← Chapters

အခန်း ၇၀

Vol. 7 Ch. 70

အခန်း ၇၀

Vol. 7 Ch. 70

အခန်း (၇၀) ဓားပြများ။

ဓားကိုင်ထားသည့် ဓားပြအုပ်စုက လီရှောင်ရင်နှင့် ဦးလေးချန်ကို ရွာထဲသို့ ခေါ်ဆောင်သွား သည်။ လီရှောင်ရင် မြင်လိုက်ရသည့်မြင်ကွင်းမှာ ရွာသူရွာသားများမှာ ကြိုးတုပ်ခံထားရပြီး မြေပြင်ပေါ်တွင် လဲလျောင်းနေကြရသော်လည်း သူတို့၏ ခေါင်းများမှာ မရှိတော့ပေ။

သွေးများစွန်းထင်းနေသော ခေါင်းပြတ်များမှာ မြေပြင်တွင် ပြန့်ကျဲနေ၏။

လီရှောင်ရင်၏ မျက်နှာမှာ ကြောက်ရွှံ့ထိတ်လန့်မှုတို့ဖြင့် ပြည့်နှက်နေပြီး သူ့ဝိညာဉ်ပင် လွင့်စင်လုနီးပါး ဖြစ်သွားရသည်။

သူနှင့်အတူတူ ကြီးပြင်းလာခဲ့ရသည့် ရွာသူရွာသားများ၊ အဒေါ်ကြီးများ၊ အဘိုးအိုများနှင့် ကလေးငယ်များအထိ တိရစ္ဆာန်များကို သတ်ဖြတ်သကဲ့သို့ ရက်စက်စွာ အသတ်ခံထားရ သည်။

ရွာတစ်ခုလုံးမှာ အစုလိုက်အပြုံလိုက် အသတ်ခံလိုက်ရပြီ။

"နံပါတ် (၂)၊ မင်းက တကယ်ကို လိမ္မာပါးနပ်တာပဲ။ စစ်သည်တွေက မိစ္ဆာတွေကို လိုက်ဖမ်း နေတာနဲ့ပဲ ငါတို့ကို ဂရုစိုက်နိုင်တော့မှာ မဟုတ်ဘူး။ ရွာတစ်ရွာပြီးတစ်ရွာ ဝင်စီးရမယ်၊ ရလာတဲ့ ပစ္စည်းတွေနဲ့ဆို တစ်သက်လုံး သာသာယာယာ နေလို့ရပြီ" သားသတ်သမားနှင့် ပုံစံတူ လူတစ်ဦးက ပြောသည်။

"အားလုံးကို သတ်ပစ်ပြီး ဝံပုလွေတွေ စားဖို့ ပစ်ထားလိုက်။ စစ်သည်တွေနဲ့ နဂါးထိန်းတွေ က လူသားစားမိစ္ဆာတွေကိုပဲ ရှာနေကြတာဆိုတော့ ငါတို့လက်ချက်မှန်း ဘယ်သူမှ သိမှာ မဟုတ်ဘူး" ဒုတိယဓားပြခေါင်းဆောင်က မြေခွေးတစ်ကောင်ကဲ့သို့ ရက်စက်စွာ ရယ်မော လိုက်သည်။

"ဒီကောင်နှစ်ကောင်ကို ရှင်းပြီးရင် ငါတို့ ထွက်သွားကြမယ်။ ဒီကောင်ငယ်လေးဆီက စလိုက်ကြရအောင်" ဓားကိုင်ထားသော သားသတ်သမားခေါင်းဆောင်က အေးစက်စက် အပြုံးဖြင့် ချဉ်းကပ်လာသည်။

လီရှောင်ရင်မှာ ထိတ်လန့်လွန်း၍ ရုပ်အလောင်းကဲ့သို့ ငြိမ်သက်သွား၏။ မျက်စိရှေ့မှ မြင်ကွင်းမှာ အလွန်ပင် သွေးပျက်စရာကောင်းလှသဖြင့် သူကိုယ်တိုင်ပင် တိုက်ခိုက်ရန် သို့မဟုတ် ရှောင်ရှားရန် မေ့လျော့နေမိသည်။

