← Chapters

အခန်း ၆၉၉

Vol. 47 Ch. 699

အခန်း ၆၉၉

Vol. 47 Ch. 699

အပိုင်း ၆၉၉ : ပြည်သူ့နတ်ဘုရားမ၏ ရည်းစား

ယဲ့ချန်းမှာ ရေချိုးခန်းထဲသို့ အပြေးဝင်သွားပြီး ဘေစင်အောက်ရှိ အဆို့ရှင်ကို လျင်မြန်စွာ ရှာတွေ့လိုက်သည်။

ထို့နောက် အဆို့ရှင်ကို အားစိုက်၍ လှည့်ပိတ်လိုက်လေရာ နောက်ဆုံးတွင် ရေများ ပိတ်သွားတော့သည်။

အဆို့ရှင်ပိတ်သွားသည့်အခါ ရေစီးကျနေခြင်းလည်း ရပ်တန့်သွားခဲ့သည်။

အပြင်ဘက်ရှိ ရှောင်တိခမျာ ဤမြင်ကွင်းကို မြင်လိုက်ရမှသာ သက်ပြင်းချနိုင်တော့သည်။

သို့သော် ယဲ့ချန်းမှာမူ အနည်းငယ်သနားစရာကောင်းသော အခြေအနေသို့ ရောက်ရှိနေပြီး ရေနစ်ထားသော ကြွက်စုတ်တစ်ကောင်အလား ဖြစ်နေလေသည်။

ယဲ့ချန်း ရေချိုးခန်းထဲက ထွက်လာပြီး ကိုယ်ပေါ်ရှိ ရေများကို သုတ်ရင်း ပြောလိုက်၏။

"မိန်းကလေး... ပြင်လိုက်ပြီနော်။ ဒါပေမဲ့ ကျွန်တော်က ရေယိုတာကို ခဏတားပေးထားတာပဲ ရှိသေးတယ်။ ပိုက်တွေကို ပြန်ပြင်ဖို့အတွက်တော့ ပရော်ဖက်ရှင်နယ်ကျွမ်းကျင်သူတစ်ယောက်ကို ခေါ်ရလိမ့်မယ်"

ထိုစကားကို ကြားသောအခါ ရှောင်တိလည်း ကပျာကယာ ခေါင်းညိတ်ပြလိုက်၏။

"တကယ်ကျေးဇူးတင်ပါတယ်ရှင်။ ကျွန်မကြောင့်နဲ့ ရှင့်တစ်ကိုယ်လုံး စိုရွှဲသွားပြီ"

ယဲ့ချန်း : "..."

သူ(မ)၏စကားက အတွေးများစရာဖြစ်သွားကြောင်း သတိထားမိသဖြင့် ရှောင်တိ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားချေသည်။

"ကျွန်မက အဲဒီလိုသဘောနဲ့ပြောတာ မဟုတ်ပါဘူး"

ယဲ့ချန်းက အသာအယာ ရယ်မောလိုက်သည်။

"ကျွန်တော် သိပါတယ်"

ရှောင်တိ ယဲ့ချန်းကို စိုက်ကြည့်နေမိသည်။ အထူးသဖြင့် ယခုလို ရေစက်လက်ကျနေသော သူ့ပုံစံက ခုခံ၍မရနိုင်လောက်အောင် ဆွဲဆောင်မှုအပြည့် ရှိနေပေသည်။

ယခုအချိန်တွင် ယဲ့ချန်းက ဆွဲဆောင်မှုရှိလွန်းလှသည်။

ယဲ့ချန်းက ငေးကြောင်နေသော ရှောင်တိကိုကြည့်ကာ ပြောလိုက်သည်။

"ဟို... ကျွန်တော် အဝတ်သွားလဲလိုက်ဦးမယ်"

"ဟုတ်ကဲ့.. ဟုတ်ကဲ့"

