← Chapters

အခန်း ၁၄၂၁

Vol. 143 Ch. 1421

အခန်း ၁၄၂၁

Vol. 143 Ch. 1421

အခန်း (၁၄၂၁) လက်ဝါးတစ်ချက်တည်းဖြင့် ဧကရာဇ်ကို ဖိနှိပ်ခြင်း

အရာရှိရှန်းက အနာဂတ်ဗုဒ္ဓထံ အဘယ်ကြောင့် သတင်းခိုင်းစေသည်ကို နားမလည်သော်လည်း အလိုအလျောက်ပင်လိုက်နာခဲ့၏။

ရွှေပုစဉ်းရင်ကွဲတစ်ကောင်က ကျစ်ခုန်း၏လက်ဝါးထဲမှထွက်ပေါ်လာပြီးနောက် ရွှေရောင်သဲပွင့်များအဖြစ်ပြန့်ကျဲသွားခဲ့၏။

"ဟမ့်"

မြောက်ဘက်အစွန်းဧကရာဇ်၏အမြင်အာရုံဖြင့်ဆိုလျှင် ၎င်းမှာလှည့်စားသည့်နည်းလမ်းဟုတ်မဟုတ်ကို အလွယ်တကူသိမြင်နိုင်သည်။ ဘုန်းကြီးလေး သတင်းပို့လိုက်သည်ကိုမြင်သောအခါ သူက တစ်ဖက်လူ၏ခေါင်းကို မလိုလားစွာဖြင့် လွှတ်ပေးလိုက်၏။

"အနာဂတ်ဗုဒ္ဓရဲ့ကျင့်ကြံခြင်းနဲ့ဆိုရင် သူက ဒီမြေရိုင်းနယ်မြေရဲ့အစွန်အဖျားမှာရှိနေရင်တောင် ဒီကိုရောက်ဖို့ အမွှေးတိုင်တစ်တိုင်စာအချိန်ထက် ပိုကြာမှာ မဟုတ်ဘူး။"

"ငါမင်းကို ပေးထားတဲ့အချိန်လုံလောက်ပြီလား။"

မြောက်ဘက်အစွန်း ဧကရာဇ်၏မျက်နှာတွင် အပြုံးတစ်ခုထပ်မံပေါ်လာပြီး အသာအယာပင် အစိမ်းရောင်အလင်းတန်းထဲသို့ အနီရောင်အမွှေးတိုင်တစ်တိုင်ကိုပစ်ထည့်လိုက်ရာ ဖြာထွက်လာသော အစိမ်းရောင်မီးခိုးငွေ့များက သူ၏မျက်နှာသွင်ပြင်ကို ဝေဝါးသွားစေခဲ့သည်။

ယခု သူကဂိုဏ်းချုပ်တစ်ဦးနှင့် ညီမျှသောခွန်အားများကို ပိုင်ဆိုင်ထားသော်လည်း ပြိုင်ဘက်နှစ်ဦးကိုတစ်ပြိုင်နက်တည်း ရင်ဆိုင်ရန်မှာအနည်းငယ် ခက်ခဲနေဆဲပင်။

သူ၏စကားလုံးတိုင်းနှင့် လုပ်ရပ်တိုင်းက ရှန်းယီအပေါ် ဖိအားပေးရန်ရည်ရွယ်ထားခဲ့သည်။

တစ်ဖက်လူက ပထမအဆင့်သို့ရောက်ရှိပြီး ကျောက်စိမ်းဧကရာဇ်ဖြစ်နေသော်လည်း သူကား ငယ်ရွယ်နေဆဲဖြစ်သည်။ သူထိတ်လန့်သွားသရွေ့ အားနည်းချက်တစ်ခုပေါ်လာပါလိမ့်မည်။

အကယ်၍ သူသာ ထိုအားနည်းချက်ကိုဆုပ်ကိုင်နိုင်ပါက ဗောဓိဂိုဏ်းကိုကျော်ဖြတ်ကာ ဤအောင်မြင်မှုကိုတစ်ယောက်တည်း ရယူနိုင်လိမ့်မည်။

မသေမျိုးများ၏ အနည်းငယ် တင်းမာနေသော အကြည့်များအောက်တွင်..

