ယုတ်မာ နတ်ဆိုးသူတော်စင်
Vol. 13 Ch. 176
အခန်း (၁၇၆) ယုတ်မာ နတ်ဆိုးသူတော်စင်
ဂျိရှင်းရှန်ဟာ မိုးကြိုးတိမ်တိုက်ကြားက ကြက်သွေးနီရောင်မျက်လုံးကို ကြည့်ပြီး နှလုံးခုန် မြန်လာပါတယ်။ တစ်ချိန်တည်းမှာပဲ အမြန်ပြေးခိုင်းတဲ့ အသံတစ်သံကလည်း ဂျိရှင်းရှန် ခေါင်းထဲမှာ ပေါ်လာပါတယ်။
ဖန်းလျန်လည်း တုန်လှုပ်ချောက်ချားသွားပြီး ချွေးစို့သွားပါတယ်။
နတ်ဆိုးဘုရင်တွေကတော့ နတ်ဆိုးတွေရဲ့ စီနီယာမှန်း သိလိုက်ရတာကြောင့် စိတ်သက်သာရာ ရသွားပါတယ်။
“စီနီယာ... ဒီနှစ်ယောက်က ကျွန်တော်တို့ နတ်ဆိုးတွေကို လိုက်သတ်နေတာ၊ ကျွန်တော်တို့ကို ကူညီပါအုန်း၊ ဒီနှစ်ယောက်လက်ထဲမှာ သေသွားတဲ့ နတ်ဆိုးတွေက မရေနိုင်ဘူး”
“စီနီယာ သူတို့ကို အမြန်သတ်ပါ”
“ဟုတ်တယ် အမြန်သတ်ပါ”
နတ်ဆိုးဘုရင်တွေဟာ တညီတညွတ်တည်း အော်ဟစ်လိုက်ကြပါတယ်။
ကြက်သွေးနီရောင် မျက်လုံးဟာ နတ်ဆိုးဘုရင်တွေကို ရုတ်တရက် တစ်ချက်ကြည့်လိုက်ပါတယ်။ ချက်ချင်းဆိုသလို ပြင်းထန်တဲ့လေပွေတစ်ခု ဖြစ်ပေါ်လာပြီး နတ်ဆိုးဘုရင်တွေကို ကောင်းကင်ဆီ ခေါ်ဆောင်သွားပါတော့တယ်။ နတ်ဆိုးဘုရင်တွေဟာ အသည်းအသန် ရုန်းကန်ပေမဲ့ အချည်းနှီးပါပဲ။ နောက်ဆုံးမှာတော့ နတ်ဆိုးဘုရင်တွေ အားလုံးဟာ ကြက်သွေးနီရောင်မျက်လုံးထဲ စုပ်ယူခြင်းကို ခံလိုက်ရပါတယ်။
ဒီမြင်ကွင်းကြောင့် ဂျိရှင်းရှန်နဲ့ ဖန်းလျန်ဟာ ကြက်သေသေသွားပါတယ် ‘ဘာတွေ ဖြစ်သွားတာလဲ’
အဲဒီနောက် ကြက်သွေးနီရောင် မျက်လုံးဟာ မှိတ်သွားပါတယ်။
ဖန်းလျန်လည်း ချက်ချင်းလှည့်ထွက်ပြေးပါတယ်။ ဂျိရှင်းရှန်လည်း ဖန်းလျန်နောက်က ထပ်ကြပ်မကွာ ပါလာပါတယ်။ သူတို့နှစ်ဦးဟာ အလွန်အလွန် လျင်မြင်စွာ ထွက်ပြေးတာကြောင့် မျက်စိတစ်မှိတ်အတွင်း မိုးကုပ်စက်ဝိုင်းအောက်မှာ ပျောက်ကွယ်သွားပါတယ်။
