အခန်း ၆၉
Vol. 7 Ch. 69
အခန်း (၆၉) နဂါးငယ်အဆင့်ကို လွှတ်ပေးလိုက်တော့မှာလား။
အဝါရောင်နှင့် အစိမ်းရောင် ရောနှောနေသည့် မြက်ခင်းပြင်များဖြင့် ဖုံးလွှမ်းနေသော တောင်စောင်းရှည်တစ်ခုတွင် ကျွဲ၊ နွား၊ သိုးအုပ်စုများမှာ မြက်မြစ်များကို အားကုန်ထုတ်၍ ဝါးမြိုနေကြ၏။ သဘာဝတရား၏ ပေးကမ်းမှုအပေါ် မကျေနပ်သည့်အလား ရံဖန်ရံခါတွင် ညည်းညူသံများ ထွက်ပေါ်လာသည်။
သိုးမွေးဦးထုပ် ဆောင်းထားသော ဦးလေးကြီးတစ်ဦး၏ မျက်နှာမှာ အနည်းငယ် မှိုင်းညှို နေပြီး အကူအညီမဲ့နေသည့်ဟန် ပေါ်လွင်နေသည်။
တောင်စောင်း၏ အောက်ခြေတွင် 'ရေကန်' တစ်ကန်ရှိသည်။ မိုးရာသီတွင် တောင်ထိပ်မှ စီးဆင်းလာသော ချောင်းရေများကြောင့် တောင်စောင်းတစ်ခုလုံး စိမ်းလန်းစိုပြည်ကာ ပန်းများပင် ပွင့်လန်းလေ့ရှိသည်။ ထိုရေများမှာ နောက်ဆုံးတွင် ရေကန်ထဲသို့ စီးဝင်သွားပြီး ၎င်းပတ်ဝန်းကျင်ရှိ တောအုပ်များ၊ မြက်ခင်းပြင်များနှင့် ရွာငယ်လေးများကို အသက်သွင်း ပေးသည်။
ရေကန်ရွာသည် မြစ်အထက်ပိုင်းဒေသတွင် အများအပြား တွေ့ရလေ့ရှိသော သာမန် ကျေးလက်ရွာလေးတစ်ရွာ ဖြစ်သည်။
"ဦးလေးချန်…..၊ ဦးလေးချန်….."
"လီရှောင်ရင်၊ မင်း ဘာလို့ ပြန်လာတာလဲ။ မင်းက လီချွမ်းနဂါးထိန်းအကယ်ဒမီမှာ မဟုတ်ဘူးလား။ နဂါးထိန်း မဖြစ်ခင်အထိ ပြန်မလာဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးလား" ဦးလေးချန်က မယုံကြည်နိုင်စွာ မေးလိုက်သည်။
"ဦးလေး... ကျွန်တော် နဂါးထိန်းတစ်ဦး ဖြစ်လာတော့မယ် မထင်ဘူး" လီရှောင်ရင်၏ အသံတွင် ခါးသီးမှုများ ရောယှက်နေသည်။
သူ့အတန်းဖော်များမှာ နဂါးတံခါးဆီသို့ တရွေ့ရွေ့ တိုးကပ်သွားကြသည် သို့မဟုတ် နဂါးတံခါးကို ဖြတ်ကျော်ပြီး စစ်မှန်သော နဂါးထိန်းများ ဖြစ်လာကြပြီ။ သူတစ်ဦးတည်းသာ နေရာတွင် ရပ်တန့်နေပြီး သူ၏ မဟာဦးချိုနွားရိုင်းမှာလည်း တိုးတက်လာမည့် လက္ခဏာ မပြသပေ။ သူ မွေးမြူထားသည့် နဂါးဝိညာဉ်သတ္တဝါအကြောင်းကို ပြောဖို့ပင် မလိုတော့ ပေ။
"ယုံကြည်မှု ရှိစမ်းပါကွာ၊ 'မထင်ဘူး' ဆိုတဲ့ စကားလုံးကို အခုချက်ချင်း ဖယ်ထုတ်လိုက်" ဦးလေးချန်က လီရှောင်ရင်၏ ပခုံးကို ပုတ်ရင်း ပြောသည်။
လီရှောင်ရင်မှာ ရွှံ့မြေပြင်ပေါ်တွင် ခြေချော်မတတ် ဖြစ်သွားပြီး အနည်းငယ် ယိုင်သွား သည်။
"ငါက နွားတွေ၊ သိုးတွေကို မွေးလာတာ ဆယ်စုနှစ်ကျော်ပြီ။ ငါက နွားနဲ့နွား၊ သိုးနဲ့ သိုးကို မခွဲခြားတတ်ဘဲ ရှိမလား။ မဟာဦးချိုနွားရိုင်းက ထူးခြားပေမဲ့ အဆုံးမှာတော့ နွားရိုင်းပါပဲ" ဦးလေးချန်က ပြောသည်။
"ဦးလေးက ကျွန်တော့်ကို နှစ်သိမ့်ဖို့ တတ်လိုက်တာဗျာ" လီရှောင်ရင်၏ မျက်ဝန်းများမှ မျက်ရည်များ စီးကျလာပြီး မတားဆီးနိုင်တော့ပေ။
"သွားတော့၊ အချိန်နှောင်းနေပြီ" ဦးလေးချန်က ပြောသည်။
'ရေကန်ရွာ' သို့ ပြန်ရောက်ချိန်တွင် အမှောင်တဝက်သန်းနေပြီ ဖြစ်သည်။ ရွာဝင်ပေါက်မှ မီးရောင်များမှာလည်း ထူးထူးခြားခြား ပိတ်ထားသည်။ ဝေးလံသောနေရာမှ လူစားသော မိစ္ဆာသတ္တဝါများကို ဆွဲဆောင်မိမှာ စိုးရိမ်၍ ဖြစ်ပေမည်။
လူသားစားသော မိစ္ဆာများသည် သာမန်သားရဲများ မဟုတ်ကြပေ။ သူတို့မှာ အလင်းရောင် ကို မကြောက်ကြသဖြင့် ရွာသူရွာသားများ၏ ဆုံးဖြတ်ချက်မှာ ပညာရှိလှသည်။
ရွာသူရွာသားများမှာ ကြိုတင်ကာကွယ်ရန် လိုအပ်ကြောင်း နောက်ဆုံးတွင် သတိပြုမိသွား ပြီဖြစ်ရာ လီရှောင်ရင်မှာ စိတ်သက်သာရာ ရသွားသည်။
ရွာထဲသို့ ဝင်လိုက်ချိန်တွင် အလွန် မှောင်မည်းနေ၏။ ရုတ်တရက် ဦးလေးချန်က လီရှောင်ရင်ကို ဘေးတဖက်သို့ ဆွဲခေါ်သွားပြီး မျက်နှာထား တင်းမာစွာဖြင့် သူတို့၏ ခြေရင်းကို ညွှန်ပြလိုက်သည်။
လီရှောင်ရင် အောက်သို့ ငုံ့ကြည့်လိုက်ရာ သူ့မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားတော့ သည်။
သွေးတွေ…….
