အံ့ဖွယ်မိုးကောင်းကင်က တပည့်တွေ ကူညီဖို့ ရောက်လာပြီ
Vol. 6-10 Ch. 133
အခန်း (၁၃၃) : အံ့ဖွယ်မိုးကောင်းကင်က တပည့်တွေ ကူညီဖို့ ရောက်လာပြီ
ဇာမဏီငှက်မွေးမျက်နှာဖုံးက ရှန်ထျန်း၏ မျက်နှာတစ်ခုလုံးကို ဖုံးကွယ်ထားသည်။ ထိုမျက်နှာဖုံးက တပ်ဆင်ထားသူ၏ အရှိန်အဝါကိုပါ ဖုံးကွယ်ပေးထားသည့်အတွက် တခြားသူများ၏ စပ်စုမှုကိုပါ ကာကွယ်ထားပြီးသား ဖြစ်သွားသည်။ မျက်နှာဖုံးတပ်ထားသော ရှန်ထျန်း၏ ပုံစံက ပဟေဠိဆန်လှသည်။
ရှန်ထျန်း၏ လက်ရှိအခြေအနေအတွက် ထိုပစ္စည်းက အသင့်တော်ဆုံး ဖြစ်နေသည်။
သူ မရှုပ်သင့်သည့်သူနှင့် သွားရှုပ်မိပါက ဒီအတိုင်း ထွက်ပြေးသွားလို့ ရသည်။ ဒီမျက်နှာဖုံးတပ်ထားလျှင် သူက အံ့ဖွယ်မိုးကောင်းကင်၏ သူတော်စင်ဆိုတာကို မည်သူမှ သိမည် မဟုတ်ပေ။
ဤသို့ စိတ်ထဲမှတ်ထားရင်း ရှန်ထျန်းက မြူခိုးမြို့ငယ်လေးထဲသို့ ဝင်သွားကာ ဆိုင်ကို ဖွင့်လိုက်သည်။
ဘေးတစ်ဖက်တစ်ချပ်စီတွင် ဆိုင်းဘုတ်ကိုထောင်ထားသည်။
ဘယ်ဖက်တွင် ရှိသော တစ်ခုတွင် ‘ကံပါလျှင် ဟောမည်အလကား’
ညာဘက်တွင် ရှိသော တစ်ခုတွင် ‘ကံမပါလျှင် ရွှေပုံပေးလည်း ထွက်သွား’ဟု ရေးထားသည်။
ရှန်ထျန်း၏ ဆိုင်ခန်းငယ်ရှေ့တွင်လည်း ‘အကြင်နာထားကာ ပရဟိတ လုပ်သည်။ ကျင့်ကြံရေး လက်တွဲဖော် ရှာနေခြင်း မဟုတ်’ ဟူသော စာသားကိုလည်း ရေးသားထားသည်။
ရှန်ထျန်းက ရင်းနှီးကျွမ်းဝင်နေသော ဆိုင်ခန်းငယ်ကို ကြည့်ကာ အရမ်းကျေနပ်နေမိသည်။
ထုံးစံအတိုင်း ရှန်ထျန်း၏ ထူးဆန်းသော ဝတ်စုံကြောင့် လူအများကို ဆွဲဆောင်လိုက်နိုင်သည်။
“ ကံပါလျှင် ဟောမည်အလကား ကံမပါလျှင် ရွှေပုံပေးလည်းထွက်သွားတဲ့လား။ ဝိုး…ဒီမှာ လူလိမ်တစ်ယောက် ရောက်နေတယ်ဟေ့”
“ ညီအစ်ကို …ဗေဒင်ဟောချင်ရင် အနည်းဆုံး မျက်နှာဖုံးလေးတော့ ချွတ်ရမှာပေါ့။ တကယ်လို့ မင်းသာ ငါတို့ကို လိမ်သွားရင် ဘယ်လိုလိုက်ရှာရမှာလဲ”
“ သူက အရမ်းချောတဲ့သူပဲ။ ငါ သူ့မျက်နှာကို မမြင်နိုင်ပေမဲ့ သူက အရမ်းချောမောတဲ့သူလို့ ခံစားနေရတယ်”
“ တာအိုဆရာကြီး … ကျွန်မတို့ ကံစပ်တယ်ဆိုတာ မြင်ရလား။ ကျွန်မအတွက် မျက်နှာဖုံးလေး ချွတ်ပြပါလားဟင်”
မြူခိုးမြို့ငယ်လေးထဲတွင် အဆုံးမဲ့ဝိညာဉ်ဥယျာဉ်လိုမျိုး ကျင့်ကြံသူအုပ်စု နှစ်စု ရှိသည်။
ထိုမျက်နှာဖုံး တပ်ဆင်ထားသော ရှန်ထျန်းက ယုံကြည်ဖို့ မကောင်းဘူးဟု အမျိုးသားများက ယူဆထားကြသည်။