ရှန်းယီက အမွှေးတိုင်ဆီသို့အကြည့်ပို့ကာ ပေါ့ပါးစွာပြောလိုက်၏။

"ငါ စမ်းကြည့်မယ်။"

စကားသံပင်မဆုံးမီ သူကလက်ဝါးကို ဖြည်းညှင်းစွာမြှောက်လိုက်၏။

ထိုကဲ့သို့ သိမ်မွေ့သောလုပ်ရပ်က မသေမျိုးများအားလုံးကို တုန်လှုပ်သွားစေပါသည်။ ဤသည်မှာ အရှေ့တိုက်ကြီး၏တာအိုဓမ္မဆွေးနွေးပွဲမှ ကျန်ရစ်သောအရှိန်အဝါပင်။

မျက်စိတစ်မှိတ်အတွင်း ယခင်ကကြည်လင်နေသော ကောင်းကင်ကြီးမှာ ရုတ်တရက်မီးခိုးရောင် ပြောင်းသွားပြီး နေနှင့်လတို့၏အရိပ်အယောင် ပျောက်ကွယ်သွားသည်။

တိမ်ပင်လယ်ကြီးလှိုင်းထလာပြီး ရှင်းပြ၍မရနိုင်သောဖိနှိပ်မှုတစ်ခုက ဤချောက်ကမ်းပါးကြီးကို စတင် လွှမ်းခြုံလာတော့သည်။ မိုးပြာရောင် ကောင်းကင်တစ်ခုလုံး စတင်နိမ့်ကျလာချိန်မှသာ အထက်ရှိကောင်းကင်ကြီးက မသိမသာပင်ဧရာမ နက်မှောင်သောလက်ဝါးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကြောင်း မသေမျိုးများရုတ်တရက် သတိပြုမိသွားကြသည်။

ထိုလက်ဝါးကြီးမှာ ဖြည်းညှင်းစွာကျဆင်းလာပြီး မသေမျိုးများ၏အမြင်အာရုံ တစ်ခုလုံးကိုနေရာယူထားလိုက်၏။

လောကကြီးက အရောင်အသွေးများကင်းမဲ့သွားပြီး အစိမ်းရောင်အလင်းဖြာထွက်နေသော ကောင်းကင်နန်းတော်သာ ကျန်ရစ်တော့သည်။

"..."

မြောက်ဘက်အစွန်းဧကရာဇ်က ခေါင်းကို အနည်းငယ်မော့လိုက်ရာ သူ၏မျက်လုံးများတွင် လှိုင်းဂယက်တစ်ခု ပေါ်လာခဲ့၏။

ဧကရာဇ်တစ်ပါးဖြစ်ခါစ ရှန်းယီ၏ခွန်အားက မြင့်မားလိမ့်မည်မဟုတ်ဟု သူမူလကထင်မှတ်ထားခဲ့သော်လည်း သိုင်းကွက်တစ်ကွက်တည်းဖြင့် တစ်ဖက်လူက သူတို့ဧကရာဇ်ခြောက်ပါးနှင့် တန်းတူညီမျှသော... သို့မဟုတ် ပို၍ပင်သာလွန်နိုင်သောအခြေခံအုတ်မြစ်ကို ပြသလိုက်၏။

သို့သော် ဤမျှလောက်ဖြင့် မသေမျိုးတစ်သောင်းဖွဲ့စည်းပုံကို သူဖျက်ဆီးနိုင်မည်မဟုတ်ပေ။

နက်မှောင်သောဧရာမလက်ဝါးကြီးက သေမျိုးလောကသို့ကျဆင်းလာပြီး ကောင်းကင်နန်းတော်ကို ထိလုနီးပါးဖြစ်လာချိန်တွင် မြောက်ဘက်အစွန်း ဧကရာဇ်က မျက်စိကိုအနည်းငယ် မှေးကာလှုပ်ရှားလိုက်သည်။

ကောင်းကင်နန်းတော် တစ်ခုလုံးက လွန်စွာကြီးမားသော အဖြူရောင်အလင်းများပေါက်ကွဲထွက်လာပြီး ကောင်းကင်ကိုဖောက်ထွင်းသွားသော ဓားထက်တစ်လက်ကဲ့သို့ ထိုလွှမ်းမိုးလာသော အမှောင်ထုကို ဆွဲဖြဲရန်ကြိုးစားလိုက်၏။

