သတ္တမ ကျားဖြူနှင့် အံ့ဖွယ်ရစ်ပတ် နွယ်ပင်
Vol. 6-10 Ch. 131
အခန်း (၁၃၁) : သတ္တမ ကျားဖြူနှင့် အံ့ဖွယ်ရစ်ပတ် နွယ်ပင်
ရှန်ထျန်းတို့က ကွင်းပြင်ကျယ်တွင် လျင်မြန်စွာ ပြေးလွှားနေကြသည်။ သူတို့ မြေပြင်ပေါ် တစ်ချက်နင်းလိုက်ရုံဖြင့် ၁၀ ပေ အကွာသို့ ခုန်နိုင်သည်။
ထူးခြားသော စွမ်းအင်ကွင်းပြင်ကြောင့် ဓားပျံစီးနင်းပျံသန်းမှုကို အသုံးမပြုနိုင်သော်လည်း သူတို့၏ ခန္ဓာကိုယ်က သာမန်လူများထက် ပိုမို သန်မာသည်။
သူတို့အားလုံးထဲတွင် ရှန်ထျန်းက ရှေ့ဆုံး ရောက်နေသည်။ ဖန်ချန်း၏ ခေါင်းပေါ်ရှိ ကံအပြောင်းအလဲ အခွင့်အရေးထဲမှ မြင်ကွင်းကို ပြန်လည်မြင်ယောင်ရင်း ပစ်မှတ်က ရှင်းလင်းနေသည့်အတွက် အရှိန်အပြည့်ဖြင့် သွားနေသည်။
တခြားသူတွေက ရှန်ထျန်းနောက်မှ လိုက်နေရသည့်အတွက် ရှန်ထျန်းက ခေါင်းဆောင် တစ်ယောက်လိုမျိုး ဖြစ်နေသည်။
ကျန်းယွင်ရှီး မေးလိုက်သည်
“ ဂိုဏ်းတူမောင်လေး … ကျောက်ဟောင်ဆိုတဲ့ ကောင်လေးအတွက် ဒူးထောက်ခိုင်းထားတဲ့ အုတ်ဂူရှေ့မှာ တကယ်ပဲ ကံအပြောင်းအလဲ အခွင့်အရေး ရှိလို့လား”
ရှန်ထျန်းက ခေါင်းညိတ်ပြကာ ပြောလိုက်သည်
“ ကျွန်တော်ရဲ့ မှန်းဆချက်အရဆိုရင် မှားစရာအကြောင်း မရှိပါဘူး”
ရှန်ထျန်း ခဏလောက် စဉ်းစားပြီး ပြောလိုက်သည်
“ ကျွန်တော် မြင်ခဲ့တာသာ မှန်မယ်ဆိုရင် ဂိုဏ်းတူအစ်မကြီး အရှေ့တောင်ဘက်ကို ဦးတည်ပြီးသွားရင် အစ်မကြီးရဲ့ ကံအပြောင်းအလဲ အခွင့်အရေးကို တွေ့နိုင်လိမ့်မယ်”
ရှန်ထျန်းက ကျန်းယွင်ရှီး၏ ကံအပြောင်းအလဲ အခွင့်အရေးကိုပါ မြင်ပြီးပြီ ဖြစ်၏။ သူမသာ အရှေ့တောင်ဘက်သို့ ဦးတည်သွားပါက စတုတ္ထအဆင့် အံ့ဖွယ်ရစ်ပတ် နွယ်ပင်ကို တွေ့နိုင်မည် ဖြစ်သည်။
ကျန်းယွင်ရှီး၏ လက်ရှိခွန်အားက အံ့ဖွယ်ရစ်ပတ်နွယ်ပင်ကို သတ်ဖို့ လုံလောက်မှုရှိကာ သူမ ပိုင်ဆိုင်ထားသော ကောင်းကင်ဓမ္မရတနာအဖြစ် ပြောင်းလဲပစ်နိုင်လိမ့်မည်။
သို့သော် မမျှော်လင့်ထားသည်က ကျန်းယွင်ရှီးက ရှန်ထျန်း ပြောတာကို ကြားသည်နှင့် ခေါင်းယမ်းပြကာ ပြောလိုက်သည်