ထိုအချိန်တွင် ဦးလေးချန်က လီရှောင်ရင်၏ ရှေ့သို့ ခြေတစ်လှမ်း တိုးဝင်လိုက်ပြီး ဓားပြ ခေါင်းဆောင်နှင့် လီရှောင်ရင်ကြားတွင် ကာကွယ်ပေးလိုက်သည်။

"သေချင်လွန်းလို့ သေလမ်းရှာနေတာပဲ၊ ငါပဲ ဆန္ဒဖြည့်ပေးလိုက်မယ်" ထိုစကားနှင့်အတူ ဓားပြခေါင်းဆောင်က သူ၏ဓားကြီးကို ဦးလေးချန်၏ မျက်နှာပေါ်သို့ တင်ကာ အသံကျယ် ကြီး မြည်သည်အထိ နှစ်ချက် ရိုက်လိုက်သည်။ အသားများကို လှီးဖြတ်တော့မည့်အလား ကြောက်မက်ဖွယ်ကောင်းလှသည်။

ဦးလေးချန်မှာ မျက်လုံးပင် မလွှဲလိုက်ပေ။ သူက အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး "ငါ့မျက်နှာကို ဒီလိုမျိုး နောက်ဆုံး ရိုက်ခဲ့တဲ့လူက လီရင်းပဲ။ ငါ သူ့ရဲ့ နဂါးသုံးကောင်ကို ခုတ်ဖြတ်ခဲ့ဖူးတယ်" ဟု ပြောလိုက်သည်။

"လီရင်းဆိုတာ ဘယ်သူလဲ။ နွားကျောင်းသား တစ်ယောက်က ငါတို့ကို သူရဲကောင်းကြီး ပုံစံ လာဖမ်းနေတာလား။ ငါ့ရဲ့ဓားကြီးက အသားလှီးဖို့ဆို ဘယ်တော့မှ မတုံးဘူး" ဓားပြ ခေါင်းဆောင်က ဟားတိုက်ရယ်မောပြီး ဓားကြီးကို ပြန်လည် မြှောက်လိုက်သည်။

ဦးလေးချန်မှာ ငြိမ်သက်စွာ ရပ်နေပြီး သူ၏ အညိုရောင် မျက်ဝန်းများမှာ ရုတ်တရက် ပြတ်သားသော အလင်းရောင်များဖြင့် တောက်ပလာသည်။

"ဝုန်း ဝုန်း ဝုန်း ဝုန်း ဝုန်း"

ရုတ်တရက် အဝေးမှ ရေဘီးကြီးမှာ ပြင်းထန်စွာ လည်ပတ်လာသည်။ ရွာဝင်ပေါက်မှ မီးရောင်အောက်တွင် ရေကန်ထဲမှ တစ်စုံတစ်ခု ထွက်ပေါ်လာတော့မည့်အလား ရေပြင်မှာ ဆူပွက်နေသည်။ (ရေဘီးကြီးဟူသည် ရေတင်ရန် လည်ပတ်သည့် ဘီးကြီးကို ဆိုလိုပါ သည်။)

ရေမျက်နှာပြင်မှာ လျင်မြန်စွာ ကျဆင်းလာပြီး တစ်ဝက်ခန့်အထိ လျော့နည်းသွားသည်။

"ဝုန်း"

အဝေးရှိ ရေကန်မှာ ကြောက်မက်ဖွယ်ကောင်းစွာ ပေါက်ကွဲထွက်သွားပြီး အိမ်တစ်လုံး အရွယ်အစားရှိသော ရေဘီးကြီးကို ဖျက်ဆီးကာ မဟူရာမြွေနဂါးတစ်ကောင် ရွာဝင်ပေါက် ဆီသို့ ပြင်းထန်စွာ ရောက်ရှိလာသည်။

မဟူရာမြွေနဂါးမှာ အလွန် လျင်မြန်လှသည်။ ဓားပြခေါင်းဆောင် ဓားကို မခုတ်ချရသေး မီမှာပင် မဟူရာမြွေနဂါးမှာ သူ့ဆီသို့ ရောက်ရှိလာသည်။ မြွေကြီးက ကြွက်ငယ်လေးကို ကိုက်လိုက်သ ကဲ့သို့ ထိုရက်စက်သော ဓားပြခေါင်းဆောင်ကို ကိုက်ကာ လေထဲသို့ ပစ်ပေါက်လိုက်သည်။