တိမ်မည်းတွေက အလွန်တရာကျယ်ပြန့်တဲ့ ကောင်းကင်ကို လွှမ်းမိုးထားတာကြောင့် နတ်ဆိုးနယ်မြေတစ်ခုလုံးကို လွှမ်းမိုးထားသလိုဖြစ်နေပြီး လေထဲမှာလည်း ကြောက်မက်ဖွယ်ကောင်းတဲ့ ဖိအားတစ်ခု ရှိနေပါတယ်။
“မင်းပြောတော့ နတ်ဆိုးနယ်မြေရဲ့ အစွမ်းထက်ဆုံးက ကောင်းကင်ဘုံဝင် ကျင့်ကြံသူဆို... အခု ဘာလို့ ထွက်ပြေးတာလဲ”
ဖန်းလျန်က ဒေါသတကြီး မေးလိုက်ပါတယ် “ခင်ဗျား ကျွန်တော့်ကို ကာကွယ်ဖို့ ကတိမပေးခဲ့ဘူးလား”
ဂျိရှင်းရှန်ရဲ့မျက်နှာဟာ မည်းမှောင်သွားပြီး အံကြိတ်ကာ ပြောလိုက်ပါတယ် “တစ်ဖက်လူက အထက်ဘုံကလေ၊ ငါက သေမျိုးကမ္ဘာမှာပဲ ပြိုင်ဘက်ကင်းတာ၊ အထက်ဘုံဆင်းလာတဲ့ ရန်သူကို ဘယ်လိုလုပ်ပြီး တိုက်နိုင်မှာလဲ”
ဖန်းလျန်လည်း တိတ်ဆိတ်သွားပြီး ရှေ့ကိုသာ ဆက်ပျံသန်းပါတယ်။
“မင်းတို့က ထွက်ပြေးဖို့ ကြိုးစားနေတာလား” အေးစက်တဲ့အသံဟာ နောက်ဘက်ကနေ ထွက်ပေါ်လာပါတယ်။
ဖန်းလျန်နဲ့ ဂျိရှင်းရှန်ဟာ အကြီးအကျယ် မျက်နှာပျက်သွားပါတယ်။ ဖန်းလျန်ဟာ နောက်ကို အလိုလို လှည့်ကြည့်မိလိုက်တဲ့အခါမှာ ပြင်းထန်တဲ့လေပွေကြောင့် လွင့်စဉ်သွားပြီး သွေးအန်ကာ ဖုန်းဆိုးမြေထဲ ပြုတ်ကျသွားပါတယ်။
ဂျိရှင်းရှန်ဟာ နောက်ပြန်လှည့်ပြီး လက်နှစ်ဖက်ကိုမြှောက်ကာ မိုးကြိုးတွေကို ဆင့်ခေါ်လိုက်ပါတယ်။ ဂျိရှင်းရှန်ဟာ ထွက်ပြေးလို့ မလွတ်မှန်းသိတဲ့အတွက် သူသေကိုယ်သေ တိုက်ခိုက်ဖို့ ပြင်ဆင်လိုက်တာပါ။
“ဟမ်... ချောင်ချောင်တောင် အထက်ဘုံက အမတတွေကို သတ်နိုင်တယ်၊ ငါက ဘာလို့ မသတ်နိုင်ရမှာလဲ” ဂျိရှင်းရှန်ဟာ အံကြိတ်ပြီး လှမ်းကြည့်လိုက်တဲ့အခါမှာ လူသားခန္ဓာကိုယ်နဲ့ ကျားခေါင်းရှိတဲ့ နတ်ဆိုးကို နတ်ဆိုးတိမ်တိုက်တွေပေါ်မှာ တွေ့လိုက်ရပါတယ်။ ဒီနတ်ဆိုးရဲ့ လက်သည်းတွေဟာ မျောက်လက်သည်းနဲ့ ဆင်တူပြီး အမြီးကတော့ နွားမြီးပါ။ ဒါ့အပြင် နောက်ကျောမှာလည်း တောင်ပံတစ်စုံ ရှိနေတာကြောင့် တော်တော်လေး ထူးဆန်းတဲ့ နတ်ဆိုးတစ်ကောင်ပါ။
