အခန်း ၆၉၃
Vol. 47 Ch. 693
အပိုင်း ၆၉၃ : ထိတ်လန့်ခြင်း
ခဏအကြာမှာပင် စားပွဲပေါ်ရှိ အရသာရှိသော ဟင်းလျာများအားလုံး ပြောင်စင်သွားတော့သည်။
ယဲ့ချန်းက အစကမူ သူကိုယ်တိုင် သန့်ရှင်းရေးလုပ်ချင်ခဲ့သော်လည်း လင်းဝမ်ယိုက အတင်းတားနေသောကြောင့် ဘေးဖယ်ပေးလိုက်ရသည်။
လင်းဝမ်ယို စားပွဲရှင်း၍ ပန်းကန်များဆေးကြောပြီးနောက် ဧည့်ခန်းသို့ ပြန်လာခဲ့သည်။
ယဲ့ချန်း ဆိုဖာပေါ်တွင် အိပ်ပျော်နေသည်ကို သူ(မ) တွေ့လိုက်ရသည်။
သူ(မ)လည်း ယဲ့ချန်းကို လှုပ်နှိုးပြီး အိပ်ခန်းထဲတွင် သွားအိပ်ရန် အချက်ပြလိုက်သည်။
လင်းဝမ်ယိုကို မတွေ့ရသည်မှာ ရက်တော်တော်ကြာပြီဖြစ်လေရာ ဤအလှလေးကို ယဲ့ချန်း ဘယ်လိုလုပ်ပြီး အလွတ်ပေးနိုင်မည်နည်း။
လိုက်ကာများအကြား နေရောင်ခြည်များ ဖြာကျလာသည်။ အလင်းရောင်ကြောင့် ယဲ့ချန်း မျက်လုံးပွင့်လာပြီး သူ့ဘေးတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲဖြစ်သော မိန်းကလေးကို ကြည့်လိုက်သည်။
ယဲ့ချန်း အသာအယာထလိုက်သော်လည်း လင်းဝမ်ယိုကတော့ နိုးလာလေပြီ။
"သခင်လေး... ဘာလို့ ဒီလောက်စောစောထတာလဲ"
လင်းဝမ်ယိုက နာရီကိုကြည့်ရင်း မေးလိုက်သည်။
"ဪ... ကိုယ် လုပ်စရာကိစ္စလေးတွေ ရှိသေးလို့ပါ"
ယဲ့ချန်းကလည်း ပြန်ဖြေလိုက်သည်။
သူ နာရီကို တစ်ချက်လှမ်းကြည့်လိုက်လေရာ နှုတ်ခမ်းများ တွန့်ကွေးသွားသည်။ အချိန်က ကိုးနာရီခွဲတောင် ရှိနေပြီဖြစ်ရာ သူ တကယ်နောက်ကျနေပြီဟုပင် ပြောရမည်။
"သခင်လေး... ခဏစောင့်ပါဦး။ ကျွန်မ မနက်စာ ပြင်ပေးမယ်။ စားပြီးမှ သွားလေ"
လင်းဝမ်ယိုကလည်း အိပ်ရာထဲက ထပြီး အဝတ်အစားလဲလိုက်သည်။
"မလိုပါဘူး။ မင်း နည်းနည်းလောက် ထပ်အိပ်လိုက်ဦး"
ထိုသို့ပြောပြီးနောက် ယဲ့ချန်းက သူ(မ)၏နဖူးလေးကို နမ်းလိုက်သည်။
လင်းဝမ်ယိုက လိမ္မာကျိုးနွံစွာဖြင့် ခေါင်းညိတ်ပြလိုက်ပြီး နွေးထွေးသော စောင်ပုံထဲသို့ ပြန်ဝင်သွားသည်။
မျက်နှာသစ်၍ ကိုယ်လက်သန့်စင်ပြီးနောက် ယဲ့ချန်းမှာ ကူလီနန်ကားကိုမောင်း၍ အမြန်ချောပို့ဌာနဆီသို့ ထွက်လာခဲ့သည်။
