← Chapters

အခန်း ၆၉၆

Vol. 47 Ch. 696

အခန်း ၆၉၆

Vol. 47 Ch. 696

အပိုင်း ၆၉၆ : ရွှေဝါရောင်ဆံပင်ပိုင်ရှင် အလှလေးတစ်ဦးနှင့် ဆုံတွေ့ခြင်း

ယဲ့ချန်းက အောက်ထပ်မှ သူ့အခန်းနံပါတ်ကို အော်ခေါ်ရုံသာမက သူဝယ်ထားသည့် ပစ္စည်းနာမည်ကိုပါ သုံးခါတိတိ အော်ပြောခဲ့သည့်အတွက် ထို"မမ်မီ"အမျိုးသားမှာ ဒေါသထွက်လွန်း၍ အံကြိတ်နေမိသည်

ယဲ့ချန်းကို တိုင်စာမပို့တာကပင် ကံကောင်းလှပြီ။ ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ပေးဖို့ဆိုတာ ဝေလာဝေးပင်။

လုံခြုံရေးအစောင့်၏ အံ့သြနေသော အကြည့်အောက်မှာပင် ယဲ့ချန်းက အိမ်ရာဝင်ပေါက်မှ ကူလီနန်ကားကို မောင်းထွက်လာခဲ့လိုက်သည်။

လက်ထဲရှိ ပါဆယ်ထုပ်ကို တစ်ချက်ကြည့်လိုက်သော် နောက်ထပ်ပို့ရမည့်နေရာက ပင်လယ်ရှုခင်းအိမ်ရာ ဖြစ်နေလေသည်။

ဤလိပ်စာကို ရင်းနှီးနေသလို ယဲ့ချန်း ခံစားမိသော်ငြား လောလောဆယ်တော့ ဘယ်သူလဲဆိုသည်ကို သူ စဉ်းစားမရပေ။

ပါဆယ်ထုပ်ပေါ်ရှိ ဖုန်းနံပါတ်ကို သူ ခေါ်လိုက်၏။

"မိန်းကလေးရှောင်... ကျွန်တော် အမြန်ချောပို့ကပါ။ အိမ်မှာလူရှိလားဗျ"

"ဟုတ်ကဲ့။ အိမ်မှာ လူရှိပါတယ်။ တက်ခဲ့လိုက်ပါ"

မိန်းကလေးတစ်ယောက်က ချိုသာသောအသံလေးဖြင့် ပြန်ဖြေလေသည်။

ယဲ့ချန်းလည်း ဓာတ်လှေကားထဲသို့ ဝင်ကာ နံပါတ်၈ကို နှိပ်လိုက်၏။ ထိုအထပ်သို့ရောက်သော် ဓာတ်လှေကားထဲက ထွက်ပြီး အခန်းနံပါတ်၈၀၆ကို တံခါးခေါက်လိုက်သည်။

တံခါးပွင့်လာပြီးနောက် အပေါက်ဝတွင် ကာတွန်းရုပ်ညအိပ်ဝတ်စုံဝတ်ထားသော မိန်းကလေးတစ်ယောက် ရပ်နေချေသည်။

သူ့ရှေ့ရှိ မိန်းကလေးကို မြင်သောအခါ ယဲ့ချန်း ခဏမျှ ကြောင်အသွားသည်။ သူ စကားမပြောရသေးခင်မှာပင် ထိုမိန်းကလေးက အရင်စကားစလာလေသည်။

"ဟိုင်း... အချောလေး... ကျွန်မတို့တွေ ထပ်တွေ့ကြပြန်ပြီနော်"

ယဲ့ချန်းလည်း ပြုံးတုံ့တုံ့ဖြင့် ခေါင်းညိတ်ပြလိုက်၏။

"မင်္ဂလာပါ။ ဒီမှာ ခင်ဗျားရဲ့ ပါဆယ်ထုပ်ပါ... လက်မှတ်လေးထိုးပေးပါဦး"

မိန်းကလေးက သူ(မ)ရှေ့ရှိ ချောမောလှသော လူငယ်လေးကို ကြည့်ကာ လက်မှတ်ထိုးရန် တုံ့ဆိုင်းနေပေသည်။

"မိန်းကလေးရှောင်... ပါဆယ်ထုပ်က တစ်ခုခုဖြစ်နေလို့လား"

