ပြန်လည်မွေးဖွားခြင်း ကောင်းကင်အမတ အလယ်အဆင့်၊ မဟာကပ်ဘေး အရိပ်အယောင်
Vol. 13 Ch. 179
အခန်း (၁၇၉) ပြန်လည်မွေးဖွားခြင်း ကောင်းကင်အမတ အလယ်အဆင့်၊ မဟာကပ်ဘေး အရိပ်အယောင်
ချီယွင်ရှန်းက အရင်ဆုံး စကားစလိုက်ပါတယ် “နတ်ဆိုးသူတော်စင်နောက်က အင်အားစုတွေနဲ့ ကောင်းကင်ရုံးတော်က အပေးအယူဖြစ်တော့မယ်၊ ကောင်းကင်ရုံးတော်က နတ်ဆိုးသူတော်စင်ကို ရှင်းပြီးတာနဲ့ သေမျိုးကမ္ဘာကို ရှင်းလင်းလိမ့်မယ်၊ အမတအများကြီးကို မင်းကို သတိထားမိနေကြပြီ”
ဟန်ကျွယ်က ခေါင်းညိတ်ပြီး ပြောလိုက်ပါတယ် “သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
အရင်တုန်းက အမတတော်တော်များများက ဟန်ကျွယ်အပေါ်မှာ မျက်နှာသာပေးမှုနဲ့ မုန်းတီးမှုတွေ ရှိကြပါတယ်။ ဒီဟာက အမတနတ်ဘုရားတွေကလည်း ဟန်ကျွယ်ရဲ့ အရည်အချင်း သက်သေပြမှုကို သဘောတူတယ်လို့ ပြနေပါတယ်။ ကျန်းကူရှင်းရဲ့ အဆိုအရ သေမျိုးကမ္ဘာကို ရှင်းလင်းမဲ့ ကောင်းကင်စစ်သူကြီးတွေက မဟာညီညွှတ်မှု ကောင်းကင်အမတအဆင့်ထက် မပိုပါဘူး။ ဒါကြောင့် ဟန်ကျွယ်ဟာ သိပ်ပြီးတော့ ဖိအားမရှိပါဘူး။
“မင်းက စိတ်ဝိညာဉ် သိုင်းနတ်ဘုရားကို အပြစ်ပြုမိထားပုံပဲ၊ ဒီတစ်ခါက သူက ကောင်းကင်စစ်သူကြီးတွေကို ဦးဆောင်ပြီး သေမျိုးကမ္ဘာကို ရှင်းလင်းလိမ့်မယ်” ချီယွင်ရှန်းက ဆက်ပြောပါတယ်။
ဟန်ကျွယ်ဟာ ဒီကိစ္စကို အံအားသင့်ခြင်း မရှိသလို ကြောက်ရွံ့ခြင်းလည်း မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ စိတ်ဝိညာဉ်သိုင်းနတ်ဘုရားရဲ့ ကျင့်ကြံမှုက မဟာညီညွှတ်မှု ကောင်းကင်အမတ ထိပ်ဆုံးအဆင့်ပဲ ရှိလို့ပါ။
ဟန်ကျွယ်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်ပါတယ် “စိတ်ဝိညာဉ် သိုင်းနတ်ဘုရားက ဘယ်သူလဲဆိုတာတော့ ကျွန်တော် မသိဘူး၊ ဒါပေမဲ့ အရင်တုန်းက ရန်စန်းလိုခေါ်တဲ့ ကောင်းကင်စစ်သူကြီးတစ်ယောက်က ကျွန်တော့်ကို ပြဿနာလာရှာတယ်”
ချီယွင်ရှန်းဟာ ဖြစ်ပျက်အလုံးစုံကို သဘောပေါက်သွားပါတယ် “ဪ... ဒီလိုကိုး၊ ရန်စန်းက စိတ်ဝိညာဉ်သိုင်းနတ်ဘုရားရဲ့ ငယ်သားပဲ၊ သူ့ရာထူးက သိပ်မမြင့်ပေမဲ့ စိတ်ဝိညာဉ် နတ်ဘုရားက သူ့ကို တော်တော်လေး အလေးပေးတယ်၊ ဒါပေမဲ့ ပြောရမယ်ဆိုရင် ရန်စန်းက ခွင့်ပြုချက်မရှိဘဲ သေမျိုးကမ္ဘာကို ဆင်းသက်တာ ကောင်းကင်နိယာမကို ဆန့်ကျင်တာပဲ၊ ငါ ဒီကိစ္စကို သတင်းပို့ရမယ်”
