← Chapters

အခန်း ၆၉၄

Vol. 47 Ch. 694

အခန်း ၆၉၄

Vol. 47 Ch. 694

အပိုင်း ၆၉၄ : နောက်တစ်ကြိမ်ထိတ်လန့်ခြင်း

"အဲဒီဇိမ်ခံကားက မင်းဟာလား"

မန်နေဂျာကျန်းမှာ မယုံနိုင်လေဟန်ပင်။

"ခင်ဗျား ဘယ်လိုထင်လို့လဲ"

ယဲ့ချန်းက ပြန်ချေပလိုက်သည်။

ဤတစ်ကြိမ်မှာတော့ မန်နေဂျာကျန်း ဘာမှမပြောနိုင်တော့ပေ။ လုံခြုံရေး ဖုန်းခေါ်လိုက်ချိန်မှာပင် ယဲ့ချန်း၏ဖုန်းက ထမြည်လာသည်မဟုတ်လော။ သူ့အနေနှင့် ဘာပြောစရာရှိဦးမည်နည်း။ ကူလီနန်ကားက ယဲ့ချန်း၏ကားဖြစ်ကြောင်း ထင်ရှားနေလေပြီ။

မန်နေဂျာတစ်ယောက်အနေနှင့် သူ့လစာက တစ်လကို ယွမ်သိန်းဂဏန်းလောက်သာ ရသည်။ ယဲ့ချန်း၏ ကူလီနန်ကားကတော့ သူ ဆယ်စုနှစ်ပေါင်းများစွာ ကြိုးစားပမ်းစားရှာဖွေမှသာ ရနိုင်မည့် တန်ဖိုးမျိုးဖြစ်ကြောင်း သူ ကောင်းကောင်းသိသည်။

အစောပိုင်းက သူ ယဲ့ချန်းကို လှောင်ပြောင်ခဲ့မိကြောင်း ပြန်တွေးမိပြီး အလွန်ရှက်ရွံ့သွားသည်။

ယဲ့ချန်းက တံခါးဝကို ဖြတ်ကျော်ကာ လုံခြုံရေးပြောသည့် ဇိမ်ခံကားနားသို့ လျှောက်သွားလိုက်သည်။

သူလည်း ကားတံခါးဖွင့်၍ ကားထဲဝင်လိုက်ပြီးနောက် ကားကို ကားပါကင်တွင် သွားရပ်ထားလိုက်သည်။

ယဲ့ချန်း ထွက်သွားသည်နှင့် ခန်းမထဲတွင် တီးတိုးပြောဆိုသံများ ဆူညံသွားတော့သည်။

"သေစမ်း... ယဲ့ချန်းက ဘဝအကြောင်း လေ့လာချင်လို့ ရောက်နေတဲ့ သူဌေးသားများလားကွာ"

"ပါဆယ်ထုပ်တွေ လိုက်ပို့ဖို့ ဇိမ်ခံကားကြီး စီးလာတယ်တဲ့။ သူဌေးတွေရဲ့ ကမ္ဘာကြီးကို ငါတို့ နားလည်နိုင်မှာ မဟုတ်ပါဘူး"

"ငါသာ အဲဒီလောက်ချမ်းသာရင် ဇိမ်ခံကားတွေ အလှလေးတွေကြားထဲမှာပဲ နေမှာ။ ဒီအမြန်ချောပို့အလုပ်ကို သေတောင်မလုပ်ဘူး"

"ကြည့်စမ်းပါဦး... အဲဒီလောက် ချမ်းသာနေတာတောင် သူက ဒီမှာ ကြိုးကြိုးစားစား အလုပ်လုပ်နေတုန်းပဲ။ ငါတော့ တကယ်ရှက်မိတယ်ကွာ"

"တီ... တီ.."

လူတစ်ယောက်၏ ဖုန်းသံကား မြည်လာခဲ့သည်။

ဖုန်းနှစ်ခါသုံးခါလောက် မြည်ပြီးမှ မန်နေဂျာကျန်း သတိပြန်ဝင်လာသည်။ သူရလိုက်သည့် အံ့အားသင့်မှုက အလွန်ကြီးမားလွန်းလှသည်။

ဖုန်းခေါ်ဆိုသူ၏ နာမည်ကို မြင်လိုက်ရသောအခါ မန်နေဂျာကျန်းလည်း ကပျာကယာ ဖုန်းကိုင်လိုက်၏။ တစ်ဖက်မှ ဒေါသတကြီး အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။