ဖရိုဖရဲဖြစ်နေသောကောင်းကင်တွင် အက်ကွဲကြောင်းတစ်ခု ထွက်ပေါ်လာသကဲ့သို့ဖြစ်သွားပြီး ထိုအထဲတွင် ဖြူလွှလွှနေမင်းကြီးတစ်ခု မြင့်မားစွာ မျှောလွင့်နေခဲ့သည်။

၎င်းကိုမြင်သောအခါ ချင်းကွမ်းဇီက နောက်ဆုံးတွင် သက်ပြင်းချလိုက်ပြီး သူ၏ရင်ဘတ်ကိုအသာထုလိုက်၏။

ရိုးသားစွာပြောရလျှင် ဤကောင်လေး၏ရှုံးပွဲမရှိ မှတ်တမ်းက အနည်းငယ်ခြိမ်းခြောက်မှုဖြစ်စေသော်လည်း ကံကောင်းထောက်မစွာဖြင့် ဧကရာဇ် ခြောက်ပါးမှာ ဧကရာဇ်ခြောက်ပါးပင်ဖြစ်နေဆဲဖြစ်ရာ ဧကရာဇ်သစ်တစ်ပါးကို ဖိနှိပ်ရန်မှာပြဿနာမရှိသင့်ပေ။

ထိုအချိန်မှာပင် ကြည်လင်သောအက်ကွဲသံတစ်သံကြောင့် ချင်းကွမ်းဇီတစ်ယောက်လုံး အေးခဲသွားခဲ့၏။

သူက မယုံကြည်နိုင်စွာဖြင့် အထက်သို့ထပ်မံ မော့ကြည့်လိုက်ရာ သူ၏မျက်လုံးသူငယ်အိမ်များမှာ အလိုအလျောက်ပြူးကျယ်လာတော့သည်။

နက်မှောင်သောဧရာမလက်ဝါးကြီးအောက်ရှိ မိုးထိမတတ်မြင့်မားသော ကောင်းကင်နန်းတော်မှာ ချက်ချင်းပင်ပြိုကျမည့် လက္ခဏာများပြသနေပြီး ပင့်ကူအိမ်ကဲ့သို့သေးငယ်သောအက်ကွဲကြောင်းများပြန့်နှံ့သွားကာ နန်းတော်တစ်ခုလုံးကိုပြင်းထန်စွာ တုန်ခါသွားစေသည်။

"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။"

ချင်းကွမ်းဇီ တစ်ယောက်တည်းသာမက အခြားသော မသေမျိုးများလည်း ထိတ်လန့်သွားခဲ့ကြ၏။

လူတိုင်းက အစွမ်းကုန်အာရုံစိုက်ကာကြည့်လိုက်ကြလျှင် ကောင်းကင်ယံတွင်မြင့်မားစွာ မျှောလွင့်နေသော နေမင်းကြီးမှာ ကောင်းကင်နန်းတော်မှ ဖောက်ထွင်းလိုက်သောအပေါက်တစ်ခု မဟုတ်ဘဲ လုံးဝန်းပြီးကြည်လင်နေသော ဓာတ်တော်တစ်ခုဖြစ်ကြောင်း ထိတ်လန့်ဖွယ်‌ကောင်းစွာသတိပြုမိသွားကြသည်။

မွေးရာပါရတနာ၊ သန့်စင်သောဗုဒ္ဓပုတီးစေ့

မသေမျိုးသုံးပါးဂိုဏ်းမှ လူတစ်ယောက်က ဗောဓိဂိုဏ်း၏ဗုဒ္ဓရတနာကို ကိုင်ဆောင်ထားသည်လော။

"မထိတ်လန့်ကြနဲ့။"

မြောက်ဘက်အစွန်းဧကရာဇ်က ပြင်းထန်စွာ ဟိန်းဟောက်လိုက်ရာ မသေမျိုးများကြားမှ ပရမ်းပတာအခြေအနေကို ရပ်တန့်သွားစေခဲ့သည်။

