အခန်း ၆၉၅
Vol. 47 Ch. 695
အပိုင်း ၆၉၅ : လုပ်ပုံကိုင်ပုံက နည်းနည်းတော့ ရက်စက်လွန်းတယ်
ယဲ့ချန်းက ငယ်ရွယ်သော်လည်း သူဌေးတစ်ယောက်၏ အရှိန်အဝါမျိုး ရှိပြီး အနာဂတ်အလားအလာရှိသော လူငယ်ပါရမီရှင်တစ်ဦးဟုပင် ဆိုနိုင်သည်။
အစောပိုင်းက သူဌေးအသစ် ရောက်လာတော့မည်ဖြစ်ကြောင်းနှင့် ထိုလူမှာ အလွန်ငယ်ရွယ်ကြောင်း ကြားရစဉ်က ကျောက်မင် စိတ်ထဲက မကျေမနပ်ဖြစ်ကာ ဤလူငယ်လေးက ဘယ်ကရောက်လာသလဲဟု တွေးခဲ့မိသည်။
သို့သော် ယခုမူ ယဲ့ချန်း၏ အရှိန်အဝါနှင့် လုပ်ပုံကိုင်ပုံကို မြင်လိုက်ရသောအခါမှသာ ကျောက်မင်လည်း အကြောင်းအရင်းကို နားလည်သွားတော့သည်။ သူ့ရှေ့ရှိ လူငယ်လေးတွင် ခန့်ညားထည်ဝါသော အရှိန်အဝါမျိုး ရှိနေပေသည်။
ဤစကားများကို ကြားပြီးနောက် ကျန်းထောင်လည်း အလွန်ရှက်ရွံ့ပြီး မျက်နှာပျက်သွားတော့သည်။
ဤတစ်ကြိမ်တော့ သူ သေချာပေါက် ပြဿနာတက်ပြီဖြစ်ကြောင်း သိလိုက်သဖြင့် စောစောက သူလုပ်ခဲ့မိသမျှအတွက် တကယ်နောင်တရမိသည်။
ယဲ့ချန်း၏စကားမှာ မှန်ပေသည်။ မန်နေဂျာတစ်ယောက်ဆိုသည်မှာ အမြဲတမ်း အရှိန်အဝါပြပြီး အထက်စီးက ဆက်ဆံနေရမည့်လူ မဟုတ်ပါဘဲ ဝန်ထမ်းများနှင့် ညီအစ်ကိုရင်းချာများနှယ် ရင်းနှီးနေရမည်ဖြစ်၏။
တကယ်တော့ ကျန်းထောင် ခေါင်းဆောင်မဖြစ်လာခင်က အားလုံးနှင့် အလွန်ရင်းနှီးခဲ့သည်။ သို့သော် အထွေထွေလက်ထောက်မန်နေဂျာ ဖြစ်လာကတည်းက သူ့အဆင့်အတန်းလည်း ပြောင်းလဲသွားသလို စိတ်နေစိတ်ထားလည်း ပြောင်းလဲသွားခဲ့သည်။ တဖြည်းဖြည်းဖြင့် သူသည် ဝန်ထမ်းများကို အထင်သေးလာပြီး ယခင်က သူနှင့်ရင်းနှီးခဲ့သော ညီအစ်ကိုတချို့နှင့်ပင် အလှမ်းဝေးသွားသည်။
သို့သော် ကျန်းထောင်ကမူ မိမိကိုယ်မိမိ ပြန်လည်ဆန်းစစ်ခြင်း မရှိပေ။ ထိုလူများက သူ့ကို မယှဉ်နိုင်ဘူးဟု ထင်နေကြသည်ဟုသာ သူ ခံစားခဲ့ရသည်။
ယနေ့ ယဲ့ချန်း၏ စကားများကို ကြားလိုက်ရသောအခါတွင်မူ အလွန်ရှက်ကိုးရှက်ကန်းဖြစ်သွားပြီး မြေကြီးထဲသာ လှစ်ခနဲ တိုးဝင်ချင်စိတ် ပေါက်သွားသည်။
ကျန်းထောင်ခမျာ ယဲ့ချန်းထံမှ သက်ညှာမှုကို မတောင်းခံရဲတော့ပေ။ အဘယ်ကြောင့်ဆိုသော် ဤနေရာတွင် ဆက်နေရန် သူ အလွန်ရှက်သွားသောကြောင့်ပင်။
သူ ယဲ့ချန်းဆီသို့ လျှောက်သွားပြီး ရှက်ရွံ့စွာ ပြောလိုက်လေသည်။