ရှောင်တိက ကပျာကယာ ခေါင်းညိတ်ပြလိုက်သည်။

ရှောင်တိသည် စူပါစတားတစ်ယောက်ဖြစ်သော်လည်း ဤမျှဆွဲဆောင်မှုရှိသော ယောက်ျားတစ်ယောက်၏ ရှေ့တွင်မူ ယဲ့ချန်း၏ ညှို့ဓာတ်ကို မတွန်းလှန်နိုင်ခဲ့ပေ။

ထိုအချိန်မှာပင် ဗီလာအပြင်ဘက်တွင် ရိုက်ကူးရေးကားတစ်စီး ထိုးရပ်လိုက်သည်။

အဖွဲ့ကို ဦးဆောင်လာသူမှာ 'ပျော်ရွှင်စရာ လူနေမှုဘဝ'အစီအစဉ်၏ တင်ဆက်သူ ဆရာဟယ် ဖြစ်သည်။

အစီအစဉ်၏ စီစဉ်မှုအရ ဤသည်မှာ အိမ်တွင်းလူနေမှုဘဝအကြောင်း တင်ဆက်သည့် အစီအစဉ်တစ်ခု ဖြစ်၏။

ရှောင်တိက တစ်ယောက်တည်း နေထိုင်ခြင်းဖြစ်လေရာ ရိုက်ကူးရေးအဖွဲ့က သူ(မ)ထံသို့ မမျှော်လင့်ဘဲ ရုတ်တရက် ရောက်လာပြီး သူ(မ)၏ ခံစားချက်များကို လူတွေ့မေးမြန်းရပေမည်။

ထို့ကြောင့် ရှောင်တိ၏ မန်နေဂျာနှင့် သက်တော်စောင့်များက ရိုက်ကူးရေးအဖွဲ့ မရောက်လာခင်ကပင် ထွက်ခွာသွားကြသည်။

ကားက ဗီလာအပြင်ဘက်တွင် ရပ်တန့်သွားပြီးနောက် ထိုနေရာ၌ ရပ်ထားသော ကူလီနန်ကားကြီးဆီသို့ လူတိုင်း၏ အကြည့်များက ရောက်ရှိသွားကြသည်။

ဆရာဟယ်က ဇဝေဇဝါဖြင့် မေးလိုက်၏။

"ဒီမှာ ဘာလို့ ကူလီနန်တစ်စီး ရပ်ထားရတာလဲ။ ရှောင်တိရဲ့ကားလား"

ရိုက်ကူးရေးအဖွဲ့ရှိ ဓာတ်ပုံဆရာများကလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

"မဖြစ်နိုင်တာ။ ရှောင်တိ ကူလီနန်မောင်းတယ်လို့ တစ်ခါမှ မကြားဖူးပါဘူး"

"ဒါ ဘာတွေဖြစ်နေတာလဲ"

လက်ရှိအခြေအနေက ရိုက်ကူးရေးအဖွဲ့ စီစဉ်မျှော်လင့်ထားသည်ထက် ကျော်လွန်နေလေပြီ။

အဆန်းပြားဆုံးအချက်မှာ ဤကဲ့သို့တောက်​ပြောင်လှသော ကူလီနန်ဇိမ်ခံကားကြီးပေါ်တွင် 'စပီဒီအမြန်ချောပို့'၏ လိုဂိုတံဆိပ် ကပ်ထားခြင်းပင်။

"ငါတို့ တိုက်ရိုက်လွှင့်နေတုန်းပဲ မဟုတ်လား"

ဆရာဟယ်က အသက်ပြင်းပြင်းရှူရင်း မေးလိုက်သည်။

"ဟုတ်ပါတယ်။ လိုက်ဖ်ကတော့ တော်တော်လေး ပွဲဆူနေပါပြီ။ လူတိုင်းက အဲဒီကားက ဘယ်သူ့ကားလဲဆိုတာ ဆွေးနွေးနေကြပါတယ်"

