အခန်း ၆၉၂
Vol. 47 Ch. 692
အပိုင်း ၆၉၂ :ကျွန်မ စိတ်လှုပ်ရှားမိတယ်
ပစ္စည်းပို့သမားတစ်ယောက်အတွက်နှင့် သူ(မ)၏ယောကျ်ားက သူ(မ)ကို ပြန်ရန်တွေ့ပြီး "ကွာရှင်းမယ်"ဟုပင် ပြောထွက်လာလိမ့်မည်ဟု လီယင် အိပ်မက်ပင်မမက်ဖူးပေ။
"သူက သာမန်ပစ္စည်းပို့သမားတစ်ယောက်လေ။ သူ့ကို ကျွန်မက တောင်းပန်ရအောင် သူက ဘာအရည်အချင်းရှိလို့လဲ"
လီယင်က သူ(မ)ရှေ့ရှိ ယဲ့ချန်းကို လက်ညှိုးထိုး၍ ပြောလိုက်သည်။
ယဲ့ချန်း၏ မျက်နှာထက်တွင် ဘာဒေါသအရိပ်အယောင်မှ ရှိမနေပေ။ ဤသို့နှယ် မောက်မာဝင့်ကြွားနေသူမျိုးကို သူ့ဘက်ကလည်း အဖက်မလုပ်ချင်ပေ။
တစ်ဖက်တွင်မူ ဥက္ကဋ္ဌယဲ့ရှေ့တွင် သူ့မိန်းမ ဤမျှအထိ ရိုင်းစိုင်းမောက်မာနေဆဲဖြစ်ကြောင်း မြင်လိုက်ရသော လျိုယန်မှာ ဒေါသထောင်းခနဲထွက်သွားတော့သည်။
"ဖြန်း"
ညချမ်း၏ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သော ပါးရိုက်သံအကျယ်ကြီးတစ်သံ ထွက်ပေါ်လာပြန်သည်။
လီယင်၏မျက်နှာတစ်ခုလုံး ပူထူသွားပြီး မျက်ရည်များလည်း စီးကျလာကာ သူ(မ)၏ယောကျ်ားကို မယုံကြည်နိုင်ဟန်ဖြင့် ကြည့်လိုက်သည်။
သူ(မ) စကားမပြောနိုင်ခင်မှာပင် လျိုယန်က ဒေါသတကြီးဖြင့် ပြောလိုက်၏။
"မင်း အခု ဘယ်သူနဲ့ စကားပြောနေတာလဲဆိုတာ သိလား။ ဒါက ငါတို့ကုမ္ပဏီရဲ့ဥက္ကဋ္ဌ... ဥက္ကဋ္ဌယဲ့ကွဉ မင်းက သူ့ကိုတောင် တောင်းပန်ခိုင်းရဲသေးတယ်ပေါ့။ မင်း ဘာတွေတွေးနေတာလဲ"
ယဲ့ချန်း ဘာမှမပြောခြင်းမှာ ဒေါသမထွက်ဘူးဟု ဆိုလိုခြင်းမဟုတ်ကြောင်း လျိုယန် ကောင်းကောင်းသိသည်။
သူ့ရာထူးကို ရဖို့အတွက် သူ့အနေနှင့် အများကြီး ကြိုးစားခဲ့ရသည်ဖြစ်ရာ သူ့မိန်းမ၏ မိုက်မဲမှုကြောင့်တော့ ပျက်စီးမခံနိုင်ပေ။
ယဲ့ချန်းကို ထပ်ဒေါသထွက်စေမည့် စကားမျိုး လီယင်ပြောမိမည်ကို သူ ကြောက်နေမိသည်။ ထိုအကျိုးဆက်ကို သူ လုံးဝတာဝန်မယူနိုင်ပေ။
"ဘာ... ဥက္ကဋ္ဌယဲ့လား"
ထိုနာမည်ကို ကြားလိုက်ရသောအခါ လီယင်၏ရင်ထဲ ထိတ်ခနဲဖြစ်သွားသည်။
ယဲ့ချန်းရှေ့တွင် သူ(မ) ဘယ်လောက်မောက်မာခဲ့ပြီး သူ့ကို ဘယ်လိုလှောင်ပြောင်ခဲ့ကြောင်း ပြန်တွေးမိသောအခါ လီယင် ကြက်သီးထသွားသည်။
ဥက္ကဋ္ဌယဲ့က စကားတစ်ခွန်းတည်းဖြင့် သူ(မ)ယောကျ်ား၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်ကြောင်း သူ(မ) သိသည်။
သူ(မ)၏မိသားစုက ဆင်းရဲသောကြောင့် ချမ်းသာသော ယောကျ်ားတစ်ယောက်ရရန် မလွယ်ကူခဲ့ချေ။ သူ(မ)၏ တစ်မိသားစုလုံးကလည်း ဤယောကျ်ားကိုသာ အားကိုးနေရခြင်းပင်။
