ကြမ္မာဓားချီ မဟာဘီး၊ ကောင်းကင်ဧကရာဇ်၏ သားတော်
Vol. 13 Ch. 180
အခန်း (၁၈၀) ကြမ္မာဓားချီ မဟာဘီး၊ ကောင်းကင်ဧကရာဇ်၏ သားတော်
ဖူစန်းသစ်ပင်အောက်။
ဖန်းလျန်ဟာ ကောင်းကင်ကို မော့ကြည့်လိုက်တဲ့အခါမှာ ကောင်းကင်ပြင်တစ်ခုလုံး ဖြူဖွေးနေပြီး နှင်းတွေနဲ့ ပြည့်နှက်နေတာကို တွေ့လိုက်ရပါတယ်။
ထူလင်းအာက ရေရွတ်လိုက်ပါတယ် “ဒီနှင်းတွေက တစ်ခုခု မဟုတ်သေးဘူး”
ဝီရိယတောင်မှာ တာအိုစက်ကွင်းရှိတဲ့အတွက် နှင်းတွေဟာ အထဲကို မဝင်နိုင်ပါဘူး။ ဒါကြောင့် ဝီရိယတောင်တစ်ခုတည်း နှင်းဖုံးလွှမ်းခြင်းမခံရတဲ့ နေရာတစ်ခု ဖြစ်လာပါတယ်။
ခေါင်းငါးလုံး မြွေနဂါးဘုရင်က သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “ဘာ မဟုတ်တာတုန်း”
“ဒီနှင်းထဲမှာ စိတ်ဝိညာဉ်ချီပါတယ်” အာတက ပြောလိုက်ပါတယ်။ ရွှေကျီးကန်းနှစ်ကောင်လည်း ခေါင်းမော့ပြီး ကောင်းကင်ပြင်ကို ကြည့်လိုက်ပါတယ်။ ရန်ထျန်တုန်း၊ ချူရှီရန်၊ ငရဲကြက်နက်နဲ့ ပဋိပက္ခကောင်းကင်ခွေးတို့လည်း ပတ်ဝန်းကျင်ကို ကြည့်လိုက်ကြပါတယ်။
ဒီအချိန်မှာပဲ။
ဟန်ကျွယ်နဲ့ ဝူတောက်ကျန့်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲကနေ ထွက်လာပြီး ဖူစန်းသစ်ပင်အောက်ကို လျှောက်လာပါတယ်။
“ကောင်းကင်ရုံးတော် လာတော့မယ်” ဟန်ကျွယ်ဟာ ထိုင်လိုက်ပြီး ညင်သာစွာ ပြောလိုက်ပါတယ်။
ကောင်းကင်ရုံးတော်။
လူတိုင်းဟာ နှလုံးလှုပ်သွားကြပါတယ်။ ဒဏ္ဍာရီထဲမှာ ကောင်းကင်ရုံးတော်က အမတနတ်ဘုရားတွေကို ကိုယ်စားပြုပါတယ်။ ဖန်းလျန်ဟာ ကောင်းကင်ရုံးတော်က သေမျိုးကမ္ဘာကို ရှင်းလင်းချင်မှန်း သိထားတာကြောင့် မျက်နှာအမူအရာ ပြောင်းသွားပါတယ်။
“ဘာကိုဆိုလိုတာလဲ” ထူလင်းအားဟာ ဟန်ကျွယ်စကားကို နားမလည်ပါဘူး။
ဖန်းလျန်က ချက်ချင်းပဲ သူသိထားသမျှကို ရှင်းပြလိုက်ပါတယ်။ ဖန်းလျန်ရဲ့စကားအဆုံးမှာတော့ လူတိုင်း မျက်နှာပျက်သွားပါတယ်။
‘အမတနတ်ဘုရားတွေက သေမျိုးကမ္ဘာကို ရှင်းလင်းချင်တာလား’
‘ဒါက ကပ်ဘေးမဟုတ်ရင် ဘယ်ဟာက ကပ်ဘေး ဖြစ်နိုင်အုန်းမှာလဲ’