သူသည် အိမ်တိုင်ရာရောက် မပို့ဆောင်ခင် အမြန်ချောပို့ဌာနတွင် ပါဆယ်ထုပ်များကို သွားယူရပေမည်။
အမြန်ချောပို့ကုမ္ပဏီထဲသို့ ယဲ့ချန်း ဝင်သွားသည်နှင့် ဆဲဆိုကြိမ်းမောင်းသံများကို ကြားလိုက်ရသည်။
"ဝက်ဦးနှောက်... မင်း မှားပို့ပြန်ပြီလား။ မင်းကိုယ်မင်း ဘာတွေလုပ်နေတယ်လို့ ထင်နေတာလဲ"
အထက်စီးဆန်ဆန်ပုံစံပေါက်သော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က အရပ်ခပ်ပုပု ခပ်ဝဝလူငယ်တစ်ယောက်ကို လက်ညှိုးထိုး၍ ပြောဆိုနေသည်။
ထိုလူငယ်လေးကမူ ဘာစကားမှ မပြောရဲသဖြင့် ခေါင်းသာ ဆက်တိုက်ညိတ်နေရှာသည်။
ဘေးပတ်ဝန်းကျင်ရှိ အခြားလူများကလည်း တိတ်ဆိတ်နေကြပြီး သူတို့ကိုယ်တိုင် အမှားလုပ်ထားသကဲ့သို့ အားလုံး ခေါင်းငုံ့ထားကြသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ယဲ့ချန်း အလွန်ဒေါသထွက်သွားသည်။ ထိုလူငယ်လေးကို သူမသိသော်လည်း မန်နေဂျာက ဝန်ထမ်းကို ယခုလို ဆဲဆိုကြိမ်းမောင်းနေသည်ကို သူ လက်ပိုက်ကြည့်မနေနိုင်ပေ။
"ပစ္စည်းပို့သမားတွေလည်း လူတွေပါပဲ။ သူတို့မှာလည်း ဂုဏ်သိက္ခာရှိတယ်။ ခင်ဗျားက သူများကို ဒီလောက်တောင် အရှက်မရှိ ကြိမ်းမောင်းနေရသလား"
ယဲ့ချန်း ဒေါသတကြီး ပြောချလိုက်သည်။
မန်နေဂျာကျန်းက ထိုလူများကို အူလှိုက်သည်းလှိုက် အထင်သေးနေသောကြောင့် ယဲ့ချန်းရောက်နေသည်ကို အစောက သတိမထားမိခဲ့ပေ။
သူ့ရှေ့ရှိ ချောမောခန့်ညားသော လူငယ်လေးကိုကြည့်၍ မန်နေဂျာကျန်းက အေးစက်စက်လေသံဖြင့် ပြောလိုက်၏။
"မင်းကိုယ်မင်း ဘယ်သူများမှတ်နေလို့ ငါ့ကိစ္စကို လာစွက်ဖက်ရဲရတာလဲ"
ခေါင်းငုံ့၍ ဘာမှမပြောဘဲ အသာငြိမ်နေသော ပစ္စည်းပို့သမားများက ထိုလူငယ်၏ မောက်မာသော စကားများကြောင့် ယဲ့ချန်းကို ခေါင်းဆောင်တစ်ဦးဟုပင် ထင်သွားသည်။ နောက်ဆုံးတော့ သူတို့အတွက် ထွက်ပြောပေးမည့်လူ ပေါ်လာပြီဟု ထင်ခဲ့ကြသော်လည်း ယဲ့ချန်း၏ အဖြေကို ကြားလိုက်ရသောအခါ အားလုံး ဆွံ့အသွားကြသည်။
"ဪ... ကျွန်တော်က ပစ္စည်းပို့သမားပါ"
ယဲ့ချန်းကမူ အေးဆေးတည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။
ဒုန်း...
