ရွှေကျီးကန်း အဆင့်တက်ခြင်း၊ ချူရှီရန်၏ ဥပါဒါန်
Vol. 13 Ch. 177
အခန်း (၁၇၇) ရွှေကျီးကန်း အဆင့်တက်ခြင်း၊ ချူရှီရန်၏ ဥပါဒါန်
ယုတ်မာ နတ်ဆိုးသူတော်စင်ရဲ့ ရောင်ဝါက လုံးဝပျောက်ကွယ်သွားတာကို အာရုံခံမိလိုက်တာကြောင့် ဟန်ကျွယ်ဟာ ဖန်းလျန်နားကို ကပ်သွားပြီး ဒဏ်ရာတွေ ကုသပေးပါတယ်။ ဖန်းလျန်ဟာ အံအားသင့်သွားသလို ရှက်လည်း ရှက်သွားပါတယ်။
“ဆရာဘိုးဘိုး... ဘယ်လိုဖြစ်ပြီး ဒီကို ရောက်လာတာလာ”
“ငါ မင်းကို သင်ပေးထားတဲ့ ဆန်းကြယ်စွမ်းအားက ဆင့်ဆိုပညာရပ်ပဲ၊ ဒီအကြောင်းကို တစ်ခြားသူ တစ်ယောက်ကိုမှ လျှောက်မပြောနဲ့၊ ဒီအထဲမှာ မင်းဆရာသခင်လည်း ပါတယ်”
ဖန်းလျန်ဟာ သဘောပေါက်သွားပြီး ဟန်ကျွယ်ကို အလွန်လေးစားသွားပါတယ်။
ဟန်ကျွယ်ဟာ လက်မြှောက်ပြီး ဂျိရှင်းရှန်ကို စုပ်ယူလိုက်ပါတယ်။ ကောင်းကင်အမတရဲ့ ဝိညာဉ်စွမ်းအားအောက်မှာ ဖန်းလျန်နဲ့ ဂျိရှင်းရှန်ရဲ့ ဒဏ်ရာတွေဟာ လျင်လျင်မြန်မြန်ပဲ ပျောက်ကင်းသွားပါတယ်။
ကံကောင်းတာတစ်ခုက ဖန်းလျန်နဲ့ ဂျိရှင်းရှန်ရဲ့ ပဓာနဝိညာဉ်တွေက ဒဏ်ရာမရတာပါပဲ။ ကြည့်ရတာ ယုတ်မာနတ်ဆိုးသူတော်စင်က သူတို့ကို သတ်ဖို့ ရည်ရွယ်ထားပုံ မရပါဘူး။
ဟန်ကျွယ်ဟာ ယုတ်မာနတ်ဆိုးသူတော်စင်ရဲ့ အကြံကို အချိန်ကုန်ခံပြီး တွေးမနေပါဘူး။ ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်ရောက်ရင် ကြမ္မာဆိုးစာအုပ်သုံးပြီး ရင်ဆိုင်ဖြေရှင်းမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။
ဂျိရှင်းရှန်ဟာ ဟန်ကျွယ်ကို ရှုပ်ထွေးတဲ့ မျက်လုံးတွေနဲ့ ကြည့်ပြီး မေးလိုက်ပါတယ် “မင်းက အမတဖြစ်နေပြီပဲ၊ ဘယ်လိုဖြစ်ပြီး သေမျိုးကမ္ဘာမှာ ဆက်နေနိုင်တာလဲ”
ဟန်ကျွယ်က ပြုံးပြီး စနောက်လိုက်ပါတယ် “ငါ့ကို ဆရာတင်ရင် သင်ပေးမယ်”
“ဟမ်..”