ဟန်ကျွယ်က အေးအေးဆေးဆေးပဲ ပြောလိုက်ပါတယ် “ငါ အမတတွေကို ဟန့်တားဖို့ ပြင်ဆင်ထားတယ်” လူတိုင်းဟာ ဟန်ကျွယ်ကို အံဩတကြီး ကြည့်လိုက်ပါတယ်။ သူတို့တွေဟာ ဟန်ကျွယ်က အရမ်းစွမ်းအားကြီးမှန်း သိပါတယ်။ ဒါပေမဲ့ ကောင်းကင်ရုံးတော်ကို ခုခံနိုင်လောက်တဲ့အထိ စွမ်းအားကြီးလိမ့်မယ်လို့တော့ ထင်မထားပါဘူး။
“ကောင်းကင်ရုံးတော်က သူတို့အင်အား အကုန်လုံးကို စေလွှတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ သူတို့က ကောင်းကင်စစ်သား အနည်းငယ်ကိုပဲ စေလွှတ်မှာ၊ ငါ သူတို့ကို ဟန့်တားပြီး ကောင်းကင်ရုံးတော်ကို ငါမှာ အရည်အချင်းရှိကြောင်း ပြလိုက်မယ်၊ ပြီးရင် သေမျိုးကမ္ဘာရဲ့ ငြိမ်းချမ်းရေးနဲ့ ကောင်းကင်ရုံးတော်ထဲ ဝင်ဖို့ကို လဲလှယ်လိုက်မယ်” ဟန်ကျွယ်က ပြုံးလိုက်ပါတယ်။
ဟန်ကျွယ်က အေးအေးဆေးဆေး ပြောလိုက်ပေမဲ့ သူတပည့်တွေကတော့ ဖိအားကြီးတစ်ခုကို ခံစားလိုက်ရပါတယ်။
ငရဲကြက်နက်က မနေနိုင်ဘဲ ပြောလိုက်ပါတယ် “သခင်... သခင်က ဘုံပျံတက်လို့ရနေပြီပဲ၊ ဘာလို့ ကျွန်တော်တို့ကို ခေါ်ပြီး ထွက်မပြေးတာလဲ” ငရဲကြက်နက်ဟာ ဟန်ကျွယ်အနေနဲ့ ကောင်းကင်ရုံးတော်ကို သူသေကိုယ်သေ တိုက်စရာ မလိုဘူးလို့ တကယ်ခံစားနေရတာပါ။
ဟန်ကျွယ်က ပြုံးပြီး ပြောလိုက်ပါတယ် “အရင်ဆုံး ကြိုးစားကြည့်တာပါ၊ ငါတို့တွေ ကောင်းကင်စစ်သားတွေကို မဟန့်တားနိုင်ရင်တော့ ထွက်ပြေးကြရမှာပဲ”
ထူလင်းအာက မျက်မှောင်ကြုတ်သွားပါတယ် “ဆရာသခင်က ထွက်ပြေးနိုင်တယ်၊ ကျွန်မတို့ကရော ဘာလုပ်ရမှာလဲ”
“မစိုးရိမ်ပါနဲ့၊ ဘုံပျံတက်ရင် ဒီတောင်ကို ငါနဲ့အတူ တစ်ပါတည်း သယ်သွားမှာပါ”
ဟန်ကျွယ်စကားက အမှန်ပါ။ ဝီရိယတောင်ဟာ တာအိုစက်ကွင်းရှိနေတာကြောင့် ကောင်းကင်တာအိုကို ဟန့်တားနိုင်စွမ်း ရှိပါတယ်။ အကယ်၍ ဟန်ကျွယ် ဘုံပျံတက်သွားမယ်ဆိုရင် သူ့တပည့်တွေ ဝီရိယတောင်က မထွက်သမျှကာလပတ်လုံး ဘာမှမဖြစ်ပါဘူး။ အမတကမ္ဘာရဲ့ စွမ်းအားကြီးလှတဲ့ အမတချီဒဏ်ကိုလည်း ခံစားရမှာ မဟုတ်ပါဘူး။
ခေါင်းငါးလုံး မြွေနဂါးဘုရင်က ကြိမ်းမောင်းလိုက်ပါတယ် “သူတို့ကိုယ်သူတို့ အမတနတ်ဘုရားလို့လည်း ခေါ်သေးတယ်၊ သေမျိုးကမ္ဘာကိုလည်း သံသယတစ်ခုတည်းနဲ့ ရှင်းလင်းချင်တယ်၊ ဘာလို့ တစ်ခါတည်း မိစ္ဆာတွေကို သွားမတိုက်တာလဲ၊ ကောင်းကင်ရုံးတော်က မိစ္ဆာမျိုးနွယ်စုကို သွားမတိုက်နိုင်ဘူးဆိုတာ ကျွန်တော် မယုံဘူး၊ သူတို့တွေက အပေါ်ယံ သကြားဖြူးချင်နေတာပဲ၊ သေမျိုးကမ္ဘာက နတ်ဆိုးလမ်းစဉ်ကို ရှင်းလင်းဖို့အတွက် ကျွန်တော်တို့အားလုံးကို သတ်မယ်ဆိုတော့ ကျွန်တော်တို့အကုန်လုံးက အစတေးခံတွေလို့ ဆိုလိုတာပဲ”