ယဲ့ချန်းဟုခေါ်သော ဤပစ္စည်းပို့သမား သေချာပေါက် ဒုက္ခရောက်တော့မည်။ သို့မဟုတ် အလုပ်ပြုတ်သွားနိုင်ကြောင်း အားလုံး သိလိုက်ကြသည်။
ဤကောင်လေးက ခဏတာ သူရဲကောင်းလုပ်ချင်ရုံသက်သက် ဖြစ်နိုင်သော်လည်း မန်နေဂျာ၏ ဒေါသကိုတော့ သူ ခံနိုင်ရည်ရှိမည်မဟုတ်ပေ။
"ဪ... အသစ်ရောက်လာတာလား။ မင်းနာမည် ဘယ်လိုခေါ်လဲ။ အရင်က မင်းကို ငါမမြင်ဖူးပါလား"
မန်နေဂျာကျန်းက လှောင်ပြောင်လေဟန် မျက်နှာထားဖြင့် မေးလိုက်သည်။
တကယ်တော့ သူက ဤလူငယ်လေး၏ နာမည်ကို ဂရုစိုက်နေခြင်းမဟုတ်ပါဘဲ သူ့ကို အမြန်ချောပို့ကုမ္ပဏီထဲက မောင်းထုတ်ရန် ဆင်ခြေတစ်ခု လိုချင်နေခြင်းသာ။
ယဲ့ချန်းက ပြုံးလျက် ပြောလိုက်၏။
"ဟုတ်တယ်။ ကျွန်တော့်နာမည် ယဲ့ချန်းလို့ခေါ်တယ်"
ထိုနာမည်ကို ကြားလိုက်ရသောအခါ မန်နေဂျာကျန်း၏ မျက်နှာထားက ပိုဆိုးဝါးသွားသည်။ မနေ့က အမျိုးသမီးတစ်ယောက်ထံမှ တိုင်ကြားစာတစ်ခု ရရှိခဲ့သည်။ ထိုတိုင်ကြားစာမှာ ဤယဲ့ချန်းကို တိုင်ကြားထားခြင်း ဖြစ်နေပေသည်။
"အင်း... ယဲ့ချန်း မနေ့က အလုပ်စဝင်တဲ့ ပထမဆုံးနေ့မှာတင် မင်း ကွန်ပလိန်းအတက်ခံရတယ်။ မင်းက ပစ္စည်းပို့သမားလုပ်ဖို့ လုံးဝမသင့်တော်ဘူးလို့ ငါထင်တယ်"
မန်နေဂျာကျန်းက ဒေါသထွက်နေသည့် မျက်နှာထားဖြင့် ပြောလိုက်သော်လည်း သူ့ရင်ထဲတွင်မူ ပျော်ရွှင်မြူးတူးနေသည်။
သူ့ဘက်က အပြစ်ရှာစရာပင် မလိုတော့ဘဲ သူ့ရှေ့မှာတင် အဆင်သင့်ရှိနေချေသည်။
မန်နေဂျာကျန်း၏ စကားကို ကြားလိုက်ရသောအခါ အားလုံးက ထိုခပ်ချောချောလူငယ်လေးကို သနားကရုဏာသက်ဟန်ဖြင့် ကြည့်လိုက်ကြသည်။ မန်နေဂျာကျန်းက အငြိုးကြီးသူဖြစ်ကြောင်း သူတို့ သိထားကြသည်။ ယဲ့ချန်းက သူ့ကို ထိပ်တိုက်ရင်ဆိုင်လိုက်ပြီဖြစ်ရာ အလုပ်ပြုတ်တော့မည်မှာ သေချာနေပေသည်။
"အဲဒီမိန်းမက ကျိုးကြောင်းဆီလျော်မှုမရှိတာ။ ကျွန်တော့်ဘက်က ဘာအမှားမှ မလုပ်ခဲ့ဘူးလို့ ထင်ပါတယ်"
ယဲ့ချန်းကမူ ထိတ်လန့်သွားခြင်း အလျဉ်းမရှိဘဲ တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
"မင်းက ပြန်ပြောရဲသေးတယ်ပေါ့လေ။ ဝန်ဆောင်မှုလုပ်ငန်းမှာ အလုပ်လုပ်ရင် ဖောက်သည်က အမြဲတမ်းမှန်တယ်ဆိုတာကို နားလည်ထားသင့်တယ်"
မန်နေဂျာကျန်းက ဒေါသတကြီးဖြင့် ပြောလိုက်သည်။
"ဪ... ဒါဆို ဖောက်သည်ပြောသမျှ အကုန်မှန်တယ်ပေါ့လေ။ ခင်ဗျားမှာ ဦးနှောက်မရှိဘူးလား"
ယဲ့ချန်းကလည်း ပြန်ချေပလိုက်သည်။