"ကျန်းထောင်... မင်း ဘယ်တွေသွားနေတာလဲ။ ဘာလို့ ဖုန်းကိုင်တာ ဒီလောက်ကြာနေရတာလဲ"

"ဥက္ကဋ္ဌကျောက်... ဘာများအမိန့်ပေးစရာရှိလို့လဲဗျ"

မန်နေဂျာကျန်းက ပြန်မဖြေဘဲ မေးခွန်းသာ ပြန်ထုတ်လိုက်သည်။

လူငယ်လေးတစ်ယောက်ကြောင့် သူ အံ့သြမှင်တက်နေရသည်ဟုတော့ သူ ပြောမထွက်ပေ။

"သူဌေးအသစ်က မကြာခင် မင်းဆီကို ရောက်လာလိမ့်မယ်။ ငါလည်း အဲဒီကိုလာမှာ။ သူ့ကို သေချာဧည့်ခံနော်။ ပေါ့ပေါ့ဆဆမလုပ်နဲ့။ ဒါက မင်းအတွက် အခွင့်အရေးကြီးတစ်ခုပဲ။ ငါ့မျက်နှာကို အိုးမည်းမသုတ်နဲ့နော်"

ကျောက်မင်က သေချာမှာကြားလိုက်သည်။

"ဟုတ်ကဲ့... ဟုတ်ကဲ့ပါ ယောက်ဖ စိတ်ချပါ"

ကျန်းထောင်က ထောင့်တစ်နေရာတွင် ပုန်းကွယ်ရင်း ကပျာကယာ ခေါင်းညိတ်လိုက်သည်။

ကျန်းထောင်က ကျောက်မင်၏ ယောက်ဖဖြစ်ပြီး ကုမ္ပဏီထဲတွင် ဤယောက်ဖ၏ စောင့်ရှောက်မှုကြောင့် အဆင်ပြေနေသူဖြစ်ကြောင်း အားလုံး သိထားကြသည်။

ကျောက်မင်က ကုမ္ပဏီ၏ အထက်တန်းအဆင့် စီမံခန့်ခွဲသူတစ်ယောက် ဖြစ်သောကြောင့် ကုမ္ပဏီ၏ အပြောင်းအလဲများကို သူ ကောင်းကောင်းသိထားသည်။

ယဲ့ချန်း ပြန်လာသည်ကို မြင်သောအခါ လူတိုင်း၏ မျက်နှာထက်တွင် အားကျလေးစားလေဟန် အမူအရာများ ထင်ဟပ်နေသည်။

စောစောက အဆူခံလိုက်ရသော ခပ်ဝဝကောင်လေးက ယဲ့ချန်းဆီသို့ လျှောက်လာပြီး လက်ဆန့်ထုတ်၍ ပြုံးလိုက်၏။

"မင်္ဂလာပါ အစ်ကိုယဲ့... ကျွန်တော့်နာမည်က ကောချန်ပါ။ အစ်ကိုက ဘဝအတွေ့အကြုံယူချင်လို့ ရောက်လာတဲ့ သူဌေးသားပဲဖြစ်ရမယ်"

ယဲ့ချန်းကလည်း ယဉ်ကျေးစွာ လက်ပြန်ကမ်းပေးလိုက်ပြီး ပြောလိုက်သည်။

"မင်္ဂလာပါ ကောချန်.. ဘဝအတွေ့အကြုံယူချင်တယ်ဆိုတာတော့ မှန်ပေမဲ့ ငါက ပထမမျိုးဆက် သူဌေးပါ"

ကောချန်က ယဲ့ချန်းနှင့် ရင်းနှီးအောင် ကြိုးစားနေသည်ကို မြင်သောအခါ အခြားလူများလည်း ငြိမ်မနေနိုင်တော့ပေ။

သူတို့အားလုံး ယဲ့ချန်းအနားသို့ စုရုံးလာပြီး သူတို့ရှေ့ရှိ ချောမောပြီး ချမ်းသာသော လူငယ်လေးကို မျက်နှာချိုသွေးကြတော့သည်။

"အစ်ကိုယဲ့... အစ်ကို တပည့်လေးဘာလေးများ မလိုဘူးလားဗျ"

"အစ်ကိုချန်း... အခုကစပြီး အစ်ကို့နောက်ကို ကျွန်တော် လိုက်တော့မယ်"

"အစ်ကိုယဲ့... ကျွန်တော်က အစ်ကို့ညီလေးပါပဲ။ အစ်ကို့အတွက်ဆိုရင် မီးတောင်ကိုပဲ ဖြတ်ရဖြတ်ရ... ရေထဲပဲ ဆင်းရဆင်းရပါ"

ယဲ့ချန်း : "..."