ရှန်းယီက မွေးရာပါဝိညာဉ်ရတနာတစ်ခုကို ရုတ်တရက်အသုံးပြုလာခြင်းမှာ သူ မမျှော်လင့်ထားသောအရာဖြစ်သည်။ သူ၏ကိုယ်ပိုင် ရတနာခေါင်းလောင်းမှာလည်း လက်ရှိတွင် ဟိုထူကို ဖိနှိပ်ရန်အသုံးပြုထားရပ့သည်။

သို့သော် မသေမျိုးတစ်သောင်းဖွဲ့စည်းပုံ ဆိုသည်မှာ အခွံချည်းသက်သက်မဟုတ်သလို သူ၏ဧကရာဇ်ဘွဲ့ကလည်း အလကားရလာခဲ့ခြင်းမဟုတ်ပေ။

ကောင်းကင်နန်းတော်က တုန်ခါရုံသာရှိသေးပြီး ပျက်စီးရန်များစွာလိုအပ်ပါသေးသည်။

၎င်းက မြောက်ဘက်အစွန်းကို ရယ်စရာတစ်ခုထင်မှတ်နေကြသည်လော။

"ဖွဲ့စည်းပုံကိုထိန်းထားကြ။ ကျန်တာကို ငါဧကရာဇ်ကိုယ်တိုင် တာဝန်ယူမယ်။"

ခရမ်းရောင်ဝတ်ရုံမှာ ပြင်းထန်စွာလှုပ်ခတ်သွားခဲ့၏။ အကယ်၍ သူက တန်ကြေးတစ်ခုပေးဆပ်ရန်ဝန်လေးနေဦးမည်ဆိုပါက ယနေ့သေချာပေါက် အကြီးအကျယ်နစ်နာရမည်ဖြစ်ကြောင်း မြောက်ဘက်အစွန်းဧကရာဇ် သိထားသည်။

သူက ထပ်မံမတုံ့ဆိုင်းတော့ဘဲ ကောင်းကင်ယံသို့ ခုန်တက်သွားခဲ့၏။ သူ့လက်ချောင်းများကို လက်သည်းပုံစံပြုလုပ်လျက် နဂါးတစ်ကောင်ကဲ့သို့ လိမ်ယှက်နေသော အစိမ်းရောင်အလင်းဖြင့် နက်မှောင်သောဧရာမလက်ဝါးကြီးကို တစ်ချက်တည်းဖြင့် ချေမှုန်းပစ်ရန်ရည်ရွယ်လိုက်သည်။

သို့သော် ဧကရာဇ်ခုန်တက်သွားချိန်မှာပင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးက စီးဆင်းနေသော အလင်းတန်းများဖြင့် လွှမ်းခြုံခံလိုက်ရပါသည်။

ထူထပ်သောတိမ်များနှင့် မြူခိုးများထဲတွင် မျှော်စင်တစ်ခုထွက်ပေါ်လာခဲ့ပြီး ရှေးဟောင်း မျှော်စင်နံရံများတွင် အက်ကွဲကြောင်းများမှေးမှိန်စွာရှိနေဆဲဖြစ်ကာ မကြာသေးမီကမှ ကပ်ဘေးစွမ်းအားဖြင့် ပြုပြင်ထားပုံ ရပါသည်။

မျှော်စင်တံခါးမှာ ပွင့်နေပြီး စီးဆင်းနေသော အလင်းတန်းများက အတွင်းမှ ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။

"ဆန်းကြယ်ဖိနှိပ်ခြင်းကိုးလွှာအဝါရောင်မျှော်စင်.."

နောက်ထပ် မွေးရာပါဝိညာဉ်ရတနာတစ်ခုဖြစ်ပြီး မသေမျိုးများနှင့် အတော်လေးရင်းနှီးသော အရာတစ်ခုလည်းဖြစ်သည်။

ဤအရာက အရှေ့ဘက်အစွန်းဧကရာဇ် ပိုင်ဆိုင်သည့် အရာဆိုသည်မှာအတော်လေးသေချာပါသည်။

"ဟင်..."