"မင်း... မင်းက သာမန်ပစ္စည်းပို့သမားဖြစ်ပြီးတော့ အထက်လူကြီးကို ပြန်အာခံရဲတယ်ပေါ့လေ။ မင်းကို ငါ အလုပ်က သေချာပေါက် ထုတ်ပစ်မယ်"
မန်နေဂျာကျန်းမှာ ဒေါသထွက်လွန်း၍ စကားများပင် ထစ်အကုန်သည်။
မန်နေဂျာဖြစ်လာကတည်းက ဘယ်ဝန်ထမ်းကမှ သူ့ကို အာမခံရဲပေ။ ယနေ့ သူ့ကို အကြိမ်ကြိမ် မလေးမစားလုပ်နေသော ယဲ့ချန်းနှင့် ကြုံလိုက်ရသောအခါ သူလည်း ဒေါသပေါက်ကွဲလေတော့သည်။
"ခင်ဗျားက မန်နေဂျာဆိုတော့ရော ဘာဖြစ်လဲ။ ကျွန်တော်တို့နှစ်ယောက်ကြားမှာ ဘာကွာလို့လဲ"
ထိုသို့ပြောပြီးနောက် သူက အခြားပစ္စည်းပို့သမားများကို လှမ်းကြည့်လိုက်သည်။
သို့သော် မည်သူကမှ သူ့ကို ထောက်ခံပြောဆိုပေးခြင်း မရှိပေ။ ယဲ့ချန်းလည်း အနည်းငယ် စိတ်ပျက်သွားသည်။ သူတို့၏ ကြောက်ရွံ့တတ်သော စိတ်ဓာတ်များကပင် မန်နေဂျာကျန်းကို ဤမျှမောက်မာလာစေရန်နှင့် သူတို့ကို လူလိုမဆက်ဆံရန် အခွင့်အရေးပေးသလို ဖြစ်နေပေသည်။
သူသည် ဤကုမ္ပဏီ၏ သူဌေးဖြစ်နေလေပြီ။ မလျော်ကန်သော ဤလုပ်ငန်းခွင်ယဉ်ကျေးမှုကို မဖြစ်မနေ ပြောင်းလဲပစ်ရမည်။
ယဲ့ချန်းကို မည်သူကမှ အရေးမစိုက်ကြောင်း မြင်သောအခါ မန်နေဂျာကျန်းက လှောင်ပြုံးပြုံးလိုက်၏။
"ဟေ့ကောင်... မြင်တယ်မလား။ လေကြီးလေကျယ် လာမပြောနဲ့။ သူတို့က အသိဉာဏ်ရှိတဲ့လူတွေမို့လို့ မင်းဘက်က ရပ်တည်ပေးလိမ့်မယ်လို့ ထင်မနေနဲ့"
ယဲ့ချန်းကမူ သူ့ကို လျစ်လျူရှု၍ အသာတွေးတောလိုက်သည်။
မန်နေဂျာကျန်းကတော့လသူ ကြောက်သွားပြီဟု ထင်သွားသဖြင့် လှောင်ပြောင်လေဟန် မျက်နှာထားဖြင့် ပြောလိုက်လေတော့သည်။
"ဟေ့ကောင်... မင်း ငါ့ကို ဒူးထောက်ပြီး အမှားဝန်ခံမယ်ဆိုရင် ငါလည်း မင်းကိုသနားပြီး ဒီကိစ္စကို ခွင့်လွှတ်ချင် ခွင့်လွှတ်ပေးမှာပေါ့"
"ယဲ့ချန်း... မင်း ဘာလို့ ဒီလောက်ခေါင်းမာနေရတာလဲ။ အခုခေတ်မှာ အလုပ်ရှာဖို့ ခက်တယ်ကွ"
"ယဲ့ချန်း... ပညာရှိဆိုတာ အခြေအနေမပေးရင် မတိုက်ခိုက်ဘူးကွ။ အမှားဝန်ခံလိုက်ရင် ပြီးသွားမယ့်ကိစ္စကို"
အားလုံးက ယဲ့ချန်းကို အလျှော့ပေးရန် ဖျောင်းဖျနေကြသည်။ မည်သို့ပင်ဖြစ်စေ ပေါင်ကို ခြေသလုံးက လိမ်မချိုးနိုင်ဘူးမဟုတ်လော။
ယဲ့ချန်းက သူတို့နှင့် မတူသည်မှာ ထင်ရှားလှသည်။ သူ့အဖို့ ပါဆယ်ထုပ်များ လိုက်ပို့နေသည်မှာ ဝမ်းရေးအတွက်မဟုတ်ပါဘဲ စနစ်၏ ဆုလာဘ်များအတွက်သာ ဖြစ်သည်။
ငွေမရှိခဲ့သည့် ယခင်အချိန်တုန်းကဆိုလျှင်လည်း ယဲ့ချန်းက အမှားဝန်ခံမည့်လူစားမျိုး မဟုတ်ပေ။ အကြောင်းမှာ သူသည် အလွန်ဖြောင့်မတ်သောကြောင့်ပင်။