ရွာဝင်ပေါက်တွင် သွေးအိုင်ကြီး တစ်ခု ရှိနေသည်။ ၎င်းမှာ ကြက် သို့မဟုတ် သိုးသတ်သည့် သွေးပုံစံ မဟုတ်ဘဲ တစ်နေရာတည်းသို့ ပန်းထွက်လာသည့် သွေးများ ဖြစ်သည်။ အနီးကပ် သေချာကြည့်လိုက်သောအခါ ရွာဝင်ပေါက်ပတ်လည်ရှိ ဝါးစည်းများပေါ်တွင်ပင် သွေးစက် များ ပေကျံနေသည်ကို လီရှောင်ရင် တွေ့လိုက်ရသည်။
နောက်ထပ် ခြေလှမ်းအနည်းငယ် တိုးလိုက်ပြီး လီရှောင်ရင်က သစ်သားပြားကြီး တစ်ခုကို မလိုက်သည်။ ၎င်းအောက်တွင် သွေးစွန်းနေသော လူတစ်ဦး လဲလျောင်းနေ၏။ သူ၏ မျက်လုံးများမှာ သေခါနီး ကြုံတွေ့ခဲ့ရသော အလွန်အမင်း နာကျင့်သည့် ဝေဒနာကြောင့် ပြူးကျယ်နေပြီး တွန့်လိမ်နေသော မျက်နှာက ထိုဝေဒနာကို အသက်ဝင်စွာ ဖော်ပြနေ သည်။
သေဆုံးနေတဲ့လူတစ်ယောက်……
ရွာမှ ထင်းခွေသမား ဖြစ်ပြီး ခွန်အားကြီးသူတစ်ဦး ဖြစ်သော်လည်း ရွာဝင်ပေါက်တွင်ပင် အလွန်ဆိုးရွားစွာ သေဆုံးသွားခဲ့သည်။
လူသားစား မိစ္ဆာ...
လူသားစား မိစ္ဆာတွေ ပေါ်လာပြီ…..
လီရှောင်ရင်မှာ ထိတ်လန့်တကြားဖြင့် နောက်သို့ ဆုတ်လိုက်ပြီး ဦးလေးချန်နှင့်အတူ ထွက်ပြေးရန် အားထုတ်လိုက်စဉ် ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာသည်။
"ဟေ့... ဒီမှာ နောက်ထပ် နှစ်ကောင် ကျန်သေးတယ်"
ချက်ချင်းပင် မီးတုတ်များ ထိန်ထိန်လင်းလာပြီး ရွာဝင်ပေါက်နှင့် ရွာတစ်ခုလုံးကို လင်းထိန် သွားစေသည်။ လီရှောင်ရင်မှာ လက်ထဲတွင် တောက်ပနေသော ဓားရှည်များ ကိုင်ဆောင် ထားသည့် လူများစွာ သူတို့ဆီသို့ ချဉ်းကပ်လာသည်ကို မြင်လိုက်ရသည်။
အစပိုင်းတွင် လီရှောင်ရင်က သူတို့မှာ အစိုးရစစ်သည်များ ဖြစ်မည်ဟု ထင်လိုက်မိသည်။ စစ်သည်များမှာ ကယ်ဆယ်ရေးအတွက် ရောက်လာကြပြီဟု ထင်မှတ်ခဲ့သော်လည်း ထိုသူများ၏ ဝတ်စားဆင်ယင်မှုနှင့် ပုံပန်းသဏ္ဍာန်ကို မြင်လိုက်ရသောအခါ သူ၏ မျက်နှာ မှာ ပို၍ပင် ဖြူဖျော့သွားတော့သည်။
သူတို့က စစ်သည်များ မဟုတ်ကြပေ...
လူသားစား မိစ္ဆာဆိုသည်မှာလည်း မရှိခဲ့ပေ...
သူတို့က လူဆိုးဓားပြတွေ ဖြစ်နေကြသည်။
"ဟားဟားဟား... ငါးလေး နှစ်ကောင် လွတ်သွားမလို့ပဲ၊ အဲဒီနှစ်ယောက်ကိုပါ ဆွဲခေါ်ခဲ့ကြ" သားသတ်သမားနှင့် ပုံစံတူ လူတစ်ဦးက အမိန့်ပေးလိုက်သည်။