ဆရာဟယ်လည်း ခါးသက်သက်ပြုံးလိုက်မိသည်။

အစတုန်းက သူတို့အနေနှင့် ရုတ်တရက်ဝင်ရောက်ကြည့်ရှုကာ အစီအစဉ်အတွက် ထူးခြားသော အကျိုးသက်ရောက်မှုတစ်ခုကို ဖန်တီးချင်ခဲ့ကြသည်။

သို့သော် ပါဆယ်ပို့ဆောင်ရေး လိုဂိုတံဆိပ်ပါသည့် ကူလီနန်ကားတစ်စီးက တံခါးဝတွင် ရုတ်တရက် ပေါ်လာလိမ့်မည်ဟု မည်သူကမှ မမျှော်လင့်ထားပေ။

ဤသည်မှာ အလွန်နေရခက်သော အခြေအနေတစ်ခုပင်။

လက်ထောက်ဒါရိုက်တာက တိုးတိုးကပ်ပြောလေသည်။

"ကျွန်တော်တို့ လောလောဆယ် ရိုက်ကူးရေးကို ခဏရပ်ပြီး ဘာဖြစ်နေလဲဆိုတာ အရင်စုံစမ်းကြည့်မလား"

ဆရာဟယ်က ခေါင်းယမ်းလိုက်သည်။

"ငါတို့အစီအစဉ်မှာ ဒီလိုထုံးစံမျိုး မရှိဘူး။ ပြီးတော့ အဲဒီလိုလုပ်လိုက်ရင် ရှောင်တိက မရိုးမသားတစ်ခုခု လုပ်နေပါတယ်ဆိုပြီး သက်သေပြလိုက်သလို ဖြစ်မသွားဘူးလား"

ထို့ပြင် တိုက်ရိုက်ထုတ်လွှင့်မှုကို ရုတ်တရက် ရပ်တန့်လိုက်ခြင်းမှာ အစီအစဉ်၏ ယုံကြည်စိတ်ချမှုကိုပါ ထိခိုက်စေနိုင်သည်။

ဆရာဟယ်က အသက်ပြင်းပြင်းတစ်ချက်ရှူပြီး ပြောလိုက်၏။

"အရင်ဆုံး အထဲဝင်ပြီး အခြေအနေကြည့်လုပ်ကြတာပေါ့"

ထို့နောက် ဆရာဟယ်က လူစုကို ဦးဆောင်၍ ကင်မရာကိုယ်စီ ကိုင်ဆောင်လျက် ဗီလာဆီသို့ ဦးတည်လျှောက်သွားလိုက်သည်။

ဆရာဟယ် ဘဲလ်တီးရန် ပြင်လိုက်ချိန်မှာပင် တံခါးပွင့်လာလေသည်။

တိုက်ရိုက်မလွှင့်ခင်ကတည်းက ရှောင်တိ၏ ပရိသတ်များက သူ(မ)ထွက်လာမည့်အချိန်ကို စိတ်လှုပ်ရှားစွာ စောင့်မျှော်နေခဲ့ကြသည်။

မမျှော်လင့်ထားပါဘဲ ရှောင်တိတစ်ယောက်တည်း နေထိုင်သည်ဟူသော ဗီလာထဲမှ အမျိုးသားတစ်ယောက် ထွက်လာလေသည်။

လူတိုင်း ဆွံ့အသွားကြသည်။

ဘာတွေဖြစ်နေတာလဲ။

ထိုအမျိုးသားက စပီဒီအမြန်ချောပို့ယူနီဖောင်းကို ဝတ်ဆင်ထားပြီး သူ့ဆံပင်နှင့် ခန္ဓာကိုယ်မှာ ရေစက်လက်ကျနေဆဲပင်။