ဂျိရှင်းရှန်ဟာ တစ်ဖက်လှည့်သွားပါတယ်။ ဒါပေမဲ့ စိတ်ထဲမှာတော့ နည်းနည်းစဉ်းစားသွားပါတယ်။ ဟန်ကျွယ်က သူ့ဆရာသခင်ထက် အများကြီး ပိုစွမ်းပါတယ်။ ဒါပေမဲ့ ဂျိရှင်းရှန်ဟာ ဟန်ကျွယ်ကို ညီအစ်ကိုတစ်ယောက် ပြိုင်ဘက်တစ်ယောက်အနေနဲ့ လက်ခံထားတာကြောင့် ဆရာတင်ဖို့ကို လက်မခံနိုင်ပါဘူး။
“ပြန်လာခဲ့ကြတော့၊ နတ်ဆိုးနယ်မြေက အနိုင်ကျင့်ဖို့ မလွယ်ဘူး”
ဟန်ကျွယ်ဟာ မတ်တတ်ရပ်လိုက်ပြီး အနက်ရောင်အက်ကြောင်းထဲ လျှောက်ဝင်ကာ ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်သွားပါတယ်။ ဒီအနက်ရောင်အက်ကြောင်းထဲကို ဟန်ကျွယ်ပဲ ဝင်လို့ရပါတယ်။ ဂျိရှင်းရှန်နဲ့ ဖန်းလျန်သာ လိုက်ဝင်မယ်ဆိုရင် ဟင်းလင်းပြင်ထဲမှာ ပိတ်မိသွားမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မှာ ဖိတ်ခေါ်ပညာရပ်ရဲ့ ဆက်သွယ်ချက် မရှိလို့ပါပဲ။
ဟန်ကျွယ် ထွက်သွားတဲ့အခါ ဖန်းလျန်နဲ့ ဂျိရှင်းရှန်ဟာ အချိန်အတန်ကြာတဲ့အထိ တိတ်ဆိတ်နေပါတယ်။ ပထမဆုံး ဖန်းလျန်က ပြုံးပြီး စနောက်လိုက်ပါတယ် “လောကနံပါတ်တစ်က ဘယ်သူလဲ”
“ဟမ်... ပြန်ကြမယ်၊ မဟုတ်ရင် ဟိုနတ်ဆိုးစုတ်က ငါတို့ဆီ နောက်တစ်ခါ လာရှာပြီး ပြဿနာရှာလိမ့်မယ်”
“အင်း... ဟုတ်တယ်”
ဖန်းလျန်နဲ့ ဂျိရှင်းရှန်ဟာ မတ်တတ်ရပ်ပြီး ထွက်ခွာသွားကြပါတယ်။ အပြန်လမ်းမှာ ဂျိရှင်းရှန်နဲ့ ဖန်းလျန်ဟာ ဟန်ကျွယ်ရဲ့ စွမ်းအားအကြောင်းကို ဆွေးနွေးကြပါတယ်။
ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်ရောက်ပြီးနောက် ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ယုတ်မာနတ်ဆိုးသူတော်စင်ကို ကျိန်စာတိုက်ပါတယ်။
‘မဟာညီညွှတ်မှု ကောင်းကင်အမတက အထက်ဘုံမှာ နတ်ဆိုးသူတော်စင်လို့ ခေါ်နိုင်တာပဲ၊ ကြည့်ရတာ နတ်ဆိုးသူတော်စင်က သိပ်ပြီး အစွမ်း မရှိသလိုပဲ’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ တွေးတောလိုက်ပါတယ်။