ဓားပြခေါင်းဆောင်မှာ လေထဲသို့ မြင့်မားစွာ ပျံတက်သွားပြီးနောက် ပြန်လည် ကျဆင်း လာချိန်တွင် မဟူရာမြွေနဂါးမှာ ပါးစပ်ကြီးကို အကြီးအကျယ် ဖွင့်ဟလိုက်ရာ ဓားပြ ခေါင်းဆောင်မှာ မဟူရာမြွေနဂါး၏ အစာပြွန်ထဲသို့ တန်းတန်းမတ်မတ် လျှောဝင်သွား သည်။

အရှင်လတ်လတ် ဝါးမြိုခံလိုက်ရပြီ…..

လူတိုင်း၏ အကြည့်အောက်တွင် ဓားပြခေါင်းဆောင်မှာ မဟူရာမြွေနဂါး၏ ဝမ်းဗိုက်ထဲ တွင် ရုန်းကန်နေသည်ကို အထင်းသား မြင်နေရသည်။

မဟူရာမြွေနဂါးမှာ လေထဲတွင် ခေတ္တ ပျံဝဲနေ၏။ သူ၏ ခန္ဓာကိုယ်မှ ရေစက်များမှာ စီးကျ နေပြီး ရွာအပေါ်တွင် ကွင်းဆက်နေသည်။ ရွာမှ မီးရောင်များမှာ သူ၏ အရွယ်အစားကို အပြည့်အစုံ မဖော်ပြနိုင်သော်လည်း သူ၏တစ်ဝက်မှာ အမှောင်ထဲတွင် ပုန်းကွယ်နေသည်။

ဦးလေးချန်မှာ ငြိမ်သက်စွာ ရပ်နေသည်။ ယခုအချိန်တွင် သူ၏ တည်ရှိမှုမှာ လေထဲတွင် ပျံဝဲနေသော မဟူရာမြွေနဂါးနှင့် တစ်သားတည်း ဖြစ်နေပြီး လူသားဆန်မှု ကင်းမဲ့သော ဓားပြများကို အထက်စီးမှ ကြည့်ရှုနေသည်။

သာမန် ခွန်အားလောက်သာ ရှိသော ဤဓားပြများမှာ မဟူရာမြွေနဂါးကို မည်သို့မျှ မခုခံနိုင်ပေ။

မဟူရာမြွေနဂါးမှာ အခြားဓားပြများကို အသက်ရှင်ခွင့် မပေးဘဲ တစ်ယောက်ပြီး တစ်ယောက် ကိုက်ဖြတ် ဖျက်ဆီးလိုက်သည်။ ဓားပြများမှာ ထွက်ပြေးရန်ပင် အချိန်မရ လိုက်ဘဲ မိနစ်ပိုင်းအတွင်းမှာပင် အကုန်လုံး ချေမှုန်းခံလိုက်ရသည်။

လီရှောင်ရင်မှာ တုန်လှုပ်ချောက်ချားနေပြီး သူ၏ မျက်လုံးများတွင် အံ့ဩမှုများ ပြည့်နှက် နေသည်။

ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် ဦးလေးချန်မှာ ကြိုးစားပမ်းစား လုပ်ကိုင်နေသည့် အခြား ရွာသူရွာသားများနှင့် ဘာမှ မခြားခဲ့ပေ။

ဒီလောက်အစွမ်းထက်တဲ့ စွမ်းအားကို ပိုင်ဆိုင်ထားတဲ့ လူတစ်ယောက်က ဘာလို့ သာမန် လူတစ်ယောက်လို နေခဲ့တာလဲ၊ ပြီးတော့ ကိုယ်တိုင်ကလည်း နဂါးထိန်း တစ်ယောက် ဖြစ်ပါလျက်နဲ့ ဘာလို့ ငါ့ကိုတောင် တစ်ချက်လေးမှ သတိမထားမိအောင် ဖုံးကွယ်ထားခဲ့ ရတာလဲ။