ဟန်ကျွယ်ဟာ ပြုံးလိုက်ပြီး ဘာမှ ထပ်မပြောပါဘူး။ ချီယွင်ရှန်းဟာ သူ့ကို သတင်းပေးရုံပဲဖြစ်ပြီး သိပ်ပြီး သတ္တိမရှိပါဘူး။ မဟုတ်ရင် သူ့သေမျိုးကမ္ဘာ ရှင်းလင်းခံရမှာကို ထိုင်ကြည့်နေမှာ မဟုတ်ပါဘူး။
“ဒါနဲ့ မဟာအဂ္ဂဗုဒ္ဓကို ကြားဖူးလား” ဟန်ကျွယ်က ရုတ်တရက် မေးလိုက်ပါတယ်။
“မဟာအဂ္ဂဗုဒ္ဓလား... ငါ ကြားမိသလောက်တော့ ဗုဒ္ဓဂိုဏ်းမှာ မဟာဗုဒ္ဓငါးပါးရှိတယ်၊ မဟာအဂ္ဂဗုဒ္ဓက အရမ်းနာမည်ကြီးတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဗုဒ္ဓဂိုဏ်းကို သစ္စာဖောက်သွားလို့ပဲ၊ သူက တစ်ခြားသူတွေကို ကျင့်ကြံတာစွန့်လွှတ်ဖို့ ဖျောင်းဖျတယ်လေ၊ ဘယ်လောက်တောင် အဓိပ္ပာယ်မရှိလိုက်လဲ” ချီယွင်ရှန်းက ပြန်ဖြေပါတယ်။ သူ့မျက်နှာကလည်း ပြုံးသွားပါတယ်။
ဟန်ကျွယ်က တအံတဩ မေးလိုက်ပါတယ် “ဘာဖြစ်လို့လဲ”
“ဘယ်သူသိမှာလဲ၊ ဒီဗုဒ္ဓတွေ တစ်ယောက်တစ်မျိုး အထူးအဆန်းတွေချည်းပဲ”
ဟန်ကျွယ်ဟာ လေးလေးနက်နက် တွေးတောလိုက်ပါတယ်။ ချီယွင်ရှန်းရဲ့ စကားသာ အမှန်ဆိုရင် ချူရှီရန်ဟာ ဗုဒ္ဓဂိုဏ်းရဲ့သူလျှို မဖြစ်နိုင်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့စိတ်ကူးတွေက လုံးဝကွဲပြားနေလို့ပါပဲ။
ဟန်ကျွယ်မှာသာ ဒီလိုတပည့်မျိုးရှိရင် ကျိန်းသေပေါက် သူ့ရန်သူဆီ စေလွှတ်မှာပါ။ ချူရှီရန် တာအိုလမ်းစဉ်ကို လိုက်တာကလည်း ဒီအကြောင်းကြောင့် ဖြစ်နိုင်ပါတယ်။
“နတ်ဆိုးသူတော်စင်ကိစ္စ ပြီးတာနဲ့ ငါ ရွှေ့ပြောင်းခံရလိမ့်မယ်၊ အဲဒီအချိန်ကျရင် ငါ မင်းကို ကူညီနိုင်တော့မှာ မဟုတ်ဘူး၊ မင်းအခုချိန် နောင်တရရင် မီသေးတယ်နော်၊ ငါ မင်းကို ကောင်းကင်ရုံးတော်ဆီ တန်းခေါ်သွားနိုင်တယ်” ချီယွင်ရှန်းဟာ ဟန်ကျွယ်ကို စိုက်ကြည့်ပြီး အလေးအနက် ပြောလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ခေါင်းခါပြီး ပြောလိုက်ပါတယ် “ကျွန်တော် အခုထိ နောင်တမရသေးဘူး၊ စီနီယာရဲ့ ကြင်နာမှုအတွက် ကျေးဇူးပါပဲ”
ချီယွင်ရှန်းနဲ့ ဟန်ကျွယ်ဟာ အချိန်အကြာကြီး စကားမပြောပါဘူး။