“ ဒါက အခွင့်အရေးတစ်ခုဆိုတော့ ဒုတိယ ဦးစားပေးပဲ။ မြူခိုးဟင်းလင်းပြင်ရဲ့ အတွင်းပိုင်းအထိ ဂိုဏ်းတူမောင်လေး ဝင်သွားမယ်ဆိုရင် အရမ်းအန္တရာယ်များလို့ အစ်မ ဘေးမှာ နေပြီးတော့ မင်းကို ကာကွယ်ပေးတာ ပိုကောင်းလိမ့်မယ် ”
ဝိုး…
စိတ်ထဲ နွေးထွေးသွားပေမဲ့ သူကိုယ့်သူ ယောက်ျားပီသတဲ့သူ မဟုတ်တော့ဘူးလို့ ခံစားလာရတယ်
ရှန်ထျန်း ခေါင်းမော့ရင်ကော့ကာ ‘ကျွန်တော်က အစ်မ ကာကွယ်ပေးဖို့ လိုအပ်တဲ့သူလား’လို့ ပြောလိုက်ချင်ပေမဲ့ ထပ်ပြီး စဉ်းစားလိုက်တော့လည်း မြူခိုးအတက်အကျ အချိန်ကာလမှာ မြူခိုးဟင်းလင်းပြင်က မူမမှန်မှုတွေနဲ့ ပြည့်နှက်နေတာဆိုတော့ ကျန်းယွင်ရှီးရဲ့ ကာကွယ်ပေးမှုကို လိုအပ်ကောင်း လိုအပ်လာနိုင်တယ်
ပထမဆုံးအနေနဲ့ အံ့ဖွယ်ဓားအသျှင် ချန်းယန်သေသွားပြီးတော့ မီးတောက်ဖြစ်လာတာကို မြင်လိုက်ရတယ်
အဲဒါပြီးတော့ ကျန်းယွင်ရှီးက စတုတ္ထအဆင့် အံ့ဖွယ်ရစ်ပတ် နွယ်ပင်ရရှိသွားတဲ့ အခွင့်အရေးအပြင် ကွေ့ကုန်းကုန်းနဲ့ တစ်ခြားသူတွေရဲ့ ခေါင်းပေါ်မှာရှိတဲ့ အခွင့်အရေးတွေကိုလည်း မြင်ခဲ့တယ်
အံ့ဖွယ်ရစ်ပတ်နွယ်ပင်ကို လူတိုင်းလိုလို၏ ကံအပြောင်းအလဲ အခွင့်အရေးထဲမှာ မြင်တွေ့နေရသည့်အတွက် မယုံကြည်နိုင် ဖြစ်လာရသည်။ ယခင်မြူခိုးအတက်အကျ အချိန်ကာလတွင် အံ့ဖွယ်ရစ်ပတ်နွယ်ပင်ကို ရှာဖွေတွေ့ရှိခဲ့သော ကျင့်ကြံသူများမှာ ၁၀ ယောက်ကျော်သာ ရှိသည်။
သို့သော် ယခု ကွေ့ကုန်းကုန်း၊ ချင်ကောင်း၊ ကျန်းယွင်ရှီးနှင့် ချင်ယွင်တိ၏ ရောင်ဝါစက်ဝန်းများထဲတွင် အံ့ဖွယ်ရစ်ပတ်နွယ်ပင် တစ်ခုစီ မြင်တွေ့လိုက်ရသည့်အတွက် စုစုပေါင်း လေးခု ရှိနေလေပြီ။ ထို့အပြင် မြူခိုးမြို့တော်ထဲရှိ တချို့ ကျင့်ကြံသူများ၏ ရောင်ဝါစက်ဝန်းများထဲတွင်လည်း အံ့ဖွယ်ရစ်ပတ်နွယ်ပင်နှင့် ပတ်သက်နေသော ကံအပြောင်းအလဲ အခွင့်အရေးများကို တွေ့ရှိခဲ့သည်။
ထို့ကြောင့် ပျမ်းမျှတွက်ကြည့်လျှင်ပင် အံ့ဖွယ်ရစ်ပတ်နွယ်ပင်နှင့် ပတ်သက်နေသော ကံအပြောင်းအလဲ အခွင့်အရေး၂၀ ကျော် မြင်တွေ့ပြီးလေပြီ။
