အခန်း ၆၉၈
Vol. 47 Ch. 698
အပိုင်း ၆၉၈ : ရေပိုက်ပြင်ခြင်း
ဗီလာတံခါး ပွင့်သွားသည်ကို မြင်လိုက်ရသောအခါ ယဲ့ချန်း တအံ့တဩဖြစ်သွားသည်။ ထို့နောက် သူလည်း ခြံဝင်းထဲက ဖြတ်လျှောက်ပြီး ဗီလာတံခါးရှေ့သို့ ရောက်သွားလေသည်။
ဒီကောင်မလေးက တော်တော် စိတ်ဝင်စားဖို့ကောင်းတာပဲ။
ယဲ့ချန်းမှာ စားစရာဟု စာတန်းကပ်ထားသော ပါဆယ်ထုပ်ကို တစ်ချက်ကြည့်လိုက်သည်။
ကောင်မလေးက သရေစာများကို ဝယ်ထားပုံရသည်။
ဒီကောင်မလေးက ဘယ်သူပါလိမ့်။ သူ့အသံက ဘာလို့ ဒီလောက်ရင်းနှီးနေရတာလဲ။
ယဲ့ချန်း ဗီလာကို ကြည့်လိုက်သောအခါ သုံးထပ်တိုက် ဖြစ်နေလေသည်။
ဗီလာ၏ အပြင်အဆင်ကို ကြည့်ရုံဖြင့် ဤအိမ်မှာ သူ့ဟွားအိမ်ရာဗီလာထက် မနိမ့်ကျလောက်အောင် ခမ်းနားထည်ဝါကြောင်း သိနိုင်ပေသည်။
ဤကောင်မလေးကလည်း သူဌေးသမီး ဖြစ်ပုံရသည်။
ထိုအချိန်မှာပင် ဗီလာတံခါးပွင့်လာပြီး ကောင်မလေးတစ်ယောက် ယဲ့ချန်းရှေ့သို့ ရောက်လာခဲ့သည်။
ထိုကောင်မလေးကို မြင်လိုက်ရချိန်တွင် ယဲ့ချန်း အံ့အားသင့်သွားသည်။
အသံက ရင်းနှီးနေတာ မဆန်းပါဘူးလေ။ ရုပ်ရှင်မင်းသမီးရှောင်တိ ဖြစ်နေတာကိုး။
သူ(မ)က အစားကြူးတဲ့ဝတုတ်လေးလား။
ရှောင်တိက ယခုအချိန်တွင် အလွန်ရေပန်းစားနေပြီး ယောက်ျားများ၏ အိပ်မက်ထဲက နတ်သမီးလေးတစ်ပါးပင်။
ယဲ့ချန်းမှာ သူ(မ)နှင့် ဤနေရာတွင် ဆုံရလိမ့်မည်ဟု မမျှော်လင့်ထားပေ။
ဤသည်မှာ မက်မွန်ပွင့်ကတ်၏ အစွမ်းကြောင့် ဖြစ်ဟန်တူသည်။
ဤသို့နှယ်လှပသော မိန်းကလေးမျိုးနှင့် ဆုံတွေ့ရသည်ဖြစ်ရာ မက်မွန်ပွင့်ကတ်က အလွန်အားကိုးရပေသည်။
ယဲ့ချန်းလည်း သူ့ရှေ့ရှိ အလှလေးကို ကြည့်လိုက်သည်။
ရှောင်တိ၏ မျက်နှာပေါ်တွင် ချိုမြိန်သော အပြုံးလေးတစ်ပွင့် ရှိနေလေသည်။
ယဲ့ချန်း အလွန်သိချင်သွားသည်။
ရှောင်တိလို အဆင့်ရှိသော မင်းသမီးတစ်ယောက်၏အနားတွင် သက်တော်စောင့်များနှင့် လက်ထောက်များ ရှိနေသင့်သည်။
ဒါပေမဲ့ ဘာလို့ သူတစ်ယောက်တည်း ဖြစ်နေရတာလဲ။
ထိုအချိန်တွင် ရှောင်တိကလည်း ယဲ့ချန်းကို သေချာစိုက်ကြည့်နေသည်။ ထိုအကြည့်မှာ သူ့ကို ဖောက်ထွင်းမြင်ချင်နေဟန် ပေါက်သည်။
ယဲ့ချန်းကိုကြည့်ရင်း ရှောင်တိ၏ ရင်ထဲတွင် ရှင်းမပြတတ်အောင် သဘောကျသွားသည်။
အကြောင်းမှာ ယဲ့ချန်းက တကယ်ချောမောလွန်းလှသောကြောင့်ပင်။