ယဲ့ချန်း အမှားဝန်ခံမည့်အချိန်ကို အားလုံးက စောင့်ဆိုင်းနေကြစဉ် လုံခြုံရေးဝန်ထမ်းတစ်ယောက်က အပြင်မှ အပြေးအလွှား ဝင်လာပြီး အမောတကောဖြင့် ပြောလာလေသည်။
"မန်နေဂျာကျန်း... ရုံးချုပ်က အခုလေးတင် ဖုန်းဆက်တယ်။ သူဌေးအသစ် ဒီနေ့ ရောက်လာမယ်တဲ့။ ဒါပေမဲ့ ဝင်ပေါက်မှာရပ်ထားတဲ့ ဇိမ်ခံကားတစ်စီးက လမ်းပိတ်သလိုဖြစ်နေလို့ ကားပိုင်ရှင်ကိုဆက်သွယ်ပြီး ကားရွှေ့ခိုင်းပေးပါတဲ့"
"အင်း... ဆက်သွယ်လိုက်လေ။ ကားပိုင်ရှင်ကို ကားမြန်မြန်ရွှေ့ပေးဖို့ သွားပြော"
မန်နေဂျာကျန်း၏ မျက်နှာထားမှာ အနည်းငယ် တင်းမာသွားသည်။
သူဌေးအသစ် လာမည်ဟု သူ ကြားထားသော်လည်း ဤမျှမြန်မြန်ဆန်ဆန် ရောက်လာလိမ့်မည်ဟု မမျှော်လင့်ထားပေ။
သူဌေးသစ် ရောက်လာသည်နှင့် ဝန်ထမ်းအပြောင်းအလဲများ သေချာပေါက် ရှိလာမည်ဖြစ်၏။ မူလကတော့ ကိစ္စများကို ချောမွေ့သွားအောင် သူ စီစဉ်ထားခဲ့သော်လည်း ဤမျှမြန်မြန်ဆန်ဆန် ဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သို့သော်လည်း ခဏနေလျှင် သူ အလုပ်ကြိုးစားကြောင်း ပြသလိုက်လျှင် ပြဿနာရှိမည်မဟုတ်ဟု တွေးလိုက်မိသည်။
"မင်းပြောတာ ကူလီနန်ကားလား"
ယဲ့ချန်းက လုံခြုံရေးကိုကြည့်၍ မေးလိုက်သည်။
လုံခြုံရေးဝန်ထမ်းကမူ ကူလီနန်ဖြစ်ကြောင်း မသိသဖြင့် ဆက်ပြောလာပြန်သည်။
"ဇိမ်ခံကားပဲ"
"ဖုန်းဆက်ဖို့ မလိုပါဘူး။ ကားကို အခုချက်ချင်း သွားရွှေ့လိုက်မယ်"
ယဲ့ချန်းက အေးအေးဆေးဆေးပင် ပြောလိုက်သည်။
"ဟေ့ကောင်... မင်း ငွေရူးရူးနေတာလား။ မင်းလိုကောင်က အဲဒီလိုဇိမ်ခံကားမျိုးကို မောင်းဖို့ ဘာအရည်အချင်းများ ရှိလို့လဲ"
မန်နေဂျာကျန်း၏ မျက်နှာထက်ရှိ လှောင်ပြောင်မှုက ပိုမိုနက်ရှိုင်းသွားသည်။
ကုမ္ပဏီမန်နေဂျာဖြစ်သည့် သူကိုယ်တိုင်ပင် ထိုကဲ့သို့သော ဇိမ်ခံကားမျိုးကို မမောင်းဖူးပေ။ ပစ္စည်းပို့သမားဖြစ်သော ယဲ့ချန်းက မည်သို့မောင်းနိုင်မည်နည်း။ တွေးကြည့်လိုက်ရုံဖြင့်ပင် အလွန်ရယ်ရသည်။
လုံခြုံရေးဝန်ထမ်းက မန်နေဂျာကျန်း၏ ဆိုလိုရင်းကို နားလည်သွားပြီး ကားပိုင်ရှင်ကို ဖုန်းခေါ်ရန် သူ့ဖုန်းကို ကပျာကယာ ထုတ်လိုက်သည်။
ထိုအချိန်ဝယ် ခန်းမထဲ၌ ဖုန်းမြည်သံတစ်သံ ပဲ့တင်ထပ်သွားလေသည်။ အားလုံးလည်း တအံ့တသြဖြင့် ယဲ့ချန်းကို ကြည့်လိုက်ကြလေသည်။
••••••••••••••••••••••