လျိုယန်နှင့် လက်ထပ်ပြီးကတည်းက သူ(မ) အလုပ်မလုပ်တော့ပေ။ အကယ်၍ သူသာ အလုပ်ပြုတ်သွားလျှင် သူ(မ)တို့မိသားစု ဒုက္ခရောက်ပေတော့မည်။
လီယင်က ဇိမ်ကျကျနေရသည့် ဘဝကို ကျင့်သားရနေပြီဖြစ်ရာ ယခင်ကလို ပင်ပန်းဆင်းရဲသည့် ဘဝမျိုးကို ပြန်မသွားချင်တော့ပေ။
"ဥက္ကဋ္ဌယဲ့... ကျွန်မအမှားတွေပါ။ ကျွန်မ မောက်မာမိသွားပါတယ်။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါရှင်"
လီယင်ခမျာ ယဲ့ချန်းကို တောင်းပန်လိုက်သည်။
ယဲ့ချန်းကမူ ဘာမှမပြောဘဲ လျိုယန်၏ ပခုံးကို ပုတ်ကာ ကားမောင်းထွက်သွားခဲ့သည်။
ဖြည်းညင်းစွာ ထွက်ခွာသွားသော ကားကို ကြည့်ရင်း လျိုယန်၏ ခြေအစုံကား ခွေယိုင်သွားပြီး မြေကြီးပေါ်သို့ ထိုင်လျက်လဲကျသွားလေတော့သည်။
ကံကောင်းထောက်မ၍ ယဲ့ချန်းက သူနှင့် သူ့မိန်းမကို အငြိုးမထားပေ။ မဟုတ်ပါက သူ့အလုပ်ကို ထိန်းထားဖို့အတွက် လီယင်နှင့် ကွာရှင်းမိမည်သာ။
နာရီကို ကြည့်လိုက်သော် ည၇နာရီပင် ထိုးနေချေပြီ။ တစ်နေကုန် အလုပ်လုပ်ပြီးနောက် ယဲ့ချန်းလည်း ပင်ပန်းနေလေပြီ။ သို့သော် သူ အမြန်ချောပို့လုပ်နေခြင်းမှာ ပိုက်ဆံအတွက် မဟုတ်ပါဘဲ စနစ်၏ဆုလာဘ်များအတွက်သာ ဖြစ်သည်။
ထို့ကြောင့် ယဲ့ချန်းမှာ မနက်က ညအထိ မနားတမ်းအလုပ်လုပ်ရသည့် အခြားပစ္စည်းပို့သမားများလို ပင်ပင်ပန်းပန်း လုပ်စရာမလိုပေ။
ပါဆယ်နောက်တစ်ထုပ်ကို သွားပို့ပြီးမှ အိမ်ပြန်နားတော့မည်ဟု သူ ဆုံးဖြတ်လိုက်သည်။
ပါဆယ်ထုပ်ပေါ်က ဖုန်းနံပါတ်ကို သူ ခေါ်လိုက်သော်လည်း ဖုန်းမကိုင်ပေ။
ယဲ့ချန်းလည်း လိပ်စာအတိုင်းလိုက်သွားပြီး ပင်လယ်ရှုခင်းအိမ်ရာဟူသော အိမ်ရာဂိတ်ဝကို မောင်းလာခဲ့သည်။ ထို့နောက် ရှစ်လွှာကို ဓာတ်လှေကားဖြင့် တက်သွားပြီး တံခါးခေါက်လိုက်လေသည်။
တံခါးပွင့်လာချိန်တွင် ရုပ်ရည်ရမှတ်၉၀အထက်ရှိသော မိန်းကလေးတစ်ယောက် ထွက်လာပြီး ကြည်လင်လှသော သမင်မျက်လုံးလေးများဖြင့် ယဲ့ချန်းကို ပြုံးပြ၍ မေးလေသည်။
"အစ်ကို ဘာကိစ္စရှိလို့လဲ"
"ကျေးဇူးတင်ပါတယ်"
ထိုမိန်းကလေးက ယဉ်ကျေးစွာ ဆိုလာလေသည်။
ပါဆယ်ထုပ်ကို မိန်းကလေး၏လက်ထဲသို့ ထည့်ပေးပြီးနောက် ယဲ့ချန်း လှည့်ထွက်လာခဲ့သည်။
ယဲ့ချန်း၏ကျောပြင်ကို ငေးကြည့်ရင်း ထိုမိန်းကလေးမှာ ခဏမျှ မှင်တက်သွားသည်။
ဒီလူက အရမ်းချောတာပဲ...