ဂျိရှင်းရှန်ဟာ မျက်မှောင်ကြုတ်ပြီး သူကိုယ့်သူ ပြန်ပြောလိုက်ပါတယ် ‘ဒါက ခုနက နတ်ဆိုးဘုရင်တွေကို ပေါင်းစပ်ထားတာလား” ဂျိရှင်းရှန်ဟာ အလိုလိုနေရင်း စက်ဆုပ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနတ်ဆိုးက ကိုယ့်အနွယ်အတွက် ရပ်တည်ပေးမဲ့ပုံစံနဲ့ တကယ်တမ်းကျတော့ ပြန်သတ်လိုက်လို့ပါပဲ။
‘ကြည့်ရတာ ဒီနတ်ဆိုးက ငါတို့နှစ်ယောက်အတွက် အထက်ဘုံကနေ ဆင်းသက်လာပုံပဲ၊ ဒီပုံစံအတိုင်းဆိုရင် မြေခွေးနက် နတ်ဆိုးဧကရာဇ်ကို အထက်ဘုံက တကယ် ကူညီပေးနေတာပဲ’
“စီနီယာ... စီနီယာရဲ့ နာမည်ကို မပြောတော့ဘူးလား” ဂျိရှင်းရှန်က အော်မေးလိုက်ပါတယ်။ အထက်ဘုံက နတ်ဆိုးဟာ နှာခေါင်းရှုံလိုက်ပါတယ် “ဟွန်း... မင်းလို သေမျိုးက ငါ့နာမည်ကို သိခွင့်မရှိဘူး”
အထက်ဘုံက နတ်ဆိုးဟာ ပြောပြောဆိုဆို လက်တစ်ချက်ဝှေ့ယမ်းလိုက်တဲ့အခါ ကြောက်မက်ဖွယ်ကောင်းတဲ့ ဝိညာဉ်စွမ်အားက မရေမတွက်နိုင်တဲ့ သွေးမြားတွေအသွင် ပြောင်းလဲသွားပြီး ဂျိရှင်းရှန်ဆီ ပျံသန်းသွားပါတယ်။
ဂျိရှင်းရှန်ဟာ တစ်ကိုယ်လုံးမှာ လျှစ်စီးတွေ လွှမ်းခြုံပြီး သွေးမြားတွေကို ဟန့်တားဖို့ ကြိုးစားပေမဲ့ မျက်တောင်တစ်ခတ်အတွင်းမှာပဲ သွေးမြားများစွာ ထိမှန်ပြီး တစ်ကိုယ်လုံး သွေးချင်းနီသွားပါတယ်။ ဂျိရှင်းရှန်ဟာ အထက်ဘုံက နတ်ဆိုးရဲ့ တိုက်ခိုက်မှုကို ဘယ်လိုမှ မခုခံနိုင်ပါဘူး။