ယဲ့ချန်းကမူ မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

မိန်းကလေးက နှုတ်ခမ်းလေးစူလျက် ပြောလာလေသည်။

"လူချောလေး... ရှင် ကျွန်မကို တကယ်မမှတ်မိဘူးပေါ့လေ"

ထိုမိန်းကလေးက ထိုသို့မေးလာသော် ယဲ့ချန်း ရယ်ချင်သွားသည်။ တစ်နေ့တစ်နေ့ ပစ္စည်းပို့ရသည်မှာ များလွန်းလှသဖြင့် ဘယ်မှတ်မိနိုင်မှာလဲဟု သူတွေးလိုက်မိသည်။

ယဲ့ချန်း ဘာမှမပြောသည်ကိုမြင်သော် မိန်းကလေးက မကျေနပ်လေဟန် မျက်နှာထားဖြင့် ပြောလာသည်။

"ရှင် မေ့သွားပြီလား။ မနေ့က ရှင် ကျွန်မဆီကို ပါဆယ်လာပို့သေးတယ်လေ"

"ဪ.. ဟုတ်လား။ ဆောရီးပါ။ ကျွန်တော် မေ့သွားလို့"

ယဲ့ချန်းက ခေါင်းတကုတ်ကုတ်ဖြင့် ပြောလိုက်သည်။

ယဲ့ချန်း၏ ချစ်စရာပုံစံလေးကိုမြင်သောအခါ မိန်းကလေးက ပြုံးလျက် ပြောလိုက်၏။

"ကဲပါ... ကျွန်မ ရှင့်ကို ခွင့်လွှတ်လိုက်ပါ့မယ်"

ယဲ့ချန်းက မေးလိုက်လေသည်။

"အခု ပါဆယ်ထုပ်ကို လက်မှတ်ထိုးပေးလို့ ရပြီလား"

ထိုမိန်းကလေးက လက်မှတ်ထိုးမည့်ပုံမပေါ်သေးဘဲ ယဲ့ချန်းကို ကြည့်ကာ ပြောလာပြန်သည်။

"လူချောလေး... မင်္ဂလာပါ။ ကျွန်မနာမည်က ရှောင်ယာပါ။ ကျွန်မတို့ အကောင့်ချင်းလဲကြမလား"

"ဪ... မင်္ဂလာပါ။ ကျွန်တော်က ယဲ့ချန်းပါ"

ယဲ့ချန်းကလည်း ယဉ်ယဉ်ကျေးကျေး ပြန်ပြောလိုက်သည်။

"ကျွန်မတို့နှစ်ယောက် ဆုံရတာ တကယ်ရေစက်ရှိတယ်လို့ ရှင်မထင်ဘူးလား"

ရှောင်ယာက လျှာတစ်လစ်ထုတ်ကာ နောက်ပြောင်လိုက်သည်။

ယဲ့ချန်းကမူ မျက်နှာကို ခပ်တည်တည်သာ ထားလိုက်သည်။ သို့သော် ယနေ့ခေတ်မိန်းကလေးများက အလွန်ရဲတင်းလှသည်။ သူစိမ်းယောက်ျားလေးများကို ဟခုလိုချဉ်းကပ်ခြင်းမှာ တကယ်အန္တရာယ်များလှသည်ဟုလည်း စိတ်ထဲက တွေးနေမိသည်။

"ညီမလေး... သူစိမ်းတွေနဲ့ စကားမပြောနဲ့။ ပြီးတော့ ဖုန်းနံပါတ်တွေဘာတွေလည်း မပေးနဲ့။ အရမ်းအန္တရာယ်များတယ်"

ယဲ့ချန်းက စေတနာဖြင့် အကြံပေးလိုက်သည်။

"အစ်ကိုယဲ့ချန်း... အစ်ကို့လို လူချောလေးနဲ့ဆိုရင် အန္တရာယ်ကြုံရမှာလည်း မကြောက်ပါဘူး"

ရှောင်ယာက ချွဲနွဲ့ကာ ပြောလိုက်သည်။

ယဲ့ချန်းကို ပထမဆုံးအကြိမ် တွေ့ကတည်းက သူ(မ) သဘောကျနေခဲ့ခြင်းပင်။

ကျောင်းတွင် ရှောင်ယာ့ကို လိုက်ပိုးနေသည့် ကောင်လေးများ တန်းစီနေသော်ငြား သူ(မ)ကတော့ သူတို့ကို နည်းနည်းလေးမှ ဂရုမစိုက်ခဲ့ပေ။