သူ့ကို နောက်တစ်ခေါက် ပြန်တွေ့ရဖို့ မျှော်လင့်မိသည်။
ယဲ့ချန်းလည်း အောက်ထပ်သို့ ဆင်းလာပြီးနောက် ကားတံခါးဖွင့်ရန် ပြင်လိုက်ချိန် သူ့စိတ်ထဲတွင် စနစ်၏အသိပေးသံ ရုတ်တရက်ထွက်ပေါ်လာသည်။
[တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိတဲ့အတွက် ပိုင်ရှင့်ကို ဂုဏ်ပြုပါတယ်။ စပီဒီအမြန်ချောပို့ကုမ္ပဏီရဲ့ ရှယ်ယာ၄၀ရာခိုင်နှုန်းကို ဆုလာဘ်ချီးမြှင့်ပါတယ်]
စနစ်၏ အသိပေးသံကို ကြားလိုက်ရသောအခါ ကုမ္ပဏီနောက်တစ်ခု ပိုင်ဆိုင်ခွင့်ရလိုက်သည့်အတွက် ယဲ့ချန်း အလွန်ဝမ်းသာသွားသည်။
သူ အလုပ်အကိုင်ပြောင်းလိုက်ကတည်းက အလွန်ရက်ရောသော ဆုလာဘ်များကို ပေးနေသဖြင့် စနစ်က အလွန်အထင်ကြီးဖို့ကောင်းလှသည်။
ယဲ့ချန်းလည်း ကားတံခါးဖွင့်၍ ကားထဲဝင်လိုက်ပြီးနောက် လင်းဝမ်ယိုစောင့်နေသည့် ဟွားစံအိမ် အမှတ်တစ်ဗီလာသို့ မောင်းလာခဲ့လိုက်သည်။
"သခင်လေး ပြန်ရောက်ပြီလား"
လင်းဝမ်ယိုက ချိုသာစွာ စကားဆိုလိုက်သည်။
"ကိုယ့်ကို လွမ်းနေတာလား"
ယဲ့ချန်းကမူ စနောက်လိုက်သည်။
လင်းဝမ်ယို၏ မျက်နှာလှလှလေးမှာ နီရဲသွားပြီး ရှက်ရဲရဲဖြင့် ပြန်ပြောလိုက်၏။
"သခင်လေးက အရမ်းဆိုးတယ်နော်... လူကိုလာစနေတယ်"
"ကဲပါ... မစတော့ပါဘူး။ ကိုယ် ရေအရင်သွားချိုးလိုက်ဦးမယ်"
ယဲ့ချန်းက ထိုသို့ပြောပြီး အိပ်ခန်းဘက်သို့ လျှောက်သွားလေသည်။
လင်းဝမ်ယိုကမူ ညစာပြင်ဆင်ရန် မီးဖိုချောင်ထဲသို့ ဝင်သွားပြီး ကြိုတင်ပြင်ဆင်ထားသော ပါဝင်ပစ္စည်းများကို ဆေးကြောကာ ပန်းကန်ပြားထဲတွင် ထည့်လိုက်သည်။
ရေချိုးပြီးနောက် ယဲ့ချန်းက ဖုန်းထုတ်၍ စုဝမ်ယိကို ဖုန်းဆက်လိုက်သည်။
"ဝမ်ယိ... အခုရော အဘိုးရဲ့အခြေအနေ ဘယ်လိုနေသေးလဲ"
ယဲ့ချန်းက စိုးရိမ်တကြီးမေးလိုက်သည်။
"ယဲ့ချန်း... ရှင်ပေးထားတဲ့ဆေးကို သောက်ပြီးကတည်းက အဘိုးက တော်တော်သက်သာလာတယ်။ ကျွန်မအတွက် စိတ်မပူပါနဲ့"
စုဝမ်ယိကလည်း ပြုံးလျက် ပြန်ပြောချေသည်။
"ကောင်းပြီလေ...ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နော်။ လိုအပ်တာရှိရင် ကိုယ့်ဆီဖုန်းဆက်လိုက်"