သိစိတ် ခန္ဓာကိုယ်ထဲကို ပြန်ရောက်တဲ့အခါ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူလိုက်ပြီး စိတ်ဝိညာဉ်သိုင်းနတ်ဘုရားကို ကျိန်စာတိုက်ပါတော့တယ်။ ဘာပဲဖြစ်ဖြစ် စိတ်ဝိညာဉ် သိုင်းနတ်ဘုရားက မဟာညီညွှတ်မှု ကောင်းကင်အမတ ထိပ်ဆုံးအဆင့်ဖြစ်တာကြောင့် ဟန်ကျွယ်ဟာ စိတ်ဝိညာဉ်သိုင်းနတ်ဘုရား ဒဏ်ရာရအောင် တစ်ခုခုလုပ်ဖို့ လိုပါတယ်။
ဝီရိယတောင်မှာ တာအိုစက်ကွင်း ဖွင့်လှစ်လိုက်ကတည်းက ဝီရိယတောင်မှာရှိတဲ့ စိတ်ဝိညာဉ်ချီက အရင်ကထက် ငါးဆတိုးလာတာကြောင့် ဝီရိယတောင်မှာရှိတဲ့ လူတိုင်းရဲ့ ကျင်ကြံမှုကလည်း မြန်ဆန်လာပါတယ်။
ခေါင်းသုံးလုံး မြွေနဂါးဘုရင်ဟာ အသူရာချောက်နဂါးဝါရဲ့ ဝိညာဉ်ကို စုပ်ယူပြီးတဲ့နောက်မှော သွေးစည်ပြောင်းလဲပြီး နဂါးစစ်ပုံစံကို စပြောင်းလဲသွားပါတယ်။ ဒါပေမဲ့ ခေါင်းသုံးလုံးမြွေနဂါးဘုရင် နဂါးစစ်ပုံစံ လုံးဝ မပြောင်းလဲခင်မှာပဲ နောက်ထပ်ခေါင်းနှစ်လုံး ထွက်ပေါ်လာတာကြောင့် ခေါင်းငါးလုံး မြွေနဂါးဘုရင် ဖြစ်သွားပါတယ်။ ဒါတင် မကသေးပါဘူး။ ခေါင်းငါးလုံး မြွေနဂါးဘုရင်ရဲ့ ကျင့်ကြံမှုကလည်း ကောင်းကင်ဘုံဝင် အဋ္ဌမအဆင့်ကို ရောက်ရှိသွားပါတယ်။
တစ်ခြားသူတွေရဲ့ ကျင့်ကြံမှုကလည်း ပုံမှန် တိုးတက်လာပါတယ်။ ဒီအထဲမှာ အားအနည်းဆုံးဖြစ်တဲ့ ရန်ထျန်တုန်းတောင် ဟင်းလင်းပြင်ပေါင်းစပ်အဆင့်ကို ထိုးဖောက်ဖို့ ကြိုးစားနေပါပြီ။
ရှင်းဟုန်ရွှမ်နဲ့ နတ်မိမယ်ရှီရွှမ်တို့နှစ်ယောက်ဟာ ဝီရိယတောင်ကို ပြန်လာပြီးနောက် ဝီရိယတောင်ရဲ့ စိတ်ဝိညာဉ်ချီက အရင်ကထက် ပိုများနေတာကို တွေ့သွားတာကြောင့် အပြင်ထပ်မထွက်တော့ဘဲ ဂူအောင်းကျင့်ကြံကြပါတယ်။
စိတ်ဝိညာဉ်ချီ သိပ်သည်းမှုက အဆင့်တစ်ခုကို ရောက်သွားတဲ့အခါမှာ အရည်အချင်းမရှိဘူးဆိုတဲ့လူတောင် အမတဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဝီရိယတောင်က အဲဒီအဆင့်ကိုတော့ မရောက်သေးပါဘူး။
နောက်ထပ် ဆယ်နှစ်ကုန်ဆုံးသွားပြီး ဖန်းလျန် ပြန်ရောက်လာပါတယ်။ ဖန်းလျန်ဟာ ဟန်ကျွယ်ကို အရင်ဆုံးသွားတွေ့ပြီးမှ ဖူစန်းသစ်ပင်အောက်မှာထိုင်ကာ ကျင့်ကြံအားထုတ်ပါတယ်။
ဟန်ကျွယ်ဟာ ဖန်းလျန်က နည်းနည်းအထီးကျန်ဆန်နေပြီး သူ့ချစ်သူအကြောင်း တစ်စက်မှမဟတာကို သတိထားမိသွားပါတယ်။ ကြည့်ရတာ ဖန်းလျန်တစ်ယောက် အသည်းကွဲလာပုံပါပဲ။ ဖန်းလျန်က ဘာမှမပြောတဲ့အတွက် ဟန်ကျွယ်ကလည်း မမေးပါဘူး။