ကျန်းထောင်က ဘေးနားတွင်ရပ်ပြီး လူအုပ်ကြီးကို အာရုံမစိုက်နိုင်သေးပေ။ သူဌေးအသစ်ရောက်လာလျှင် အထင်ကြီးခံရအောင် ဘာပြောရမည်၊ ဘာလုပ်ရမည်ကိုသာ တွေးနေသည်။

သို့သော် ကျောက်မင်ပါ လာမည်ဖြစ်သောကြောင့် သူ သိပ်စိတ်ပူစရာမလိုပေ။ သူ့အနေနှင့် သူ့ယောက်ဖလုပ်သမျှ နောက်က လိုက်လုပ်ရုံသာ။

ကျန်းထောင်က လူအုပ်ကြီးကို ကြည့်၍ ပြောလိုက်လေသည်။

"အားလုံး လူစုခွဲပြီး အလုပ်ပြန်လုပ်ကြတော့။ မှတ်ထား။ ဖောက်သည်ဆိုတာ ဘုရင်ပဲ"

သို့သော် ယဲ့ချန်းအပေါ်ထားသော သူ့သဘောထားမှာ ပြောင်းလဲသွားပြီဖြစ်ရာ အစောကလို ရန်လိုသည့်ပုံစံမျိုး မရှိတော့ပေ။

ယဲ့ချန်းက အခြားပစ္စည်းပို့သမားများကို ပြောလိုက်၏။

"ဒီည ငါ ဒကာခံမယ်။ မယ်ရီယော့ဟိုတယ်မှာ ဆုံကြတာပေါ့"

"အစ်ကိုယဲ့... အစ်ကိုက အရမ်းရက်ရောတာပဲ"

ကျန်းထောင်ကလွဲ၍ အားလုံးက တစ်ပြိုင်နက်တည်း ပြောလိုက်ကြသည်။

ဤပစ္စည်းပို့သမားများနှင့် ဆက်ဆံရေးကောင်းခြင်းမှာ သူ့အတွက် ရာထူးတိုး၊ လစာတိုးစေမည်မဟုတ်ဘဲ သူဌေးအသစ်ကို သေချာဧည့်ခံနိုင်မှသာ သူ့အနာဂတ်လည်း တောက်ပနိုင်မည်ဟု ကျန်းထောင် တွေးလိုက်သည်။

ယဲ့ချန်း ထွက်သွားတော့မည့်အချိန်တွင် ကျောက်မင် လျှောက်လာသည်ကို မြင်လိုက်ရ၏။

သူ့ယောက်ဖကို မြင်သည်နှင့် ကျန်းထောင်က ကပျာကယာ ပြေးသွားသော်လည်း ကျောက်မင်ကမူ သူ့ကို လျစ်လျူရှု၍ ယဲ့ချန်းဆီကို လျှောက်လာပြီး တရိုတသေဆိုလေသည်။

"မင်္ဂလာပါ သူဌေး.. ကျွန်တော်က စီးပွားရေးမန်နေဂျာ ကျောက်မင်ပါ"

ကျောက်မင် ယဲ့ချန်းကို ခေါ်လိုက်သည့်နာမည်ကို ကြားလိုက်ရသောအခါ အားလုံး မှင်တက်သွားကြသည်။

ဤလူငယ်လေးက သူဌေးအသစ်ဖြစ်ကြောင်း ကျန်းထောင် သဘောပေါက်သွားသည်။ ထို့ကြောင့် ယဲ့ချန်းနားသို့ ကပျာကယာသွားပြီး ရိုရိုသေသေ နှုတ်ဆက်လိုက်သည်။

"မင်္ဂလာပါ သူဌေး... ခုနက ကျွန်တော် ပြစ်မှားမိတာတွေအတွက် တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ"

အစကမူ ကျောက်မင်သည် ကျန်းထောင်ကို မိတ်ဆက်ပေးရန် စီစဉ်ထားသော်လည်း ကျန်းထောင်၏ စကားကို ကြားလိုက်ရသည်နှင့် သူ့အပြုံးများ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