ဖုန်းဆိုးမြေထဲမှာ လဲလျောင်းနေတဲ့ ဖန်းလျန်ဟာ ဒီမြင်ကွင်းကြောင့် မျက်လုံးပြူးသွားပြီး မယုံကြည်နိုင်လောက်အောင် ဖြစ်သွားပါတယ်။ ဂျိရှင်းရှန်က မာနကြီးတယ်ဆိုပေမဲ့ ဖန်းလျန်က ဂျိရှင်းရှန်ရဲ့ အစွမ်းကို တကယ်ပဲ လေးစားတာပါ။ ဘယ်နတ်ဆိုးဘုရင်ကမှ ဂျိရှင်းရှန်ရဲ့ တိုက်ကွက်တစ်ကွက်ကို တောင့်မခံနိုင်ပါဘူး။
အခု ဂျိရှင်းရှန်က ရုတ်ခြည်းဆိုသလို ရှုံးနိမ့်သွားတဲ့အတွက် ဖန်းလျန်ဟာ အလန့်တကြား ဖြစ်သွားပါတယ်။
‘ငါ ဘာလုပ်ရမလဲ’
ဖန်းလျန်အာ ဓားကို အမှီပြုပြီး မော့ကြည့်လိုက်ပါတယ်။
အထက်ဘုံက နတ်ဆိုးဟာ ဖန်းလျန်ကို ငုံ့ကြည့်လိုက်ပါတယ် “ဒီကောင်လေးက တကယ်ကို ကောင်းကင်တာအိုရဲ့ အထောက်အပံ့ရှိတာပဲ၊ သူက အဲဒီသေမျိုးကမ္ဘာရဲ့ မိုးမြေသားတော်များလား”
အထက်ဘုံက နတ်ဆိုးဟာ ဖန်းလျန်ဆီ ပျံသန်းသွားပေမဲ့ မတိုက်ခိုက်ပါဘူး။
ဒီအချိန်မှာပဲ ကောင်းကင်ယံက လျှပ်စီးတွေဟာ စုစည်းသွားပြီး အထက်ဘုံက နတ်ဆိုးဆီက ပျံသန်းလာပါတယ်။ အထက်ဘုံက နတ်ဆိုးဟာ သူ့ဆီ တဟုန်ထိုး ပျံသန်းလာတဲ့ လျှပ်စီးတွေကို လက်တစ်ချက်ဝှေ့ယမ်းပြီး ဖယ်ရှားပစ်လိုက်ပါတယ်။
ဒီအချိန်မှာပဲ တစ်ကိုယ်လုံး သွေးချင်းနီနေတဲ့ ဂျိရှင်းရှန်က အထက်ဘုံက နတ်ဆိုးဆီကို အလွန်လျင်မြန်တဲ့ အရှိန်နဲ့ ပြေးလာပါတယ်။
အထက်ဘုံက နတ်ဆိုးဟာ ဂျိရှင်းရှန်ကို အထင်အမြင်သေးစွာ ကြည့်လိုက်ပြီး ညလက်ကို ဝှေ့ယမ်းလိုက်ပါတယ်။
“ဝုန်း...”
သွေးချီတွေကနေ ခဲထားတဲ့ ဓားကြီးတစ်စင်းဟာ ကောင်းကင်ပေါ်ကနေ ဆင်းသက်လာပြီး မိုးကြိုးတိမ်တိုက်တွေကို ထိုးဖောက်ကာ ဂျိရှင်းရှန်ကို တစ်ချက်တည်း ဖိနှိပ်လိုက်ပါတယ်။ ဒီဓားကြီး ဖုန်းဆိုးမြေပေါ် ကျသွားတဲ့အခါမှာတော့ ပေထောင်ချီဖုန်ထသွားပြီး ဂျိရှင်းရှန်ကတော့ သေသလား ရှင်သလား မသိရတော့ပါဘူး။