အမျိုးသမီးများက ရှန်ထျန်းကို အရမ်းချောမည်ဟု ယူဆပြီး မျက်နှာဖုံးကိုပင် ချွတ်ပြခိုင်းနေသည်။ တချို့က သူမျက်နှာဖုံးချွတ်ပြဖို့အတွက် ငွေစများ ပေးမည်ဟုပါ ကမ်းလှမ်းနေကြသည်။
ထို့နောက် ကျန်းယွင်ရှီးက ကိုယ်ရံတော်တစ်ယောက်အနေနဲ့ သူမ၏ တာဝန်ကို လုပ်ဆောင်ဖို့အတွက် ရှန်ထျန်း၏ ဘေးတွင်ရပ်ကာ သူမ၏ ခန္ဓာကိုယ်ထဲတွင် သိုလှောင်ထားသော မိုးကြိုးဓာတ်ကို ထုတ်လွှတ်လိုက်သည်။
ရှန်ထျန်း၏ ဘေးပတ်ပတ်လည်သို့ မိုးကြိုးဓာတ် ထုတ်လွှတ်လိုက်သည့်အတွက် တစ်မီတာအတွင်းရှိ ကျင့်ကြံသူတွေအားလုံး ဓာတ်လိုက်ကုန်ကြသည်။
“ သေစမ်း … မင်း ကြည့်ရတာ မိန်းကလေးနဲ့ တူတာကို ဘာလို့ ဒီလောက်ထိ အကြောင်းအရင်းမရှိ…”
“ ကျွန်တော် ခန္ဓာကိုယ်တစ်ခုလုံး ထုံနေပြီ။ မိန်းကလေးနဲ့ ပတ်သက်ပြီး ဘာပြဿနာမှမရှိဘဲနဲ့ ဘာလို့ ကျွန်တော်ကို လုပ်ရတာလဲ”
“ အစ်မရေ… ကျွန်မက တာအိုကိုယ်တော်ကြီးရဲ့ ရုပ်ရည်ကို စိတ်ဝင်စားရုံတင်ပါ။ ဘာလို့ ဒီလောက်ထိ ဒေါသထွက်နေရတာလဲ”
ကျန်းယွင်ရှီးက ပုံမှန်မဟုတ်သော အသံဖြင့် ပြောလိုက်သည်
“ ဒီမှာ လာရှုပ်လို့ ရတယ် … ဒါပေမဲ့ သူ့ကိုတော့ လာမထိနဲ့”
ထို့နောက် ကျန်းယွင်ရှီးက သူမ၏ နတ်မိုးကြိုးကို စုစည်းပြီးနောက် ကျားဖြူပုံရိပ်သဏ္ဌာန်ကို ဆင့်ခေါ်လိုက်သည်။
ဝေါင်း…
သဏ္ဌာန်က ရှန်ထျန်းဆီမှ ကျင့်ကြံသူတွေ ထွက်သွားအောင် ဖိအားပေးနိုင်သလို တစ်ချိန်တည်းမှာပဲ လူအများ၏ အာရုံကို ဖမ်းစားလိုက်သလို ဖြစ်သွားသည်။
“ အရမ်းအားကောင်းတဲ့ ကျားသဏ္ဌာန်ပဲ။ သူမက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကလား”
“ ကျားဖြူပုံရိပ်သဏ္ဌာန်က နတ်မိုးကြိုးငါးပါးကျင့်စဉ်ကနေ ဆင်းသက်လာတာလေ။ ဒါကို တပည့်တွေပဲ သင်ယူခွင့်ရှိတာ”
“ ဒါဆို အဲဒီမိန်းကလေးက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက တပည့်ပေါ့”
“ သူမက ငယ်ရွယ်သေးပေမဲ့ အရမ်းစွမ်းအားကြီးတာပဲနော်”
ကျန်းယွင်ရှီး၏ ပုံရိပ်သဏ္ဌာန်ကြောင့် နောက်ထပ် များပြားသောသူများ ဆိုင်ခန်းနားသို့ စုရုံးလာကြသည်။
ရှန်ထျန်း၏ ဘေးတွင်ရှိသော ဆိုင်းဘုတ်များကြောင့် တချို့သူများက သိချင်စိတ် များပြားလာရသည်။ အဆုံးမဲ့ဝိညာဉ်ဥယျာဉ်မှာ လုပ်ခဲ့သလိုမျိုး ကံအပြောင်းအလဲ အခွင့်အရေး ရှိသူတွေကိုသာ ပြန်လည် ဖြေကြားပေးမှာ ဖြစ်၏။
ကံမစပ်သော ကျင့်ကြံသူအတွဲကို မြင်ပြီးနောက် ရှန်ထျန်း ကံစပ်သော အမျိုးသားတစ်ယောက်ကို တွေ့လိုက်ရသည်။
သို့သော် ထိုလူကိုမြင်ပြီး ရှန်ထျန်း ထိတ်လန့်သွားရသည်
“ လျှိုထိုက်ယီလား… ဘယ်လိုလုပ်ပြီးတော့ ဒီနေရာကို ရောက်လာတာလဲ”