ဝူတောက်ကျန့်က သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “သခင်... ခုနက ဘယ်သွားတာလဲ၊ ဘယ်လိုဖြစ်ပြီး သခင်ဆီမှာ လျန်လေးရဲ့ ရောင်ဝါ ရှိလာရတာလဲ”
ဟန်ကျွယ်က ပြန်ဖြေလိုက်ပါတယ် “ငါ သူ့ကို သွားကယ်တာ၊ ဒီကောင်လေးက ဂျိရှင်းရှန်နဲ့အတူတူ သေခါနီးအောင် အစော်ခံလိုက်ရတယ်လေ၊ တွေ့လား... အပြင်လောကက အရမ်း အန္တရာယ်များတယ်၊ အပြင်မထွက်နဲ့”
ဝူတောက်ကျန့်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘လျန်လေးက အရမ်းစွမ်းအားကြီးတာ၊ ဂျိရှင်းရှန်ကလည်း လောကနံပါတစ်၊ သူတို့နှစ်ဦး ပူပေါင်းတာတောင် သေခါနီးထိ အစော်ခံလိုက်ရတာလား... ကြည့်ရတာ ငါ အပြင်လောကကို လုံးဝထွက်လို့ မဖြစ်ဘူးပဲ’
အဲဒီနောက် ဝူတောက်ကျန့်ဟာ လန်းဆန်းရွှင်ပျသွားပြီး ဆက်လက်ကျင့်ကြံ အားထုတ်ပါတယ်။
ဟန်ကျွယ်ဟာ ကျိန်စာတိုက်ရင်းနဲ့ ဖူစန်းသစ်ပင်အောက်က ချူရှီရန်ကို လေ့လာကြည့်တဲ့အခါ လုံးဝ မကျင့်ကြံထားတာကို တွေ့လိုက်ရပါတယ်။
‘တော်တော်ရူးတာပဲ... ဒီကောင်က မကျင်ကြံချင်ရင် ငါ့တပည့် ဘာလို့လုပ်ချင်ရတာလဲ’
‘ထူးဆန်းတယ်... ဗုဒ္ဓဝင်စားက တကယ်ကြီး တာအိုကိုကျင့်ကြံတာလား၊ ဒီကောင်က သစ္စာဖောက်လား... ဒါမှမဟုတ် ဗုဒ္ဓဂိုဏ်းက တာအိုဂိုဏ်းကို ရင်ဆိုင်မဲ့ အစီအစဉ်လား’
ဟန်ကျွယ်ဟာ ချူရှီရန်ကို အမြဲလေ့လာနေတာဖြစ်ပြီး အလွယ်တကူ မြေတောင် မမြှောက်ပေးရဲပါဘူး။ ဟန်ကျွယ်ဟာ ရုတ်တရက် အကြံတစ်ခု ရသွားပါတယ်။ အဲဒါကတော့ ကျန်းကူရှင်းကို မဟာအဂ္ဂဗုဒ္ဓအကြောင်း မေးမြန်းဖို့ပါပဲ။ ဟန်ကျွယ်ဟာ ဒီအကြံက အလုပ်ဖြစ်နိုင်တယ်လို့ ခံစားရတာကြောင့် နောက်တစ်ခါကျရင် မေးမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဒီကိစ္စကို အလျင်မလိုပါဘူး။ ဘာပဲဖြစ်ဖြစ် ချူရှီရန်က မကျင့်ကြံချင်ဘူးဆိုပေမဲ့ သက်တမ်းကုန်ခါနီးရင်တော့ သေချာပေါက် ကျင့်ကြံမှာပါ။