မြောက်ဘက်အစွန်း ဧကရာဇ်မှာ လေထဲတွင် ပိတ်မိသွားပြီး မကောင်းသောခံစားချက်တစ်ခုက သူ၏နှလုံးသားထဲတွင် နောက်ဆုံး၌ပေါ်ပေါက်လာခဲ့၏။

'ဒီမျှော်စင်ရဲ့ပိုင်ရှင်က ရွှင်ပျော်အစစ်အမှန်ဗုဒ္ဓ နဲ့အတူ အင်ပါယာမြို့တော်ကိုသွားခဲ့တာ၊ အခု ဒီမျှော်စင်က ရှန်းယီရဲ့လက်ထဲမှာရှိနေပြီဆိုတော့ အဲဒါက ဘာကိုဆိုလိုတာလဲ...'

သူ၏သံသယကို အတည်ပြုပေးသကဲ့သို့ နောက်တစ်စက္ကန့်တွင် တတိယမြောက်ဗုဒ္ဓအလင်းတန်း တစ်ခုက လောကကြီးအပေါ်သို့ ထွန်းလင်းလာခဲ့၏။

၎င်းမှာ ရွှေချည်များဖြင့်ယက်လုပ်ထားသော အနီရောင်အဝတ်စတစ်ခု ဖြစ်သည်။

ကံကြမ္မာအတားအဆီးရွှေချည်သင်္ကန်း ရွှင်ပျော်အစစ်အမှန် ဗုဒ္ဓ၏တန်ဖိုးကြီး ရတနာတစ်ခုဖြစ်ပြီး ရှီမုကိုင်ဆောင်ထားသော သန့်စင်ခြင်းကျောက်စိမ်းပုလင်းကို တန်ပြန်ရန် နှင်းတောင်ဗောဓိသတ္တ တစ်ခါက အသုံးပြုခဲ့ဖူးသည်။

ယခု ရှန်းယီ၏လက်ထဲတွင် ဤအနီရောင်အဝတ်စက မွေးရာပါဗုဒ္ဓရတနာတစ်ခု၏စွမ်းအားကို အမှန်တကယ်ထုတ်လွှတ်လိုက်ပြီဖြစ်၏။

၎င်းက ငန်းကြီးတစ်ကောင်ကဲ့သို့ကျဆင်းလာပြီး မြောက်ဘက်အစွန်းဧကရာဇ်ကို တင်းကျပ်စွာ ရစ်ပတ်လိုက်ကာ အနီရောင်ကြာပန်းမီးတောက်နယ်မြေထဲသို့ ဆွဲသွင်းသွားခဲ့သည်။ ထိုနေရာတွင် ရွှေချည်များက ကံကြမ္မာလက်သည်းများအဖြစ် ပြောင်းလဲသွားပြီး သူ၏အရေပြားနှင့် အသားများကို ကုတ်တွယ်ထားတော့သည်။

"အား"

မြောက်ဘက်အစွန်းဧကရာဇ်က ကာကွယ်ရန်အတွက် ရတနာခေါင်းလောင်းကိုပြန်ခေါ်ချင်သော်လည်း ဘေးသို့တစ်ချက်မျှမကြည့်ရသေးမီမှာပင် နားကွဲမတတ်ပေါက်ကွဲသံကြီးတစ်ခုကို ကြားလိုက်ရသည်။

ဟိုထူဧကရီ၏မျက်နှာမှာ ဂရုမစိုက်သောအမူအရာရှိနေပြီး သူမ၏ရက်စက်သော လက်ဝါးရိုက်ချက်အောက်တွင် မြောက်ဘက်အစွန်း ဧကရာဇ်၏အာရုံလွင့်ပါးမှုကြောင့် ရတနာအလင်းခေါင်းလောင်းမှာ အတင်းအကျပ်ရိုက်ခွဲခံလိုက်ရပြီး မှိန်ဖျော့စွာဖြင့် မြေပြင်ပေါ်သို့ ကျဆင်းသွားတေယ့သည်။

'ပြီးသွားပြီ'

မြောက်ဘက်အစွန်း ဧကရာဇ်မှာ မီးတောက်နယ်မြေထဲတွင်ရှိနေသော်လည်း သူ၏နှလုံးသားမှာ ရေခဲကဲ့သို့အေးစက်နေခဲ့၏။

သူအထက်သို့ ထပ်မံမော့ကြည့်လိုက်ရာ အလွန် နီးကပ်လာနေသော နက်မှောင်သောဧရာမလက်ဝါးကြီးက ပြင်းထန်စွာကျဆင်းလာပြီဖြစ်သည်။

ခွပ်...ဝေါ..