ကျန့်အန်းမှာ ရွာတစ်ခုလုံး အသတ်ခံလိုက်ရသည့် မြင်ကွင်းကို ငေးမောကြည့်ရှုနေမိသည်။

ထိုသို့ ပြောပြီးနောက် တစ်စစီ ပြဲစုတ်ကာ ထိုက်သင့်သော အပြစ်ဒဏ်ကို ခံယူသွားကြ သည့် ဓားပြများကို ငေးကြည့်ရင်း သူ၏ မျက်ဝန်းများတွင် ကူရာမဲ့သည့် အမူအရာများ ပြည့်နှက်နေသည်။

သြော်... လူသားစားမိစ္ဆာ ဘေးရန်ကို ကာကွယ်နေခဲ့ပါလျက်နှင့် ဤလူဆိုးဓားပြများ၏ အန္တရာယ်ကို မကာကွယ်နိုင်ခဲ့၍ ရွာလေးမှာ ပျက်စီးသွားရပြီ။

သူသည် တောင်စောင်းတွင် ကျွဲနွားကျောင်းနေခြင်း မဟုတ်။ လူသားစားမိစ္ဆာများကို လိုက်လံရှာဖွေပြီး ရွာနှင့် ဝေးရာသို့ ရောက်အောင် မောင်းထုတ်နေခြင်း ဖြစ်သည်။

"ဦးလေး... ဦးလေးက နဂါးထိန်း တစ်ယောက်လား" လီရှောင်ရင်မှာ မယုံကြည်နိုင်စွာ မေးမြန်းမိသည်။

"ငါက နဂါးထိန်းတစ်ဦး မဟုတ်ဘူး။ စွမ်းရည် နည်းနည်းပါးပါးလောက်ပဲ ရှိတဲ့လူပါ။ ဒီမဟူရာမြွေနဂါးက လူ့သဘောသဘာဝကို နားလည်တယ်။ ဝိညာဉ်ပဋိညာဉ်နဲ့ ချည်နှောင် ထားခြင်း မရှိပေမယ့် သူက ငါ့ဘေးနားမှာ အမြဲရှိနေပေးတာ။ ဒီကစပြီး သူ့ကို သေချာ ဂရုစိုက်ပေးပါ။ အခု ငါ့ရဲ့စွမ်းအားကို ပြသလိုက်မိပြီဆိုတော့ ရန်သူတွေက ငါ့ကို လိုက်ရှာ တော့မှာ။ ငါ ထွက်သွားမှ ဖြစ်မယ်" ကျန့်အန်းက သက်ပြင်းချရင်း ပြောသည်။

လီရှောင်ရင်မှာ ကြက်သေသေသွားသည်။ သူ့မှာ မေးစရာ မေးခွန်းများစွာ ရှိသေးသလို ရွာလည်း ပျက်စီးသွားပြီဖြစ်ရာ သူကိုယ်တိုင်ကရော ဘယ်ကိုသွားရပါ့မလဲ။

လီရှောင်ရင်နှင့် မဟူရာမြွေနဂါးတို့မှာ ကျန့်အန်း၏ နောက်သို့ ဆက်လက် လိုက်ပါသွားကြ သည်။ ကျန့်အန်းက လက်ကို ဝှေ့ယမ်းလိုက်ပြီး "လီချွမ်းနဂါးထိန်းအကယ်ဒမီကို ပြန်သွား လိုက်ပါ။ သူ့ကို ငါ့ကိုယ်စား သေချာ ဂရုစိုက်ပေးပါ" ဟု မှာကြားသည်။

"အူ..."

လီရှောင်ရင်မှာ မျက်ရည်များ ဝဲလျက် ပြန်လည်ဖြေကြားရန် ပြင်လိုက်စဉ် သူ၏ဘေးမှ မဟူရာမြွေနဂါးမှာ ခေါင်းကိုမော့ကာ ထွက်ခွာသွားသော ကျန့်အန်းကို တုံ့ပြန်သည့်အနေ ဖြင့် အသံကျယ်ကျယ်ဖြင့် ဟိန်းဟောက်လိုက်၏။

လီရှောင်ရင်၏ မျက်ရည်များမှာ ပိုမို၍ပင် စီးကျလာတော့သည်။

စာစဉ် (၇) ပြီးပါပြီ။

ဘာသာပြန်သူ နေဇင်။

All Chapters