အမှန်စင်စစ်ပင်။ သူသည် ယခုလေးတင် အပြင်ထွက်လာသော ယဲ့ချန်းဖြစ်၏။

အဝတ်အစားလဲပြီးနောက် ယဲ့ချန်းသည် ပါဆယ်အချို့ပို့ရန် ကျန်နေသေးသည်ကို သတိရသဖြင့် ဗီလာထဲက ထွက်ခွာရန် ရှောင်တိကို အမြန်နှုတ်ဆက်ကာ အပြင်သို့ ကပျာကယာ ထွက်လာခဲ့သည်။

သို့သော် တံခါးဖွင့်လိုက်သည်နှင့် ဆရာဟယ်နှင့် ဓာတ်ပုံဆရာများက တံခါးဝကို ပိတ်ရပ်ထားကြောင်း မြင်လိုက်ရသည်။

သွားပြီ.. ဘာတွေဖြစ်နေတာလဲ။

ယဲ့ချန်းလည်း လန့်ဖျပ်သွားသည်။

ဆရာဟယ်နှင့် ကျန်အဖွဲ့သားများလည်း ယဲ့ချန်း အပြင်ထွက်လာသည်ကို မြင်ပြီး မှင်တက်သွားကြသည်။

ဘာတွေ ဖြစ်နေတာလဲ။

ရှောင်တီိ၏ ဗီလာထဲက ယောက်ျားတစ်ယောက် ဘယ်လိုလုပ်ပြီး ထွက်လာရသလဲ။

ယဲ့ချန်းလည်း ရှက်ဝဲဝဲပြုံးပြလိုက်၏။

"ခင်ဗျားတို့ ရှောင်တိကို အင်တာဗျူးဖို့ လာတာမလား။ သူ အထဲမှာရှိပါတယ်"

ထိုအချိန်တွင် ရှောင်တိကလည်း သူ့အနောက်က လိုက်ထွက်လာသည်။

ဆရာဟယ်နှင့် သတင်းထောက်တစ်စုကို မြင်လိုက်ရသောအခါ ရှောင်တိခမျာ အံ့အားသင့်သွားသည်။

မနေ့က သူ(မ)၏လက်ထောက်ထံမှ ရိုက်ကူးရေးအဖွဲ့ လာရောက်ရိုက်ကူးမည်ဟု ကြားထားသော်လည်း အချိန်အတိအကျကိုတော့ သူ(မ)အား မပြောခဲ့ကြပေ။

မမျှော်လင့်ဘဲ ရုတ်တရက် ရောက်လာသောကြောင့် ရှောင်တိလည်း အနည်းငယ် ကြောင်အမ်းသွားသည်။

သူ(မ) ရေချိုးဝတ်ရုံကို ဝတ်ဆင်ထားဆဲပင်။

သတင်းထောက်များလာမည်ကို ကြိုသိထားလျှင် သူ(မ) ဤကဲ့သို့ ဝတ်ဆင်ထားမည် မဟုတ်ချေ။

အထူးသဖြင့် ကင်မရာက တိုက်ရိုက်ထုတ်လွှင့်နေဆဲဖြစ်ကြောင်း မြင်လိုက်ရသောအခါ သူ(မ)လည်း ရေချိုးဝတ်ရုံကို ကပျာကယာဖြင့် ခပ်တင်းတင်းစည်းလိုက်သည်။

တစ်ချိန်တည်းမှာပင် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသည့် ပရိသတ်များအကြား ပွက်လောရိုက်သွားသည်။

"ဘုရားရေ.. ငါ ဘာတွေမြင်နေရတာလဲ"

"ရှောင်တိက ရေချိုးဝတ်ရုံနဲ့ တော်တော်ဆွဲဆောင်မှုရှိတာပဲ"

"ငါတော့ ရူးတော့မှာပဲ။ ဒါ ရိုက်ကူးရေးအဖွဲ့က ပေးတဲ့ အထူးဆုလား"

ထိုအချိန်တွင် မျက်စိရှင်သော ပရိသတ်တချို့က ယဲ့ချန်းနှင့် ရှောင်တိတို့နှစ်ယောက်စလုံး၏ ဆံပင်များ ရေစိုနေကြောင်း သတိပြုမိသွားသည်။

ဒါက ဘာကိုဆိုလိုတာလဲ။

သူတို့နှစ်ယောက် အခုလေးတင်...