ယဲ့ချန်းက မှာကြားလိုက်သည်။
"အင်းပါ... ရှင်လည်း အလုပ်တွေအရမ်းမလုပ်နဲ့။ ဂရုစိုက်ဦးနော်"
စုဝမ်ယိက စာနာနားလည်စွာဖြင့် ပြောလိုက်သည်။
ဖုန်းချပြီးနောက် ယဲ့ချန်း သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်မိသည်။ စုဝမ်ယိက မိန်းမကောင်းတစ်ယောက်ပင်။ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ပြီး သန်မာသည်။ သူ့ဆီက ဘာဆိုဘာမှ တောင်းဆိုလေ့မရှိဘူးဟု သူ တွေးလိုက်မိသည်။
ယခုလိုအခြေအနေမျိုးမှာ ယဲ့ချန်းအနေနှင့် သူ(မ)အနားတွင် ရှိနေပေးသင့်သည်ဟု ခံစားရသည်။ အထူးသဖြင့် စုဝမ်ယိက ကျိုတိုမှာ တစ်ယောက်တည်း ဖြစ်နေပေသည်။ သို့သော် ထိုမိန်းကလေးက အတင်းပြန်ခိုင်းနေ၍သာ သူ ပြန်လာခဲ့ရသည်။
စုဝမ်ယိက သူ့အတွက် တွေးပေးခြင်းဖြစ်ကြောင်း ယဲ့ချန်း သိသည်။ သူ့အလုပ်များက မိုတုမြို့တွင် ရှိနေသဖြင့် သူ(မ)အနေနှင့် သူ့အလုပ်များကို မနှောင့်ယှက်ချင်သောကြောင့် ကျိုတိုမှာ တစ်ယောက်တည်းနေဖို့ ဆုံးဖြတ်ခဲ့သည်။
အခန်းထဲက ထွက်လာသောအခါ လင်းဝမ်ယိုတစ်ယောက် မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေသည်ကို တွေ့လိုက်ရသဖြင့် အထဲကို ဝင်သွားလိုက်သည်။
ယဲ့ချန်းကို မြင်သော် လင်းဝမ်ယိုက ပြုံးပြ၍ ပြောလိုက်၏။
"သခင်လေး... ဧည့်ခန်းထဲမှာ တီဗီသွားကြည့်နေလိုက်လေ။ ခဏနေရင် ထမင်းစားလို့ရပြီ"
ယဲ့ချန်းက လင်းဝမ်ယို၏စကားကို နားမထောင်ဘဲ ပြုံးတုံ့တုံ့ဖြင့် စကားဆိုလေသည်။
"ဝမ်ယို... မင်းက တစ်နေကုန် အပြင်မှာ အလုပ်ရှုပ်လာတာလေ။ ကိုယ်ပဲ ချက်လိုက်ပါ့မယ်"
ထိုသို့ပြောပြီးနောက် ယဲ့ချန်းက လင်းဝမ်ယိုကို မီးဖိုချောင်ထဲက အသာခေါ်ထုတ်သွားပြီး သူကိုယ်တိုင် စတင်ချက်ပြုတ်တော့သည်။
သူ့ရှေ့ရှိ ဟင်းချက်ပစ္စည်းများကို ကြည့်လိုက်သောအခါ အားလုံးက သူအကြိုက်ဆုံးအရာများဖြစ်နေသဖြင့် ကြည်နူးသွားရသည်။ သူသည် ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံး ယောကျ်ားတစ်ယောက်ပါလားဟု တွေးလိုက်မိသည်။