ဟန်ကျွယ်ဟာ လူမှုဆက်ဆံရေးကို နှိပ်လိုက်ပြီး စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်မိတ်ဆွေ မော့ဖူချိုသည် သေမျိုးကမ္ဘာမှ ထွက်ခွာသွားသည်။]
[သင့်တာအိုလက်တွဲဖော် ရွှမ်ချင်းကျွင်းသည် မဟာညီညွှတ်မှု တာအိုသီးအား ရရှိပြီး မဟာညီညွှတ်မှု မြေအမတ ဖြစ်လာသည်။]
[သင့်တပည့်စုချီသည် ကြမ္မာဆိုးကို ဖြန့်ကျက်ခဲ့သောကြောင့် သင့်ရန်သူ မြေခွေးနက် နတ်ဆိုးဧကရာဇ်၏ ကံတရားအထောက်အပံ့လျှောကျပြီး သက်တမ်း ၃,၀၀၀ ဆုံးရှုံးသွား၏။]
[သင့်တပည့် မုရုံချီသည် နတ်ဆိုးသားရဲများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၇၈၉၃၀
[သင့်မိတ်ဆွေ ကျိုးဖန်သည် သင့်မြေးတပည့် မုရုံချီ၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရသွားသော်လည်း ကံကောင်းထောက်မစွာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦး၏ ကယ်တင်ခြင်းကို ခံလိုက်ရသည်။]
[သင့်တပည့် ရွှင်ချန်အန်းသည် ကမ္ဘာကောင်းချီးကို ရရှိပြီး ကံတရားအထောက်အပံ့ များစွားတိုးပွားသွားသည်။]
‘မုရုံချီက သေမျိုးကမ္ဘာကနေ ထွက်သွားတာလား’
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။
‘မိစ္ဆာမျိုးနွယ်စုက ဘာကြံနေပြန်ပြီလဲ’
ဟန်ကျွယ်ဟာ နောက်ကျမှ မော့ကျူကို မေးတော့မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ကျိုးဖန်က မုရုံချီ တိုက်ခိုက်တာ ခံရတာကို သွားတွေ့ပါတယ်။
‘ဘာဖြစ်တာလဲဟ... ကျိုးဖန်လေးက တော်တော် သနားစရာကောင်းတာပဲ’ ဟန်ကျွယ်ဟာ ကျိုးဖန်ကို တော်တော်လေး ကရုဏာသက်သွားပါတယ်။
ကျိုးဖန်ဟာ မာနကြီးပြီး လက်စားချေလိုစိတ် ပြင်းထန်တယ်ဆိုပေမဲ့ ဟန်ကျွယ် အပေါ်ထားတဲ့ မျက်နှာသာပေးမှုကတော့ တစ်စက်ကလေးတောင် လျော့ကျသွားခြင်း မရှိပါဘူး။ ကျိုးဖန်ဟာ လေးငါးခါ သေထားတာကြောင့် မုရုံချီကို မနိုင်တာ ပုံမှန်ပါပဲ။ ဒါပေမဲ့ ဟန်ကျွယ်ဟာ မုရုံချီနဲ့ ကျိုးဖန်တို့ ဘာကြောင့်တိုက်ခိုက်တာလဲဆိုတာကို သိချင်သွားပါတယ်။
ဟန်ကျွယ်ဟာ စာအိတ်တွေကို အတန်ကြာကြည့်ပြီးနောက် နတ်အာရုံကို မော့ကျူရဲ့ ကောင်းကင်ရုပ်သေးရုပ်ဆီ ပို့လိုက်ပါတယ်။ ဒီအချိန် မော့ကျူဟာ ဘုံကျောင်းတစ်ခုထဲမှာ တရားထိုင်နေတာပါ။