ခေါင်းငါးလုံး မြွေနဂါးဘုရင်ဟာ ဒီလိုပရိယာယ်မျိုးကို အရင်က သုံးဖူးပါတယ်။
ဘာပဲဖြစ်ဖြစ် သေမျိုးကမ္ဘာကို တိုက်ရိုက်ရှင်းလင်းတာက ဘယ်လိုပဲတွေးတွေး မှန်ကန်တဲ့လုပ်ရပ် မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီသေမျိုးကမ္ဘာကို လက်ယာလမ်းစဉ်က အုပ်စိုးတာမို့လို့ပါ။ တစ်ခြားသူတွေကလည်း ကောင်းကင်ရုံးတော်က ရက်စက်လွန်းတယ်လို့ ခံစားလိုက်ရပါတယ်။
ပဋိပက္ခကောင်းကင်ခွေးဟာ ချူရှီရန်ကိုကြည့်ပြီး လှောင်ပြောင်လိုက်ပါတယ် “မင်းပြောတဲ့အတိုင်းသာ ငါတို့တွေ ကျင့်ကြံမှုကို စွန့်လွှတ်လိုက်ရင် ကောင်းကင်ရုံးတော်က လာသတ်တာကို ထိုင်စောင့်နေရမှာပဲ”
ချူရှီရန်ဟာ မျက်မှောင်ကြုတ်သွားပြီး တော်တော်လေး မသက်မသာ ဖြစ်သွားပါတယ်။ ဒါပေမဲ့ ပဋိပက္ခကောင်းကင်ခွေး ပြောတာက လုံးဝမှန်ကန်ပါတယ်။ သူသာ ကျင့်ကြံမှုကို စွန့်လွှတ်လိုက်ရင် ငြိမ်းချမ်းရင်မပြောနဲ့ သေမျိုးကမ္ဘာတစ်ခုလုံးကို ပျက်စီးသွားတာကို ထိုင်ကြည့်နေရမှာပါ။
“ဆရာဘိုးဘိုး... ဆရာသခင်နဲ့ ဆရာတူအစ်ကိုကို ကျွန်တော်တို့တွေ ပြန်ခေါ်သင့်တယ်မလား” ဖန်းလျန်က မေးလိုက်ပါတယ်။
“ငါ ပြန်ခေါ်ထားပြီးပြီ” ဟန်ကျွယ်ဟာ ရွှင်ချန်အန်းနဲ့ မုရုံချီကို လမ်းခြောက်သွယ်အမှတ်အသားကနေ သတင်းပေးပြီးပါပြီ “ကြိုးစားကျင့်ကြံချည်၊ ဒါမှ ငါ့ရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို အမြန်ဆုံးမျှဝေနိုင်မှာ”
လူတိုင်းဟာ ဟန်ကျွယ်စကားကြောင့် ရှက်သွားကြပြီး အကောင်းဆုံးကြိုးစား ကျင့်ကြံကြပါတယ်။ ချူရှီရန်တောင် ဆုံးဖြတ်ချက် ပြတ်ပြတ်သားသားချပြီး စတင်ကျင့်ကြံပါတယ်။ ချူရှီရန်အရည်အချင်းက လူတိုင်းကို ကြက်သေသေသွားစေပြီး ဟန်ကျွယ်ကိုတောင် လန့်သွားစေပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ချူရှီရန်ဟာ တစ်နှစ်အတွင်း ရွှေဓာတ်လုံးအဆင့်ကို ရောက်သွားလို့ပါပဲ။ ဂိမ်းထဲမှာဆိုရင် ခိုးဆော့နေသလိုပါပဲ။