တကယ်တမ်းတော့ ရှန်ထျန်း မတွေ့ရသေးသော စွန့်စားသူတွေကို ထည့်ပြီး မရေတွက်ရသေးပေ။
မြူခိုးဟင်းလင်းပြင်ထဲကို ဝင်သွားပြီးပြီဖြစ်သည့် လူတွေကိုပါ ထည့်သွင်းရေတွက်လိုက်လျှင် ဒီတစ်ခေါက် မြူခိုးအတက်အကျ အချိန်ကာလအတွင်း အနည်းဆုံး အံ့ဖွယ်ရစ်ပတ်နွယ်ပင်ပေါင်း ၅၀ ကျော်အထိ ပေါ်လာနိုင်သည်။
စိတ်ကူးယဉ်ဝတ္ထုတွေ အများကြီးဖတ်ထားသော ဝတ္ထုချစ် ပရိသတ်တစ်ယောက်အတွက်တော့ တစ်ခုခု မူမမှန်လျှင် မကောင်းတာ တစ်ခုခု ဖြစ်တော့မည် ဖြစ်ကြောင်း ရှန်ထျန်း သိလိုက်သည်။
ဖြစ်လာမဲ့အရာကလည်း ရိုးရှင်းတဲ့အရာတော့ မဟုတ်လောက်ဘူး
မြူခိုးအတက်အကျ အချိန်ကာလတွင် အန္တရာယ်နှင့် ကြုံတွေ့နိုင်သည့်အတွက် ကျန်းယွင်ရှီး မရှိပါက ရှန်ထျန်း ကိုယ်ပိုင်ယုံကြည်မှု လျော့နည်းနိုင်သည်။
ဟုတ်ပြီ ... ဒါကို ချက်ချင်း အပြီးသတ်လိုက်ရအောင်။ ဖန်ချန်းရဲ့ ကံအပြောင်းအလဲ အခွင့်အရေးကို ရှာပြီးတာနဲ့ မြူခိုးဟင်းလင်းပြင်ထဲကနေ ချက်ချင်း ထွက်သွားရမယ်။ ဒီနေရာနဲ့ ဝေးလေလေ ကောင်းလေပဲ။ ဘေးကင်းဖို့က ဦးစားပေးဆိုတော့ အန္တရာယ်များတဲ့ အခြေအနေထဲ ဝင်မပါတာပဲ ကောင်းတယ်
ရှန်ထျန်း အတွေးထဲနစ်မြောနေစဉ် သူတို့ မြူခိုးဟင်းလင်းပြင်ထဲသို့ ကီလိုမီတာ ၄၀၀ အမြန်အဆန် ခရီးနှင်လာပြီးပြီ ဖြစ်၏။
မြူခိုးဟင်းလင်းပြင်၏ အလယ်ဗဟိုနှင့် နီးကပ်လာသည့်အတွက် မြူခိုးမြို့တော် တစ်ခြမ်းသည် မိုးကုပ်စက်ဝိုင်း၏ အောက်တွင် နစ်မြုပ်သွားရသည်။
သို့သော် ကံအပြောင်းအလဲ အခွင့်အရေးက မြူခိုးထဲသို့ အတော်လေး ဝင်ရကြောင်း ရှန်ထျန်း သိထားသည်။ သူ ဤကံအပြောင်းအလဲ အခွင့်အရေးကို ရယူချင်ပါက မြူခိုးများဖုံးလွှမ်းနေသော တားမြစ်နယ်မြေထဲသို့ စွန့်စားဝင်ရောက်ရမည်။ မြူခိုးများကို ကွင်းပြင်ကျယ်၏ အနက်ရှိုင်းဆုံးနေရာအထိ ဖိသိပ်ခံထားရသည့်အချိန်ကို စောင့်ဆိုင်း၍လည်း ရသေးသည်။