ချူရှီရန်အကြောင်း စဉ်းစားရင်း ဟန်ကျွယ်ဟာ ရွှင်ချန်အန်းကို တွေးမိသွားပါတယ် ‘ဒီလောက်နှစ်တွေ ကြာတာတောင် ဘာလို့ ပြန်မလာသေးတာလဲ၊ ငါမြေးတပည့်လေးတော့ ဒီရုပ်ဆိုးကြောင့် နေ့တိုင်းခံစားနေရရှာပြီ’
မုရုံချီဟာ ရွှင်ချန်အန်းနဲ့ ထွက်သွားပြီးကတည်းက မရေတွက်နိုင်အောင် တိုက်ခိုက်ခံရပြီး သေခါနီးတဲ့အထိ ဒဏ်ရာရတာကလည်း မနည်းတော့ပါဘူး။ ဟန်ကျွယ်ဟာ သူ့တပည့်ဖြစ်တဲ့ ရွှင်ချန်အန်းကို ဂရုမစိုက်ပေမဲ့ မုရုံချီအတွက်တော့ တော်တော်လေး ကရုဏာသက်မိပါတယ်။
မုရုံချီက အဘက်ဘက်က ပြည့်စုံသလောက် ရွှင်ချန်အန်းကတော့ ချန်အာအကြောင်းပဲ တစ်ချိန်လုံး တွေးနေတာပါ။ ဟန်ကျွယ်ဟာ ရွှင်ချန်အန်းကို ဂိုဏ်းကနေ နှင်ထုတ်ဖို့တောင် စဉ်းစားမိပါသေးတယ်။ ဒါပေမဲ့ ရွှင်ချန်အန်း ဒီလိုဖြစ်ရတာက ရှန်ဗုဒ္ဓရဲ့ ကျိန်စာကြောင့်မှန်း သိတာကြောင့် ဟန်ကျွယ်ဟာ သည်းခံရုံကလွဲပြီး တစ်ခြားနည်းလမ်း မရှိပါဘူး။
ရွှင်ချန်အန်းက ဒီကပ်ဘေးကနေ လွတ်မြောက်ဖို့ အချိန်ဘယ်လောက်ကြာမယ်ဆိုတာ ပြောရခက်ပါတယ်။ ရွှင်ချန်အန်းဟာ သူ့ဘာသာ ဒီကပ်ဘေးကို ကျော်ဖြတ်နိုင်မှာ မဟုတ်ပါဘူး။ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုက ရှန်ဗုဒ္ဓရဲ့ကျင့်ကြံမှုနဲ့ အဆင့်ချင်းတူတဲ့အချိန် ဟန်ကျွယ်ကိုယ်တိုင် ကျိန်စာကိုချိုးဖျက်ပေးမှပဲ ရွှင်ချန်အန်းက ဒီကပ်ဘေးကနေ လွတ်မြောက်နိုင်ဖို့ များပါတယ်။
ဒါကိုတွေးမိလိုက်တဲ့ ဟန်ကျွယ်ဟာ ခေါင်းခါပြီး ရယ်မောလိုက်ပါတယ်။
ဒီလိုနဲ့ ဆယ်သုံးနှစ်ကြာသွားတဲ့အခါ ဖူစန်းသစ်ပင်အောက်မှာရှိတဲ့ ချူရှီရန်ဟာ တော်တော်လေး အိုမင်းသွားပါပြီ။
ချူရှီရန်ဟာ တစ်ခေါင်းလုံး ဆွတ်ဆွတ်ဖြူနေပြီး ခန္ဓာကိုယ်ကလည်း ပိန်ပါးနေပါတယ်။ ချူရှီရန်ဟာ ဖူစန်းသစ်ပင်ရဲ့ ပင်စည်ကိုမှီပြီး ကောင်းကင်ကို ကြောင်ကြည့်နေပါတယ်။
ရန်ထျန်တုန်းဟာ မျက်လုံးဖွင့်လိုက်ပြီး ချူရှီရန်ကိုကြည့်ကာ မျက်မှောင်ကြုတ်သွားပါတယ် ‘ဒီကောင်လေး...’