မိုးထိမတတ်မြင့်မားသော အစိမ်းရောင်အလင်း ကောင်းကင်နန်းတော်က ဧရာမလက်ဝါးကြီးအောက်တွင် အလွှာလိုက်ပြိုကျသွားပါသည်။ မြစ်ကမ်းနံဘေးတွင်သဲများဖြင့် တည်ဆောက်ထားသောမြို့တစ်မြို့ကဲ့သို့ အားစိုက်စရာမလိုဘဲ ညင်သာစွာတွန်းလိုက်ရုံဖြင့် ပြန့်ကျဲသွားခြင်း ဖြစ်၏။

"ဧကရာဇ် ကျွန်တော့်ကိုကယ်ပါဦး။"

ချင်းကွမ်းဇီ၏မျက်လုံးသူငယ်အိမ်များမှာ အဆုံးမဲ့ အမှောင်ထုဖြင့် ပြည့်နှက်နေခဲ့၏။ မသေမျိုးတစ်သောင်းဖွဲ့စည်းပုံ၏ကာကွယ်မှု မရှိတော့သဖြင့် ရှန်းယီ၏ထိတ်လန့်ဖွယ်ကောင်းမှုကို သူ အမှန်တကယ် ခံစားလိုက်ရသည်။

တစ်ချိန်က အရှက်တကွဲထွက်ပြေးခဲ့ပြီး သူ့ထံတွင် ခိုလှုံခွင့်တောင်းခဲ့ရသော ကျင့်ကြံသူလေးက ယခုအခါ သူ့ကိုအထူးတလည်ပစ်မှတ်ထားစရာ မလိုဘဲ ပေါ့ပေါ့ပါးပါးလက်ဝါးတစ်ချက်ဖြင့်ပင် သူ့ကို နက်ရှိုင်းသောစိတ်ပျက်အားငယ်မှုထဲသို့ တွန်းပို့ရန် လုံလောက်နေပြီ ဖြစ်သည်။

ဝုန်း

ဧရာမလက်ဝါးကြီးက မြေပြင်ကို ရုတ်တရက် ရိုက်ခတ်သွားပြီးနားကွဲမတတ်ဆူညံသံကြီးကြားတွင် အခြားအသံများအားလုံးမှာ ခြင်အော်သံများကဲ့သို့ အရေးမပါတော့ဘဲလျစ်လျူရှုခံလိုက်ရသည်။

မြင့်မားသော ချောက်ကမ်းပါးများနှင့် တောင်တန်းများ၊ရှည်လျားသော မြစ်များနှင့် စမ်းချောင်းများ၊ အရာအားလုံးက လက်ဝါးအောက်တွင် မှုန့်မှုန့်ညက်ညက်ကြေမွသွားတော့၏။

မြောက်ဘက်အစွန်းဧကရာဇ်က မြေပြင်ပေါ်တွင် လဲလျောင်းနေပြီးမျက်လုံးပြူးကာ တုန်ယင်နေခဲ့သည်။

သူ၏နားထဲတွင် အလျင်မလိုသော ခြေသံများကို ကြားနေရ၏။

သူခေါင်းကို မော့ကြည့်ရန် ရုန်းကန်လိုက်သည်။

အနက်ရောင်တာအိုဝတ်ရုံ ဝတ်ဆင်ထားသော လူငယ်တစ်ဦးက အစိမ်းရောင်အလင်းဖြင့် ဖွဲ့စည်းထားသောအမွှေးတိုင်ရှည်ဘေးတွင် ရပ်နေပြီး ယခုလေးတင်ထွန်းညှိထားသော အမွှေးတိုင်ထိပ်ကို ပေါ့ပေါ့ပါးပါးတစ်ချက်ကြည့်ကာ "အချိန် အများကြီး ကျန်သေးတဲ့ပုံပဲ" ဟု ပြောလိုက်သည်။

"မင်း..."