ဖန်းလျန်ဟာ မျက်လုံးတွေ နီရဲသွားပြီး အံကြိတ်လိုက်ပါတယ်။ ရုတ်တရက်ဆိုသလို ဖန်းလျန်ဟာ ဟန်ကျွယ် သင်ပေးထားတဲ့ သေရေးရှင်ရေး အခြေအနေကလွဲရင် မသုံးရဘူးဆိုတဲ့ ဆန်းကြယ်စွမ်းအားကို သတိရသွားပါတယ်။
အခုက သေရေးရှင်ရေး အခြေအနေမို့ ဖန်းလျန်ဟာ ဘာကိုမှ ဂရုမစိုက်နိုင်တော့ဘဲ လက်နှစ်ဖက်နဲ့ မန္တန်ရွတ်လိုက်ပါတယ်။
အထက်ဘုံက နတ်ဆိုးဟာ ဖန်းလျန် မန္တန်ရွတ်တာကို တွေ့ပေမဲ့ ဂရုမစိုက်ဘဲ ပြောလိုက်ပါတယ် “အသက်ရှင်ချင်ရင် ငါ့ကို ရှိခိုးချည်”
ဖန်းလျန်ဟာ အစော်ကားခံလိုက်ရတာကြောင့် အမျက်ချောင်းချောင်း ထွက်ပြီး တစ်ကိုယ်လုံး တုန်ယင်သွားပါတယ်။
ဒီအချိန် အဝေးက သွေးဓားဟာ သွေးချီပြန်ဖြစ်ပြီး ပျောက်ကွယ်သွားပါတယ်။
ဖန်းလျန် မန္တန်ရွတ်ပြီးတဲ့အခါမှာတော့ သူ့နောက်မှာ အက်ကြောင်းတစ်ခု ပေါ်လာပြီး လေထဲမှာ လည်ပတ်ကာ ဝဲကတော့တစ်ခု ဖြစ်သွားပါတယ်။
အထက်ဘုံက နတ်ဆိုးဟာ မျက်ပေါက်ကျဉ်းပြီး ကြည့်လိုက်ပါတယ် ‘ဒါက ဆင့်ဆိုတဲ့ပညာရပ်လား’ အထက်ဘုံက နတ်ဆိုးဟာ စိတ်ထဲမှာ ရယ်မောလိုက်ပါတယ် ‘ဒီသေမျိုးလေးက ဘာကို ဆင့်ခေါ်နိုင်မှာလဲ’ အထက်ဘုံက နတ်ဆိုးဟာ ဖန်းလျန်ဆီ ဆက်လျှောက်သွားပါတယ်။
ဖန်းလျန်ရဲ့ လက်ကျန်စိတ်ဝိညာဉ်စွမ်းအားဟာ လုံးဝကုန်သွားပါပြီ။ ဖန်းလျန်ဟာ သူ့နောက်ဘက်မှာ ဘာဖြစ်နေမှန်း မသိတာကြောင့် သူ့ဆန်းကြယ်စွမ်းအားကို မအောင်မြင်ဘူးလို့ တွေးလိုက်ပါတယ်။
‘ဘာဖြစ်တာလဲ၊ ဒါက စွမ်းအားကြီးတဲ့ ဆန်းကြယ်စွမ်းအား မဟုတ်ဘူးလား’
ဖန်းလျန်ဟာ အထိတ်တလန့် ဖြစ်သွားပါတယ်။
‘ဆရာဘိုးဘိုးက ငါ့ကို ညာတာလား... မဖြစ်နိုင်ဘူး... လုံးဝ မဖြစ်နိုင်ဘူး... ငါ ကျင့်ကြံတာ မလုံလောက်သေးလို့ ဖြစ်မယ်’
ဖန်းလျန်ဟာ ဒီဆန်းကြယ်စွမ်းအားကို လေ့ကျင့်တုန်းက သူက အမြန်ဆုံးတတ်မြောက်ခဲ့တာကို ပြန်တွေးမိလိုက်ပါတယ်။ ဒါပေမဲ့ အခုတော့ ဖန်းလျန်ဟာ နောင်တရသွားပါတယ်။ တကယ်တော့ သူက ဒီဆန်းကြယ်စွမ်းအားကို အမြန်ဆုံး တတ်မြောက်ခဲ့တာ မဟုတ်ပါဘူး။ မအောင်မြင်ခဲ့တာပါ။