ဟန်ကျွယ်ဟာ ဒီအဖြစ်ကြောင့် မဟာအဂ္ဂဗုဒ္ဓက ဘယ်လောက်ထိ စွမ်းအားကြီးလဲဆိုတာ သိချင်သွားပါတယ်။ ဒါ့အပြင် မဟာဗုဒ္ဓငါးပါးက ရှန်စစ်သူကြီးထက် စွမ်းအားကြီးတဲ့ တည်ရှိမှုတွေဆိုတာ သဘောပေါက်သွားပါတယ်။
မျက်တောင်တစ်ခတ်အတွင်းမှာ နောက်ထပ် ၁၄ နှစ် ကုန်ဆုံးသွားပြီး ရွှင်ချန်အန်းနဲ့ မုရုံချီတို့ ပြန်ရောက်လာပါတယ်။
မုရုံချီဟာ တစ်ခြားလူတစ်ယောက်လို လုံးဝပြောင်းလဲသွားပြီး ခန္ဓာကိုယ်တစ်ခုလုံးကနေ စိုးမိုးခြယ်လှယ်တက်တဲ့ အင်အားတစ်ခုကို ထုတ်လွှတ်နေပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ပေါင်းစပ် ပဥ္စမအဆင့်ကို ကျောက်တက်သွားပြီး ဆဋ္ဌမအဆင့်နဲ့တောင် တော်တော်လေး နီးကပ်နေပါပြီ။ တကယ်ကို ရှန်နန်းတော်ရဲ့ စစ်နတ်ဘုရား ဝင်စားတာပါ။
ရွှင်ချန်အန်းကတော့ အရင်လို စိတ်ဓာတ်ကျ အားပျက်နေတုန်းပါပဲ။ ပြောစရာရှိတာဆိုလို ချူရှီရန်က ရွှင်ချန်အန်းနဲ့ အတော်လေး ရင်းနှီးပြီး အမြဲလိုလို စကားပြောကြပါတယ်။ ရွှင်ချန်အန်းကလည်း ချူရှီရန်ကို တော်တော်လေး သဘောကျပါတယ်။ ရွှင်ချန်အန်းဟာ သူ့တပည့်နှစ်ယောက်နဲ့စာရင် ချူရှီရန်နဲ့ ရင်းရင်းနှီးနှီးပိုရှိပြီး စကားပိုပြောဖြစ်ပါတယ်။
ဟန်ကျွယ်ဟာ ဒီမြင်ကွင်းကြောင့် ထူးထူးဆန်းဆန်း ဖြစ်သွားပါတယ်။ ဘဝဟောင်းမှာတုန်းက ရွှင်ချန်အန်းဟာ ဗုဒ္ဓဂိုဏ်း ပြုစုပြိုးထောင်ခဲ့တဲ့ သဘာဝရတနာတစ်ခုသာ ဖြစ်ပြီး ချူရှီရန်ကတော့ မဟာအဂ္ဂဗုဒ္ဓ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုလက်ရှိမှာတော့ ရွှင်ချန်အန်းဟာ ချူရှီရန်ရဲ့ ဆရာတူဦးလေး ဖြစ်လာပါတယ်။
ဒါကြောင့် သူတို့နှစ်ယောက်ရဲ့ ဆက်နွှယ်မှုက ပရမ်းပတာ အနေအထားပါ။
ချူရှီရန် စတင်ကျင့်ကြံကတည်းက ရန်ထျန်တုန်းဟာ ဘဝမြင့်လာပါတယ်။ ရန်ထျန်တုန်း ဘဝမြင့်ချင်လည်း မြင့်စရာပါ။ ဘာဖြစ်လို့လဲဆိုတော့ ချူရှီရန်ရဲ့ ကျင့်ကြံမှုစွမ်းရည်က တကယ်ကို အံမခန်းမို့လို့ပါပဲ။
ချူရှီရန်ဟာ ၁၄ နှစ်အတွင်းမှာပဲ ကနဦးဝိညာဉ်အဆင့်ကို ထိုးဖောက်နိုင်ခဲ့ပါတယ်။ ဖန်းလျန်နဲ့ မုရုံချီတောင် ချူရှီရန်ရဲ့ အရည်အချင်းကို လိုက်မမီပါဘူး။
ဖန်းလျန်နဲ့ မုရုံချီဟာ ချူရှီရန်ရဲ့ အရည်အချင်းကြောင့် လန့်ဖျပ်သွားပြီး ကြိုးကြိုးစားစား ကျင့်ကြံအားထုတ်ကြပါတယ်။
ကျင့်ကြံခြင်းလိုဏ်ဂူအတွင်း။