“မော့ဖူချို ဘယ်သွားတာလဲ” ဟန်ကျွယ်အသံကို ကြားလိုက်ရတဲ့ မော့ကျူဟာ ချက်ချင်းပဲ မျက်လုံး ဖွင့်လိုက်ပါတယ်။ ဟန်ကျွယ် ကောင်းကင်ရုပ်သေးရုပ်ကနေ တစ်ဆင့် ဆက်သွယ်တာက ပထမဆုံးအကြိမ် မဟုတ်တော့တဲ့အတွက် မော့ကျူဟာ လန့်သွားခြင်းမရှိဘဲ ပျော်ရွှင်သွားပါတယ်။
မော့ကျူဟာ ကောင်းကင်ရုပ်သေးရုပ်ကို ချက်ချင်း ထုတ်ယူပြီး ပြန်ဖြေလိုက်ပါတယ် “လွန်ခဲ့နှစ်တွေတုန်းကတော့ အခွင့်အရေးကို ခံစားမိလို့ဆိုပြီး တစ်ယောက်တည်း ထွက်သွားတာပဲ၊ ကျွန်မတို့လည်း အစ်ကို ဘယ်သွားတယ်ဆိုတာကို မသိဘူး”
မော့ဖူချို၊ မော့ယိုလင်းနဲ့ မော့ကျူဟာ မော့မိသားစုရဲ့ တပည့်အများကြီးကို ဒီနှစ်ရာချီမှာ ပြန်ရှာတွေ့ခဲ့ပါတယ်။ တပည့်တွေကို ပြန်စုစည်းပြီးနောက် မော့မိသားစုမှာ တပည့်ထောင်ကျော်သွားတာကြောင့် မော့မိသားစုက ထပ်ပြီးတော့ အင်အားကောင်းလာပြီလို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ သေမျိုးကမ္ဘာတစ်ခုလုံးက မိစ္ဆာကျင့်ကြံသူတွေကို လိုက်သတ်နေတာကြောင့် မော့ကျူဟာ ဟန်ကျွယ်ဆီ ပြန်မသွားရဲပါဘူး။
“ဒီအတောအတွင်း မင်းကျင့်ကြံမှု ဘယ်လိုရှိလဲ” ဟန်ကျွယ်က မေးလိုက်ပါတယ်။
“ကျွန်မ ဟင်းလင်းပြင်ပေါင်းစပ်အဆင့်ကို ထိုးဖောက်ခါနီးနေပြီ” မော့ကျူသာ သူ့ကျင့်ကြံမှုရလဒ်ကို တော်တော်လေး ကျေနပ်နေပါတယ်။ မော့မိသားစုရဲ့ မိစ္ဆာကျင့်စဉ်ကို ဆက်ခံပြီးနောက်မှာ မော့ကျူရဲ့ ကျင့်ကြံမှုက နည်းနည်း ပိုမြန်လာတာ အမှန်ပါပဲ။
ဟန်ကျွယ်ဟာ မော့ကျူနဲ့ စကားအတန်ကြာ ပြောပြီးမှ ကောင်းကင်ရုပ်သေးရုပ်နဲ့ အဆက်အသွယ် ဖြတ်လိုက်ပါတယ်။ မော့ကျူဟာ စိတ်ကောင်းဝင်သွားပါတယ်။
‘ဒီလောက်နှစ်တွေကြာတာတောင် သူက ငါ့ကို ဂရုစိုက်သေးတာပဲ’
‘ငါ ကြိုးစားကျင့်ကြံရမယ်၊ ဒါမှ ငါသူနဲ့အတူ ဘုံပျံတက်နိုင်ပြီး ကျင့်ကြံခြင်းလမ်းစဉ်မှာ သူ့ကို အဖော်ပြုနိုင်မှာ’ မော့ကျူဟာ ပြတ်သားစွာ တွေးတောလိုက်ပါတယ်။ မော့ကျူဟာ ဟန်ကျွယ်က ကောင်းကင်ဘုံဝင်အဆင့်မှာ ရှိနေမယ်လို့ တွေးထားတာပါ။ ကောင်းကင်အမတဖြစ်သွားလိမ့်မယ်လို့ အိပ်မက်ထဲတောင် ထည့်မက်ဖူးမှာ မဟုတ်ပါဘူး။
၁၂ နှစ် ကြာပြီးနောက်။
ဟန်ကျွယ်ဟာ ပြန်လည်မွေးဖွားခြင်း ကောင်းကင်အမတ အလယ်အဆင့်ကို ရောက်ရှိသွားပြီး သူ့ကျင့်ကြံမှုအလျင်က နှေးကွေးတယ်လို့ ထပ်ခံစားလိုက်ရပါတယ်။