ဘုရားရေ.. ကမ္ဘာပေါ်မှာ ဒီလောက်ချောတဲ့ ယောကျ်ားမျိုး ရှိတာလား။
ရုတ်ခြည်းပင် ရှောင်တိတစ်ယောက် ငေးကြောင်သွားပြီး စိတ်ကူးယဉ်ကမ္ဘာထဲသို့ ရောက်သွားလေသည်။
နာမည်ကြီးမင်းသမီးတစ်ယောက်အနေနှင့် ရှောင်တိသည် ယခင်ကလည်း ချောမောခန့်ညားသော လူငယ်မင်းသားတော်တော်များများနှင့် အလုပ်တွဲလုပ်ဖူးသည်။
သို့သော် ယဲ့ချန်းလို လူမျိုးကတော့ တကယ်ရှားပါးလှသည်။
ယဲ့ချန်းကလည်း ရှောင်တိ၏ အကြည့်များကြောင့် ဆွံ့အသွားသည်။
သူ့ကို သူ(မ)ကြည့်နေသည့် အကြည့်ကား သားကောင်ကို စိုက်ကြည့်နေသည့်အတိုင်းပင်။
သေချာသည်။ ဤသို့သောအလှလေး၏ သားကောင် ဖြစ်ရခြင်းကလည်း ပျော်စရာပင်။
ယဲ့ချန်း နေရခက်စွာ ပြုံးလိုက်မိသည်။
"မိန်းကလေး... ဒီမှာရော့.. မင်းရဲ့ပါဆယ်ပါ"
ယဲ့ချန်း၏စကားကို ကြားလိုက်ရသောအခါမှသာ ရှောင်တိလည်း ငေးကြောင်နေရာမှ သတိပြန်ဝင်လာသည်။
သူ(မ)၏ မျက်နှာလှလှလေးမှာ ရဲတက်သွားပြီး ပါဆယ်ထုပ်ကို အမြန်လှမ်းယူလိုက်သည်။
ထိုအချိန်တွင် ရှောင်တိ၏ ရင်ခုန်သံများ ပြင်းထန်စွာ မြည်ဟည်းနေလေသည်။
ယဲ့ချန်း၏ ရုပ်ရည်သွင်ပြင်က ထူးခြားလွန်းသည်။
ရေချိုးဝတ်ရုံ ဝတ်ဆင်ထားပြီး ရေစိုနေဆဲဖြစ်သည့်အပြင် ဖြူဖွေးဖွေးပေါင်တံလေးများ ပေါ်လွင်နေသည့် ရှောင်တိကို ယဲ့ချန်း မြင်လိုက်ရသည်။
ရှောင်တိရေချိုးနေစဉ် ရေပိုက်ခေါင်း ရုတ်တရက် ပျက်သွားသောကြောင့် ဤသို့ကမောက်ကမ အခြေအနေမျိုး ဖြစ်သွားရခြင်းပင်။
ပိုဆိုးသည်မှာ သူ(မ)သည် လက်ရှိတွင် နေထိုင်မှုဘဝပုံစံကို ရိုက်ကူးသည့် အစီအစဉ်တစ်ခုကို ရိုက်ကူးနေရခြင်းပင်။
ရိုက်ကူးရေးအဖွဲ့များ မရောက်လာသေးသဖြင့် ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်စေရန် သူ(မ)တစ်ယောက်တည်း ဤနေရာတွင် နေထိုင်ရန် စီစဉ်ထားသည်။
ရှောင်တိက အေးအေးချမ်းချမ်း ရေချိုးချင်ရုံမျှသာ။ သို့သော် ရေပိုက်ခေါင်းပျက်သည့် ဘေးဒုက္ခနှင့် မျှော်လင့်မထားပါဘဲ ကြုံလိုက်ရသည်။
သူ(မ)ကို စိတ်ပျက်စေသည့်အရာမှာ သူ(မ)၏ သက်တော်စောင့်နှင့် လက်ထောက်ကလည်း အရိပ်အယောင်မျှပင် မတွေ့ရပေ။ သူ(မ)လို နာမည်ကြီးမင်းသမီးတစ်ယောက်အနေနှင့် ဤသို့သောအခြေအနေမျိုးနှင့် လုံးဝမကြုံရသင့်ပေ။