ထိုလူချောလေးက ရှောင်တိ၏ရည်းစားများ ဖြစ်နေမလား။

တိုက်ရိုက်စကားပြောခန်းထဲရှိ ပရိသတ်များမှာ ရူးမတတ်ဖြစ်သွားကြသည်။

မျှော်လင့်မထားသော အဖြစ်အပျက်ပေါင်းများစွာကို ကြုံဖူးသည့် ဆရာဟယ်ပင် မှင်တက်သွားရသည်။

သူသည် ယခင်က ကွင်းဆင်းရိုက်ကူးရေး ပြဿနာများစွာကို ရင်ဆိုင်ဖြေရှင်းခဲ့ဖူးသော်လည်း ဤအခြေအနေကိုတော့ မည်သို့ဖုံးဖိပေးရမည်နည်း။

ယဲ့ချန်းက ကင်မရာကို မြင်လိုက်ရသောအခါ လူမိသွားပြီဖြစ်ကြောင်း သိလိုက်သည်။

သူသည် လူအများ၏ အာရုံစိုက်မှုကို မနှစ်သက်ချေ။ အကြောင်းမှာ ဝမ်ယိသိသွားပါက အခြေအနေ ကောင်းမည်မဟုတ်သောကြောင့်ပင်။

ယဲ့ချန်းအနေနှင့် အလကားနေရင်း နားလည်မှုလွဲမခံချင်ပေ။

ထိုစဉ် ရှောင်တိက နေရခက်စွာ ပြောလိုက်၏။

"တကယ်တော့ သူက ကျွန်မကို ရေပိုက်ပြင်ပေးဖို့ ကူညီပေးတဲ့ သူငယ်ချင်းတစ်ယောက်ပါ..."

"ဘာ.. ရေပိုက်ပြင်ပေးတာ ဟုတ်လား"

အင်တာနက်အသုံးပြုသူများမှာ ပို၍ပင် ရူးသွပ်သွားကြသည်။

ဒါက တကယ်ထင်ရှားလွန်းတဲ့ အရိပ်အမြွက်ပဲလေ။

ယဲ့ချန်း ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။ ဤစကားက မီးလောင်ရာလေပင့်လိုက်သလို ဖြစ်သွားသည်။

သူက ကပျာကယာ ရှင်းပြလိုက်၏။

"ကျွန်တော်က ပစ္စည်းပို့သမားပါ။ ဒီမိန်းကလေးဆီကို ပါဆယ်လာပို့တာပါ။ ကဲ.. ခင်ဗျားတို့ အစီအစဉ်ဆက်ရိုက်ကြပါ။ ကျွန်တော့်ကို သွားခွင့်ပြုပါဦး"

ထိုသို့ပြောပြီးနောက် ယဲ့ချန်းက ရှောင်တိကို တစ်ချက်ကြည့်လိုက်၏။

"မိန်းကလေး.. ကျွန်တော့်ကို ကြယ်ငါးပွင့်သုံးသပ်ချက်ပေးဖို့ မမေ့နဲ့နော်"

ထို့နောက် ယဲ့ချန်းလည်း လူအုပ်ကြားထဲမှ တိုးထွက်ကာ လစ်ပြေးလေတော့သည်။

ယဲ့ချန်းအနေနှင့် ပါဆယ်ပို့သည့် အလုပ်ကိုသာ အာရုံစိုက်ချင်သည်။ သတင်းထူး ဖြစ်မသွားချင်ပေ။