သူ့ပတ်ဝန်းကျင်ရှိ အမျိုးသမီးများက သူ့အတွက် ထောင့်စေ့အောင် စဉ်းစားပေးကြသည်။ သူ့စီးပွားရေးလုပ်ငန်းများ ကြီးထွားလာသည်နှင့်အမျှ သူတို့၏အကူအညီသာ မပါလျှင် သူလုပ်ချင်ရာ လုပ်နိုင်မည်မဟုတ်ပေ။
မကြာခင်မှာပင် ယဲ့ချန်းက ပူပူနွေးနွေးချက်ပြုတ်ထားသော ဟင်းလျာများကိုကိုင်၍ မီးဖိုချောင်ထဲက ထွက်လာခဲ့လိုက်သည်။
ဝက်နံရိုးချိုချဉ်ကြော်၊ အမဲသားပြုတ်၊ ငါးအရသာဝက်သားဟင်း၊ ဇီရာစေ့သိုးသားဟင်း။ နောက်ဆုံးဟင်းလျာကို ချပေးလိုက်ပြီးနောက် လင်းဝမ်ယိုခမျာ စိတ်လှုပ်ရှားသွားသည်။
မိန်းကလေးတစ်ယောက်အနေနှင့် သူ(မ)မှာ အသားသိပ်မကြိုက်ပါဘဲ ဟင်းသီးဟင်းရွက် စားရခြင်းကို ပိုနှစ်သက်သည်။
လင်းဝမ်ယို အကြိုက်ဆုံးဟင်းလျာမှာ ဟင်းသီးဟင်းရွက်မျိုးစုံနှင့် လုပ်ထားသည့် သက်တန့်ရောင်အသုပ်ပင်။
လုပ်ရသည်မှာ အလွန်လက်ဝင်သောကြောင့် သူ(မ)ကိုယ်တိုင်လည်း လုပ်စားခဲလှသည်။
ယနေ့တွင်မူ ယဲ့ချန်းက အလုပ်ရှုပ်ခံ၍ သူ(မ)အတွက် လုပ်ပေးထားသည်ကို မြင်လိုက်ရသောအခါ သူ(မ)လည်း မကြည်နူးဘဲ ဘယ်နေနိုင်မည်နည်း။
လင်းဝမ်ယို၏ အမြင်တွင် ယဲ့ချန်းက တခြားယောကျ်ားများနှင့် မတူပေ။ သူသည် သူ(မ)ကို အထင်မသေးသည့်အပြင် ရိုးသားစစ်မှန်စွာ ဆက်ဆံပေးသည်။
ထို့ကြောင့် သူ(မ)အနေနှင့် ဘာရာထူး၊ ဘာဂုဏ်ဒြပ်မှ မရှိလျှင်ပင် ဤယောကျ်ား၏ နံဘေးတွင် နေချင်ပေသည်။
လင်းဝမ်ယို၏ မျက်လုံးများ နီရဲနေသည်ကို မြင်သော် ယဲ့ချန်း နားမလည်နိုင်လောက်အောင် ဖြစ်သွားသည်။
ခုနလေးတင် အကောင်းကြီးပါ။ ဘာလို့ ငိုနေရတာလဲ။ နေများမကောင်းလို့လား။
"ဝမ်ယို... ဘာဖြစ်လို့လဲ။ နေမကောင်းလို့လား"
ယဲ့ချန်းကလည်း စိုးရိမ်တကြီး မေးလိုက်သည်။
ယဲ့ချန်း၏ စိုးရိမ်နေသော အမူအရာကို မြင်သောအခါ လင်းဝမ်ယိုက အမြန်ပြောလိုက်၏။
"သခင်လေး.... ကျွန်မ ကြည်နူးသွားလို့ပါ။ သခင်လေးက ကျွန်မအပေါ် အရမ်းကောင်းလွန်းလို့လေ"
"ငတုံးမလေး... မင်းက ကိုယ့်မိန်းမပဲ။ ကိုယ်က မင်းအပေါ် ကောင်းရမှာပေါ့။ လျှောက်တွေးမနေနဲ့တော့။ ဟင်းတွေမအေးခင် စားရအောင်"
ယဲ့ချန်းက ပြန်ဖြေလိုက်သည်။
•••••••••••••••••••••