"သူဌေး... တောင်းပန်ပါတယ်။ ကျွန်တော် မှားမှန်းသိပါပြီ။ ဒီနေ့တော့ ကျွန်တော် သင်ခန်းစာ အကြီးအကျယ်ရသွားပါပြီ"
ထို့နောက် အမြန်ချောပို့ဝန်ထမ်းများထံသို့ သွားရောက်၍ အားလုံးကို ဦးညွှတ်လိုက်၏။
"အရင်က ကျွန်တော့်ရဲ့ အပြုအမူတွေကို ခွင့်လွှတ်ပေးကြပါ။ တောင်းပန်ပါတယ်။ ကျွန်တော် မှားခဲ့ပါတယ်။ ခင်ဗျားတို့ကို အဲဒီလို ဆိုးဆိုးဝါးဝါး မဆက်ဆံခဲ့သင့်ပါဘူး"
လူတိုင်းက ကျန်းထောင်ကို ဘာစကားမှမပြောဘဲ ကြည့်နေကြသည်။ သူတို့၏ရင်ထဲတွင် ဤလူကို တကယ်နာကျည်းနေကြသောကြောင့်ပင်။ ကျန်းထောင်သည် ခေါင်းဆောင်နေရာရပြီးကတည်းက သူတို့၏ ဂုဏ်သိက္ခာကို ငဲ့ညှာခြင်းမရှိဘဲ စိတ်တိုင်းကျ ဆဲဆိုကြိမ်းမောင်းတတ်သည်။
စကားပြောပြီးနောက် ကျန်းထောင်မှာ လှည့်ထွက်၍ တံခါးအပြင်သို့ ထွက်သွားလေတော့သည်။
ထွက်ခွာသွားသော ကျန်းထောင်၏ ကျောပြင်ကို ကြည့်ရင်း ယဲ့ချန်းလည်း ဤလူ့တွင် အမှားကို သိတတ်သော အသိစိတ်လေးတော့ ရှိသေးသားဟု တွေးလိုက်မိသည်။ ယခင်က သူကြုံဖူးသော လူများလို အမှားလုပ်ထားသော်လည်း ဝန်မခံဘဲ ကုမ္ပဏီတွင် အရှက်မရှိ အတင်းကပ်တွယ်နေတတ်သူမျိုး မဟုတ်ပေ။
ယဲ့ချန်းလည်း မိမိအမှားကိုသိပြီး ပြုပြင်လိုစိတ်ရှိသူများကို လေးစားသဖြင့် ကျန်းထောင်ကို အခွင့်အရေးတစ်ခုပေးရန် ဆုံးဖြတ်လိုက်သည်။
သူ့ယောက်ဖ ထွက်သွားသည်ကို ကြည့်ရင်း ကျောက်မင်လည်း မျက်နှာပျက်သွားသည်။ ယနေ့ည ဇနီးဖြစ်သူအား မည်သို့ရှင်းပြရမလဲဟု သူ စိတ်ပူနေရလေပြီ။
သူ့ဇနီးသည် ဤမောင်ဖြစ်သူကို အလိုအလိုက်ဆုံး ပင်။ အကယ်၍ ကျောက်မင်က မောင်ဖြစ်သူအတွက် သူဌေးထံတွင် အသနားခံမပေးခဲ့ဘဲ အလုပ်ထွက်သွားရသည်အထိ လွှတ်ထားမှန်းသာ သိသွားလျှင် ဤညကား ကျောက်မင်အတွက် သေချာပေါက် ကြမ်းတမ်းသည့် ညတစ်ည ဖြစ်လာပေလိမ့်မည်။
သို့သော် ယဲ့ချန်းထံ အသနားခံပေးခဲ့လျှင်ပင် အရာထင်မည်မဟုတ်ကြောင်း ကျောက်မင် သိသည်။ အဘယ်ကြောင့်ဆိုသော် သူ့ယောက်ဖက ကြီးလေးသော အမှားတစ်ခုကို ကျူးလွန်ခဲ့သောကြောင့်ပင်။
ထို့ပြင် သူပါ ယောက်ဖဖြစ်သူကြောင့် ကြားညှပ်ပြီး ရာထူးပြုတ်သွားနိုင်ခြေ ရှိသည်။
ကျောက်မင် တွေးတောနေစဉ် ယဲ့ချန်း၏ စကားသံကြောင့် ရုတ်တရက် အသိပြန်ဝင်လာခဲ့သည်။