သူသည် ကင်မရာနှင့် မျက်နှာချင်းဆိုင်ရခြင်းကို အထူးမနှစ်သက်ပါဘဲ စိတ်ထဲတွင် အနည်းငယ် တွန်းလှန်ချင်စိတ် ဖြစ်မိသည်။

သူ့ဆွဲဆောင်မှုတန်ဖိုးကို ခပ်နိမ့်နိမ့်သတ်မှတ်ထားသော်လည်း အာရုံစိုက်ခံနေရဆဲဖြစ်သဖြင့် သူ အလွန်စိတ်ပျက်မိသည်။

သို့သော်လည်း ယဲ့ချန်း အလန့်တကြား ထွက်ပြေးသွားသည်ကို မြင်လိုက်ရသောအခါ ယဲ့ချန်းနှင့် ရှောင်တိတို့၏ ပတ်သက်မှုက မရိုးရှင်းကြောင်း လူတိုင်း အခိုင်အမာယုံကြည်သွားကြသည်။

သို့သော် လူတိုင်းက အလွန်အမင်း သိချင်စိတ် ပြင်းပြနေကြသည်။

ပြည်သူ့နတ်ဘုရားမ ရှောင်တိတွင် ပစ္စည်းပို့သမား ရည်းစားတစ်ယောက် ဘယ်လိုလုပ် ရှိနိုင်မှာလဲ။

ဤသည်မှာ မယုံနိုင်စရာပင်။

ထိုအချိန်တွင် ယဲ့ချန်း ကူလီနန်ကားကို မောင်းနှင်ကာ အရှိန်ပြင်းပြင်း ထွက်ခွာသွားသည်ကို လူတိုင်းက ငေးကြည့်နေကြပြီး ပို၍ပင် ဇဝေဇဝါဖြစ်သွားကြသည်။

မဖြစ်နိုင်တာ... ဒီပစ္စည်းပို့သမားက ကူလီနန်မောင်းနေတာလား။

တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေကြသော အွန်လိုင်းပရိသတ်များအားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

ဇိမ်ခံကားမောင်းပြီး ပါဆယ်ပို့တယ်ဆိုတော့ ဒါက ဘာအထာလဲ။

ဤသတင်းက ဖျော်ဖြေရေးလောကတစ်ခုလုံးတွင် ပွက်လောရိုက်သွားပြီဖြစ်ကြောင်း ယဲ့ချန်း မသိရှာပေ။

သူ ကားမောင်းထွက်လာပြီး မကြာခင်မှာ စနစ်၏ အချက်ပေးသံကို ကြားလိုက်ရသည်။

"တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိတဲ့အတွက် ပိုင်ရှင့်ကို ဂုဏ်ပြုပါတယ်။ စနစ်ဆုလာဘ်ကို အသက်သွင်းလိုက်တဲ့အတွက် 'သားရဲထိန်းကျောင်းခြင်းအတတ်'ကို ရရှိပါတယ်"

သားရဲထိန်းကျောင်းခြင်းအတတ်ဆိုသည်မှာ ဘယ်တိရစ္ဆာန်ကိုမဆို ထိန်းချုပ်နိုင်သည်။

တိရစ္ဆာန်တွေကို ထိန်းချုပ်ရမှာလား။

ယဲ့ချန်းမှာ ဤစွမ်းရည်အပေါ် အားမလိုအားမရ ဖြစ်မိသည်။

သူ့အနေနှင့် အိမ်မွေးတိရစ္ဆာန် မွေးမြူရန် စိတ်ဝင်စားမှု လုံးဝမရှိချေ။

ယဲ့ချန်းမှာ ပါဆယ်ထုပ်ကို ကိုင်ဆောင်လျက် လူနေအိမ်ရာတစ်ခု၏ အရှေ့သို့ ရောက်လာချိန်တွင် သစ်ပင်တစ်ပင်အောက်၌ လူတစ်သိုက် စုဝေးနေကြကြောင်း မြင်လိုက်ရလေသည်။

••••••••••••••••••••••••••

All Chapters