ဟန်ကျွယ်ဟာ ကျင့်ကြံရင်းနဲ့ ဝူတောက်ကျန့်ကို ပညာသင်ပေးနေပါတယ်။ ဝူတောက်ကျန့်ရဲ့ အရည်အချင်းကလည်း အရမ်းထက်မြက်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဝူတောက်ကျန့်ဟာ အမတနတ်ဘုရားဆီကနေ တာအိုအကြောင်းကို ကြားသိခဲ့ရသူပါ။ ဝူတောက်ကျန့်ဟာ ချူရှီရန်၊ ဖန်းလျန်နဲ့ မုရုံချီတို့ကို မယှဉ်နိုင်ပေမဲ့ ရန်ထျန်တုန်း၊ ငရဲကြက်နက်နဲ့ ပဋိပက္ခကောင်းကင်ခွေးတို့ထက်တော့ အများကြီးသာပါသေးတယ်။
[ကောင်းကင်ဧကရာဇ်သည် သင့်အား ဖြေရှင်းရန်အတွက် သူ့သားတော်အား စေလွှတ်လိမ့်မည်။ သင့်တွင် အောက်ပါရွေးချယ်မှုများရှိသည်။]
[၁။ ချက်ချင်းဘုံပျံတက်၍ ကောင်းကင်ရုံးတော်နှင့် သူသေကိုယ်သေ တိုက်ခိုက်ခြင်းကို ရှောင်ကြဉ်ပါ။ ဆုလာဘ်အဖြစ် ကျပမ်း သဘာဝရတနာတစ်ပါးကို ရရှိမည်။]
[၂။ ဘုံပျံမတက်ဘဲ ကောင်းကင်ရုံးတော် သေမျိုးကမ္ဘာသို့ ဆင်းသက်မည့်အချိန်ကို စောင့်ဆိုင်းပါ။ ဆုလာ်အဖြစ် ဆန်းကြယ်စွမ်းအားတစ်ပါးနှင့် ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးကို ရရှိမည်။]
ရုတ်တရက်ပေါ်လာတဲ့ စာကြောင်းသုံးကြောင်းကြောင့် ဟန်ကျွယ်ဟာ ကြက်သေသေသွားပါတယ်။
‘ကောင်းကင်ဧကရာဇ်ရဲ့ သားတော်လား’
‘ငါ သူ့ကို သတ်လို့ မဖြစ်ဘူး’
ကောင်းကင်စစ်သားတွေကို သတ်လိုက်ရင် ကောင်းကင်ဧကရာဇ်က စစ်သားတွေကို အစားပြန်ထိုးလို့ရပါတယ်။ ဒါပေမဲ့ ကောင်းကင်ဧကရာဇ်ရဲ့ သားကို သတ်လိုက်ရင်တော့ အစားပြန်ထိုးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။
‘ငါ ချက်ချင်း ဘုံပျံတက်သင့်လား’
‘မဟုတ်သေးဘူး... အခုနေ ငါဘုံပျံတက်ရင် တာအိုသခင်တန်ချင်း၊ ပြဒါးငှက်နဲ့ တစ်ခြားအမတတွေကို ရင်ဆိုင်ရလိမ့်မယ်’
‘ဒီလောက်နှစ်အကြာကြီး ကျင့်ကြံပြီးမှတော့ အစွမ်းပြဖို့ အချိန်တန်ပြီ’
‘နောက်ဆုံး မနိုင်ရင်လည်း ထွက်ပြေးလို့ရတာပဲ’
ဟန်ကျွယ်ဟာ ဘုံပျံမတက်ဖို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။
[ကြမ္မာဓားချီ မဟာဘီး ဆန်းကြယ်စွမ်းအားအား ရရှိခြင်းအတွက် ဂုဏ်ယူပါသည်။]