ဟုတ်တယ် ဒါက တိုက်ဆိုင်မှုတစ်ခုပဲ
ရှန်ထျန်း ဒီနေ့တွေ့ဆုံသည့် ပထမဆုံးကံစပ်သူက လျှိုထိုက်ယီ ဖြစ်နေသည်။ သူကလည်း ယခု အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ တပည့်တစ်ယောက် ဖြစ်၏။
ဒီထက်ပိုပြီး တိုက်ဆိုင်တာက လျှိုထိုက်ယီနဲ့အတူ သူဌေးစုန့်၊ လျှိုကျစ်ကျား၊ ရှုန်းမုန့်တို့လည်း အတူ ပါလာတယ်
လျှိုထိုက်ယီက ပြုံးကာ ပြောလိုက်သည်
“ တကယ်ပဲ ဆရာနတ်မင်းကိုး …. ဒီနေရာမှာ ကံစပ်တဲ့သူတွေကို ကူညီဖို့ ရောက်နေတာလား”
သူဌေးစုန့်ကလည်း အခွင့်အရေးကို လက်လွတ်မခံဘဲ ရှန်ထျန်းအနားသွားကာ မျက်ရည်ဝဲနေသော မျက်လုံးများဖြင့် ကြည့်ကာ ပြောလိုက်သည်
“ ဆရာနတ်မင်း အဆုံးမဲ့ဝိညာဉ်ဥယျာဉ်ကနေ ထွက်သွားကတည်းက ကျွန်တော် အမြဲတမ်း ဆရာနတ်မင်းအကြောင်းကို စဉ်းစားနေခဲ့တာ။ ဆရာနတ်မင်းရဲ့ ကူညီဆောင်မမှု မရှိဘဲ ကျွန်တော်မှာ ကံအပြောင်းအလဲ အခွင့်အရေးပေါ်လာပြီးတော့ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။ ဒီမှာ ကံစပ်တဲ့သူတွေကို ရွေးချယ်ပြီးတော့ ကံအပြောင်းအလဲ အခွင့်အရေးပေးဖို့ ရောက်နေတာလား”
လျှိုကျစ်ကျားက အသက်ပြင်းပြင်းရှူကာ ပြောလိုက်သည်
“ ဆရာနတ်မင်းက ကျွန်တော်တို့အပေါ် အရမ်းကို ကြင်နာတာပဲ။ အဲဒီအကြောင်းကိုလည်း ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ဘူး။ ကျွန်တော်တို့က ကိုယ့်ကိုယ်ကို လေ့ကျင့်ဖို့အတွက် မြူခိုးဟင်းလင်းပြင်ကို ရောက်လာခဲ့တာ။ ကျွန်တော်တို့ ထပ်ပြီးတွေ့ဆုံတာ တကယ်ကို တိုက်ဆိုင်မှုပဲနော်။ ကျွန်တော်တို့ကို ဆရာနတ်မင်းအနားမှာ နေပြီးတော့ အမှုထမ်းပေးပါရစေ ”
ရှုန်းမုန့်က ခေါင်းကုတ်ကာ ပြောလိုက်သည်
“ ဆရာနတ်မင်းကို ကျွန်တော် အရမ်းလွမ်းနေခဲ့တာ။ ကျွန်တော်လည်း ဆရာနတ်မင်းနဲ့ အတူနေချင်တယ်။ ခိုင်းတာ ဘာမဆို လုပ်နိုင်ပါတယ်”
အမှန်တော့ လျှိုထိုက်ယီတို့အုပ်စုက ဒီနေရာမှာ ရတနာရှာဖို့အတွက် ရောက်လာခြင်း ဖြစ်သည်။ အံ့ဖွယ်မိုးကောင်းကင် အထွဝ်အမြတ်မြေမှ ကီလိုမီတာ ၁၅၀၀ သာ ကွာဝေးသည့်အတွက် သူတို့ ရောက်လာသည်မှာ အရမ်းသဘာဝကျသည်။
ရှန်ထျန်းနှင့် ဝေးပြီးကတည်းက သူတို့ မျက်နှာချိုသွေးရမည့်သူလည်း မရှိသည့်အတွက် အရမ်းပျင်းပြီး ရင်ထဲဟာတာတာ ဖြစ်နေကြသည်။
သူတို့အချင်းချင်း တိုင်ပင်လိုက်ကြပြီး မြူခိုးဟင်းလင်းပြင်ကို သွားဖို့ ဆုံးဖြတ်လိုက်ကြခြင်း ဖြစ်သည်။ စိတ်ထဲမှာတော့ ဆရာနတ်မင်းအတွက် ဘယ်သူက အရှားပါးဆုံးရတနာကို ရှာပေးနိုင်မလဲဆိုတာကို ပြိုင်ဆိုင်နေကြသည်။