ထိုအချိန်မှာပင် ယဲ့ချန်းက ရုတ်တရက်ပေါ်လာခဲ့သည်။
အစကတော့ သူ(မ) ယဲ့ချန်းကို တံခါးဝတွင်သာ ပါဆယ်ထုပ် ထားခဲ့စေချင်သော်လည်း ယခုတွင် ရေပိုက်ခေါင်းက ရေများ ပန်းထွက်နေသေးသဖြင့် ယဲ့ချန်းကို အကူအညီတောင်းရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။
"ပါဆယ်ပို့တဲ့အစ်ကို... ရှင် ရေပိုက်ခေါင်းပြင်တတ်လား"
ရှောင်တိက အနည်းငယ်ရှက်ရွံ့စွာ မေးလိုက်သည်။
ယဲ့ချန်းလည်း ခေတ္တမျှ တုံ့ဆိုင်းသွားသည်။
"ရေပိုက်ခေါင်းပြင်ရမှာလား"
ရှောင်တိက နေရခက်စွာ ပြန်ဖြေလေသည်။
"ကျွန်မ ရေချိုးနေတုန်း ရေပိုက်ခေါင်းပျက်သွားလို့လေ.. အဲဒါကြောင့်..."
လှေကားပေါ်က ရေများ စီးကျနေသည်ကို ယဲ့ချန်း မြင်လိုက်ရသည်။
"ကောင်းပြီ။ ကျွန်တော် အရင်သွားကြည့်ပေးမယ်"
ရှောင်တိ၏ ကိုယ်သင်းနံ့လေး သင်းပျံ့နေသော ရေချိုးခန်းထဲသို့ ယဲ့ချန်း ဝင်သွားလိုက်သည်။
ယဲ့ချန်းမှာ ရေပိုက်ပြင်သည့်အလုပ်ကို များများစားစား မလုပ်ဖူးပေ။
သူက သူ့အနောက်ရှိ ရှောင်တိကို ပြောလိုက်၏။
"ဆောရီး... ကျွန်တော်လည်း ရေပိုက်မပြင်တတ်ဘူး။ မင်းအတွက် ရေပိုက်ပြင်သမား ခေါ်ပေးရမလား"
ယဲ့ချန်း မပြင်တတ်ကြောင်း ကြားလိုက်ရသဖြင့် ရှောင်တိ အနည်းငယ်စိတ်ပျက်သွားသည်။
သို့သော် ယဲ့ချန်းအပေါ် ထားရှိသည့် ရှောင်တိ၏ ခံစားချက်ကတော့ လုံးဝပြောင်းလဲမသွားပေ။
အကြောင်းမှာ သူငြင်းလိုက်သည့် ပုံစံလေးကပင် အလွန်ကြည့်ကောင်းနေသောကြောင့်ပင်။
ရေက တဖြည်းဖြည်း ပိုကျလာပြီး ရေပိုက်ပြင်သမား ရောက်လာမည့်အချိန်ကို စောင့်နေမည်ဆိုပါက ဗီလာကြီးတစ်ခုလုံးလည်း ရေကူးကန်ကြီး ဖြစ်သွားပေတော့မည်။
ယခုမူ သူ(မ)ရှေ့ရှိ ဤလူချောလေးကိုသာ အားကိုးရတော့မည်။
ရှောင်တိက သနားစရာကောင်းသော အသံလေးဖြင့် ပြောလိုက်သည်။
"အစ်ကို... ကျေးဇူးပြုပြီး ကူညီပါဦး"
ချွဲနွဲ့ပြီး သနားစရာကောင်းသော ရှောင်တိ၏ပုံစံလေးကို မြင်လိုက်ရသဖြင့် ယဲ့ချန်း တကယ်မငြင်းရက်တော့ပေ။
ယဲ့ချန်းသည် မိန်းကလေးတစ်ယောက်၏ တောင်းဆိုမှုကို ဘယ်သောအခါမှ မငြင်းဆန်နိုင်ပေ။ ရှောင်တိလို မိန်းကလေးမျိုးဆိုလျှင်တော့ ဆိုဖွယ်ရာပင် မရှိတော့ချေ။
"ကောင်းပါပြီ။ ကျွန်တော် စမ်းကြည့်ပေးပါ့မယ်"
ယဲ့ချန်း သဘောတူလိုက်သည်ကို ကြားလိုက်ရသဖြင့် ရှောင်တိ၏ မျက်လုံးလေးများ အရောင်လက်သွားသည်။