ဖန်းလျန်ဟာ တဖြည်းဖြည်း ချဉ်းကပ်လာတဲ့ အထက်ဘုံက နတ်ဆိုးကိုကြည့်ပြီး မျှော်လင့်ချက် ကင်းမဲ့သွားပါတယ်။ ဖန်းလျန်ဟာ ဓားကိုဆုပ်ကိုင်လိုက်ပြီး သေဆုံးဖို့ ပြင်ဆင်လိုက်ပါတယ်။
ဒီအချိန်မှာပဲ တရင်းတနှီးရှိတဲ့အသံကို နောက်ကနေ ကြားလိုက်ရပါတယ် “မင်း ငါကလွဲပြီး တစ်ခြားသူကို ကြောက်စရာ မလိုဘူး”
ဖန်းလျန်ဟာ ငယ်ထိပ်မိုးကြိုးကျသလို ခံစားလိုက်ရပြီး အလိုလို လှည့်ကြည့်မိတဲ့အခါမှာ မျက်လုံးပြူးသွားပါတယ်။
ဟန်ကျွယ်ဟာ ခံစားချက်ကင်းမဲ့တဲ့ မျက်နှာနဲ့ အနက်ရောင်ဝဲကတော့ကနေ တစ်လှမ်းချင်း ထွက်လာပါတယ်။ ဧကရာဇ်ဝတ်ရုံဟာ လေထဲမှာ လူးလွန့်သွားပြီး တလက်လက် တောက်ပသွားပါတယ်။ ဒါ့အပြင် တစ်ခြားရတနာတွေရဲ့ တောက်ပမှုကြောင့် ဟန်ကျွယ်ဟာ အမတတစ်ပါး သေမျိုးကမ္ဘာကို ဆင်းသက်လာသလိုပါပဲ။ ဟန်ကျွယ်ဟာ ဂျိရှင်းရှန်ကို လှမ်းကြည့်လိုက်တဲ့အခါမှာ အသက်ငွေ့ငွေ့ ရှိနေသေးတာကို တွေ့လိုက်ရပါတယ်။ အဲဒီနောက် အထက်ဘုံက နတ်ဆိုးကို ကြည့်လိုက်ပါတယ်။
မဟာညီညွှတ်မှု မြေအမတ။
ဂျိရှင်းရှန် အထက်ဘုံက နတ်ဆိုးကို မနိုင်တာ အံဩစရာ မရှိတော့ပါဘူး။ ဒီနတ်ဆိုးက မြေလျှောက်အမတအဆင့်ပဲ ရှိမယ်ဆိုရင် ဘယ်သူနိုင်မယ်ဆိုတာ ပြောရခက်ပါတယ်။
အထက်ဘုံက နတ်ဆိုးဟာ ဟန်ကျွယ်ကို တအံတဩ ကြည့်လိုက်ပါတယ် ‘ကျင့်ကြံမှုက နိမ့်လှချည်လား... မဟုတ်ဘူး... ဒါ ကျင့်ကြံမှုကို ဖုံးကွယ်ထားတာပဲ’
အထက်ဘုံက နတ်ဆိုးဟာ စကားစလိုက်ပါတယ် “ငါက...”
ဒါပေမဲ့ ဟန်ကျွယ်ဟာ ရုတ်တရက် ညာလက်မြှောက်ပြီး လက်ညိုးနဲ့ ဓားရောင်ဝါတစ်ခု ပစ်လွှတ်လိုက်ပါတယ်။
မိုးမြေကမ္ဘာဓားလက်ချောင်း။
“ဝုန်း...”