သို့သော် ယခု နေ့လယ်ရောက်နေပြီဖြစ်သည့်အတွက် မြူခိုးတွေကို အမြင့်ဆုံးအဆင့်သို့ ဖိသိပ်ထားပြီးပြီဖြစ်ပြီး ဖြည်းဖြည်းချင်း ပြန်လည်စုဝေးလာပြီ ဖြစ်သည်။
သူတို့သာ အချိန်မီမပြန်ဘဲ မြူခိုးဖုံးလွှမ်းခြင်းကို ခံရပါက အင်မတန် အန္တရာယ်များလာနိုင်သည်။ ထို့ကြောင့် ရှန်ထျန်းလည်း ရွေးချယ်စရာမရှိတော့ဘဲ အကုန်လုံးကို မူလလမ်းကြောင်းဆီသို့ ပြန်လည် ခေါ်ဆောင်သွားလိုက်သည်။
“ ကျွန်တော်ရဲ့ အခွင့်အရေးက ရောက်မလာသေးတာမလို့။ အားလုံးရဲ့ ကံအပြောင်းအလဲ အခွင့်အရေးကို ရှာဖို့အတွက် အရင်ဆုံးကူညီပေးမယ်”
သူသာ မလုပ်နိုင်တော့ပါက ဖန်ချန်း၏ ကံအပြောင်းအလဲ အခွင့်အရေးကို မေ့ပစ်ဖို့ ဆုံးဖြတ်လိုက်သည်။ သူက ကျန်းယွင်ရှီးနှင့် တခြားသူများ၏ ကံအပြောင်းအလဲ အခွင့်အရေးကိုသာ တိုက်ရိုက်ခွဲယူဖို့ ဆုံးဖြတ်လိုက်သည်။ ထို့နောက် သူတို့ မြူခိုးမြို့တော်ထဲမှာ ပုန်းကာ စောင့်ကြည့်နေမည် ဖြစ်၏။
မြူခိုးတွေ တစ်ခုခု ပုံမှန်မဟုတ်တော့တာကို သတိထားမိသွားသည်နှင့် ကျန်းယွင်ရှီး၊ ကွေ့ကုန်းကုန်းနဲ့ တခြားသူတွေကို ခေါ်ပြီး ချက်ချင်းထွက်ပြေးလိုက်မည်။
ကံအပြောင်းအလဲ အခွင့်အရေးတွေက အရေးပါတယ်….သူ ဖန်ချန်းရဲ့ အခွင့်အရေးကို ခွဲမယူနိုင်တော့ရင်တောင် တခြားသူတွေရဲ့ အခွင့်အရေးကို ခွဲယူလို့ရသေးတာပဲလေ။ သူ့မှာ အသက်လေး တစ်သက်ပဲ ရှိတာလေ…အဲဒါကို ကံအပြောင်းအလဲ အခွင့်အရေးတစ်ခုအတွက် စတေးလိုက်ရမယ်ဆိုရင် မတန်ဘူးလေ
သူ့ အစီအစဉ်ကို သေချာ ချမှတ်ပြီးနောက် ကျန်းယွင်ရှီးတို့ကို သူတို့နှင့် သက်ဆိုင်ရာ နေရာအသီးသီးသို့ စတင်ခေါ်ဆောင်သွားတော့သည်။
ဝိညာဉ်မြူခိုးပြန်လည်ရောက်ရှိလာသော အရှိန်က သိပ်မမြန်ပေ။ ထို့ကြောင့် ရှန်ထျန်းတို့လည်း ကျန်းယွင်ရှီး ပိုင်ဆိုင်သော အံ့ဖွယ်ရစ်ပတ်နွယ်ပင်ကို ချက်ချင်း ရှာတွေ့သွားသည်။
ထိုအံ့ဖွယ်ရစ်ပတ်နွယ်ပင်သည် မြူခိုးမြို့တော်မှ ၃၅၀ ကီလိုမီတာ ကွာဝေးသော ချောက်ထဲတွင် တည်ရှိနေလေ၏။ ထိုနွယ်ပင်က မီတာထောင်ပေါင်းများစွာ ရှည်လျားပြီး ကိုယ်ထည်အရောင်က အစိမ်းပုတ်ရောင် ဖြစ်နေသည်။