ဘာပဲဖြစ်ဖြစ် ဟန်ကျွယ်က အမတဧကရာဇ်ရဲ့ မျိုးဆက်တင် မကပါဘူး။ လမ်းခြောက်သွယ် စိတ်ဝိညာဉ်ခန္ဓာကိုယ်၊ ထိပ်တန်းဓားတာအိုပါရမီ၊ ထိပ်တန်းဓားပညာနားလည်မှု စတာတွေလည်း ရှိပါသေးတယ်။
‘ဖူစန်းသစ်ပင်၊ မြေအမတဘူးပင်၊ ပြန်လည်မွေးဖွားခြင်း လီလီပန်း၊ မိုးမြေမြက်ပင်၊ ကောင်းကင်ကိုးလွှာရေစင်... ဒီရတနာတွေက ကြီးထွားတုန်းဆိုတော့ ဝီရိယတောင်ရဲ့ အမတချီက အထက်ဘုံကိုတော့ ဘယ်ယှဉ်နိုင်ပါ့မလဲ’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ တွေးတောလိုက်ပါတယ်။
‘ငါ ဘုံပျံမတက်ဘဲနေလို့ မဖြစ်သေးဘူး၊ ကောင်းကင်ရုံးတော် ကပ်ဘေးကို ဖြတ်ကျော်ပြီးရင် ဘုံပျံတက်ဖို့ စီစဉ်ရမယ်၊ နို့မို့ဆို ငါ့ကျင့်ကြံမှုက တော်တော်လေး နှေးကွေးသွားမှာ’
ကောင်းကင်ရုံးတော်က သေမျိုးကမ္ဘာကို လွှတ်ပေးလိုက်တာနဲ့ ဟန်ကျွယ်မှာ စိုးရိမ်စရာ မရှိတော့ပါဘူး။ ဟန်ကျွယ်ဟာ ကောင်းကင်ရုံးတော်ထဲရော ရှန်နန်းတော်ထဲရော မဝင်ချင်ပါဘူး။ ဒီအင်အားစုနှစ်ခုထဲ ဟန်ကျွယ်ဝင်ရင် ကျိန်းသေပေါက် ပြဿနာတက်မှာပါ။ဒါက နောက်ဆုံး ရွေးချယ်စရာ မရှိတော့မှပါ။ ဒီကြားထဲ အမတချီ တိုးတက်စေတဲ့ သဘာဝရတနာတွေ ထပ်ရရင် ဟန်ကျွယ်က ဘုံပျံတက်မှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ တွေးတောစဉ်းစားရင်းနဲ့ ကျင့်ကြံမှုကို ခိုင်မြဲအောင် လုပ်ပါတယ်။
ဒီနေ့မှာတော့ ရန်ဒေသဟာ နှစ်ရာချီမှာ ကြုံတွေ့ခဲရလှတဲ့ နှင်းမုန်တိုင်းကို ရင်ဆိုင်ရပါတယ်။ ဒီနှင်းမုန်တိုင်းက နတ်ဆိုးဘုရင်တန်စု နိုးထတုန်းကထက် ပိုပြင်းထန်ပါတယ်။ ပြင်းထန်လွန်းတဲ့ နှင်းမုန်တိုင်းကြောင့် နေတောင် မထွက်နိုင်ရှာပါဘူး။
ဒီနှင်းမုန်းတိုင်းက ရန်ဒေသတစ်ခုတည်းကို တိုက်ခိုက်တာ မဟုတ်ပါဘူး။ တစ်ခြားဒေသတွေနဲ့ ပြည်ထောင်တွေကိုလည်း တိုက်ခိုက်ပါတယ်။
ဟန်ကျွယ်ဟာ စကားလုံးနဲ့ ဖော်ပြလို့မရတဲ့ မသက်မသာ ဖြစ်မှုကို ခံစားလိုက်ရပြီး တစ်စုံတစ်ခုကို နားလည် သဘောပေါက်လိုက်ပါတယ်။
‘မဟာကပ်ဘေး လာနေပြီ’
ပြန်လည်မွေးဖွားခြင်း ကောင်းကင်အမတအနေနဲ့ ဟန်ကျွယ်ရဲ့ ဆဋ္ဌမအာရုံက သာမန်နဲ့မတူဘဲ အရမ်းကို ထက်မြက်ပါတယ်။
စကြဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။