"မန်နေဂျာကျောက်... မန်နေဂျာကျန်းကို အခုချက်ချင်း ဖုန်းဆက်လိုက်ပါ။ မနက်ဖြန် အလုပ်ပြန်ဆင်းဖို့ ပြောလိုက်။ သုံးလအတွင်း သူ အလုပ်ကောင်းကောင်းလုပ်နိုင်ရင် ဒီမှာ ဆက်လုပ်ခွင့်ပေးမယ်။ မဟုတ်ရင်တော့ ထွက်ခိုင်းလိုက်တော့"
ယဲ့ချန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
ညကျလျှင် ဇနီးဖြစ်သူကို မည်သို့ရှင်းပြရမလဲဟူသော စိုးရိမ်စိတ်များဖြင့် ကျောက်မင် သောကရောက်နေသော်လည်း ယဲ့ချန်း၏ စကားကို ကြားလိုက်ရပြီးနောက်တွင်မူ သူ့ရင်ထဲရှိ စိုးရိမ်မှုများမှာ ချက်ချင်းလွင့်စင်သွားလေတော့သည်။
"ဟုတ်ကဲ့ပါ သူဌေး... ကျွန်တော် ခဏနေရင် သူ့ကို ဖုန်းဆက်လိုက်ပါ့မယ်"
ကျောက်မင်ကလည်း ကပျာကယာ ပြောလိုက်သည်။
"ကဲ... အားလုံးပဲ အလုပ်လုပ်လိုက်ကြဦး။ ကျွန်တော်လည်း ပါဆယ်ထုပ်တွေ သွားပို့ရဦးမယ်"
ယဲ့ချန်းက အေးအေးလူလူ ပြောလိုက်ချေသည်။
အစကတော့ သူဌေးက ဝန်ထမ်းယူနီဖောင်း ဝတ်ထားပြီး လျှို့ဝှက်ကွင်းဆင်း စစ်ဆေးနေခြင်းသာ ဖြစ်လိမ့်မည်ဟု ကျောက်မင် ထင်ထားခဲ့သည်။ ယဲ့ချန်းက ပါဆယ်ထုပ်များကို တကယ်လိုက်ပို့လိမ့်မည်ဟု မထင်ထားချေ။
သို့သော် ယဲ့ချန်း၏ စကားကို ကြားသောအခါ သူ အနည်းငယ် ရှက်စိတ်ဝင်သွားသည်။ အမြန်ချောပို့ကုမ္ပဏီတစ်ခုလုံးကို ပိုင်ဆိုင်ထားသူကပင် ဤမျှ ကြိုးကြိုးစားစား လုပ်ကိုင်နေချိန်တွင် သူကတော့ အထွေထွေမန်နေဂျာ ရာထူးလေးတစ်ခုတည်းနှင့် တင်းတိမ်ရောင့်ရဲနေမိသည်။
ယဲ့ချန်း ထွက်သွားသည်ကို ကြည့်ပြီးနောက် ကျောက်မင်လည်း ဖုန်းထုတ်ကာ သူ့ယောက်ဖကို ဖုန်းခေါ်လိုက်တော့သည်။
လမ်းပေါ်တွင် စိတ်ပျက်လက်ပျက် လျှောက်သွားနေသော ကျန်းထောင်သည် ဖုန်းမြည်သံကို ကြားလိုက်ရသဖြင့် နံပါတ်ကို ကြည့်လိုက်လေရာ သူ့ယောက်ဖထံမှ ဖြစ်နေကြောင်း တွေ့လိုက်ရသည်။
သူ့ယောက်ဖ ဖုန်းဆက်လာသည်မှာ သူ့ကို ဆဲဆိုကြိမ်းမောင်းရန်သာ ဖြစ်လိမ့်မည်ဟု ကျန်းထောင် တွေးကြည့်ရုံနှင့် သိနေပေသည်။
ကျောက်မင်က အကြိမ်ကြိမ် ဖုန်းခေါ်သော်လည်း ကျန်းထောင်က ဖုန်းမကိုင်သဖြင့် ဤကောင်လေး ဘာတွေလုပ်နေပါလိမ့်ဟု တွေးကာ စိတ်မရှည်ဖြစ်နေတော့သည်။
ဖုန်းက မရပ်မနားမြည်နေသဖြင့် ကျန်းထောင်လည်း မတတ်သာဘဲ ဖုန်းလက်ခံသည့် ခလုတ်ကို နှိပ်လိုက်လေရာ တစ်ဖက်က မျှော်လင့်ထားသလို ဆဲဆိုသံများ ထွက်မလာခဲ့ပေ။