ယဲ့ချန်း ပရမ်းပတာဖြစ်နေသော ရေချိုးခန်းထဲသို့ ပြန်ဝင်သွားသည်။
အချိန်ကြာမြင့်စွာ အသုံးမပြုခဲ့သောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ အတွင်းရှိ ရေပိုက်များမှာ ပေါက်ထွက်နေပြီး ရေများက အရှိန်အဟုန်ဖြင့် ပန်းထွက်နေသည်။
ဤမြင်ကွင်းကို ကြည့်ရင်း ယဲ့ချန်းလည်း ဆွံ့အသွားရသည်။
ရှောင်တိက စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။
"အမြန်ချောပို့အစ်ကို.. တစ်ခုခု မြန်မြန်စဉ်းစားပေးပါဦး"
ယဲ့ချန်း ခဏမျှစဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။
"ဟုတ်ပြီ.. ကျွန်တော် ရေတွေရပ်သွားအောင် ရေအဆို့ရှင်ကို ရှာပြီး သွားပိတ်လိုက်မယ်"
ထို့နောက် ယဲ့ချန်းတစ်ယောက် ရေချိုးခန်း၏ အဆို့ရှင်ကို စတင်ရှာဖွေလေတော့သည်။
သို့သော် အဆို့ရှင်နှစ်ခုကို ပိတ်လိုက်သော်လည်း ရေက ဆက်တိုက်စီးကျနေဆဲပင်။
သူ့အကြည့်များက ရေပန်းဆီသို့ ရောက်သွားသည်။
ယခုအချိန်တွင် ရေချိုးခန်းအတွင်း၌ မိုးရွာနေသလို ဖြစ်နေချေသည်။ အဆို့ရှင်က ထိုနေရာတွင် ရှိနေပုံရသည်။
ရှောင်တိက စိုးရိမ်တကြီးဖြင့် မေးလိုက်ပြန်သည်။
"ရှင် တခြားဘာလုပ်တတ်သေးလဲ"
ယဲ့ချန်း ခဏမျှစဉ်းစားလိုက်၏။
"နည်းလမ်းတော့ ရှိတယ်။ ဒါပေမဲ့... ကျွန်တော် အင်္ကျီချွတ်ရလိမ့်မယ်"
"အာ"
ယဲ့ချန်း၏ စကားကို ကြားလိုက်ရချိန်ဝယ် ရှောင်တိ၏ မျက်နှာလှလှလေးမှာ ချက်ချင်းပင် နီရဲသွားသည်။
အင်္ကျီချွတ်ရမယ်ဆိုတာက ဘာသဘောလဲ။
သို့သော် ခဏအကြာမှာပင် ယဲ့ချန်းက သူ့ဂျာကင်အင်္ကျီကို ချွတ်လိုက်သည်။
ယဲ့ချန်း၏လုပ်ရပ်ကို မြင်လိုက်ရသောအခါ ရှောင်တိ လန့်သွားပြီး အမြန်ပြောလိုက်၏။
"ရှင်.. ရှင် ဘာလုပ်မလို့လဲ"
မည်သို့ပင်ဖြစ်စေ ယောကျ်ားတစ်ယောက်က သူ(မ)ရှေ့တွင် အင်္ကျီချွတ်နေခြင်းမှာ ရှောင်တိကို အလွန်အမင်း စိုးရိမ်ထိတ်လန့်စေသည်။
ဒီလူက အဲဒီကိစ္စကို လုပ်တော့မှာတော့ မဟုတ်ပါဘူးနော်။
ရှောင်တ်ိခမျာ ယဲ့ချန်းကို အထဲသို့ပေးဝင်မိခြင်းအတွက်ပင် အနည်းငယ် နောင်တရချင်လာသည်။
လန့်ဖျပ်နေသော ရှောင်တိ၏အမူအရာကို မြင်လိုက်ရသဖြင့် ယဲ့ချန်းလည်း ပြောစရာစကားရှာမရတော့ပေ။