ဓားချီဟာ သက်တန့်အသွင် ပြောင်းလဲပြီး ဖန်းလျန်ခေါင်းပေါ်က ကျော်သွားပါတယ်။ ဒီအချိန်မှာ ဖန်းလျန်ရဲ့ ဝိညာဉ်ဟာ တုန်ယင်သွားပြီး မျက်နှာတစ်ခုလုံးလည်း ခဲသွားပါတယ်။ ဖန်းလျန် ခေါင်းလှည့်မကြည့်ခင်မှာပဲ အထက်ဘုံက နတ်ဆိုးဟာ အသတ်ခံလိုက်ရပါတယ်။
ဓားချီဟာ သွားရာလမ်းတစ်လျှောက်ကို ထိုးဖောက်ပြီး ဖုန်းဆိုးမြေမှာ ကမ္ဘာဆုံးထိရှည်လျားတဲ့ လျှိုမြောင်တစ်ခု ချန်ထားခဲ့ပါတယ်။
“မင်း ဘယ်သူလဲ”
အထက်ဘုံက နတ်ဆိုးရဲ့အသံဟာ ကြောက်ရွံ့မှုနဲ့ ပြည့်နှက်နေပါတယ်။ ခုနက ခန္ဓာကိုယ်ဟာ အထက်ဘုံက နတ်ဆိုးရဲ့ ခန္ဓာစစ် မဟုတ်ပါဘူး။
ဟန်ကျွယ်က တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ဖြေလိုက်ပါတယ် “ကောင်းကင်ရုံးတော်က ဝမ်ချွီရှင်း”
“မဖြစ်နိုင်ဘူး၊ ကောင်းကင်ရုံးတော်က ဒီကိစ္စကို ဘယ်လိုလုပ်ပြီး ဝင်နှောင့်ယှက်မှာလဲ၊ ငါ့ကို မညာနဲ့”
ဟန်ကျွယ်ဟာ အထက်ဘုံကနတ်ဆိုးရဲ့ မေးခွန်းကို ပြန်မဖြေဘဲ လက်မြှောက်ပြီး ကောင်းကင်ယံကို ညွှန်ပြလိုက်ပါတယ်။
ဓားချီဟာ ကောင်းကင်ယံကို ဆုတ်ဖြဲပြီး တိမ်မည်းတွေကို ဖောက်ထွင်းထွက်သွားတာကြောင့် ကမ္ဘာကို လွှမ်းမိုးထားတဲ့ ဖိအားကြီးလည်း ပျောက်ကွယ်သွားပါတယ်။
[ယုတ်မာ နတ်ဆိုးသူတော်စင်သည် သင့်အား မုန်းတီးသွာပါပြီ။ လက်ရှိ မုန်းတီးမှု:ကြယ်ငါးပွင့်။]
ဟန်ကျွယ်ရှေ့မှာ စာကြောင်းတစ်ကြောင်း ပေါ်လာပါတယ်။
“ဝမ်ချွီရှင်း... မင်း စောင့်နေ၊ ကောင်းကင်ရုံးတော်က စိတ်ထင်တိုင်း လျှောက်လုပ်နိုင်မယ် ထင်နေတာလား၊ ဟင်း... ငါ အဲဒီကောင်းကင်ရုံးတော်ကို သေချာပေါက် ဖျက်ဆီးပစ်ပြမယ်”
ယုတ်မာ နတ်ဆိုးသူတော်စင်ရဲ့ ကြုံးဝါးသံကြောင့် ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။
‘တော်တော်ဘဝင်မြင့်တာပဲ... စွမ်းအားကြီးတဲ့ နတ်ဆိုးများလား’
ဟန်ကျွယ်ဟာ ချက်ချင်းပဲ ယုတ်မာနတ်ဆိုးသူတော်စင်ရဲ့ သတင်းအချက်အလက်ကို စစ်ဆေးလိုက်ပါတယ်။
[ယုတ်မာ နတ်ဆိုးသူတော်စင်: မဟာညီညွှတ်မှု ကောင်းကင်အမတ အလယ်အဆင့်။ အမတကမ္ဘာရှိ နတ်ဆိုးသူတော်စင်ဖြစ်ပြီး မိုးမြေသားတော်အား ဖမ်းဆီးခြင်းကို သင်တားဆီးခဲ့၍ သင့်အား မုန်းတီးသွားသည်။ လက်ရှိ မုန်းတီးမှု: ကြယ်ငါးပွင့်။]
‘ဒါလေးပဲလား’
စကြဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။