"ကျန်းထောင်... သူဌေးက မင်းကို အခွင့်အရေးတစ်ခု ပေးလိုက်တယ်။ မနက်ဖြန် ကုမ္ပဏီမှာ အလုပ်ပြန်ဆင်းတဲ့"
ကျောက်မင်က ပြောလိုက်လေသည်။
ထိုစကားကို ကြားလိုက်ရသောအခါ ကျန်းထောင်လည်း အိပ်မက်မက်နေသည်ဟု ထင်မှတ်ကာ ပါးကို လက်ဖြင့် ဆွဲဆိတ်ကြည့်လိုက်သော်လည်း တကယ်နာကျင်သွားသည်။
တစ်ဖက်က အော်သံကို ကြားရသဖြင့် ကျောက်မင်က သံသယဖြင့် မေးလိုက်၏။
"ငါပြောတာ ကြားရဲ့လား။ မင်း ဘာတွေလုပ်နေတာလဲ"
အစောက ခံစားလိုက်ရသော နာကျင်မှုကြောင့် ဤသည်မှာ အစစ်အမှန်ဖြစ်ကြောင်း ကျန်းထောင် သိလိုက်သဖြင့် ကပျာကယာမေးလိုက်လေသည်။
"ယောက်ဖ... သူဌေးက မနက်ဖြန် ကျွန်တော့်ကို တကယ် အလုပ်ဆက်လုပ်ခွင့်ပေးတာလား။ တကယ်ကြီးလား"
"ငါက မင်းကို ဘာလို့လိမ်ရမှာလဲ။ ဒါပေမဲ့ သုံးလအစမ်းခန့်ကာလ ရှိတယ်။ မင်း မလုပ်နိုင်ရင်တော့ ထွက်ရမှာပဲ"
ယဲ့ချန်းပြောခဲ့သည့် စကားအတိုင်း ကျောက်မင်က ကျန်းထောင်ကို သေချာရှင်းပြလိုက်သည်။
"ဟုတ်ကဲ့ပါ။ ကျွန်တော် အကောင်းဆုံးကြိုးစားပါ့မယ်။ သူဌေးရဲ့ယုံကြည်မှုကို လုံးဝအပျက်စီးခံမှာ မဟုတ်ပါဘူး"
ကျန်းထောင်ခမျာ ကျေးဇူးတင်လွန်းသဖြင့် မျက်ရည်များပင် စီးကျလျက် ပြောလိုက်သည်။
အစကတော့ ပြန်လည်ညှိနှိုင်းခွင့်မရှိဘဲ အလုပ်ထုတ်ခံရတော့မည်ဟု ထင်ထားသော်လည်း မထင်မှတ်ပါဘဲ ယဲ့ချန်းက သူ့ကို အခွင့်အရေးတစ်ခု ပေးခဲ့သည်။ ကျန်းထောင်လည်း အလုပ်ကို ကြိုးကြိုးစားစားလုပ်ကိုင်ရန် စိတ်ထဲက ကျိန်ဆိုလိုက်တော့သည်။
အမြန်ချောပို့ကုမ္ပဏီက ထွက်လာပြီးနောက် ယဲ့ချန်း ကူလီနန်ကားကို မောင်းနှင်၍ အိမ်ရာတစ်ခု၏ အဝင်ဝသို့ ရောက်လာခဲ့သည်။
ပါဆယ်ထုပ်ပေါ်ရှိ ဆက်သွယ်ရန် အချက်အလက်များအတိုင်း နံပါတ်တစ်ခုကို နှိပ်၍ ဖုန်းခေါ်လိုက်သည်။
ဖုန်းထဲက "လူကြီးမင်းခေါ်ဆိုသော နံပါတ်မှာ ယာယီဆက်သွယ်မှု ပြတ်တောက်နေပါသဖြင့် နောက်မှ ပြန်လည်ခေါ်ဆိုပါရန်..."ဟူသော အသံ ထွက်ပေါ်လာသည်။
သူ ဆက်တိုက် ဖုန်းခေါ်သော်လည်း မကိုင်သဖြင့် ယဲ့ချန်းလည်း နောက်ဆုံးအကြိမ်အဖြစ် ထပ်ခေါ်ရန် ဆုံးဖြတ်လိုက်သည်။
ထိုအချိန်တွင် တစ်ဖက်မှ စိတ်မရှည်လေဟန် လေသံဖြင့် ဖုန်းကိုင်လာသည်။