“ဟေး..ဟေး... ကောင်လေး မင်းမှာ အသက်ရှင်ဖို့ ဘယ်နှနှစ်ကျန်သေးလဲ၊ မင်းမှာ မပြည့်စုံသေးတဲ့ ဆန္ဒများရှိလား” ငရဲကြက်နက်က အပြုံးနဲ့ မေးလိုက်ပါတယ်။
ငရဲကြက်နက်က စနောက်လိုက်တာပါ။ ချူရှီရန်ဟာ အခြေခံအဆင့် ကျင့်ကြံသူဖြစ်တာကြောင့် အသက် ၂၀၀ အထိ နေထိုင်ဖို့ မခက်ခဲပါဘူး။ ဒါပေမဲ့ နုပျိုးဆေးကို မမှီဝဲထားတာကြောင့် အခုလိုအသက်ကြီးပုံ ပေါ်နေရတာပါ။
ခေါင်းသုံးလုံး မြွေနဂါးဘုရင်ဟာ လှောင်ရယ်လိုက်ပါတယ် “သူ့ဆန္ဒပြည့်ဖို့က အရမ်းခက်တယ်၊ သူက ငါတို့ကို ကျင့်ကြံတာ စွန့်လွှတ်စေချင်နေတာ၊ သူက နတ်ဆိုးတွေ စေလွှတ်လိုက်တဲ့ သူလျှိုလိုတောင် ငါ သံသယဖြစ်မိတယ်”
ဒါကိုကြားသွားတဲ့ ချူရှီရန်ဟာ ရုတ်တရက် လှည့်လာပြီး တိုးညင်းတဲ့အသံနဲ့ ပြောလိုက်ပါတယ် “လောကမှာရှိတဲ့ လူတွေက ကျင့်ကြံမှုကို စွန့်လွှတ်မှပဲ ပြန်လည်မွေးဖွားရာ စက်ဝန်းက အစီအစဉ်တကျ ပြန်ဖြစ်လိမ့်မယ်၊ နတ်ဆိုးတွေအတွက်ကတော့ အချိန်ကျလာရင် ကောင်းကင်တာအိုက သူတို့ကို လက်ခံမှာ မဟုတ်ဘူး၊ ကျွန်တော်တို့တွေက ကိုယ့်ကိုကိုယ် ထိန်းချုပ်ဖို့ပဲ လိုတယ်”
ထူလင်းအာက မေးလိုက်ပါတယ် “ဒါဆိုရင် နင်က ဘာဖြစ်လို့ အခြေခံအဆင့်ထိ ရောက်အောင် ကျင့်ကြံတာလဲ”
“ကျွန်တော်... ကျွန်တော်က ဒါကို မဟာကရုဏာတာအိုအတွက် လုပ်တာ”
“ကြောင်သူတော် ကြွက်သူခိုး”
“မင်း..”
ချူရှီရန်ဟာ ဒေါသကြောင့် ပေါက်ကွဲလုနီး ဖြစ်သွားပါတယ်။ ဝီရိယတောင်ကို ရောက်ကတည်းက ချူရှီရန်ရဲ့ စိတ်ရှည်သည်းခံမှုတွေ ပျောက်ဆုံးသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ခြားလူတွေက ချူရှီရန်ရဲ့ အမြင်ကို သဘောမတူတဲ့အပြင် ဆက်တိုက်လှောင်ပြောင်လို့ပါ။
ဒီအချိန်မှာပဲ...။
ကျင့်ကြံခြင်းလိုဏ်ဂူရဲ့ တံခါးပွင့်သွားပြီး ဟန်ကျွယ်နဲ့ ဝူတောက်ကျန့်ဟာ အထဲကနေ ထွက်လာပါတယ်။ ဒါကိုမြင်သွားတဲ့ လူတိုင်းဟာ မတ်တတ်ရပ်ပြီး ဦးညွှတ်လိုက်ကြပါတယ်။
ချူရှီရန်လည်း ကြက်သေသေသွားပါတယ်။ ဒါဟာ ချူရှီရန် ပထမဆုံးအကြိမ် ဟန်ကျွယ်ကို မြင်ဖူးတာပါ ‘တော်တော်ချောတာပဲ’ ချူရှီရန်ဟာ နတ်သတ်အကြီးအကဲက အဘိုးကြီးတစ်ယောက် ဖြစ်လိမ့်မယ်လို့ ထင်ထားခဲ့တာပါ။