သို့သော် ယဲ့ချန်းကတော့ မတူပေ။ သူ့ကိုမြင်လိုက်ရတိုင်း သူ(မ)၏ရင်ထဲမှာ သမင်ပေါက်စလေးများ ပြေးလွှားနေသလို ခံစားရသည်။ ဤသည်မှာ ရင်ခုန်စိတ်လှုပ်ရှားသော ခံစားချက်ပင်။

စေတနာနှင့်ပြောသည့် အကြံပေးစကားက အရာမဝင်သည့်အတွက် ယဲ့ချန်းလည်း မတတ်သာတော့ဘဲ ယဉ်ကျေးမှုအရ ရှောင်ယာ့ကို သူ့အကောင့် ပေးလိုက်ရသည်။ ထို့နောက် သူ(မ)လည်း ပါဆယ်ထုပ်ကို ဝမ်းသာအားရ လက်မှတ်ထိုးပေးလေသည်။

ရှောင်ယာတစ်ယောက် လက်မှတ်ထိုးပြီး ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ပေးလိုက်သည်ကို မြင်ရမှသာ ယဲ့ချန်းလည်း သက်ပြင်းချကာ လှည့်ထွက်လာခဲ့သည်။

ထိုစဉ် နောက်ကျောဘက်မှ ချိုသာလှသော အသံလေးတစ်သံ ထွက်ပေါ်လာသည်။

"အစ်ကိုယဲ့ချန်း... ကျွန်မဖုန်းခေါ်ရင် ကိုင်မှာလားဟင်"

"ကိုင်မှာပါ"

ယဲ့ချန်းက ခပ်ပြတ်ပြတ် ပြန်ဖြေလိုက်သည်။

သူ့စကားအဆုံးမှာပင် ရှောင်ယာ၏ စိတ်လှုပ်ရှားနေသော အသံကို ကြားလိုက်ရသည်။

"ပျော်လိုက်တာ"

ယဲ့ချန်း ဓာတ်လှေကားထဲဝင်ပြီး အောက်ထပ်သို့ ဆင်းလာခဲ့သည်။ ရှောင်ယာက သူ ယခင်ကကြုံဖူးသည့် မိန်းကလေးများနှင့်မတူဘဲ ကွဲပြားနေသည်။

ရှောင်ယာ၏ စရိုက်က သွက်လက်ပြီး ပွင့်လင်းကာ ပြောရဲဆိုရဲရှိသည်။ ဤသည်မှာ သူ(မ)၏ အသက်အရွယ်နှင့်လည်း ဆိုင်မည်ဖြစ်ကြောင်း ယဲ့ချန်း သိသည်။ သူ(မ)၏ပုံစံက အသက်ဆယ့်ခုနစ်နှစ် ဆယ့်ရှစ်နှစ်ဝန်းကျင်သာရှိသေးသည်။ အထက်တန်းကျောင်းသူလေးတစ်ယောက်သာ ဖြစ်၏။

ထို့ကြောင့် ယဲ့ချန်း ဤမိန်းကလေးကို စိတ်ထဲ သိပ်မထားပေ။ အဓိကအချက်မှာ သူတို့နှစ်ယောက်ကြားရှိ အသက်အရွယ်ကွာဟမှုက ကြီးမားနေသောကြောင့်ပင်။

ဤသည်မှာ အသေးအဖွဲတွေ့ဆုံမှုတစ်ခုသာ ဖြစ်၏။ ရှောင်ယာက ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ပေးခဲ့သော်လည်း စနစ်၏ဆုလာဘ်ကို ရရှိရန်အတွက် ကံကောင်းခြင်းကြယ်ပွင့်ကိုတော့ အသက်မဝင်စေခဲ့ပေ။

အချိန်ကို တစ်ချက်ကြည့်လိုက်သောအခါ မွန်းတည့်နေလေပြီ။ ယဲ့ချန်းလည်း အသင့်စားစားသောက်ဆိုင်တစ်ဆိုင်ကိုဝင်ကာ ဘာဂါတစ်ပွဲကို ပါဆယ်မှာပြီး သူ့ကားထဲမှာပင် စားလိုက်သည်။

ယဲ့ချန်းက အစားအသောက်နှင့်ပတ်သက်ပြီး ချေးမများပေ။ ဗိုက်ဝလျှင် ပြီးရောဟုသာ သဘောထားသည်။