"ဘယ်သူလဲ။ မနားတမ်းခေါ်နေတော့တာပဲ။ ကျွန်တော်အလုပ်ရှုပ်နေတာ မသိဘူးလား"
ယဲ့ချန်းကတော့ ထိုလူ၏ သဘောထားကို ဒေါသ မထွက်ဘဲ တည်ငြိမ်စွာ ပြောလိုက်လေသည်။
"မစ္စတာကျိုး... ခင်ဗျားရဲ့ ပါဆယ်ထုပ် ရောက်နေလို့ပါ။ လုံခြုံရေးက ပေးမဝင်လို့ အပြင်ထွက်ပြီး လာယူပေးလို့ ရမလား။ ကျွန်တော် အိမ်ရာအဝင်ဝမှာ ရောက်နေပါတယ်"
"ကျွန်တော် အခု အလုပ်ရှုပ်နေတယ်။ နောက်ထပ် ဆယ်မိနစ်လောက် စောင့်ဦး"
ထိုသို့ပြောပြီးနောက် ဖုန်းကျသွားသည်။
ယဲ့ချန်းလည်း ဖုန်းထပ်မခေါ်တော့ဘဲ ကြိုတင်ပြင်ဆင်ထားသော အသံချဲ့စက်ကို ထုတ်ယူကာ အော်ဟစ်လိုက်၏။
"တိုက်အမှတ်၂၊ အခန်း၇၀၈က မစ္စတာကျိုး... ခင်ဗျား ခုနကဝယ်ထားတဲ့ လေထိုးရုပ် ရောက်နေပါပြီ။ အိမ်ရာအဝင်ဝကို လာယူပေးပါ..."
သူ သုံးကြိမ်ဆက်တိုက် အော်လိုက်လေရာ ဘေးနားရှိ လုံခြုံရေးဝန်ထမ်းခမျာ မယုံနိုင်လေဟန် မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်နေချေသည်။ ဤပစ္စည်းပို့သမား၏ လုပ်ပုံကိုင်ပုံက တကယ်ရက်စက်လွန်းလှသည်ဟုလည်း တွေးနေလေသည်။
အိမ်ရာဝင်း၏ ပြတင်းပေါက်များမှ ခေါင်းတစ်လုံးပြီးတစ်လုံး ပြူထွက်လာကြပြီး အောက်ထပ်တွင် ဘာဖြစ်နေသလဲဆိုသည်ကို ကြည့်ချင်နေကြသည်။
ထို့နောက် "မမ်မီ"တစ်ကောင်လို ကိုယ်ခန္ဓာတစ်ခုလုံးကို လုံနေအောင် ပတ်ထားသော အမျိုးသားတစ်ယောက် အနားသို့ ဖြည်းဖြည်းချင်း လျှောက်လာသည်။
ထို"မမ်မီ"သည် ယဲ့ချန်းကို ဒေါသတကြီး ကြည့်၍ ပြောလိုက်လေသည်။
"ငါ့ပစ္စည်းကို မြန်မြန်ပေး"
ယဲ့ချန်းကလည်း ထို"မမ်မီ"ကို ကြည့်ကာ ပြောလိုက်၏။
"ဝိုး... ကျွန်တော်ခန့်မှန်းတာ တကယ်မှန်သွားတာပဲ။ မယုံနိုင်စရာပဲ။ မစ္စတာကျိုး... ခင်ဗျားက တကယ် လေထိုးအရုပ်မှာထားတာကိုး"
"မမ်မီ" : "..."
သူ ဘာမှမမေးရသေးခင်မှာပင် ဝန်ခံသလို ဖြစ်သွားလိမ့်မည်ဟု မထင်ထားသဖြင့် တကယ်အရှက်ရသွားလေတော့သည်။
သူသည် ယဲ့ချန်းထံမှ ပါဆယ်ထုပ်ကိုယူပြီးနောက် ကပျာကယာပင် သုတ်ခြေတင်၍ ထွက်သွားလေသည်။
ထွက်ခွာသွားသော "မမ်မီ"ကို ကြည့်ရင်း ယဲ့ချန်းက အော်ပြောလိုက်ဖို့လည်း မမေ့ချေ။
"ဝန်ဆောင်မှုကောင်းတယ်လို့ထင်ရင် ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်လေးပေးဖို့ မမေ့နဲ့ဦးနော်"
••••••••••••••••••••••••••