သူသည် ကျန်းထောင်ကို ဒေါသတကြီး လှမ်းကြည့်လိုက်သော်ငြား ယဲ့ချန်းကတော့ တိတ်ဆိတ်လျက်သာ။

ကျန်းထောင်ခမျာ ခြေထောက်များ တုန်ယင်လာသည်အထိ ကြောက်ရွံ့နေချေသည်။ သူ့ရှေ့ရှိ လူငယ်လေးက သူဌေးအသစ်ဖြစ်နေလိမ့်မည်ဟု မထင်ထားပေ။

ကျောက်မင်လည်း အမြန်ချောပို့ယူနီဖောင်းဝတ်ထားသည့် ယဲ့ချန်းကို ပထမဆုံးမြင်လိုက်ရချိန်တွင် အံ့အားသင့်သွားခဲ့သေးသည်။ သို့သော် ယဲ့ချန်း၏ ဓာတ်ပုံကို မြင်ဖူးထားသောကြောင့် ဤလူငယ်လေးက သူဌေးအသစ်ဖြစ်ကြောင်း အမြန်မှတ်မိလိုက်သည်။

ကြောက်ရွံ့မှုနှင့် စိုးရိမ်ပူပန်မှုများကြောင့် ကျန်းထောင်ခမျာ စကားများပင် ထစ်အကုန်သည်။

"ဥက္ကဋ္ဌကျောက်... သူက သူဌေးအသစ်မှန်း ကျွန်တော် မသိခဲ့ဘူး။ ခုနလေးတင် ဝန်ထမ်းတွေကို ကျွန်တော်ဆူပူနေတုန်းက သူဌေးက ကျွန်တော့်ကို စကားနည်းနည်းလာပြောတာကို ကျွန်တော် အာခံခဲ့မိတယ်။ ကျွန်တော် မှားမှန်း သိပါပြီ"

ထိုသို့ပြောပြီးနောက် ကျန်းထောင် အကြီးအကျယ် နောင်တရသွားသည်။ ထိုလူငယ်လေးက သူဌေးဖြစ်ကြောင်းသာ သူကြိုသိခဲ့လျှင် ယဲ့ချန်းရှေ့တွင် မောက်မောက်မာမာ ပြုမူရဲမည်မဟုတ်ပေ။

ယခုမူ သူ့အနေနှင့် ရာထူးတိုး၊ လစာတိုးဖို့ပင် မတွေးရဲတော့ဘဲ လက်ရှိနေရာလေး မြဲနေလျှင်ပင် ကျေနပ်ရပေမည်။

"ဘာ... ကျန်းထောင် မင်း အလုပ်မလုပ်ချင်တော့ဘူးလား။ သူဌေးအသစ်ကို မင်းက ပြန်အာခံရဲတယ်ပေါ့လေ။ သူဌေးက မင်းကို ခွင့်မလွှတ်ဘူးဆိုရင် ငါလည်း ဘာမှမလုပ်ပေးနိုင်ဘူး"

ကျောက်မင်က မျက်နှာသာမပေးဘဲ ပြောလိုက်သည်။

ကျောက်မင်ကသာ မိန်းမကြောက်တစ်ယောက် မဟုတ်ခဲ့လျှင် ဤကုမ္ပဏီ၌ သူ့ယောက်ဖကို လာရောက်လုပ်ကိုင်ခွင့်ပြုမည် မဟုတ်ပေ။

ကျန်းထောင်သည် ရောက်လာကတည်းက ပြဿနာများစွာ ရှာခဲ့သဖြင့် ကျောက်မင်ခမျာ သူ့နောက်ကလိုက်၍ မရေမတွက်နိုင်အောင် ရှင်းပေးခဲ့ရသည်။ စိတ်မပါသော်လည်း မိန်းမ၏ ဖိအားပေးမှုကြောင့် သူ့တွင် ရွေးချယ်စရာ မရှိခဲ့ပေ။

သူဌေးအသစ်ရှေ့တွင် သူ့ယောက်ဖသာ အလုပ်ကြိုးစားကြောင်း ပြသနိုင်ပါက ရာထူးတိုး၊ လစာတိုးများ ရနိုင်မည်ဟု သူ တွေးထားခဲ့သည်။ သို့သော် ဤသကောင့်သားက အလွန်တုံးအပြီး သူဌေးကိုပင် အာခံခဲ့လေသည်။