စားသောက်ပြီးနောက် ကားထဲတွင် ခဏတစ်ဖြုတ် အိပ်ပြီးနောက် ပါဆယ်ပို့သည့်အလုပ်ကို ဆက်လုပ်ခဲ့သည်။

ယဲ့ချန်းမှာ ကားကို လမ်းဘေးတွင် ထိုးရပ်လိုက်ပြီး အိမ်ရာဝင်းတစ်ခုထဲသို့ ဝင်သွားလေရာ ရွှေဝါရောင်ဆံပင်ပိုင်ရှင် အလှလေးတစ်ယောက်က နစ်ဆန်းကားပေါ်တွင် ထိုင်နေသော လူဝကြီးတစ်ယောက်နှင့် စကားများနေသည်ကို မြင်လိုက်ရ၏။

အစကတော့ ယဲ့ချန်း ဝင်မပါချင်ခဲ့သော်လည်း ထိုအမျိုးသားက ရွှေဝါရောင်ဆံပင်ပိုင်ရှင်လေးကို ရိုက်တော့မည့်ပုံပေါ်နေသောကြောင့် အမြန်ပြေးသွားလိုက်သည်။

မိန်းမလှလေးမှာ သေချာပေါက် အရိုက်ခံရတော့မည်ဟုတွေးကာ မျက်လုံးစုံမှိတ်ထားလိုက်သည်။

ထင်မှတ်မထားပါဘဲ လူဝကြီး၏ အော်သံကိုသာ ကြားလိုက်ရသည်။

"ဟေ့ကောင်... လွှတ်စမ်း။ ဝင်မပါနဲ့"

ထိုလူဝကြီးမှာ သူ့လက်ကို သံညှပ်ကြီးဖြင့် အညှပ်ခံထားရသလို ခံစားနေရပြီး လှုပ်၍ပင်မရတော့ပေ။

ရွှေဝါရောင်ဆံပင်ပိုင်ရှင်က မျက်လုံးဖွင့်ကြည့်လိုက်သောအခါ သူ(မ)ရှေ့ရှိ လူငယ်လေးကို မြင်လိုက်ရသည်။ သူ(မ)၏ မျက်လုံးအစုံကား အရောင်လက်သွားသည်။ ဤလူငယ်လေးက တီဗီဖန်သားပြင်ထဲက ခုန်ထွက်လာသည့် ရုပ်ရှင်မင်းသားတစ်ယောက်လို အလွန်ချောမောပြီး သူ(မ)၏စိတ်ကူးထဲက အမျိုးသားနှင့် ကွက်တိကျနေပေသည်။

သို့သော် ယဲ့ချန်း ဝတ်ဆင်ထားသည့် အမြန်ချောပို့ယူနီဖောင်းကို သတိထားမိသွားချိန်တွင်မူ သူ(မ) စိတ်ထဲက သက်ပြင်းချလိုက်မိသည်။ သူသည် ပစ္စည်းပို့သမားတစ်ယောက်သာဖြစ်ပြီး ရှေ့ဆက်ရန် အနာဂတ်မရှိသည်မှာ ဆိုးလှသော်ငြား အနည်းဆုံးတော့ စိတ်ထားကောင်းသူတစ်ယောက်ပင်။

ယဲ့ချန်းက အားကုန်သုံးပြီး တွန်းထုတ်လိုက်သဖြင့် လူဝကြီးမှာ ဘောလုံးတစ်လုံးအလား လိမ့်ထွက်သွားပြီး နစ်ဆန်းကားနှင့် ဆောင့်မိလေတော့သည်။

ရွှေဝါရောင်ဆံပင်ပိုင်ရှင်လေးကလည်း ယဲ့ချန်းကို ကျေးဇူးတင်စကားပြောလိုက်၏။

"ကျေးဇူးတင်ပါတယ်... လူချောလေး"

ယဲ့ချန်းက ချောမောနေသောကြောင့်သာ သူ(မ)က "လူချောလေး"ဟု ခေါ်လိုက်ခြင်းပင်။ အကယ်၍ အခြားလူတစ်ယောက်သာဆိုလျှင် "အစ်ကို" သို့မဟုတ် "လူကြီးမင်း"ဟုသာ ခေါ်မိမည်ဖြစ်၏။