[ကြမ္မာဓားချီ မဟာဘီး: ဓားတာအိုဆန်းကြယ်စွမ်းအားနှင့် ကံဆန်းကြယ်စွမ်းအား ပေါင်းစပ်ထားခြင်းတည်း။ ဓားချီမှ ကံဘီးအဖြစ် ဖန်းတီနိုင်ပြီး အရာအားလုံးအား စုပ်ယူအား ကံကြမ္မာကို ဖြတ်တောက်နိုင်သည်။ စုပ်ယူခံရသူအားလုံး၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်သည် လုံးဝဖျက်ဆီးခံရလိမ့်မည်။]
[ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံးအား ရရှိခြင်းအတွက် ဂုဏ်ယူပါသည်။]
နက်မှောင်တဲ့ ခန်းမတစ်ခုမှာ ရုတ်တရက် တံခါးပွင့်သွားပြီး တောက်ပလွန်းတဲ့ရွှေရောင်က အမှောင်ထုကို ဖယ်ရှားလိုက်ပါတယ်။ ခန့်ညားထည်ဝါတဲ့ ကောင်းကင်ဧကရာဇ်ဟာ ခန်းမထဲ ပျံသန်းလာပြီး နတ်တန်ခိုးကို ဖြန့်ကျက်လိုက်ပါတယ်။
ခန်းမထဲမှာ ကျင့်ကြံအားထုတ်နေတဲ့ ငွေရာင်ချပ်ဝတ်နဲ့ လူတစ်ယောက်ဟာ မျက်လုံးဖွင့်ကြည့်လိုက်ပါတယ်။ သူဟာ ချက်ချင်းမတ်တတ်ရပ်ပြီး ဒူးထောက်ကာ ကောင်းကင်ဧကရာဇ်ကို အရိုအသေ ပေးလိုက်ပါတယ်။
ဒီငွေရောင်ချပ်ဝတ်နဲ့လူဟာ ကောင်းကင်ဧကရာဇ်ရှေ့မှာ ပုရွက်ဆိတ်တစ်ကောင်လို သေးငယ်ပါတယ်။ ဒါပေမဲ့ ဒီငွေရောင်ချပ်ဝတ်နဲ့လူရဲ့ မျက်နှာမှာ မာနတရားရော သူကိုယ်သူ ယုံကြည်မှုရော အပြည့်ရှိနေပါတယ်။
ကောင်းကင်ဧကရာဇ်ဟာ ငွေရောင်ချပ်ဝတ်နဲ့လူကို ငုံ့ကြည့်ပြီး ပြောလိုက်ပါတယ် “ရှန်အာ... နတ်ဆိုးသူတော်စင်ကိစ္စက ပြီးဆုံးတော့မယ်၊ ကောင်းကင်အပြစ်ပေးမှု ပြီးတာနဲ့ ငါ မင်းကို သေမျိုးကမ္ဘာဆီ ဆင်းသက်ပြီး သေမျိုးကမ္ဘာကို ရှင်းလင်းစေချင်တယ်၊ သေမျိုးကမ္ဘာမှာ ပါရမီရှင်တစ်ယောက် ပေါ်လာတယ်၊ သူက ကောင်းကင်အမတအဆင့်ကိုတောင် ရောက်နေလောက်ပြီ၊ မင်းအကောင်းဆုံး ကြိုးစားပြီး သူနဲ့ တိုက်ခိုက်ပါ”
လုံရှန်လို့ခေါ်တဲ့ ငွေရောင်ချပ်ဝတ်နဲ့လူဟာ ကောင်းကင်ဧကရာဇ်ရဲ့ သားတော်ဖြစ်ပါတယ်။ လုံရှန်ရဲ့ မယ်တော်က နဂါးစစ်မျိုးနွယ်စုကပါ။ လုံရှန်က တအံတဩ မေးလိုက်ပါတယ် “သူကျင့်ကြံမှုက ဒီလောက်မြင့်နေတာတောင် ဘာလို့ ဘုံပျံမတက်တာလဲ”
“အမတဧကရာဇ်တစ်ပါးက ကောင်းကင်တာအိုကျောက်တုံးကို သေမျိုးကမ္ဘာဆီ ပစ်ချခဲ့ဖူးတယ်၊ ဒီကျောက်တုံးကို သူရထားတာ ဖြစ်မယ်၊ ဒီကောင်လေးက အဲဒီအမတဧကရာဇ်နဲ့ ဆက်စပ်နေတာဆိုတော့ မင်းအားကုန် ထုတ်တိုက်ချည်၊ နည်းနည်းမှာ ညှာတာနေစရာ မလိုဘူး”
“ကျွန်တော် သူ့ကို သတ်လို့ရလား”
“ရတယ်”
စကြဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။