို့တော် တစ်ခုလုံးမှာပင် နန်မုအပင်များမှာ များစွာ မရှိကြောင်း သိရသည်။ ထို့ကြောင့် နန်လင်းရှာသည် မှင်ဖော်စပ်ရန် နန်မုသစ်ပင်ကို အသုံးပြုနေသည်ကို မြင်ရခြင်း မှာ ရှားပါးလှသော မြင်ကွင်းတစ်ခုပင် ဖြစ်သည်။

မေ့လိုက်ပါတော့၊ နောက်တစ်ခါမှပဲ ထပ်မေးတော့မည်။

အမှန်တကယ်ပင် အချိန်နှောင်းနေပြီ ဖြစ်သောကြောင့် နန်လင်းရှာမှာ သူမ၏ ဂုဏ်သတင်း အတွက် စဉ်းစားနေခြင်းလည်း ဖြစ်နိုင်ပေသည်။

စောစောထခြင်းက တက်ကြွသော စွမ်းအင်များကို ဖြည့်ဆည်းပေးနိုင်သည်။

နှင်းခဲများ ပြန့်ကျဲနေသော မြေပြင်နှင့် အေးစက်စက် မြူခိုးများ ဖုံးလွှမ်းနေသော်လည်း ထိုအရာများက ကျူးမင်လန်၏ တောက်ပသော အနာဂတ်အတွက် ကြိုးပမ်းလိုစိတ်ကို မတားဆီးနိုင်ပေ။

သူသည် အစီအစဉ်အချို့ကို အကျဉ်းချုပ် ချမှတ်လိုက်သည်။

အဖြူလေး၏ အရွယ်ရောက်အဆင့်မှာ အရေးကြီးသော အလှည့်အပြောင်းတစ်ခုဖြစ်သည်။ မတော်တဆမှုများ မရှိလျှင် အဖြူလေးသည် အရွယ်ရောက်သည့်အခါ အနည်းဆုံး နဂါးသခင်အဆင့်စွမ်းအားကို ပိုင်ဆိုင်နိုင်သည်။ လော့ရှောင်ကဲ့သို့ မောက်မာပြီး ရိုင်းစိုင်းသူ မျိုးပင် နဂါးသခင်အဆင့်ရှေ့တွင်မူ အမှုန့်ဖြစ်သွားရုံသာ ရှိလိမ့်မည်။

နဂါးသခင်အဆင့် စွမ်းအားရှိသူဟု ယူဆရသည့် လီရင်းအပေါ် သူ၏ သဘောထားကို ကြည့်ခြင်းဖြင့်ပင် ဤအချက်က သိသာနေသည်။

စာအုပ်များတွင် ငွေနှင်းအရုဏ်ဦးနဂါးဖြူသည် နဂါးငယ်အဆင့်မှ အရွယ်ရောက်အဆင့်သို့ ရောက်ရန် တစ်နှစ်ခန့် ကြာမြင့်တတ်သည်ဟု ဆိုထားသည်။ ယခုအခါ သူ၏ ဝိညာဉ် စွမ်းအား ပိုမိုအားကောင်းလာပြီ ဖြစ်သောကြောင့် ဤကာလကို ရှစ်လကျော်အထိ လျှော့ချ နိုင်မည်ဖြစ်သည်။ အကယ်၍ သက်ဆိုင်ရာ ဆန်းကြယ်သော မြေကြီးရတနာများကို ပိုမို ရှာဖွေနိုင်ပြီး ပိုမိုကောင်းမွန်သော ပျားပန်းဝတ်ရည်များ တိုက်ကျွေးနိုင်ပါက ခြောက်လ အတွင်းမှာပင် ရောက်ရှိနိုင်သည်။

ခြောက်လအတွင်းတွင် သူ ကြောက်ရွံ့စရာ မလိုတော့ပေ။

နောက်တစ်ချက်မှာ သွားမည်းကြီး၏ ကြီးထွားမှုဖြစ်သည်။

၎င်း၏ အစွမ်းထက်သော ငွေပြာရောင် ရိုင်းစိုင်းနဂါးသံချပ်ကာနှင့်အတူ သွားမည်းကြီး သည် အဆင့်နိမ့် နဂါးစစ်သူကြီးနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိသည်။ သို့သော် ကျူးမင်လန်က သွားမည်လေးကို နဂါးစစ်သူကြီးအဆင့်သို့ ရောက်ရှိစေလိုသည်။ ထို့နောက် နဂါး သံချပ် ကာနှင့်အတူ လော့ရှောင်၏ ရွှေရောင်မီးနဂါးကြီးကို ယှဉ်ပြိုင်တိုက်ခိုက်ရာတွင် ပြဿနာ ရှိမည်မဟုတ်ပေ။

ဝိညာဉ်စွမ်းအနှစ် ပုလဲသန့်စင်ခြင်းနှင့် နဂါးပုလဲများမှာ ကောင်းမွန်သော အထောက်အကူ များ ဖြစ်သည်။ ယခုအခါ သူ ဝယ်ယူနိုင်မည် ဖြစ်သည်။ ဟုတ်ပေသည်၊ နဂါးသံချပ်ကာကို ပိုမိုအားကောင်းစေရန် ပိုမိုကောင်းမွန်သော ပစ္စည်းများကို စုဆောင်းခြင်းက သွားမည်းကြီး ကို ပိုမိုရက်စက်စွာ တိုက်ခိုက်နိုင်စေလိမ့်မည်။

နတ်ဘုရား သူတော်စင်နဂါးစိမ်းနှင့် ပတ်သက်၍မူ ၎င်း၏ အလားအလာမှာ များစွာ ရှိသည်။ အကယ်၍ ၎င်းကို ချောက်ကမ်းပါးထဲသို့ ပစ်မချခဲ့ပါက အရွယ်ရောက်သည့်အခါ ငွေနှင်း အရုဏ်ဦးနဂါးဖြူထက် အားမနည်းနိုင်ပေ။

“နန်မုသစ်စေးရည်ကို အမြန်ဆုံး ရှာဖွေပြီး သူ့ကို ပိုမိုကျွေးမွေးရမယ်။ ဒါဆိုရင် မသန်မစွမ်း နဂါးတစ်ကောင် ဖြစ်မယ့်ကစား အဲဒီသွေးနှောနဂါးတွေကို ချေမှုန်းပစ်ဖို့ လုံလောက်လိမ့် မယ်။”

All Chapters