ယဲ့ချန်းက ရွှေဝါရောင်ဆံပင်ပိုင်ရှင်ကို ကြည့်၍ မေးလိုက်သည်။

"ဘာတွေဖြစ်ကြတာလဲ"

သူ(မ)ဘက်က ဖြစ်ကြောင်းကုန်စင် ရှင်းပြလိုက်လေရာ ယဲ့ချန်းလည်း အကြမ်းဖျင်း နားလည်သွားသည်။

ဖြစ်ပုံကား လူဝကြီးက ကားထဲကတစ်ဆင့် ငှက်ပျောခွံကို အပြင်သို့ ပစ်ချလိုက်လေရာ ရွှေဝါရောင်ဆံပင်ပိုင်ရှင်လေးက ယဉ်ကျေးမှုမရှိသော လုပ်ရပ်ဖြစ်ကြောင်း သွားပြောခဲ့သည်။ မထင်မှတ်ပါဘဲ စကားအနည်းငယ်ပြောရုံဖြင့် ထိုလူဝကြီးက သူ(မ)ကို ရိုက်နှက်ဟန်ပြလာလေသည်။

ယဲ့ချန်း ဝင်ကယ်၍သာ တော်သေးသည်။ မဟုတ်ပါက ထိုအလှလေး ဒုက္ခရောက်ပေတော့မည်။

ယဲ့ချန်း အမုန်းဆုံး လူနှစ်မျိုးရှိသည်။ ပထမတစ်မျိုးက မိန်းမများကို ရိုက်နှက်တတ်သူဖြစ်ပြီး ဒုတိယတစ်မျိုးကတော့ သူငယ်ချင်းများကို သစ္စာဖောက်သူပင်ဖြစ်သည်။

ကံဆိုးစွာဖြင့် ဤလူဝကြီးက ထိုအချက်ထဲက တစ်ချက်နှင့် ငြိစွန်းနေသောကြောင့် ယဲ့ချန်း သူ့ကို သည်အတိုင်း လွှတ်မပေးနိုင်တော့ပေ။

ယဲ့ချန်းလည်း လူဝကြီးဆီသို့ လျှောက်သွားပြီး ပြောလိုက်၏။

"ခုနက ခင်ဗျားလုပ်ရပ်က မှားတယ်။ ဒီအမျိုးသမီးကို တောင်းပန်လိုက်ပါ"

လူဝကြီးကမူ ယဲ့ချန်းကို လှောင်ပြောင်လေဟန် အမူအရာဖြင့် ကြည့်၍ ပြောလိုက်၏။

"မင်းက ဘာမဟုတ်တဲ့ ပစ္စည်းပို့သမားလေးပါကွာ။ ဝင်မပါစမ်းပါနဲ့။ ပြီးတော့ မင်းကြောင့် ငါ့ကားပါ ပျက်စီးသွားပြီ။ မင်း လျော်ပေးရမယ်"

ထိုစကားကိုကြားသော် ရွှေဝါရောင်ဆံပင်ပိုင်ရှင်ကလည်း သူ(မ)ကြောင့် ယဲ့ချန်း ပြဿနာတက်ရပြီဟုတွေးကာ အပြစ်ရှိသလို ခံစားလိုက်ရသည်။ သူ(မ)အနေနှင့် ဘာမှမလုပ်ဘဲ ဘယ်ရပ်ကြည့်နေနိုင်မည်နည်း။

သူ(မ)က ထိုလူဝကြီးကို ကြည့်ကာ ပြောလိုက်၏။

"ဘယ်လောက်လိုချင်တာလဲ။ ရှင့်ကို ကျွန်မ လျော်ပေးမယ်"

"နှစ်သောင်း"

လူဝကြီးက မောက်မောက်မာမာ ပြန်ပြောလေသည်။

ရွှေဝါရောင်ဆံပင်ပိုင်ရှင်က စကားပြောဖို့ ဟန်ပြင်လိုက်ချိန်မှာပင် ယဲ့ချန်းက ကြားဖြတ်လိုက်၏။

"လူကြီးမင်း... ကျွန်တော်တို့ ခင်ဗျားကားကို လက်နဲ့တောင် မထိရသေးဘူးဆိုတာ သိထားသင့်တယ်။ တစ်ခုခုဖြစ်ခဲ့ရင်တောင် အဲဒါ ခင်ဗျားအမှားပဲ"

••••••••••••••••••••••••••••••

All Chapters