ဟန်ကျွယ်ဟာ ဖူစန်းသစ်ပင်ဆီ လျှောက်သွားပြီး ရွှေကျီးကန်းလေးနှစ်ကောင်ကို ကြည့်လိုက်ပါတယ် “မင်းတို့ အဆင့်တက်တော့မှာလား”
အာတက ခေါင်းညိတ်ပြီး ပြန်ဖြေပါတယ် “ဟုတ်တယ်၊ အဆင့်တက်တော့မှာ၊ ဒါပေမဲ့ ကောင်းကင်တာအိုက နှင်ထုတ်မှာကို ကြောက်လို့ ကျွန်တော်တို့ အဆင့်မတက်ရဲတာ”
ဟန်ကျွယ်ဟာ ကောင်းကင်လွှဲကျောက်တုံးနှစ်တုံးကို ပစ်ပေးလိုက်ပါတယ်။ ကောင်းကင်လွှဲကျောက်တုံးတစ်တုံးက အထက်ဘုံကရန်စန်း သေမျိုးကမ္ဘာဆီ တကူးတက ဆင်းသက်ပြီး လာပေးသွားတာပါ။
“ဒီကျောက်တုံးနှစ်တုံးနဲ့ဆိုရင် မင်းတို့တွေ ကောင်းကင်စမ်းသပ်မှုကို ရင်ဆိုင်စရာ မလိုဘူး၊ အနာဂတ်မှာ မင်းတို့တွေ ဒီတောင်ကနေ မခွာရင် ကောင်းကင်တာအိုက မင်းတို့က နှင်ထုတ်နိုင်မှာ မဟုတ်ဘူး”
ဒီစကားကြောင့် ရွှေကျီးကန်းနှစ်ကောင်ဟာ ဝမ်းသာအားရ ဖြစ်သွားပြီး ကောင်းကင်လွှဲကျောက်တုံးကို ချက်ချင်းကိုက်ကာ စတင်ကျင့်ကြံလိုက်ပါတယ်။
တစ်ခြားသူတွေလည်း ဟန်ကျွယ်က သေမျိုးကမ္ဘာရဲ့ အဆင့်ကို ကျော်လွန်သွားတာတောင် သေမျိုးကမ္ဘာမှာ ဆက်နေနိုင်တာက ဒီကျောက်တုံးနှစ်တုံးကြောင့်မှန်း ချက်ချင်း သိလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ခေါင်းသုံးလုံး မြွေနဂါးဘုရင်ကို ကြည့်လိုက်ပြီး ညလက်ကို ဝှေ့ယမ်းလိုက်တဲ့အခါ အသူရာချောက်နဂါးဝါ ဝိညာဉ်ပေါ်လာပါတယ်။ ဟန်ကျွယ်ဟာ နဂါးဝိညာဉ်ကို ခေါင်းသုံးလုံးမြွေနဂါးဘုရင်ဆီ ပေးလိုက်ပြီး ပြောလိုက်ပါတယ် “ဒါက နဂါးစစ်ရဲ့ ဝိညာဉ်ပဲ၊ သူ့သိစိတ်ကို ငါ ဖျက်လိုက်ပြီ၊ မင်း ဒါကို ဝါးမြိုလိုက်ရင် သွေးစည်းကို ပြောင်းလဲနိုင်လိမ့်မယ်၊ သိစိတ်မရှိတော့ ခန္ဓာသိမ်းခံရမှာကို စိုးရိမ်စရာ မလိုဘူး”
ခေါင်းသုံးလုံး မြွေနဂါးဘုရင်ဟာ အံအားသင့်ကျေနပ်သွားပြီး ဟန်ကျယ်ကို ချက်ချင်းရှိခိုးလိုက်ပါတယ်။
ဒီမြင်ကွင်းကြောင့် ချူရှီရန်ဟာ မှင်သက်သွားပါတယ်။ တကယ်တော့ ဟန်ကျွယ်က ချူရှီရန်ကို တမင်သက်သက် ရန်စလိုက်တာပါ။