အံ့ဖွယ်ရစ်ပတ်နွယ်ပင်၏ မျက်နှာပြင်ပေါ်တွင် မရေတွက်နိုင်သော ကြောက်မက်ဖွယ်ကောင်းသည့် ဆူးချွန်များ ပါဝင်သည်။ ထိုဆူးချွန်များ အရောင်မှိန်ပျပျ တောက်ပနေသည့်ပုံစံက လူကို ကြက်သီးထသွားစေသည်။
အဆိပ်ပြင်းသည့် အစိမ်းရောင်အရည်ကလည်း ဆူးချွန်ထိပ်မှ စိမ့်ထွက်နေသည်။ ထို့ကြောင့် နွယ်ပင်၏ ရစ်ပတ်ခြင်းကိုသာ ခံလိုက်ရပါက နာကျင်ခံစားရမှာ အသေအချာပင်ဖြစ်သည်။
ဒီ အံ့ဖွယ်ရစ်ပတ်နွယ်ပင်က အင်မတန်စွမ်းအားကြီးသည့်အတွက် ကနဦးဝိညာဉ်အဆင့်ကျင့်ကြံသူများပင်လျှင် ဂရုမပြုပါက ရစ်ပတ်ခြင်း ခံရပြီး သေသွားနိုင်သည်။
သို့သော် ကျန်းယွင်ရှီးအကြည့်ထဲတွင် ကြောက်ရွံ့မှုကို မတွေ့ရပေ။ သူ၏ ကျောပေါ်မှ ကျားဖြူဓားကို ဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်သည်။
ချွမ်…
ဓားအိမ်မှ ဓားကို ထုတ်လိုက်သည့်အခါ ငွေရောင်အလင်းတန်းတစ်ခုက ရေတံခွန်လိုမျိုး ထိုးထွက်သွားသည်။
ကျားဖြူတစ်ကောင် တောအုပ်ထဲမှ ခုန်ထွက်လာသလိုမျိုး လေထဲမှာလည်း မိုးကြိုးချိန်းသံတွေကို ကြားနေရသည်။
ကျန်းယွင်ရှီးက ရုတ်တရက် လေထဲသို့ ခုန်တက်သွားကာ အံ့ဖွယ်ရစ်ပတ်နွယ်ပင်နှင့် စတင် တိုက်ခိုက်တော့သည်။ သူမ တိုက်ခိုက်နေစဉ် ငွေရောင်အလင်းတန်းကိုသာ မြင်ရသည်အထိ သူမ၏ လှုပ်ရှားမှုက မြန်ဆန်နေသည်။ အံ့ဩဖို့ ကောင်းစွာဖြင့် သူမက အံ့ဖွယ်ရစ်ပတ်နွယ်ပင်နှင့် တန်းတူတိုက်ခိုက်နိုင်နေသည်။
ရှန်ထျန်းက ကျန်သူများကို အံ့ဖွယ်ရစ်ပတ်နွယ်ပင် တိုက်ခိုက်နိုင်သော စက်ဝန်း၏ အပြင်ဘက်သို့ ခေါ်လာပြီး တည်ငြိမ်စွာ ပြောလိုက်သည်
“ ယွင်တိ၊ ကောင်း နဲ့ ဦးလေးကွေ့ သူ့ရဲ့အမြစ်ကို အဝေးကနေ တိုက်ခိုက်လိုက်ပါ”
ကျန်းယွင်ရှီးက အံ့ဖွယ်ရစ်ပတ်နွယ်ပင်၏ တိုက်ခိုက်မှုများကို သေချာပိတ်ဆို့ထားသည့်အတွက် ရှန်ထျန်းက သူ၏ ကြာပစ်ခွင်းသေနတ်ဖြင့် အံ့ဖွယ်ရစ်ပတ်နွယ်ပင်၏ အမြစ်များကို စတင် ပစ်ခတ်တော့သည်။