မြောက်ဘက်အစွန်း ဧကရာဇ်က သူ၏ရင်ဘတ်ထဲတွင်တစ်ဆို့မှုကို ခံစားလိုက်ရပြီး သွေးများအန်ထုတ်လိုက်သော်လည်း ကံမကောင်းစွာဖြင့် ဆက်ပြောရန်အခွင့်အရေးမရှိတော့ပေ။

အေးစက်သော ကျောက်သားလှံရှည်တစ်ချောင်းက သူ၏နဖူးတွင် လာရောက်ထောက်ထားပြီးဖြစ်သည်။

"လောင်းကြေးကိုတော့ လေးစားရမယ်လေ။"

ရှန်းယီက တည်ငြိမ်စွာကြည့်နေပြီး မြောက်ဘက်အစွန်း ဧကရာဇ်၏ကြောက်လန့်နေသော အကြည့်များထဲတွင် သူကကပ်ဘေးစွမ်းအားကို ရုတ်တရက် ထုတ်လွှတ်လိုက်၏။

တိုးညင်းသော အက်ကွဲသံတစ်သံနှင့်အတူ လှံရှည်ပေါ်တွင် အနီရောင်သွေးကွက်တစ်ခု စွန်းထင်းသွားတော့သည်။

ဤလှံရှည်က လူသုံးဦးကိုသာသတ်ဖူးပြီး သူတို့ တစ်ဦးစီတိုင်းက ပထမအဆင့်များသာ ဖြစ်ကြသည်။

ပြန့်ကျဲနေသော မြေရိုင်းပေါ်တွင်။

စုတ်ပြဲနေသော အနီရင့်ရောင်ဝတ်ရုံက အနည်းငယ် လှုပ်ခတ်သွားပြီးနောက် ချီယွင်က မျက်လုံးဖွင့်လာကာ ဟာလာဟင်းလင်းဖြစ်နေသော ပတ်ဝန်းကျင်ကို မျက်နှာသေဖြင့်ကြည့်နေခဲ့၏။

"..."

ဧကရာဇ်အပါအဝင် လူတိုင်းအဘယ်ကြောင့် ပျောက်ကွယ်သွားရသနည်းဆိုတာ သူနားမလည်ပေ။ ထို့အပြင်ထူးချွန်သော ကျင့်ကြံခြင်း သို့မဟုတ် မှော်ရတနာများမရှိသော သူက ဤလက်ဝါးချက်မှ မည်သို့အသက်ရှင်ကျန်ရစ်ခဲ့သနည်းဆိုတာကိုလည်း နားမလည်နိုင်ချေ။

"အဟွတ်၊ အဟွတ်"

ချီယွင်ကျစ်က တုန်ယင်စွာဖြင့်မတ်တပ်ရပ်ရန် ရုန်းကန်လိုက်ပြီး အရှေ့ရှိအရပ်ရှည်ရှည် ပုံရိပ်ကို ကြည့်လိုက်သည်။

သူမေးချင်သော မေးခွန်းများစွာရှိနေ၏။

အချိန်တိုအတွင်း မည်သည့်နေရာမှ စမေးရမှန်းပင် မသိဖြစ်နေပါသည်။

တစ်ဖက်လူက ဂိုဏ်းကိုအဘယ်ကြောင့် သစ္စာဖောက်ခဲ့သနည်း။ မသေမျိုးဧကရာဇ်ဘွဲ့ကို အဘယ်ကြောင့် လက်မခံခဲ့သနည်း။ သူ့ကိုရော အခြားသူများကိုပါရှင်းပြရန် အတူတကွထိုင်ကာ ဝည်ငြိမ်အေးဆေးစွာဘာကြောင့် မဆွေးနွေးနိုင်ရသနည်း။ အဘယ်ကြောင့် ဤအခြေအနေအထိ ရောက်လာရသနည်း စသည်များပင်။

"..."

ရှန်းယီက အချိန်အတော်ကြာစဉ်းစားနေပြီးနောက် လှည့်ကာ ချီယွင်မသေမျိုး၏ဘေးသို့ လျှောက်လာခဲ့သည်။

သူက ဘာမှမပြောဘဲ ကိုယ်ကိုကိုင်းကာတစ်ဖက်လူ၏လက်ထဲသို့ မှန်တစ်ချပ်ကိုညင်သာစွာ ထည့်ပေးလိုက်၏။

၎င်းမှာ မော်ဖုန်းထံမှသူယူဆောင်ခဲ့သော ကောင်းကင်ကြယ်တာရာကြေးမှုံပင်။

All Chapters