"မင်း အတွေးလွန်နေပြီ။ အဆို့ရှင်သွားပိတ်ဖို့ ရေချိုးခန်းထဲ ဝင်ရမှာမို့ အင်္ကျီဝတ်ထားရင် ရေရွှဲသွားလိမ့်မယ်လေ"
ယဲ့ချန်း၏ ရှင်းပြချက်ကို ကြားလိုက်ရသော် ရှောင်တိ၏ မျက်နှာလှလှလေးမှာ နီရဲသွားပြန်သည်။
"အမလေး.. ငါ ဘယ်လိုတွေတောင် ညစ်ညစ်ညမ်းညမ်း တွေးလိုက်မိတာပါလိမ့်.. သူ အဲဒါလုပ်တော့မယ်လို့ တကယ်ကြီးထင်လိုက်မိတာ"
ခဏတွင်းချင်းမှာပင် ရှောင်တီ၏ မျက်နှာလှလှလေး ပို၍ပင်ရဲတွတ်လာသည်။
တစ်ခုခုကို သတိရသွားဟန်ဖြင့် ရှောင်တိက ပြောလိုက်သည်။
"ခဏနေဦး"
ထို့နောက် ရှောင်တိ လှည့်ပြေးသွားသည်။
ခဏအကြာတွင် ရှောင်တိ ပြန်ရောက်လာပြီး ရေချိုးဝတ်ရုံတစ်ထည်ကိုကိုင်ကာ ယဲ့ချန်းကို ကမ်းပေးလိုက်သည်။
"ရှင် ခဏနေရင် ပါဆယ်တွေ ဆက်ပို့ရဦးမှာလေ။ ဒီရေချိုးဝတ်ရုံကို အရင်ဝတ်ထားလိုက်ပါ။ မဟုတ်ရင် အင်္ကျီအစိုကြီးနဲ့ အပြင်ထွက်တဲ့အခါ အအေးပတ်လိမ့်မယ်"
ထိုစကားကို ကြားလိုက်ရချိန်ဝယ် ယဲ့ချန်း အနည်းငယ်ကြောင်အမ်းသွားသည်။
ဒီကောင်မလေးက တော်တော်စဉ်းစားဉာဏ်ရှိတာပဲ။
ယဲ့ချန်းလည်း ပြုံးတုံ့တုံ့ဖြင့် ခေါင်းညိတ်ပြလိုက်ပြီးနောက် ဘေးဘက်ရှိ ဧည့်ခန်းသို့သွားကာ အဝတ်အစားလဲလိုက်သည်။
ယခုအခါတွင် ယဲ့ချန်းရော ရှောင်တိပါ ရေချိုးဝတ်ရုံများကို ဝတ်ဆင်ထားသည်။ ဤဝတ်ရုံများက စုံတွဲဝတ်စုံနှင့်ပင် တူနေတော့သည်။
ရှောင်တိသည် ယဲ့ချန်းကို ရှက်ရွံ့စွာ ခိုးကြည့်လိုက်လေရာ သူ့ရင်အုပ်ကြွက်သားများကိုပင် ရှင်းလင်းစွာ မြင်နေရသည်။
အခန်းတစ်ခန်းထဲတွင် နှစ်ယောက်သား ရေချိုးဝတ်ရုံကိုယ်စီ ဝတ်ထားကြသည်မှာ သူတို့နှစ်ယောက်သား တစ်ခုခုလုပ်ထားကြသလို ပုံစံပေါက်နေလေသည်။
ဤအကြောင်းကို တွေးမိသည်နှင့် ရှောင်တိ၏ မျက်နှာလေး ပူထူလာတော့သည်။
ယဲ့ချန်းကတော့ ထိုအကြောင်းများကို များများစားစား တွေးမနေပေ။ သူသည် ပါဆယ်ဆက်ပို့နိုင်ရန်အတွက် အဆို့ရှင် မြန်မြန်သွားပိတ်ချင်ရုံသာ ရှိသည်။
အမလေး... ဒီစနစ်က တော်တော်ကောက်ကျစ်တာပဲ... ဒါက မက်မွန်ပွင့်ကံကြမ္မာမှ မဟုတ်တာ။ ငါ့ကို အခမဲ့ရေပိုက်ပြင်သမား ဖြစ်အောင် လုပ်နေသလိုပဲ...
ယဲ့ချန်းလည်း ရေချိုးခန်းထဲသို့ အပြေးဝင်သွားလိုက်သည်။ ချက်ချင်းပင် ရေများ ပန်းထွက်လာပြီး ယဲ့ချန်း၏တစ်ကိုယ်လုံး စိုရွှဲသွားတော့သည်။
••••••••••••••••••••••