သို့သော် ဆရာနတ်မင်းကို မြို့ထဲမှာ တွေ့ရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
ကျားဖြူပုံရိပ်သဏ္ဌာန်ကို မြင်လိုက်မှ ရှန်ထျန်းကို ခြေရာခံမိသွားခြင်း ဖြစ်သည်။
သို့သော် သူက မျက်နှာဖုံးကို တပ်ဆင်ထားသည့်အတွက် သူတို့လည်း အလောတကြီး မနှုတ်ဆက်ရဲပေ။
ရှန်ထျန်း မျက်နှာဖုံးတပ်ထားသည်က ပုံစံအစစ်အမှန်ကို ဖော်ထုတ်ဖို့ ဆန္ဒမရှိကြောင်း ပေါ်လွင်နေသည့်အတွက် သူ့ကို အော်မခေါ်ဘဲ သူ့ဇာတ်အတိုင်း ကပေးလိုက်တာက အကောင်းဆုံးဖြစ်လိမ့်မည်ဟု တွေးလိုက်ကြသည်။
ရှန်ထျန်းက ထိုမျက်နှာဖုံးနှင့်ဆိုလျှင် တခြားသူတွေရဲ့ ယုံကြည်မှုကို ရဖို့ခက်ခဲမည်ဖြစ်သည့်အတွက် ကူညီမည့်သူ အနည်းငယ် လိုအပ်သည်။
တိုက်ပွဲသာ တိုက်ရမည်ဆိုပါက သူဌေးစုန့်နှင့် လျှိုထိုက်ယီက သူတို့ သူတော်စင်မကို အနိုင်မရနိုင်ကြောင်း ကောင်းကောင်းသိသည်။ သို့သော် အကျိုးအမြတ်ရအောင် လုပ်ပေးပြီး လူအများကို ရှန်ထျန်း၏ နောက်လိုက်များအဖြစ် သိမ်းသွင်းသည့်အရေးတွင် သူတော်စင်မ ဆယ်ယောက်ဆိုလျှင်ပင် သူတို့ကို အနိုင်မယူနိုင်ကြောင်း ယုံကြည်ချက် အပြည့်အဝ ရှိကြသည်။
ထို့ကြောင့် သူတို့လေးယောက်လုံး အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ အတွင်းစည်း တပည့်များသာ ဝတ်ဆင်ခွင့်ရှိသော အဝတ်အစားကို ဆင်မြန်းလိုက်ကြသည်။
သူတို့၏ ပုံပန်းသဏ္ဌာန်ကြောင့် လူအုပ်ထဲမှာ ချက်ချင်း ပွက်လောရိုက်သွားကြသည်။
အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေသည် ဤအဆုံးမဲ့မြေ၏ အုပ်ချုပ်သူဖြစ်သည့်အတွက် အတွင်းစည်း တပည့်များအနေဖြင့် ဂုဏ်ယူပြီး မောက်မာခွင့် ရှိသည်။ သို့သော် သူတို့က ရှန်ထျန်းရှေ့တွင် နာခံတတ်သော အိမ်မွေးတိရစ္ဆာန်လေးများကဲ့သို့ ယဉ်ကျေးစွာ ပြုမူနေကြသည်။
“ ဆရာနတ်မင်းလို့ ခေါ်တဲ့သူ ခိုင်းသမျှကို အကုန်လုပ်ချင်ကြတယ်တဲ့လား”
“ သူတို့ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကို အရှက်ရအောင် လုပ်မိမှာ မကြောက်ကြဘူးလား”
“ ပိုပြီးတော့ အရေးကြီးတာတစ်ခုက အဲဒီမိန်းကလေးကလည်း သူတို့ကို မတားဘူးပဲ”
“ ကြည့်ရတာ သူတို့က ဒီတာအိုကိုယ်တော်ကြီးကို ဒီလိုပုံစံမျိုးနဲ့ပဲ ဆက်ဆံနေကြထင်တယ်…”
“ ဒီလူက ဘယ်သူများလဲ”
“ အထွတ်အမြတ်မြေကတောင် သူ့ကို လေးစားနေရတယ်ဆိုတော့ အဆင့်မြင့် ကျင့်ကြံသူများလား”