‘မင်းက ငါ့ကို ကျင့်ကြံမှု စွန့်လွှတ်ချင်တာလား၊ တစ်ခြားသူတွေကို မင်းရှေ့မှာ စွမ်းအားပိုကြီးလာအောင် ကူညီပြမယ်’
ရန်ထျန်တုန်း၊ ထူလင်းအာ၊ ငရဲကြက်နက်နဲ့ ပဋိပက္ခကောင်းကင်ခွေးဟာ ဟန်ကျွယ်ကို မျှော်လင့်တကြီး ကြည့်လိုက်ပါတယ်။
ဒါကိုမြင်တဲ့ ဟန်ကျွယ်က ဒေါသတကြီး ပြောလိုက်ပါတယ် “မင်းတို့ကျင့်ကြံမှုက ဒီလောက်နိမ့်နေတာ ငါ့ဆီက တစ်ခုခုရဖို့ မျှော်လင့်မနေနဲ့၊ မင်းတို့တွေ သေမျိုးကမ္ဘာရဲ့ထိပ်ဆုံးကိုရောက်မှ တစ်ခုခုပေးမယ်”
ဝူတောက်ကျန့်ကလည်း ဟန်ကျွယ်နည်းတူ ပြောလိုက်ပါတယ် “ဟုတ်တယ်... ဟုတ်တယ်၊ ရှင်တို့တွေက တစ်ယောက်မှ ကြိုးကြိုးစားစား မကျင့်ကြဘူး” ဟန်ကျွယ်ဟာ တစ်ဖက်လှည့်ပြီး ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်ပါတယ်။
ချူရှီရန်ဟာ ချက်ချင်း အပြေးရောက်လာပြီး ဟန်ကျွယ်နောက်မှာ ဒူးထောက်ကာ အော်ပြောလိုက်ပါတယ် “ဆရာဘိုးဘိုး... ကျေးဇူပြုပြီး ရှေ့ဆုံးကနေ ကျင့်ကြံမှုကို စွန့်လွှတ်ပေးပါ”
ရန်ထျန်တုန်းဟာ ချူရှီရန်ရဲ့ အပြူအမူကြောင့် ကျင်ငယ်ထွက်ကျနီး ဖြစ်သွားပါတယ်။ သူဟာ အမြန်ပြေးသွားပြီး ချူရှီရန်ကို မြေကြီးပေါ် လဲကျအောင် ကန်ပစ်လိုက်ပါတယ်။
“ဘာ မဟုတ်ကဟုတ်ကတွေ လျှောက်ပြောနေတာလဲ” ရန်ထျန်တုန်းဟာ အော်ဟစ်လိုက်ပြီး ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ယင်သွားပါတယ်။
ချူရှီရန်ကို တကယ်ကို မိုးလောက်ကြီးတဲ့သတ္တိရှိတာပါ။ မဟုတ်ရင် ဟန်ကျွယ်ကို မကျင့်ကြံဖို့ ဖျောင်းဖျရဲမှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ ချူရှီရန်ကို ခေါင်းလှည့်ကြည့်လိုက်ပါတယ် “ဒီကမ္ဘာမှာ လူတိုင်းက တစ်ခြားသူကို မကျင့်ကြံဖို့ ဖျောင်းဖျလို့ရတယ်၊ ဒါပေမဲ့ မင်းကတော့ မရဘူး”
ချူရှီရန်ဟာ ပါးစပ်ကစီးကျလာတဲ့ သွေးတွေကို သုတ်ပြီး မေးလိုက်ပါတယ် “ဘာဖြစ်လို့လဲ”
ချူရှီရန်ဟာ ဟန်ကျွယ်ကို တစ်စက်ကလေးမှ ကြောက်ရွံ့ခြင်းမရှိဘဲ စိုက်ကြည့်လိုက်ပါတယ်။
စကြဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။