သူတို့၏ဆက်ဆံရေးက ကောင်းမွန်သော်လည်း သူ့ယောက်ဖကို ကူညီရန်အတွက် ကျောက်မင်အနေနှင့် သူ့ရာထူးကိုတော့ မရင်းနိုင်ပေ။ ဤပြဿနာကောင် သူ့ဘာသာသူ ဖြေရှင်းရပေတော့မည်။

သူ့မိန်းမက သူ့ကို အပြစ်တင်လာလျှင်လည်း ဤတစ်ကြိမ်တွင်မူ ကျောက်မင်၌ ဖြေရှင်းစရာ အကြောင်းပြချက် ရှိနေပြီဖြစ်၏။

အကြောက်လွန်ပြီး မျက်နှာတစ်ခုလုံး ဖြူရော်နေသည့် ကျန်းထောင်ကို ကြည့်ရင်း ယဲ့ချန်းက ပြောလိုက်လေသည်။

"မန်နေဂျာကျန်း... ကျွန်တော့်အပေါ်ထားတဲ့ ခင်ဗျားရဲ့ သဘောထားက အရင်နဲ့ အခု လုံးဝကွာခြားသွားပါလား။ ကျွန်တော်က သူဌေးဖြစ်နေတော့ ခင်ဗျားက မျက်နှာချိုသွေးတယ်။ ကျွန်တော့်ကို ဝန်ထမ်းလို့ ထင်တုန်းကတော့ ခင်ဗျားက ဆူပူတယ်။ လှောင်ပြောင်တယ်။ ပြီးတော့ သရော်သေးတယ်။ ခင်ဗျားက မန်နေဂျာဖြစ်ဖို့ လုံးဝမသင့်တော်ဘူးလို့ ကျွန်တော်ထင်တယ်"

ကျန်းထောင် စကားမပြောနိုင်ခင်မှာပင် ယဲ့ချန်းက ဆက်ပြောလေသည်။

"ဝန်ဆောင်မှုလုပ်ငန်းတစ်ခုရဲ့ မန်နေဂျာတစ်ယောက်အနေနဲ့ ခင်ဗျားက ပထမဆုံး ကိုယ့်လက်အောက်ငယ်သားတွေကို ညီအစ်ကိုတွေလို ဆက်ဆံရမယ်။ အထက်စီးက မနေရဘူး။ ဒုတိယအချက်အနေနဲ့ ဝန်ဆောင်မှုလုပ်ငန်းမှာ ဖောက်သည်က ဘုရင်ဆိုတဲ့ မူဝါဒကို ကျွန်တော် လက်ခံပေမယ့် အကြောင်းပြချက်မခိုင်လုံတဲ့ ဖောက်သည်တွေနဲ့ ကြုံလာရတဲ့အခါ ကိုယ့်အဖွဲ့သားတွေကို ကာကွယ်မပေးဘဲ အပြစ်တင်နေမယ်ဆိုရင် လုပ်ဖော်ကိုင်ဖက်တွေ စိတ်ဓာတ်ကျသွားပြီး အဲဒီလိုအဓိပ္ပာယ်မရှိတဲ့ ဖောက်သည်တွေလည်း ပိုအတင့်ရဲလာလိမ့်မယ်။ အဲဒီလိုဆိုရင် ကျွန်တော်တို့ အလုပ်ကို ဘယ်လိုဆက်လုပ်လို့ရတော့မှာလဲ"

အစကတော့ ကျန်းထောင် ကောချန်ကို ဆူပူသလို ယဲ့ချန်းကလည်း သူဌေးတစ်ယောက်အနေနှင့် ကျန်းထောင်ကို ကြိမ်းမောင်းမည်ဟု အားလုံးက ထင်ထားခဲ့ကြသည်။ သို့သော် ယဲ့ချန်းက အပြောအဆို ညက်ညောပြေပြစ်နေသဖြင့် အားလုံး အံ့သြသွားရသည်။

ကျောက်မင်မှာ ဤနေရာသို့ ရောက်မလာခင်အထိ သူဌေးအသစ်ကို ဘာမှနားမလည်သည့် သူဌေးသားပေါက်စတစ်ယောက်ဟုသာ ထင်ထားသည်။ သို့သော် ယဲ့ချန်း၏ စကားများကို ကြားလိုက်ရပြီးနောက် သူ့ရှေ့ရှိ လူငယ်လေးကို မလေးစားဘဲ မနေနိုင်တော့ပေ။

•••••••••••••••••••••

All Chapters