ချင်ကောင်းနှင့် ကွေ့ကုန်းကုန်းတို့ကလည်း လက်ပိုက်ကြည့်မနေဘဲ ယင်ယန် နတ်ဆိုးဖောက်ထွင်းသေနတ်ကို ကိုင်ဆောင်ထားကာ အံ့ဖွယ်ရစ်ပတ်နွယ်ပင်ကို တိုက်ခိုက်ဖို့ အနားသို့ တိုးကပ်သွားကြသည်။
အဓိကကား ဖောက်ခွဲရေးကျွမ်းကျင်သူ ချင်ယွင်တိပင်ဖြစ်သည်။ ဖောက်ခွဲရေး လုပ်ဆောင်ရာ၌ အတော်ဆုံး မဟုတ်ပါလော။
အချက်ပြလိုက်သည်နှင့်တစ်ပြိုင်နက် ယင်ယန် နတ်ဆိုးဖောက်ထွင်းသေနတ် ၃၆ လက်က အံ့ဖွယ်ရစ်ပတ်နွယ်ပင်ကို မရပ်မနား စတင်ပစ်ခတ်တော့သည်။ ထို့အပြင် ငွေရောင် ယင်ယန်ဖောက်ထွင်း နတ်မိုးကြိုးကလည်း အံ့ဖွယ်ရစ်ပတ်နွယ်ပင်၏ အမြစ်ပေါ်သို့ ဆက်တိုက် မရပ်မနားပစ်ချနေသည်။
သိပ်မကြာခင် အချိန်အတွင်း စတုတ္ထအဆင့် အံ့ဖွယ်ရစ်ပတ်နွယ်ပင်လည်း ဖောက်ခွဲမှုများကြောင့် ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး အစိမ်းပုတ်အရည်များလည်း ပန်းထွက်နေသည်။ ဒီလိုသာ ဆက်လုပ်သွားပါက ပင်စည်ပိုင်းကို မပျက်စီးစေဘဲ သတ်နိုင်ပေတော့မည်။
ကံမကောင်းစွာဖြင့် ဝိညာဉ်မြူခိုးက သူတို့အနားသို့ နီးကပ်လာပြီ ဖြစ်သည်။ သူ့အရှိန်အရ တွက်ချက်ကြည့်လိုက်လျှင် အများဆုံးနာရီဝက် ကြာသည်နှင့် ရှန်ထျန်းတို့ အားလုံးကို ဖုံးလွှမ်းသွားလိမ့်မည်။
ကျန်းယွင်ရှီး၏ အကြည့်လည်း အေးစက်လာသည်။ သူမ မျက်ခုံးကြားရှိ ရွှေရောင်မိုးကြိုးအမှတ်မှ အလွန်အမင်း တောက်ပသော အလင်းတန်းတစ်ခုထွက်လာပြီး သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
ထိုအချိန်တွင် သူမက ကျားဖြူပုံရိပ်သဏ္ဌာန်နှင့် ပေါင်းစပ်သွားကာ သူမကိုယ်တိုင်က သတ္တမ ကျားဖြူကြီးအသွင်သို့ ပြောင်းလဲသွားသည်။
ဝေါင်း…
ကျား ဟိန်းဟောက်သံက မြူခိုးဟင်းလင်းပြင်တစ်ခုလုံးကို တုန်လှုပ်သွားစေသည်။ သတ္တမကျားဖြူက အံ့ဖွယ်ရစ်ပတ်နွယ်ပင်ဆီသို့ အလျင်အမြန်ပြေးသွားကာ အမြစ်ရှိ ဒဏ်ရာများကို ဂရုမစိုက်နိုင်တော့ဘဲ ပြင်းထန်စွာ ကိုက်ချလိုက်သည်။
ထိုအခိုက်အတန့်၌ အံ့ဖွယ်ရစ်ပတ်နွယ်ပင်ကား အမြစ်မှ ကျိုးသွားကာ အရည်များ ပန်းထွက်လာသည်။